မတ်လအတွင်း ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားများကို (၄)ကြိမ်စေလွှတ်ခဲ့

ယခု မတ်လအတွင်း၌ မြန်မာအလုပ်သမားများအား ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှတစ်ဆင့် EPS စနစ်ဖြင့် (၄) ကြိမ်စေလွှတ်ခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံမှ သိရသည်။

ဝန်ဆောင်မှုလုပ်သား အမျိုးသား (၇) ဦး၊ အမျိုးသမီး (၁၀) ဦးတို့သည် မတ် ၁၀ ရက်၊ ကုန်ထုတ်လုပ်သား (၇၂) ဦး၊ စိုက်ပျိုးရေးလုပ်သား (၁) ဦးတို့သည် မတ် ၁၁ ရက်၊ Re-entry လုပ်သား (၁) ဦးသည် မတ် ၁၂ ရက်၊ ကုန်ထုတ်လုပ်သား (၂၉) ဦး၊ ဆောက်လုပ်ရေးလုပ်သား (၁) ဦးတို့သည် မတ် ၂၅ ရက်တို့တွင် ကိုရီးယားနိုင်ငံသို့ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

၎င်းတို့အား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများသိရှိလိုက်နာသင့်သည့်အချက်များကိုမှာကြားပြီး လိုအပ်သည်များကိုကူ ညီပံ့ပိုးပေးခဲ့ကာ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်မှလည်း Video Call ဖြင့် မြန်မာအလုပ်သမားများကို ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး အခက်အခဲရှိပါက သံရုံးသို့အချိန်မရွေးဆက်သွယ်ရန် မှာကြားခဲ့ကြောင်း သိရသည်။

image

မန္တလေးငလျင်ကြီးတစ်နှစ်ပြည့်ခါနီး ယနေ့ မန္တလေးမြို့တွင်သိသာသည့်ငလျင်လှုပ်ခတ်ခဲ့

မန္တလေးမြို့တွင် ယနေ့ မတ် ၂၆ ရက်ည ၇ နာရီ ၃၆ မိနစ်ခန့်က အင်အားအနည်းငယ်ရှိပြီးသိသာသည့် ငလျင် လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာနှင့် မန္တလေးမြို့ခံများထံမှ သိရသည်။

မန္တလေးမြို့အနီးကိုဗဟိုပြု၍ မက္ကနီကျု့(၄ ဒသမ ၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ယင်းငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့ခံများသိသာစွာခံစားခဲ့ရကြောင်း သိရသည်။

"ငလျင်လှုပ်သွားတာ နည်းနည်းကြမ်းတယ်။ အကုန် လုံးကြောက်ပြီး အထပ်မြင့်တိုက်တွေကလူတွေဆိုရင် ဆင်းပြေးရတယ်။ ငလျင်ကြီးဒ-ဏ်ကြုံခဲ့ရပြီးပြီဆိုတော့ အမြန်ပြေးဆင်းကြရတာပါပဲ"ဟု မန္တလေးမြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

လူမှုကွန်ယက်တခွင်တွင်လည်း ငလျင်ကြောင့် ခံစားရသည်များကို မျှဝေထားကြသည်။

ခြောက်ခြားဖွယ်ရာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ နောက်နှစ်ရက်ဆိုလျှင် တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ ငလျင်ကြီးပြီးခါစ ၄ လလောက်ထိ ငလျင်ငယ်များ ဆက်တိုက်လှုပ်နေခဲ့ခြင်းလည်းရှိခဲ့သည်။

ထို့ကြောင့် မန္တလေးမြို့ခံများအနေဖြင့် အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်ပါက အရေးပေါ်ဖုန်း ၁၉၁၊ ဗဟိုမီး သတ်ဖုန်း 024060739 ၊ ခရိုင်မီးသတ်ဖုန်း 024030391 ၊ အောင်မြေသာဇံမြို့နယ်မီးသတ်ဖုန်း 024060200 ၊ မဟာအောင်မြေမြို့နယ်မီးသတ်ဖုန်း 024076362 ၊ ချမ်းမြသာစည်မြို့နယ်မီးသတ်ဖုန်း 024021087 ၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်ဖုန်း 025154974 ၊ ပုသိမ်ကြီးမြို့နယ်မီးသတ်ဖုန်း 0258056 ၊ အမရပူရမြို့နယ်မီးသတ်ဖုန်း 024070731 တို့သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

Photo-Ko Than Htay

image

အင်ဂျင်ပါဝါအလိုက် တစ်ပတ်အတွင်း စက်သုံးဆီဝယ်ယူခွင့်များကိုအသိပေး မနက်ဖြန် မတ် ၂၇ ရက်မှစတင်မည်

မော်တော်ယာဥ်များ၏ ယာဉ်အုပ်စုနှင့် အင်ဂျင်ပါဝါအလိုက် တစ်ပတ်အတွင်း စက်သုံးဆီဝယ်ယူခွင့်များကို စွမ်းအင်ဝန်ကြီးဌာနမှအသိပေးခဲ့ပြီး သတ်ချက်အတိုင်း ရောင်းချပေးသွားမည်ဖြစ်၍ အဆင်ပြေချောမွေ့စွာ စက်သုံးဆီဝယ်ယူခွင့်ရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်လည်းမေတ္တာရပ်ခံခဲ့သည်။

ထိုသို့ အင်ဂျင်ပါဝါအလိုက် စက်သုံးဆီဝယ်ယူခွင့်ပမာဏကို ပိုမိုပြည့်စုံသည့်စနစ်ဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် မနက်ဖြန် မတ် ၂၇ ရက်မှစ၍ရောင်းချသွားမည်ဖြစ်ကာ ကျန်မြို့များတွင်လည်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု အသိပေးခဲ့သည်။

ထို့ပြင် အဆင့်မြှင့်တင်ထားသည့် Bar Code/QR Code များဖြင့်လည်းစက်သုံးဆီရောင်းချပေးသွားမည်ဖြစ်ကာ ခရီးဝေးပြေးဆွဲနေသည့် အထူးဘတ်စ်ကား၊ လူမှုကူညီရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ်၊ ရေပုတ်စုပ်ယာဉ်များကိုမူ Quota သတ်မှတ်ခြင်းမရှိဘဲ အရောင်းဆိုင်များမှလိုအပ်သည့်ပမာဏအတိုင်း စိစစ်ရောင်းချပေးသွားမည်ဖြစ်သည်။

ထိုသို့ ရောင်းချမှုများအား Scan ဖတ်၍မှတ်တမ်းတင်ထားပြီး Online Monitoring စနစ်ဖြင့်ကြပ်မတ် ထိန်း ကျောင်းသွားမည်ဖြစ်ကာ ကုန်တင်ယာဉ်ကြီးများမှာမူ မြို့ပြင်ရှိစက်သုံးဆီဆိုင်များတွင်သာ QR Code စနစ်ဖြင့် ဖြည့်သွင်းရမည်ဖြစ်သည်။

ထို့အတူ စက်မှုလယ်ယာကဏ္ဍတွင်အသုံးပြုသည့် ထွန်စက်၊ လယ်ယာသုံးစက်ကိရိယာများ၊ အိမ်တွင်း စက်မှုလုပ်ငန်းများနှင့် မီးစက်များအတွက် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့်ပုံစံတွင်ဖြည့် စွက်၍ နီးစပ်သောအရောင်းဆိုင်များတွင် မှတ်တမ်းထားရှိ၍ရောင်းချပေးမည်ဖြစ်သည်။

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း Bar Code (သို့) QR Code ဖတ်၍ရောင်းချပေးထားမှုနှင့် ပုံစံတွင်ဖြည့်စွက်ရောင်းချပေးထားသည့် စက်သုံးဆီပမာဏကိုသာပြန်လည်ဖြည့်တင်းခွင့်ရရှိမည်ဖြစ် သည်။

image

တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို ရေရှည်တည်တံ့ခိုင်မြဲအောင်တွန်းအားပေးလိုဟု တရုတ်သံအမတ်ကြီးပြော

တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို ရေရှည်တည်တံ့ခိုင်မြဲအောင်တွန်းအားပေးလိုသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia မှ မတ် ၂၆ ရက်ကပြုလုပ်သည့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ Two Sessions အစည်းအဝေး၏ စိတ်ဓာတ်ရေးရာရှင်းလင်းပွဲနှင့် ပထမသုံးလပတ် တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်သံအမတ်ကြီးမှ တရုတ်နိုင်ငံ၏ (၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်းရရှိခဲ့သော အဓိကအောင်မြင်မှုများ၊ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး၊ ပြည်သူအားလုံးအတူတကွသာယာဝပြောရေးကိုဖော်ဆောင်ရေး၊ အဆင့်မြင့်ပွင့်လင်းမြင်သာ တံခါးဖွင့်ဝါဒချဲ့ထွင်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမြှင့်တင်ရေးဥပဒေစသည့် Two Sessions ၏ စိတ်ဓာတ်ရေးရာများနှင့် (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာချိတ်ဆက်မှုကိုခိုင်မာစေကာ ကမ္ဘာလုံးဆိုင်ရာအစီအမံကြီး (၄) ရပ်ကိုအတူတကွ အကောင်အထည်ဖော်ပြီး Belt and Road ကို အရည်အသွေးမြင့်စွာအတူတကွတည်ဆောက်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို ရေရှည်တည်တံ့ခိုင်မြဲအောင်တွန်းအားပေးလိုသည်ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက အရည်အ သွေးသစ်ကုန်ထုတ်စွမ်းအား၊ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ လက်ရှိနိုင်ငံတကာအခြေအနေနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ကဏ္ဍအဆင့်တို့ကို ဆွေးနွေးခဲ့ကြသည်။

image

(၈၁) နှစ်မြောက် တပ်မတော်နေ့အခမ်း အနားတက်ရောက်မည့် ဗိုလ်ချုပ်ကြီးသိန်းစိန် (ငြိမ်း) အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဂါရဝပြုကန်တော့

တပ်မတော်နေ့အခမ်းအနားအပြီးတွင် တပ်မတော်ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်မည်ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းပြော

မနက်ဖြန် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင်ပါဝင်တက်ရောက်မည့် ဗိုလ်ချုပ်ကြီးသိန်းစိန် (ငြိမ်း) အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီး (၁၈) ဦးနှင့် ဇနီး (၉) ဦး (စုစုပေါင်း ၂၇ ဦး) တို့ကို ယနေ့ မတ် ၂၆ ရက်မွန်းလွဲပိုင်းက ဂါရဝပြုကန်တော့ခဲ့ကြသည်။

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ကိုယ်စား) ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ တာဝန်ရှိသူများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြု ကန်တော့ခဲ့ကြခြင်းဖြစ်သည်။

ဂါရဝပြုကန်တော့ပွဲ၌ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယခုအချိန်တွင် ပြည်သူရွေးချယ်ပေးခဲ့ကြသည့် ပြည်သူ့ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၌ လုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း သမ္မတနှင့် ဒု-သမ္မတများရွေးချယ်တင်မြှောက်ပြီး ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာတော့မည်ဖြစ်ကာ ပေါ်ထွန်းလာမည့် ဒီမိုကရေစီအစိုးရသစ်အား နိုင်ငံတော်တာဝန်လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောသည်။

ထို့ပြင် တပ်မတော်အပိုင်းတွင်လည်း (၈၁) နှစ်မြောက်တပ်မတော်နေ့အခမ်းအနားပြီးဆုံးသည့်နောက်ပိုင်း၌ ခေါင်းဆောင်ပိုင်းအပြောင်းအလဲများဖြစ်ပေါ်လာမည်ဖြစ်ကာ မည်သူဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တပ်မတော်၏ ခေါင်းဆောင်အစဉ်အဆက်၊ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာများ၏ လမ်းညွှန်းချက် များအတိုင်း၊ စစ်ပညာရပ်များအတိုင်း၊ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းမည်ဖြစ်ဟု ပြောသည်။

ထို့အတူ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုဆက်လက်၍ တာဝန်ကျေပွန်စွာထမ်းဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ လက်တွဲညီညီ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

ထို့နောက် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ တက်ရောက်လာကြသူများက ကန်တော့ခံဗိုလ်ချုပ်ကြီးသိန်းစိန် (ငြိမ်း) အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများအားဂါရဝပြုကန်တော့ကာ ဗိုလ်ချုပ်ကြီးသိန်းစိန် (ငြိမ်း) က တပ်မတော်ကြီး ထာဝစဉ်နုပျိုနေရန်လိုပြီးအရည်အချင်းပြည့်ဝသည့် တပ်မတော်၊ အင်အားပြည့်ဝသည့် တပ်မတော်၊ စွမ်းအင်ထက်မြက်သည့် တပ်မတော်ဖြစ်နေရန်လိုအပ်သည်ဟု ပြောသည်။

ထို့ပြင် မကြာမှီပေါ်ထွက်လာမည့် ဒီမိုကရေစီအစိုးရသစ်သည် တိုင်းပြည်ကောင်းမွန်စေရန်၊ တရားဥပဒေစိုးမိုးရန်၊ ပြည်သူလူထုစားဝတ်နေရေးအဆင်ပြေရန်နှင့် နိုင်ငံလူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ရာ၌ တိုင်းပြည်တည်ငြိမ်အေးချမ်းရန်လိုအပ်ရာ တပ်မတော်၏အခန်းကဏ္ဍလွန်စွာအရေးကြီး၍ တပ်မတော်၏အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် စွမ်းရည်ပြည့်စုံသည့်တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ တက်ရောက်လာကြသူများက အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ဂါရဝပြုပေးအပ်ပြီး အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်ဇနီးများအား နှုတ်ဆက်ခဲ့ကြသည်။

image

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က (၈၁) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုညစာစားပွဲကျင်းပ

မနက်ဖြန် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့မှ ယနေ့ မတ် ၂၆ ရက်ညပိုင်းက ဂုဏ်ပြုညစာစားပွဲကျင်းပခဲ့သည်။

ဂုဏ်ပြုညစာစားပွဲစတင်ကျင်းပချိန်တွင် (၈၁) နှစ် မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများပစ်ဖောက်ခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး တက်ရောက်လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြဝတီတေးဂီတအဖွဲ့မှ စစ်သည်၊ စစ်သမီးများ၊ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အဆိုရှင်များက ဂုဏ်ပြုတေးသီချင်းများသီဆိုဖျော်ဖြေခဲ့ကြကာ ဂုဏ်ပြုညစာစားပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က တက်ရောက်လာကြသူများအားနှုတ်ဆက်ပြီး အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများပစ်ဖောက်မှုကိုကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဇေယျာသီရိဗိမာန်သဘင်ဆောင်တွင် မြဝတီတေးဂီတအဖွဲ့မှ တပ်ဖွဲ့ဝင်စစ်သည်၊ စစ်သမီးများကသံ စုံတီးဝိုင်းဖြင့်တွဲဖက်၍ အဆို၊ အကများ၊ ယိမ်းအကများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေတင်ဆက်ရာ ဒု-ဗိုလ် ချုပ်မှူးကြီးစိုးဝင်းနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးပြီး စစ်သည်၊ စစ်သမီးများအား အမှတ်တရဂုဏ်ပြုပန်းခြင်းပေးအပ်ကာ တက်ရောက်လာကြသူများအားနှုတ်ဆက်ခဲ့သည်။

(၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်း အဝင်လမ်းမကြီးတစ်လျှောက်တွင် တပ်မတော် ရေယာဉ်များ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ ယာဉ်ယန္တရားများ၏ ပုံသဏ္ဍန်များ၊ ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကိုတည်ထောင်ခဲ့ကြသော မင်းသုံးပါးရုပ်တုများကို မီးအလှအပများဖြင့် လှပစွာဂုဏ်ပြုပုံဖော်ထွန်းညှိထား သည်။

image

တပ်မတော်နေ့တက်ရောက်လာသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးတို့က တွေ့ဆုံဂါရဝပြုနှုတ်ဆက်

မနက်ဖြန် မတ် ၂၇ ရက်တွင်ကျရောက်သည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ခေတ္တတည်းခိုနေသော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးတို့မှ ယနေ့ မတ် ၂၆ ရက်နံနက်ပိုင်းကတွေ့ဆုံဂါရဝပြုနှုတ်ဆက်ခဲ့သည်။

တွေ့ဆုံဂါရဝပြုနှုတ်ဆက်စဥ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတက်ရောက်ချီးမြှင့်ပေး၍ကျေးဇူးတင်ရှိမှု၊ တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ အငြိမ်းစားတပ်မတော်အရာရှိကြီးများမှလည်း တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်ရသဖြင့် ဂုဏ်ယူဝမ်းမြောက်ရမှု၊ တပ်မတော်၏ ကောင်းမွန်သည့် အစဉ်အလာများနှင့်အညီ မိဘဆရာသမားသဖွယ်ပြုစုကူညီစောင့်ရှောက်မှုများအတွက် အထူးဝမ်းမြောက်ကျေးဇူးတင်ဂုဏ်ယူလျက်ရှိမှုနှင့် ဩဝါဒစကားများကို ပြန်လည်ပြောကြားခဲ့ကြသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးတို့သည် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား တစ်ဦးချင်းလိုက်လံဂါရဝပြုနှုတ်ဆက်ပြီး ကျန်းမာရေး၊ လူမှုရေးဆိုင်ရာလိုအပ်ချက်များကိုမေးမြန်း၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

image

မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်ခါနီးတွင် မန္တလေးနှင့် အနီးတဝိုက်၌ ငလျင်လှုပ်ခတ်မှု အချို့ဖြစ်ပေါ်

ယနေ့ မတ် ၂၆ ရက်အတွက် ဒုတိယမြောက်ငလျင် ဂန့်ဂေါမြို့ကိုဗဟိုပြုလှုပ်ခတ်ပြန်

မကြာမှီရက်ပိုင်းအတွင်းဖြစ်သည့် မတ် ၂၈ ရက်တွင် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည်မှာ တစ်နှစ်တင်းတင်းပြည့်မြောက်တော့မည်ဖြစ်သည်။

ထိုသို့ တစ်နှစ်ပြည့်မြောက်တော့မည်ကို သတိပေးနေသည့်အလားထင်မှတ်ရမည့် ငလျင်လှုပ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း၌ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိရာ ယနေ့ မတ် ၂၆ ရက်အတွက် ဒုတိယမြောက်ငလျင်သည် ဂန့်ဂေါမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ဂန့်ဂေါမြို့၏ အရှေ့တောင်ဘက်(၂၁)မိုင်ခန့်အကွာ၊ အ နက်(၄၃)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစ ကေး(၄ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ည ၉ နာရီ ၁၆ မိနစ် ၅၀ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မတ် ၂၆ ရက်အတွက် ပထမငလျင်သည်လည်း မဟာအောင်မြေမြို့နယ်၏ အရှေ့ဘက်(၂)မိုင်ခန့်အကွာ၊ အနက်(၁၂)ကီလိုမီတာကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ည ၇ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image

မိုက်ကယ်ကာရစ်ကြောင့် အင်္ဂလန်ကစားသမားဘဝ ပြန်လည်အသက်ဝင်လာခြင်းဖြစ်ကြောင်း ဟယ်ရီမက်ဂွိုင်းယားဝန်ခံပြောကြားလာ
=====================
ယူနိုက်တက်ဗဟိုနောက်ခံလူဟယ်ရီမက်ဂွိုင်းယားက ယူနိုက်တက်ယာယီနည်းပြမိုက်ကယ်ကာရစ်ကြောင့် အင်္ဂလန်ကစားသမားဘဝ ပြန်လည်အသက်ဝင်လာကာ ကမ္ဘာ့ဖလားကစားရေး မျှော်လင့်ချက် လင်းလက်လာခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားလာပါတယ်။

မိုက်ကယ်ကာရစ် မရှိပါက ဟယ်ရီမက်ဂွိုင်းယားဟာ သောကြာနေ့ ဥရုဂွေးနှင့်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ ရှိနေမှာ မဟုတ်ဘဲ အိမ်မှာပဲ ရှိနေပါလိမ့်မယ်။

မက်ဂွိုင်းယားဟာ ရူဘင်အမိုရမ်လက်ထက်တုန်းက နောက်တန်း သုံးယောက်စနစ်ဖြင့် ကစားခဲ့ရပေမယ့်လည်း ဇန်နဝါရီလတွင် ထုတ်ပယ်ခြင်းခံရပြီး မိုက်ကယ်ကာရစ် ရောက်လာပြီးနောက် နောက်တန်း ၄ ဦးစနစ်ဖြင့် ပြန်ကစားခွင့်ရလာကာ အကောင်းဆုံးပုံစံ ပြန်လည် ရရှိလာခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိ မက်ဂွိုင်းယားဟာ ယခင်တုန်းက ဆောက်ဂိတ်လက်ထက်တုန်းက အင်္ဂလန်ရဲ့အရေးအပါအဆုံးကစားသမားများမှ တစ်ဦးဖြစ်ခဲ့ပေမယ့်လည်း အင်္ဂလန်အသင်းနှင့် ၁၈ လတိုင်တိုင် ဝေးကွာလာခဲ့ပါတယ်။

မက်ဂွိုင်းယားက "မိုက်ကယ်ရောက်လာတယ်။ ပြီးတော့ ကစားကွက် ပြောင်းခဲ့တယ်။ နောက်တန်းလေးယောက်စနစ်နဲ့ ကစားတယ်။ ကျုပ်ကလည်း နောက်တန်းလေးယောက်စနစ်နဲ့ ကစားရတာ ပိုသဘောကျတယ်။ ကျွန်တော့်ကစားသမားဘဝ အကောင်းဆုံးအစိတ်အပိုင်းက နောက်တန်းလေးယောက်စနစ်နဲ့ ကစားတာပါ။ ဂါရတ်လက်ထက်တုန်းက နောက်တန်း ၅ ယောက်စနစ်နဲ့ ပွဲအချို့ ကစားဖူးပါတယ်။ ဒါပမေယ့် ၂၀၁၈ တုန်းက ရုရှားမှာ ကစားတဲ့ ပထမဆုံးကမ္ဘာ့ဖလားမှာတုန်းကပါ။ နောက်တော့ ယူရို ၂၀၂၀ အထိ သုံးပါတယ်။ ဒါပေမယ့် ကျွန်တော့်ကစားသမားဘဝ အကောင်းဆုံးနှစ်တွေက နောက်တန်းလေးယောက်စနစ်နဲ့ ကစားတာပါ။ အိုလီ(ဆိုးလ်ရှား)လက်ထက်မှာတုန်းကလည်း ကျွန်တော်တို့ လေးယောက်စနစ်ပဲ ကစားတယ်။ လူတွေက နောက်တန်း ငါးယောက်စနစ်နဲ့ ကစားတာ ကျွန်တော့်အံဝင်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီအချက်ကို သဘောမတူပါဘူး။ ကျွန်တော်က တိုက်စစ်ကို ခံစစ်ဆင်ချင်တဲ့ ခံစစ်သမားပါ။ တိုက်စစ်သမားနဲ့ အမြဲရင်ဆိုင်တွေ့ရတယ်။ နောက်တန်းငါးယောက်ရဲ့အလယ်မှာ ပိုပြီးတော့ သတိထားရတယ်။ Sweeper-Type Role နဲ့ ရှေ့ကို တက်ပြီး ကစားရတာမျိုးက မဟုတ်တာက ကျွန်တော့်ကစားသမားဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းပါ။ နောက်တန်း ငါးယောက်နဲ့ ကစားတဲ့အခါ ကိုယ်က အလယ်မှာ ကစားရတယ်။ လူတွေက မင်းအသက်နည်းနည်းကြီးနေပြီလို့ ပြောလာကြလိမ့်မယ်။ သိပ်လည်း မလှုပ်နိုင်တော့ဘူးလေ။ အကာအကွယ်လုပ်ရတယ်။ ဒါပေမယ့် ကျွန်တော်က နောက်တန်းလေးယေက်စနစ်ကို ပိုသဘောကျတယ်။ ပြီးတော့ တွန်းတွန်းတိုက်တိုက်ကစားနိုင်တယ်လို့ ခံစားရတယ်။ ရှေ့တက်ကစားရတာကိုလည်း ကျွန်တော့်ကစားပွဲရဲ့ကြီးမားတဲ့အစိတ်အပိုင်းလို့ ခံစားရတယ်။ ယူနိုက်တက်မှာ နောက်တန်းလေးယောက်စနစ်ပြန်ကစားလာတယ်။ အရင် ရလဒ်ကောင်းတွေ မရခဲ့ဘူး။ ဒီစနစ်က ယူနိုက်တက်ရလဒ်ကောင်းစေတဲ့ အချက်ထဲမှာ ပါဝင်တယ်။ ရူဘင်(အမိုရမ်)နဲ့ပတ်သက်ပြီး မကောင်းတာ ပြောစရာ မရှိပါဘူး။ ရူဘင်ကို အရမ်းသဘောကျတယ်။ သူ့မှာ တကယ့်စိတ်ကူးကောင်းတွေ ရှိတယ်။ ဒီစိတ်ကူးတွေက ယူနိုက်တက်မှာ အလုပ်မဖြစ်တာပါ။ ပြောရရင့် အံ့မဝင်တာ အလုပ်မဖြစ်တာပါ။ ကျွန်တော်တို့ ကစားသမားတွေမှာလည်း တာဝန်ရှိပါတယ်။ ဒါပေမယ့် ရူဘင်က ကလပ်ကို လမ်းကြောင်းတစ်ခုပေါ် ပို့ခဲ့တယ်။ သူက အရမ်းကောင်းပြီး ကျစ်လစ်တဲ့အသင်းတည်ဆောက်ခဲ့တယ်။ ဒီအတွက် သူ့ကို ကျေးဇူးတင်ရမယ်။ သူထွက်ခွာသွားပြီးတဲ့နောက် သူနဲ့ စကားပြောခဲ့တယ်။ သူကလည်း ကျွန်တော်တို့ကို ဆုမွန်ကောင်းတောင်းပေးတယ်။ သူလည်း အံ့ဩသင့်မိမှာ သေချာပါတယ်။ ဒါပေမယ့် သူက အရမ်းငယ်သေးတယ်။ နည်းပြလောကမှာ ကြီးမားတဲ့အရာတွေ သူ လုပ်ပြလာမယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ကာရစ်လက်ထက်မှာလည်း အရမ်းအံ့ဩစရာကောင်းတယ်။ သူ စကားပြောကောင်းတယ်။ နည်းစနစ်ပိုင်းလည်း အရမ်းကောင်းတယ်။ နည်းပြအဖွဲ့ဝင်ကောင်းတစ်ချို့ ယူဆောင်လာတယ်။ စတိဗ်ဟော်လန်ဆို အတွေ့အကြုံကောင်းတွေ ရှိပြီး ဦးဆောင်နိုင်တဲ့သူပါ။ သူ့မှာ ဂျိုနသန်ဝုဒ်ဂိတ်နဲ့ ဂျွန်နီအီဗန်တို့လို ကလပ်က လူငယ်နောက်ခံလူတွေကို ကူညီနိုင်တဲ့သူတွေ ရှိတယ်။ တကယ့်ကို ကြီးမားတဲ့ အပြောင်းအလဲလို့ ခံစားရတယ်။ မိုက်ကယ်နဲ့ သူ့နည်းပြအဖွဲ့တွေကြောင့် အပြောင်းအလဲက ညက်ညောခဲ့တာ။ ပထမဆုံးနှစ်ပွဲဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီးပွဲတွေမှာ အနိုင်ရခဲ့လို့လည်း အရမ်းအဆင်ပြေကောင်းသွားတာ"လို့ ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက အမိုရမ်လက်ထက်တွင် အဆင့် ၁၅ နေရာတွင်သာ ရပ်တည်ခဲ့တဲ့ ယူနိုက်တက်ဟာ လက်ရှိအချိန်တွင် ကာရစ်ဦးဆောင်မှုဖြင့် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ကာရစ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်သလားလို့ မေးမြန်းလာချိန်မှာတော့ မက်ဂွိုင်းယားက ၎င်းတို့အပေါ်တွင် မမူတည်ကြောင်း ဆိုသွားပါတယ်။

ဆက်လက်ပြီး မက်ဂွိုင်းယားက အင်္ဂလန်ကစားသမားဘဝ အဆုံးသတ်လာမည်ကို ကြောက်လန့်ခဲ့ရကြောင်းနှင့် ကမ္ဘာ့ဖလားတွင် တစ်မိနစ်ခန့် ကစားခွင့် ရလိုသေးကြောင်းလည်း ဆိုသွားပါတယ်။

image

နွေရာသီတွင် လီဗာပူးနည်းပြရာထူးအား လက်ခံရန် အသင့် ရှိနေတဲ့ အလွန်ဆို
==================
ဇာဘီးအလွန်ဆိုဟာ နွေရာသီတွင် ဖိအားများအောက် ကျရောက်နေတဲ့ အန်းဆလော့ နေရာတွင် လီဗာပူးနည်းပြအဖြစ် အစားထိုးတာဝန်ယူရန် အသင့်ဖြစ်နေကြောင်း သိရပါတယ်။

အသက် ၄၇ နှစ်ရှိ ဆလော့ဟာ စနေနေ့တုန်းက ဘရိုက်တန်ကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ယခုရာသီ ၁၀ ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲကြုံတွေ့ရကာ ထိပ်ဆုံး ၄ သင်းနှင့် ရမှတ် ၅ မှတ်အထိ ကွာဟလာပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့အား မကာကွယ်နိုင်တော့တဲ့ အခြေအနေသို့ ရောက်လာမှုနှင့်အတူ အနာဂတ်အတွက်ပါ မရေမရာ ဖြစ်လာပါတယ်။

ယနေ့တွင် ဂျာမန်သတင်းစာ Bild က လီဗာပူးတာဝန်ရှိသူများက အန်းဆလော့နေရာကို ဆက်ခံမယ့်သူအဖြစ် အသက် ၄၄ နှစ်ရှိ အလွန်ဆိုကို မျက်စိကျနေကြောင်း ဖော်ပြလာပါတယ်။

တဖက်တွင် အလွန်ဆိုကိုယ်တိုင်ကလည်း ကစားသမားဘဝတုန်းက ၅ နှစ်တိုင်တိုင် ကျင်လည်ခဲ့ဖူးတဲ့ အန်ဖီးလ်သို့ ပြန်လာရန် စိတ်အားထက်သန်နေပါတယ်။

ဒါပေမယ့် ဇာဘီးအလွန်ဆိုဟာ အသင်းတည်ဆောက်ရေးအတွက် အပြည့်အဝ ထိန်းချုပ်ခွင့်ပေးမှသာလျှင် လီဗာပူးသို့ ပြန်လာမှာလည်း ဖြစ်ပါတယ်။

image