Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မက်တိုမီးနေးနှင့် ရော်နယ်ဒိုတို့ကဲ့သို့ Overhead Kick ကန်ချက်ဖြင့် ဂိုးသွင်းရန် ကြိုးပမ်းရာမှ အနီကတ်ပြသခြင်းခံခဲ့ရတဲ့ အန်တိုနီ
======================
ဘက်တစ်စတားအန်တိုနီဟာ ခရစ္စတီယာနိုရော်နယ်ဒို၊ စကော့မက်တိုမီးနေးတို့ကဲ့သို့ Overhead Kick ဖြင့် ဂိုးသွင်းယူရန် ကြိုးပမ်းရာမှာ ပြိုင်ဘက်ကို ကန်မိလို့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဘရာဇီးတောင်ပံကစားသမားဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ဘက်တစ်သို့ အပြီးသတ် ပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ အန်တိုနီဟာ အေဂျက်စ်မှ ပေါင် ၈၂ သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်တွင် ၃ ရာသီ ကစားစဉ်အတွင်း ဆက်တိုက်ခြေစွမ်းပြနိုင်ရေး ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ဘက်တစ်သို့ အငှားဖြင့် သွားကစားစဉ် အကောင်းဆုံးပုံစံ ပြန်လည် ရရှိကာ အပြီးသတ်ပြောင်းခွင့်ရခဲ့ပါတယ်။
သူဟာ ယခုရာသီတွင်လည်း ၄ ဂိုးသွင်းကာ ခြေစွမ်းပြနေပါတယ်။
ဒါပေမယ့် သူဟာ ဂီရိုနာနှင့်ပွဲမှာတော့ Overhead Kick ဖြင့် ဂိုးသွင်းရေး ကြိုးပမ်းရာမှာ ပြိုင်ဘက်ကစားသမားဂျိုယေးရိုကာရဲ့ မျက်နှာကို ကန်မိခဲ့ပါတယ်။
ဒိုင်လူကြီးဟာ ကွင်းဘေးမော်နီတာတွင် စစ်ဆေးကြည့်ရှုပြီးချိန်မှာတော့ အန်တိုနီအား တိုက်ရိုက်အနီကတ်ပြသခဲ့ပါတယ်။
ဘရာဇီးအတွက် ၁၆ ပွဲကစားထားတဲ့ အန်တိုနီဟာ ဂီရိုနာနှင့်ပွဲမှ အနီကတ်အတွက် ပရိသတ်များကို တောင်းပန်သွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ၁ ဂိုးစီသရေဖြင့် ပြီးဆုံးသွားပြီး ဘက်တစ်မှာ အဆင့် ၅ နေရာတွင် ရပ်တည်နေပါတယ်။
ပေါ်ဆန်းဆန် ဈေးတည်ငြိမ်ရေး သက်သာစျေးနှုန်းဖြင့် ရောင်းမည်
-------------------
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန် ဈေးနှုန်းတွေ တည်ငြိမ်မှန်ကန်စေဖို့ နိုဝင်ဘာ(၂၆) ရက်က စတင်ပြီး စျေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ သက်သာတဲ့ ဈေးနှုန်းတွေနဲ့ တိုက်ရိုက်ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
စျေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက် သက်သာတဲ့ ဈေးနဲ့ရောင်းပေးမှာဖြစ်ပြီး ဈေးနှုန်းတွေကိုတော့ ရောင်းချပေးမဲ့နေ့မှာ အတိအကျ ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်း အောင်က ပြောပါတယ်။ အခုလို ရောင်းချပေးတာကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းတို့က ပူးပေါင်းဆောင်ရွက်သွားမှာပါ။
စားသုံးသူ အိမ်ထောင်စုတွေဆီ ၂၄ ပြည် အိတ်အကြီးကို အိမ်အရောက်ပို့စနစ်နဲ့ ရောင်းပေးမှာဖြစ်ပြီး အိတ်အသေး ကိုတော့ ရပ်ကွက်တွေ၊ ဈေးတွေမှာ သတ်မှတ်ရက်အလိုက် လှည့်လည်ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန် သိုလှောင်ဖြန့်ဖြူး ရောင်းချနေသူတွေနဲ့ လက်လီ ဆိုင်တွေက မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်တို့နဲ့ ဆက်သွယ်ပြီး ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။
မဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒပင်ဖြစ်ဟုဆို
---------------------
ရွေးကောက်ပွဲကျင်းပချိန်မှာ နိုင်ငံတော်အနေနဲ့ ဆန္ဒမဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးထားပြီး ဆန္ဒမဲပေးခြင်း၊ မပေး ခြင်းဟာ မဲဆန္ဒရှင်တွေရဲ့ဆန္ဒသာ ဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ နိုဝင်ဘာ ၂၃ ရက်က မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံရာ မှာ အခုလို ပြောကြားလိုက်တာပါ။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေ သလို ရွေးကောက်ခံကိုယ်စားလှယ်တွေကိုလည်း ဥပဒေနဲ့အညီဖြစ်စေရေး စိစစ်ဆောင်ရွက်ပေးနေပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကျင်းပချိန်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးကြစေလိုတယ်လို့လည်း ပြောပါတယ်။
အဓိကအားဖြင့် တိုင်းပြည်နဲ့ ဒေသအကျိုးကို စေတနာထားပြီး ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ် ရေးအမြင်ရှိသူတွေကို စဉ်းစားရွေးချယ်ပြီး ဆန္ဒမဲပေးကြစေလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော ကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမှာဖြစ်ပြီး အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ မြို့နယ် ၁၀၀ တို့မှာ ကျင်းပမှာ ဖြစ်ပြီး ကျန်တဲ့မြို့နယ်တွေကို အပိုင်း(၃)အဖြစ် ဆက်လက်ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
အစ္စရေးတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အကြီးအကဲ သေဆုံး
---------------------
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ် ဘိုလာ ပြောက်ကျားအဖွဲ့ရဲ့ စစ်ဘက်အကြီးအကဲ သေဆုံးသွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။
ဂါဇာစစ်ပွဲကို အကြောင်းပြုပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေကို အမေရိကန် က ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ ပြီးခဲ့တဲ့ တစ်နှစ်လောက်က အပစ်အခတ် ရပ်စဲခဲ့တာပါ။ ဒါပေမဲ့ အဲဒီ သဘောတူ ညီမှု ရှိနေတဲ့တိုင် လက်ဘနွန်အခြေစိုက် ပြောက်ကျားတပ်ကို နိုဝင်ဘာ ၂၃ ရက်မှာ အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ကလည်း ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက် တစ်နေရာမှာ ဟစ်ဇ်ဘိုလာရဲ့ ယာယီ စစ်ဦးစီး ချုပ် အလီတက်ဘ်တာဘိုင်ကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ကလည်း နောက်ပိုင်းမှာတော့ တက်ဘ်တာဘိုင် သေဆုံးခဲ့တဲ့ သတင်းကို အတည်ပြုခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတွေက တက်ဘ်တာဘိုင်ကို ဂျီဟတ် လှုပ်ရှားမှုရဲ့ အခမ်းနားဆုံး ခေါင်းဆောင်တစ်ယောက်အဖြစ် ရည်ညွှန်းခဲ့ကြပါတယ်။
မတ္တရာမှာ စစ်ရေး ပိုတင်းမာလာပြီး ရွာလုံးကျွတ် စစ်ရှောင်မှုများလာကာ လက်နက် ကြီးကြောင့် သေဆုံးသူ နဲ့ ဒဏ်ရာရသူတွေရှိ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ရေးအခြေအနေ ပိုပြင်းထန်လာနေတယ်လို့ သိရပါတယ် ။
လက်ရှိမှာ အစိုးရတပ်တွေက မတ္တရာမြို့နယ်အတွင်းရှိ နေရောဒေသ တော်တော်များများကို ပြန်လည်ရယူ ထိန်းချုပ်ထားနိုင်ပြီး ဒေသတခုလုံး အပြည့်အဝ ရရှိဖို့အတွက် လေကြောင်း ၊ မြေပြင်ထိုးစစ် ၊ ဒရုန်းတွေနဲ့ပါ ထိုးစစ်ဆင် တိုက်ခိုက်မှုရှိလာ နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
မြေပြင် စစ်ရေးအခြေအနေ တင်းမာလာတဲ့ အခြေအနေတွေကြောင့် ကျေးရွာတော်တော်များများလည်း စစ်ဘေးရှောင်နေကြရပြီး ရွှေ့ပြောင်းစစ်ရှောင်ဖို့ ခက်ခဲတဲ့ အနာကြီးရောဂါဝေဒနါရှင်တွေနဲ့ သက်ကြီးရွယ်အိုတွေသာ ရွာမှာ ကျန်ရှိနေတယ် လို့သိရပါတယ်။
" အနီးအနားရွာတွေလည်း အကုန်ရှောင်ကုန်ကြပြီ။ နံ့သာမြိုင် ရွာလည်း တရွာလုံးနီးပါး ရှောင်ကုန်ပြီ မရှိကြတော့ဘူး ။ မရှောင်နိုင်တာဆိုရင် ရိပ်သာမှာရှိတဲ့ အနာကြီးရောဂါသည် နဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်တော့တယ် ။အခုဆိုရင် ရိပ်သာမှာ အနာကြီးရောဂါသည် နဲ့ သက်ကြီးဘိုးဘွား ၁၀၀ လောက်ရှိပါတယ် ။ရွာထဲကနေ ရောက်လာသူတွေရော ပါပါတယ်။ အားလုံးက မရွှေ့မပြောင်း မရှောင်နိုင်လို့ နံ့သာမြိုင်ရိပ်သာ မှာပဲ တရားအားထုတ်ရင်း ဆက်နေနေ ကြပါတယ်။ အဖိုး အဖွားတွေကလည်း နေရာ မပြောင်းချင်တော့ဘဲ တရားအားထုတ်ပြီး နေထိုင်ဖို့ပဲ ပြောကြပါတယ်။ " လို့ မတ္တရာမြို့နယ် ရေနံသာကျေးရွာ အုပ်စုမှ ဒေသခံက ပြောပါတယ် ။
လက်ရှိ မတ္တရာမြို့နယ် မြောက်ပိုင်းမှ စစ်ရှောင်နေကြရတဲ့ ကျေးရွာဒေသခံတွေဟာ စဥ့်ကူးကတဆင့် စစ်ကိုင်းတိုင်းဘက်ကို သွားရောက် စစ်ရှောင်တာရှိသလို စစ်ရှောင်စခန်းတွေမှာ နေကြတာလည်း ရှိကြောင်း သိရပါတယ်။
စစ်ရေးအခြေအနေကြောင့် ကျေးရွာတွေအချို့မှာတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေဖြစ်ပွားမှုရှိနေပြီး လူသေဆုံးမှု နဲ့ အဆောက်အဦ ထိခိုက် ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ် ။
နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက မတ္တရာမြို့နယ် ၊ နတ်ကြီးစဥ် ကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး လူလေးယောက် သေဆုံးကာ လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
နိုဝင်ဘာ ၁၉ ရက်ကလည်း ရေနံသားကျေးရွာအုပ်စု ၊ နံ့သာမြိုင်ရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ရှိခဲ့ပြီး အဆောက်အဦ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
" တချို့ရွာတွေမှာက အိမ်စောင့်ကျန်တဲ့ သူတို့ အ သက်ကြီးသူ တချို့ပဲ ရှိတယ် ။ သူတို့ကျ ဇက်ကူးရှောင်ဖို့လည်း မလွယ်ကြဘူးလေ ။ လက်နက်ကြီး ပေါက်ကွဲမှုတွေကတော့ ရှိတယ် ။ ရေနံ့သာ ၊တံငါဘက်ကလည်း အခြေအနေ သိပ်မကောင်းတာ ကြာပြီ။ သွားလာရေးကို မပြေတော့ဘူး ။ ဖုန်းလိုင်းလေး ရနေလို့ တော်သေးတယ် ။အခု စစ်တပ်က စကျင်ရွာဘက်အထိ ရောက်နေပြီသိရတယ်။ ရေနံ့သာဘက်မှာလည်း ရှိနေတယ် ။ စကျင်ပြီးရင် နတ်ကြီးစဥ်ရှိမယ် ။ အဒီကနေ ဆက်တတက်မယ်ဆိုရင် စဥ့်ကူးဘက်ကို ရောက်နိုင်တယ် ။ " လို့ ဒေသခံ နောက်တယောက်က ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေက အင်အားအများအပြားနဲ့ မြေပြင် စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ၊ ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့ကလည်း ကျန်ရှိဒေသကို လက်မလွှတ်ရရေး နဲ့ စဥ့်ကူးမြို့နယ်ဘက်ကို ထိုးဖောက် ဝင်ရောက်လာမှု မရှိစေရေးအတွက် ခုခံကာကွယ်တိုက်ခိုက် နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
အစိုးရတပ်တွေက နိုဝင်ဘာ ၆ ရက်မှာ ဆည်တော်ကြီး ရေလှောင်တမံနဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းတွေကို ပြန်လည်ရယူ ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ဘနွန်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်ပြီး ဟဇ်ဘိုလာ ထိပ်တန်းတာဝန်ရှိသူကို သုတ်သင်
အစ္စရေးနဲ့ လက်ဘနွန်အကြား အပစ်အခတ်ရပ်စဲရေးရှိနေပေမယ့် အစ္စရေးစစ်တပ်ဟာ လက်ဘနွန်မြို့တော် ဘေရွတ် တောင်ပိုင်းဆင်ခြေဖုံးကို လေကြောင်းတိုက်ခိုက်ပြီး ဟဇ်ဘိုလာ ထိပ်တန်းတာဝန်ရှိသူတယောက်ကို သုတ်သင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့မှ ဟိုင်ဝမ်အလီအယ်လ်တပ်ဘ်တာဘိုင်ဟာ ရာထူးတာဝန်များစွာကို ထမ်းဆောင်ခဲ့တဲ့ ထိပ်တန်းတာဝန်ရှိသူလို့ အစ္စရေးကပြောပါတယ်။ လူဦးရေထူထပ်တဲ့ ဒါဟိ ခရိုင်ရှိ တိုက်ခန်းတခုကို ထိမှန်ခဲ့တဲ့ တိုက်ခိုက်မှုမှာ လူငါးယောက်သေဆုံးပြီး အခြား ၂၈ ယောက်လည်း ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဟစ်ဇ်ဘိုလာက တပ်ဘ်တာဘိုင် သေဆုံးမှုကို အတည်ပြုခဲ့ပြီး အစ္စရေး၏ တိုက်ခိုက်မှုဟာ အနီရောင်မျဉ်း ကို ဖြတ်ကျော်ခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ လပေါင်းများစွာအတွင်း ဘေရွတ်တောင်ပိုင်းမှာ အစ္စရေးရဲ့ ပထမဆုံးတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ခဲ့ပေမယ့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဘိုလာအဖွဲ့ ပစ်မှတ်တွေကို အစ္စရေးက မကြာသေးမီလတွေအတွင်း တိုက်ခိုက်ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာတွေဟာ စစ်ရေးစွမ်းရည်များကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေပြီး လက်ဘနွန်ကို လက်နက်တွေ မှောင်ခိုတင်သွင်းနေကာ လက်နက်ကြီးနံ့ ဒုံးကျည်တွေ အစား ဖောက်ခွဲရေး ဒရုန်းတွေ ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ အစ္စရေးက ပြောပါတယ်။
မိမိရဲ့ ဦးဆောင်မှုအောက်မှာ ဟစ်ဇ်ဘိုလာတွေ အာဏာ ပြန်လည်တည်ဆောက်ခွင့်မပြုကြောင်းနဲ့ အစ္စရေးနိုင်ငံအတွက် ခြိမ်းခြောက်မှုတခု ထပ်မံဖြစ်ပွားခွင့်မပြုဘူးလို့ တိုက်ခိုက်မှုအပြီးမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။
ဒါအပြင် လက်ဘနွန်အစိုးရအနေနဲ့ ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းဖို့ ကတိကဝတ်ကို အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုပါတယ်။
မလေးရှားမှာ ၁၆ နှစ်အောက်အရွယ်တွေကို လူမှုကွန်ရက်အသုံးပြုမှု ပိတ်ပင်ဖို့ စီစဉ်
မလေးရှားနိုင်ငံဟာ လာမယ့်နှစ်မှစပြီး အသက် ၁၆ နှစ်အောက်အရွယ်တွေကို လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်ရန် စီစဉ်ထားပြီး ကလေးသူငယ်တွေ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို ဝင်ရောက်ခွင့် ကန့်သတ်တဲ့ နိုင်ငံတွေစာရင်းမှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။
မလေးရှားအစိုးရအနေနဲ့ သြစတြေးလျနဲ့ အခြားနိုင်ငံတွေမှာ လူမှုကွန်ရက် အသုံးပြုမှုအတွက် အသက်အရွယ်ကန့်သတ်ချက်တွေ ချမှတ်တဲ့ ယန္တရားတွေကို ပြန်လည်သုံးသပ်နေပြီး လူငယ်တွေ ဆိုက်ဘာအနိုင်ကျင့်မှု၊ ငွေကြေးလိမ်လည်မှုတွေနဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုလိုမျိုး အွန်လိုင်းအန္တရာယ်တွေကနေ ကာကွယ်ရန် လိုအပ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဖာမီ ဖာဇီးလ်က ပြောပါတယ်။
"နောက်နှစ်မှာ လူမှုကွန်ရက် ပလက်ဖောင်းတွေအသုံးပြုခွင့်အတွက် အသက် ၁၆ နှစ်အောက် အရွယ်တွေကို အကောင့်ဖွင့်တာ တားမြစ်ဖို့ မလေးရှားအစိုးရက ဆုံးဖြတ်လိမ့်မယ်လို့ ဆိုပါတယ်။
ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးအပေါ် လူမှုကွန်ရက်တွေရဲ့ အကျိုးသက်ရောက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုတခု ဖြစ်လာခဲ့ပြီး TikTok၊ Snapchat၊ Google ၊ Facebook၊ Instagram နဲ့ WhatsApp စတာတွေ အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုတွေကြောင့် ဒီပလက်ဖောင်းတွေကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေဟာ အမေရိကန်ပြည်ထောင်စုမှာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဩစတြေးလျမှာတော့ ဆယ်ကျော်သက်တွေအတွက် ကျယ်ပြန့်တဲ့ ပိတ်ပင်မှုတခုအောက်မှာ လာမယ့်လကစပြီး အသက် ၁၆ နှစ်အောက်အသုံးပြုသူတွေအတွက် ဖွင့်ထားတဲ့အကောင့်များကို ပိတ်ပစ်တော့မှာ ဖြစ်ပါတယ်။ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဒိန်းမတ်နဲ့ ဂရိတို့ဟာလည်း အသက်အတည်ပြု အက်ပ်အတွက် ပုံစံတခုကို ပူးတွဲစမ်းသပ်နေကြပါတယ်။
မလေးရှားရဲ့ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံဟာလည်း လူမှုမီဒီယာအသုံးပြုသူတွေအတွက် အနည်းဆုံးအသက်ကို သတ်မှတ်ရန် စီစဉ်ထားကြောင်း ဇန်နဝါရီလမှာ ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နည်းပညာကုမ္ပဏီတွေအနေနဲ့ အပျက်သဘောဆောင်တဲ့ အကြောင်းအရာတွေကို စစ်ထုတ်ပြီး ပိုမိုတင်းကြပ်တဲ့ အသက်အတည်ပြုခြင်းဆိုင်ရာ အစီအမံတွေ ချမှတ်ဖို့ စည်းမျဉ်းထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားကတော့ အွန်လိုင်းလောင်းကစားနဲ့ လူမျိုးရေး၊ ဘာသာရေး၊ တော်ဝင်မျိုးနွယ်တွေနဲ့ သက်ဆိုင်တဲ့ ပို့စ်တွေအပါအဝင် အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ မြင့်တက်လာတယ်ဆိုကာ မကြာသေးမီနှစ်တွေအတွင်း လူမှုကွန်ရက် ကုမ္ပဏီတွေကို ပိုမိုစစ်ဆေး တင်းကြပ်ခဲ့ပါတယ်။
မလေးရှားမှာ အသုံးပြုသူ ရှစ်သန်းကျော်ရှိတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေနဲ့ မက်ဆေ့ချ်ဝန်ဆောင်မှုတွေဟာ ဇန်နဝါရီလမှာ အသက်ဝင်ခဲ့တဲ့ စည်းမျဉ်းသစ်တခုအရ လိုင်စင်ရယူဖို့ လိုအပ်ပါတယ်။
ဂန့်ဂေါမှာ လူငယ် ၂၃ ယောက် လူကုန်ကူးခံရပြီး ၁၆ ယောက် ပျောက်ဆုံးနေ
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ လူငယ် ၂၃ ယောက် လူကုန်ကူးခံရပြီး ၁၆ ယောက် အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ ကူညီပေးနေသူတွေနဲ့ မိဘတွေဆီက သိရပါတယ်။
အသက် ၁၇ နှစ်ကနေ ၃၀ ဝန်းကျင်အရွယ်ကြားရှိ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး သုံးယောက်၊ ပြီးခဲ့တဲ့ ဇွန်လအတွင်းက လူကုန်ကူးခံရတာဖြစ်ပြီး အဲဒီထဲက အမျိုးသား ၁၆ ယောက်ကတော့ လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ ကူညီပေးနေသူက ပြောပါတယ်။
“ကျန်တဲ့သူတွေက အဆက်အသွယ်ရတယ်။ နောက်ဆုံးတသုတ်ပို့တဲ့ ၁၇ ယောက်မှာ တယောက်ကလည်း အဆက်အသွယ်ရပြီ။ သူ့ကို သူ့မိဘတွေက သိန်း ၃၀၀ ကျော်နဲ့ ပြန်ရွေးထားတယ်။ ကျန်တဲ့ ၁၆ ယောက်ကတော့ ခုထိ အဆက်အသွယ် မရသေးဘူး။ ဘယ်ကို ရောက်နေမှန်းလဲ မသိရသေးဘူး။ ဒါပေမယ့် တယောက်ကတော့ သူ့အမေကို ဘယ်ဖုန်းနဲ့ ဆက်လိုက်လဲမသိဘူး။ သူတို့တော့ အရောင်းခံလိုက်ရပြီ၊ တယောက်ကို သိန်း ၆၀၀ ဆိုလား၊ ၆၀၀၀ နဲ့ဆိုလားပြောသွားတယ်တဲ့၊ ကျန်တာတော့ ဘာမှမပြောဘဲ ဖုန်းချသွားတယ်လို့ ပြောတယ်။ ဘယ်ရောက်နေတယ် ဆိုတာလည်း မသိလိုက်ရဘူး။ ဘယ်လိုမှကို ဆက်သွယ်လို့ မရတော့ဘူး” လို့ ကူညီပေးနေသူက ပြောပါတယ်။
ဂန့်ဂေါဒေသဟာ ဒေသတွင်း လက်နက်ကိုင်တပ်တွေ စိုးမိုးတဲ့ နယ်မြေဖြစ်တာကြောင့် ပျောက်ဆုံးနေတဲ့ ၁၆ ယောက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီမှာ အမှုဖွင့်ပြီး လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ငွေကြေး လိမ်လည်မှုတွေနဲ့ တရားစွဲဆိုထားပေမယ့် လက်ရှိအချိန်အထိ အကြောင်းမထူးသေးဘူးလို့ သူက ပြောပါတယ်။
“ပြည်သူ့လုံခြုံရေး (ပလဖ) မှာ အမှုဖွင့်ပြီး တရားစွဲဆိုထားတာကလည်း သူတို့က အထက်ကို တင်ထားလိုက်ပြီ၊ ဥပဒေရေးရာကို တင်ထားလိုက်ပြီ ပြောတယ်။ ဒါကြောင့် ဥပဒေရေးရာက လူကြီးတွေနဲ့ သွားတွေ့လိုက်တော့လည်း အမှုက ဒီဘက်ကို ဘာမှ ရောက်မလာသေးဘူးပြောတယ်။ အဲဒါနဲ့ ပြန်လာပြီး ပလဖ ကို သွားပြောတော့ သူတို့ လွှဲလိုက်ပြီ၊ လူချင်းလည်းတွေ့ပြီး ပြောပြီးပြီပြောတယ်။ အဲဒါဆို အမှုက ကြားထဲတင် ပျောက်နေတာလား ဆိုတော့၊ အဲဒါက သူတို့ (ဥပဒေရေးရာ) ကို ပြောထားတယ်။ နောက်ပြီး တိုက်ရိုက်လည်း ချိတ်ဆက်ပေးပြီး ပြောခိုင်းပါ့မယ်လို့ ပြောတယ်။ အခုအချိန်အထိတော့ ကျွန်တော်တို့ဆီ ဘာမှ အကြောင်းပြန်တာ မရှိသေးဘူး” လို့ သူက ပြောပါတယ်။
အဲဒီလို တရားစွဲဆိုထားမှုကို ပြီးခဲ့တဲ့ ဇွန်လ လကုန်ပိုင်းကတည်းက ပြုလုပ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ အချိန်ကာလ လေးလနီးပါး ကြာမြင့်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခု နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဒုတိယအကြိမ် တိုင်စာ ထပ်မံ ပေးပို့ထားပေမယ့်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။
“အခုက အမှုကျူးလွန်တဲ့သူနဲ့ တရားသူကြီး တယောက်ကလည်း ဆွေမျိုးမကင်းတဲ့သူတွေ ဖြစ်နေတော့ ဒါကြောင့်များ တရားဥပဒေကို လက်တလုံးခြား လုပ်နေတာလားလို့ ယူဆရတယ်” လို့ သူက ပြောပါတယ်။
ဒုတိယတခေါက် တိုင်စာပို့တဲ့အခါ သက်သေတွေ လိုတယ်လို့ ပြောလာပြီး သက်သေလိုက်ရမယ့် သူတွေရဲ့ အသက်၊ မှတ်ပုံတင်၊ အိမ်ထောင်စုမိတ္ထူ၊ မိသားစုမှာ မွေးချင်း ဘယ်နှစ်ယောက်ရှိတယ် ဆိုတဲ့ အချက်အလက်တွေကို တောင်းခံလာတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့က မပေးလိုက်နဲ့လို့ ပြောလိုက်တယ်။ အာမခံ သွားထုတ်မယ့်သူတွေ မဟုတ်ဘူးလေ။ ရုံးပေါ်မှာရောက်မှ သက်သေက ထွက်ဆိုရမှာ ဖြစ်တဲ့အတွက် ဒီကြားထဲမှာ ဘာမှ လုပ်ပေးစရာအကြောင်း မရှိဘူးလို့ ပြောလိုက်တယ်” လို့ သူက ပြောပါတယ်။
လူကုန်ကူးခံရသူတွေဟာ ဂန့်ဂေါနယ်ရှိ ပန်းထိပ်၊ စံပယ်၊ ဘီလင်း၊ ခေါက်ခူ၊ စမြိတ်၊ မင်းရွာ စတဲ့ ကျေးရွာ ခြောက်ရွာက လူငယ်တွေဖြစ်ပြီး ပွဲစားတွေဖြစ်တဲ့ ဦးဖိုးနီနဲ့ ဒေါ်စုမြတ်နိုင် (ခ) မမငယ် တို့က ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
“မမငယ် ဆိုတာက တရားဝင် အေးဂျင့် လုပ်နေတာမဟုတ်ဘူး။ မလေးရှားမှာ suprise box တွေ လုပ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်နေတာ။ မလေးရှားမှာ သူ့ကို သိကြတာတော့ မမငယ်အနေနဲ့ပဲ သိကြတယ်။ သူက ပန်းထိပ်ရွာသူပဲ။ သူ့အစ်မအရင်းကလည်း မလေးရှားမှာ ရှိတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး လူကုန်ကူးတာ လုပ်နေတာ” လို့ နောက်ထပ် ကူညီပေးနေသူ တယောက်က ပြောပါတယ်။
ပွဲစားတွေက မလေးရှားမှာ ဗီဇာသက်တမ်း နှစ်နှစ် ရအောင် ပြုလုပ်ပေးမှာ ဖြစ်သလို လစာ ၁၇ သိန်း၊ ၁၈ သိန်းနဲ့ အလုပ် လေးမျိုးလည်း ရမှာဖြစ်ပြီး နေဖို့၊ စားဖို့လည်း အကုန်စီစဉ်ပေးမယ်လို့ ဆိုကာ တယောက်ကို သိန်း ၉၀ နဲ့ ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပထမတသုတ်မှာ ယောင်္ကျားလေး တယောက်နဲ့ မိန်းကလေး သုံးယောက်၊ ဒုတိယတသုတ်မှာ ယောင်္ကျားလေး သုံးယောက်နဲ့ မိန်းကလေး တယောက်၊ တတိယတသုတ်မှာ ယောင်္ကျားလေးချည်းပဲ ၁၇ ယောက် ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တန့်ဆည် ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှု ခြောက်ယောက်သေပြီး လေးယောက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း ၊တန့်ဆည်မြို့နယ်ထဲက PDF ထိန်းချုပ်ထားတဲ့ ကံထူးမရွာကို ဒီကနေ့နိုဝင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ခြောက်ယောက်သေဆုံးကာ လေး ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်အစော ၁ နာရီ ကျော်လောက်မှာ ကံထူးမရွာရှိ ဆေးရုံနဲ့ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲချ ခံခဲ့ရတာဖြစ်ပြီး ဆေးရုံအဆောက်အဦ နဲ့ ဆိုင်အချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။
" ဆေးရုံ နဲ့ သူ့နောက်ကျောက ကားဝပ်ရှော့ကို အကြဲခံရတယ် သိရတယ်။သေဆုံးတာက ယောကျ်ားလေး ခြောက်ယောက်ပါ ။ ဒဏ်ရာရသူတွေလည်းရှိပေမယ့် အခြေအနေ သေချာမသိရသေးဘူး။ " လို့ စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးဝါးကုသမှုအပိုင်း ဆောင်ရွက်နေကြောင်း သိရပါတယ် ။
ယခုဗုံးကြဲခံရတဲ့ ဆေးရုံနဲ့ ကားဝပ်ရှော့က ဒေသတွင်းလက်နက်ကိုင်တွေရဲ့ ဆိုင်ကယ် ၊ကားတွေကို ပြုပြင်တဲ့နေရာဖြစ်သလို ဆေးဝါးကုသတဲ့ ဆေးရုံဖြစ်တာ ကြောင့် အစိုးရတပ်မှ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း စစ်တပ်ထောက်ခံသူတွေက ပြောဆိုနေတာ တွေ့ရပါတယ်။
မနေ့က နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်းစစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပြီး လူသုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ကံထူးမရွာမှာ လေကြောင်းတိုက်ခိုက် ခံခဲ့ရပြီး ၁၁ ယောက်သေဆုံးကာ ကိုးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။
ကံထူးမရွာမှာ နယ်မြေရဲစခန်းရှိပြီး PDF တွေက ၂၀၂၄ ခုနှစ် မတ်လမှာ ကံထူးမရွာကို ထိန်းချုပ်ခဲ့တာ ဒီနေ့ထိဖြစ်တယ်လို့သိရပါတယ်။
ကံထူးမရွာကို ထိန်းချုပ်နိုင်ဖို့အတွက် PDF တွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ အဲဒီနောက် အစိုးရ တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရသူတွေရှိခဲ့တယ်လို့သိရပါတယ်။