မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲမည်

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရ ထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့မှုကြောင့် လာမည့် ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ မိုးကောင်း-မိုးညှင်းဘူတာကြား (၅၂ ဒဿမ ၂၅)မိုင်အတွင်းရှိ သံလမ်းများပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရှင်းလင်းခြင်းနှင့် သံလမ်းကူးတံတားများပြုပြင်တည်ဆောက်ခြင်း၊ ဘူတာများပြင်ဆင်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပင်းဘောဘူတာမှ နန်းခွင်ဘူတာအထိ သံလမ်းတစ်လျှောက်ရှင်းလင်းခြင်း၊ သံလမ်းပြုပြင်ခြင်း၊ နန်းခွင်ဘူတာအကျော် နန်းခွင်ချောင်းပေါ်တွင်တည် ဆောက်ထားသော ရထားလမ်းမိုင်တိုင် ၆၅၆/၁၆ နှင့် ၆၅၆/၁၈ ရှိ တံတားအမှတ်(၆၃၀)အား တံတားရေလည်တိုင်များပျက်စီးမှုကိုပြန်လည်ပြုပြင်တည်ဆောက်ခြင်း ၊ တံတားကမ်းကပ်ခုံရေတိုက်စားမှုကိုပြုပြင်တည် ဆောက်ခြင်း၊ သံလမ်းဇလီဖားတုံးမြှင့်တင်ခြင်းတို့ကိုလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို ကချင်ပြည် နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဇူလိုင် ၁၁ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးပြီး ရထားတာဝန်ရှိသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

image

ဇလွန်မြို့တွင် ရေဘေးကာကွယ်ရေးသရုပ်ပြသဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်း၊ ဇလွန်မြို့ရှိ ဧရာဝတီဟင်္သာတတာမိုင် (၂၅/၂)ဆန်တန်းရပ်ကွက်၌ ရေဘေးကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၁၅ ရက်ကပြုလုပ်ရာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လေ့ကျင့်ခြင်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှကြီးမှူးပြုလုပ်ခြင်းဖြစ်ကာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက်၍ ဒေသတွင်းတွင်းရှိ မြစ်များ၊ ချောင်းများ၊ မြောင်းများ၌ ရွှံ့နွံပိတ်ဆို့တိမ်ကောမှုများမရှိစေရန် အမှိုက်သရိုက်များနှင့် ရေစီးရေလာအဟန့်အတားမဖြစ်အောင် ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်များကိုကာကွယ်ရာ၌ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ အင်အားသာမက ဒေသခံတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်မှသာ လျင်လျင်မြန်မြန် အောင်မြင်စေမည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက အရေးပေါ်ကာကွယ်ရေးနည်းလမ်းများအား သရုပ်ပြသခြင်းနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုအစီအစဉ် စီမံချက်အား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

image

ဗန်ကောက်မြို့၌ အိမ်အကူလုပ်နေရာမှ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံပြန်ချင်သူအား အလုပ်သမားသံအရာရှိရုံးကပြန်လည်ပို့ဆောင်ပေးခဲ့

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အိမ်ရာတစ်ခု၏ နေအိမ်တစ်အိမ်၌ အိမ်အကူအဖြစ်အလုပ်လုပ်ကိုင်နေရာမှ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံသို့ပြန်ချင်သူအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အိမ်အကူလုပ်နေသော မြန်မာနိုင်ငံသူသည် ဖုန်းနှင့် အထောက်အထားစာရွက်စာတမ်းများမပါဘဲ မြန်မာသံရုံးသို့လာရောက်၍ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံသို့ပြန်လိုသည်ဟု အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား MOEAA ရုံးတွင် ခေတ္တနေထိုင်ရန် မြန်မာသံရုံးကစီစဉ်ပေးခဲ့ပြီးနောက် MOEAA ၏ရှေ့နေအပါအဝင် သံရုံးမှတာဝန်ရှိသူများက အလုပ်ရှင်နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံသူ၏ ပိုင်ဆိုင်မှုများနှင့် အထောက်အထားစာရွက်စာတမ်းများကိုပြန်လည်ရယူပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံသို့ပြန်နိုင်ရန် အလုပ်သမားသံအရာရှိရုံးက လေယာဉ်လက်မှတ်စီစဉ်ပေးပြီး ဇူလိုင် ၁၄ ရက်ညပိုင်းတွင် ဒွန်မောင်းလေဆိပ်သို့ကူညီပို့ဆောင်ပေးရာ မြန်မာနိုင်ငံသူသည် ရန်ကုန်မြို့သို့ဆက်လက်ထွက်ခွာခဲ့ပြီးချောမောစွာရောက်ရှိခဲ့ကြောင်း သိရသည်။

image

အွန်လိုင်းရာဇဝတ်မှုများနှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံကအလေးထားဆောင်ရွက်နေမှုကို ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဆွေးနွေးပြောဆို

အွန်လိုင်းရာဇဝတ်မှုများနှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံကအလေးထားဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဒေါက်တာခင်သီတာအေးက ဆွေးနွေးပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ Museum of Illusions တွင် ဥရောပပါလီမန်အမတ် Mr. Ondřej Dostál နှင့် ဘရပ်ဆဲလ်မြို့တော်ကောင်စီဝင် Mr. Nasir Mohammad တို့ပူးတွဲ၍ ဇူလိုင် ၁၃ ရက်ကကျင်းပသော "နယ်စည်းမခြား ဆိုက်ဘာရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများတိုက်ဖျက်ရေးအတွက် ဥရောပသမဂ္ဂ–အာရှ ပူးပေါင်းဆောင်ရွက်မှု"ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲအား ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ambassador Fei Shengchao နှင့် မြန်မာသံအမတ်ကြီးဒေါက်တာခင်သီတာအေးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
မြန်မာသံအမတ်ကြီးက အွန်လိုင်းရာဇဝတ်မှုများနှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံက အလေးထားဆောင် ရွက်နေမှု၊ အွန်လိုင်းရာဇဝတ်မှုများ၏ နယ်စပ်ဖြတ်ကျော်ဖြစ်ပွားသည့် သဘောသဘာဝကြောင့် ပူးပေါင်းဆောင်ရွက်မှုအရေးပါပုံကို 4 Rs ဖြစ်သည့် Reality (လက်ရှိဆိုက်ဘာပတ်ဝန်းကျင်၏ အခြေအနေမှန်ကို နားလည်သိရှိခြင်း)၊ Risks (ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ဖော်ထုတ်သတ်မှတ်ခြင်း)၊ Response (ညှိနှိုင်းပူးပေါင်းတုံ့ပြန်ဆောင်ရွက်ခြင်း) နှင့် Resilience (လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် လူမှုအသိုက်အဝန်းတို့၏ ကြံ့ခိုင်မှုကိုတည်ဆောက်မြှင့်တင်ခြင်း)တို့အခြေခံ၍ ပူးပေါင်းတုံ့ပြန်မှု၏အရေးပါမှုကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် နယ်စပ်ဒေသများ၌ အမြစ်ပြတ်နှိမ်နင်းနိုင်ရေးနှင့် ပြည်တွင်းသို့ပျံ့နှံ့ဝင်ရောက်မှုမရှိစေရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်နေမှု၊ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေအပါအဝင် တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်စွာအရေးယူလျက်ရှိမှုကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြားသား(၆၈,၀၀၀)ဦးကျော်ကို သက်ဆိုင်ရာနိုင်ငံများသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် စနစ်တကျပြန်လည်လွှဲပြောင်းပေးခဲ့မှု၊ အွန်လိုင်းလိမ်လည်မှုများ၏ အဓိကအခြေစိုက်ရာဒေသများတွင် တရားမဝင်အဆောက်အအုံများစွာကို ဖြိုချပိတ်သိမ်းခဲ့မှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် မြန်မာသံအမတ်ကြီးက ဥရောပနှင့် အာရှနိုင်ငံများကြား လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများအဖြစ် ဒစ်ဂျစ်တယ်မှုခင်းဆိုင်ရာစုံစမ်းစစ်ဆေးရေး၊ ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေး၊ ငွေကြေးထောက်လှမ်းရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် သတင်းအချက်အလက်ဖလှယ်ရေးကဏ္ဍများကိုလည်း အကြံပြုဆွေးနွေးပြောကြားခဲ့သည်။

image

မှော်ဘီရှိ ကုန်ထုတ်လုပ်မှု ကွင်းဆက် စိန်ခေါ်မှုများ ကို လျင်မြန်စွာ ညှိနှိုင်းဖြေရှင်းပေးနိုင်မည့် အစိုးရ-ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှု

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို တိုက်ရိုက်ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီး MSME Agency အဖွဲ့ဝင်များနှင့် မှော်ဘီမြို့နယ်ရှိ MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၅ ရက် မွန်းလွဲပိုင်းက မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဒေသခံ MSME လုပ်ငန်းရှင်များ အားတက်သရော တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များအတွက် လက်တွေ့ကျသည့် ကဏ္ဍစုံ ပံ့ပိုးမှုများ ပေါ်လွင်စေရန် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ၎င်းတို့အနက် -
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန က စက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ ဖြေလျှော့မှုများ
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ကုန်သည်လုပ်ငန်းရှင်များအတွက် အရေးကြီးသည့် ထုတ်ကုန်ဘေးကင်းလုံခြုံရေး၊ ဆေးဝါးနှင့် စားသောက်ကုန် ထောက်ခံချက်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊
စားသုံးသူရေးရာဦးစီးဌာန က ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်တွင်းအခွန်များဦးစီးဌာန နှင့် မြန်မာ့စီးပွားရေးဘဏ် တို့မှ တာဝန်ရှိသူများက MSME လုပ်ငန်းများအတွက် သက်သာသော အတိုးနှုန်းဖြင့် ထုတ်ပေးမည့် သီးသန့်ချေးငွေဆိုင်ရာ ကိစ္စရပ်များနှင့် အခွန်ဆိုင်ရာ ဖြေလျှော့မှု မူဝါဒများကို ကုန်သည်များ သိရှိစေရန် အကျယ်တဝံ့ ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ကလည်း ခေတ်ပြိုင်စီးပွားရေး အပြောင်းအလဲများကြားတွင် MSME လုပ်ငန်းများ ရေရှည်ရပ်တည်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်မည့် စီမံခန့်ခွဲမှု မဟာဗျူဟာများကို အကြံပြု မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာသည့် ဒေသခံ MSME လုပ်ငန်းရှင်များက မိမိတို့၏ လုပ်ငန်းလည်ပတ်ရာတွင် ကြုံတွေ့နေရသည့် ကုန်ကြမ်း၊ ကုန်ချော လိုအပ်ချက်၊ လုပ်ငန်းလိုင်စင်နှင့် ငွေကြေးအရင်းအနှီးဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ချက်ချင်းပြန်လည် ဖြေရှင်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ ဝန်ကြီး ဒေါက်တာမျိုးသော်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ S

image

ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက်စားအုန်းဆီဖြန့်ခွဲပေးနေမှုကို မြန်မာနိုင်ငံဆီကုန်သည်အသင်းအသိပေး

ရန်ကုန်တိုင်းအတွင်း မြိုနယ်(၃၂)မြို့နယ်အလိုက် စားအုန်းဆီပိဿာချိန်ဖြန့်ခွဲပေးနေမှုနှင့် မြို့နယ်အလိုက်ဖြန့်ဖြူးပေးနေသည့် ကုမ္မဏီအရေအတွက်တို့ကို မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဇူ လိုင် ၁၅ ရက်စာရင်းများအရ သိရသည်။
စားအုန်းဆီများအား ပိဿာချိန်အလိုက်ဖြန့်ခွဲပေးရာ တွင် ရွှေပြည်သာမြို့နယ်အတွက် ကုမ္ပဏီ(၉)ခုက ပိ ဿာချိန်(၁၇,၀၅၀)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွက် ကုမ္ပဏီ(၄)ခုက ပိဿာချိန်(၁၄,၉၆၀)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွက် ကုမ္ပဏီ(၇)ခုက ပိဿာချိန်(၁၄,၈၅၀)၊ လှည်းကူးမြို့နယ်အတွက် ကုမ္ပ ဏီ(၄)ခုက ပိဿာချိန်(၁၃,၅၃၀)၊ မှော်ဘီမြို့နယ်အ တွက် ကုမ္ပဏီ(၇)ခုက ပိဿာချိန်(၁၁,၃၃၀)တို့ကို အ များဆုံးဖြန့်ခွဲပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် စားအုန်းဆီပိဿာချိန်အနည်းဆုံးဖြန့်ဖြူးပေးရသည့် မြို့နယ်များတွင် ကျောက်တံတားမြို့နယ်အတွက် ကုမ္ပဏီ(၃)ခုက ပိဿာချိန်(၅၅၀)၊ ဒေါပုံမြို့နယ်အ တွက် ကုမ္ပဏီ(၄)ခုက ပိဿာချိန်(၈၀၀)၊ လသာမြို့နယ်အတွက် ကုမ္ပဏီ(၃)ခုက ပိဿာချိန်(၈၈၀)၊ ပန်းပဲတန်းမြို့နယ်အတွက် ကုမ္ပဏီ(၁)ခုက ပိဿာချိန်(၉၉၀)တို့ကိုဖြန့်ခွဲပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ အခြားမြို့နယ်အသီးသီးသို့လည်း သက်ဆိုင် ရာ ကုမ္ပဏီများက စားအုန်းဆီများကို ပိဿာချိန်အလလိုက်ဖြန့်ခွဲပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏စာရင်းများအရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း၊ နေ ပြည်တော်နှင့် မန္တလေးတိုင်းတို့အား ဇူလိုင်လအတွင်း စားအုန်းဆီတိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအစည်းအဝေးကို ရန်ကုန်မြို့၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွက် တိုးမြှင့်တန်ချိန်ပမာဏအား တိုင်းဒေ သကြီးအသီးသီးရှိ စားသုံးသူများထံအချိန်မှီရောက်ရှိရေး၊ ကုမ္ပဏီမှခန့်အပ်ထားသော ဒေသဆိုင်ရာ လက်ကား/လက်လီကိုယ်စားလှယ်များ အချိန်နှင့်တပြေးညီ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းအမြန်ဆုံးဖြန့်ဖြူးရောင်းချပေးနိုင်ရေး၊ ရန်ကုန်တိုင်းရှိ ဆီသိုလှောင်ကန် အသီးသီးမှဆီထုတ်ယူပြီး အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။ S

image

မော်တော်ယာဥ်ပိုင်ရှင်အမည်ပြောင်းမှတ်ပုံတင်ရာ၌ အ ခွန်စိစစ်ခြင်းကို ယနေ့ ဇူလိုင် ၁၆ ရက်မှစတင်၍ VAVS ဖြင့်ပြောင်းလဲကျင့်သုံးမည်

ကျသင့်ငွေအား Digital Payment ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့်ဆောင်ရွက်နိုင်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံ တင်ထားသော မော်တော်ယာဉ်များအား အခွန်ထမ်းလူပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်ပြောင်းမှတ်ပုံတင်ရာ၌ အ ခွန်စိစစ်ခြင်းကို ယနေ့ ဇူလိုင် ၁၆ ရက်မှစတင်၍ Vehicle Automatic Valuation System (VAVS)ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးခဲ့သည်။
ထို့ကြောင့် အခွန်ထမ်းသူများအနေဖြင့် https://vavs. ird.gov.mm ၌ ဖုန်းနံပတ်ဖြင့် စနစ်အတွင်းဝင်ရောက်ပြီး မော်တော်ယာဉ်အမှတ်နှင့် လိုအပ်သောအချက်အလက်များကိုဖြည့်သွင်းပါက စနစ်မှအလိုအလျောက် တန်ဖိုးစိစစ်၍ အခွန်တွက်ချက်ပေးမည်ဖြစ်ပြီး ကျသင့်အခွန်ကို Online Payment ဖြင့်ပေးဆောင်နိုင်သည်ဟု အသိပေးခဲ့သည်။
အခွန်ပေးဆောင်ပြီးပါက VAVS စနစ်မှ ရရှိသည့် အီလက်ထရောနစ် အခွန်ဆိုင်ရာစိစစ်ဆောင်ရွက်ပြီးကြောင်းထောက်ခံချက် (e-Tax Clearance Certificate) QR Form ထုတ်ယူ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ်အမည်ပြောင်းခြင်းကိုဆက်လက်ဆောင်ရွက်သည်ဟု အသိပေးခဲ့သည်။
ကနဦးမော်တော်ယာဉ်များ၊ ကုမ္ပဏီအမည်ဖြင့်အမည်ပြောင်းမှတ်ပုံတင်ခြင်း၊ ဝင်ငွေရလမ်းတင်ပြမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မူလဆောင်ရွက်သည့် လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာရုံးများ၌ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟု အသိပေးခဲ့သည်။
အခွန်ပေးဆောင်ခြင်းကို VAVS စနစ်နှင့် ချိတ်ဆက်ထားသော IRD’s Tax Payment Hub မှတစ်ဆင့် MPU Debit Card ၊ MMQR Code အသုံးပြု၍ KBZ Pay၊ AYA Pay၊ CB Pay၊ uab Pay၊ A plus Wallet၊ Citizen Pay၊ OK$၊ Wave Money၊ Trusty Pay၊ Zego Pay၊ M-Pitesan၊ GTB Pay၊ MoMoney ၊ uab Bank ၊ Shwe Bank၊ A Bank တို့၏ Mobile Banking စနစ်များဖြင့်ပေးဆောင်နိုင်သည်ဟု အသိပေးခဲ့သည်။
အသေးစိတ်သိရှိလိုပါက Call Center ဖုန်း ၁၅၁၅၊ techsupport.vavs@ird.gov.mm နှင့် callcenter.vavs @ird.gov.mm သို့ အီးမေးလ်ပေးပို့ခြင်း၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုဌာနခွဲ(ရန်ကုန်) ဖုန်း ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(နေပြည် တော်) ဖုန်း ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃ဝ၅၄၄၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး) ဖုန်း ၀၂-၄၀၃၀၆၃၇၊ ၀၂-၄၀၃၀၆၃၈၊ အီလက်ထရောနစ်ဝန်ဆောင်မှုနည်းပညာဆိုင်ရာအကူအညီပေးရေးစင်တာ (e-Service Help Desk Center) ဖုန်း ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊ ၀၁-၈၃၇၉၀၂၁ နှင့် နီးစပ်ရာ တိုင်းနှင့် ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများ၊ မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးများသို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်ဟု အသိပေးခဲ့သည်။

image

လွှတ်တော် ကတိကဝတ်စိစစ်ရေးကော်မတီနှင့် ဝန်ကြီးဌာန ၆ ခု နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပို့ဆောင်ရေးနှင့် ပြည်ထဲရေးအပါအဝင် ဝန်ကြီးဌာန ၆ ခုမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းမေးမြန်းခဲ့သည့် မေးခွန်းများ၊ ကတိကဝတ်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပြန်လည်ရှင်းလင်းချက်များကို ညှိနှိုင်းအတည်ပြုခဲ့ကြကြောင်း သိရသည်။
ယင်းပြင် ကော်မတီအဖွဲ့ဝင်များသည် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး၊ ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ဝန်ကြီးဌာနများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အမျိုးသားလွှတ်တော်ရေးရာဆောင်၌ ပြုလုပ်သည့် ၎င်းအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

image

မဟာဓာတ်အားလိုင်းအတွင်း ဆိုလာစနစ်ထည့်သွင်းရန်နှင့် နည်းပညာအခက်အခဲများဖြေရှင်းရန် နေပြည်တော်တွင် ဆွေးနွေး

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ဆိုလာ (နေရောင်ခြည်စွမ်းအင်) စနစ် တိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဇူလိုင် ၁၅ ရက်က နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပခဲ့သည်။
လက်ရှိတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှု၌ စိန်ခေါ်မှုများရှိနေပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုများရှိနေသဖြင့် ပြည်တွင်းရှိ အရင်းအမြစ်များကို အခြေခံသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုး (Generation Mix) ကို တွက်ချက်စီမံနေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများအတွင်းသို့ ဆိုလာစနစ်ထည့်သွင်းခြင်းနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ မိမိတို့အစီအစဉ်ဖြင့် Solar Home System တပ်ဆင်အသုံးပြုခြင်း နည်းလမ်းနှစ်ခုဖြင့် ဆောင်ရွက်နေပြီး၊ ယခုဆွေးနွေးပွဲတွင် ကြုံတွေ့နေရသည့် နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကန့်သတ်ချက်များကို အဖြေရှာသွားမည်ဟု ၎င်းက ဆိုသည်။
ဆွေးနွေးပွဲတွင် အသိပညာရှင်နှင့် အတတ်ပညာရှင်များက “မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားစနစ်၏ တည်ငြိမ်စိတ်ချမှုကိုထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ UMFCCI နှင့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ၄၇၅ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

image

တပ်ကုန်းမြို့နယ်တွင် ယခုစိုက်ပျိုးရာသီအတွင်း ဝါသီနှံ ဧက ၆,၅၀၀ စိုက်ပျိုးရန် လျာထား

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း ဝါသီနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန်အတွက် ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဝါစိုက်ဧက စုစုပေါင်း ၆,၅၀၀ စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝါသီးနှံသည် ပြည်တွင်းရှိ အထည်အလိပ်လုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍတို့အတွက် အရေးပါသော သီးနှံတစ်ခုဖြစ်သောကြောင့် တစ်ဧကချင်းစီ၏ ပန်းတိုင်ထွက်နှုန်းပြည့်မီစေရန် စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာပေးလုပ်ငန်းများနှင့် ကွင်းဆင်းကူညီမှုများကို လုပ်ဆောင်နေသည်။
၎င်းပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ တောင်သူများအတွက် ဝါမျိုးစေ့များနှင့် လိုအပ်သော သွင်းအားစုများကို ဝါပတ်စနစ် (အကျိုးတူပူးပေါင်းမှု) ဖြင့် ထောက်ပံ့ပေးထားကြောင်း တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် တပ်ကုန်းမြို့နယ်ရှိ တောင်သူများသည် ဝါစိုက်ပျိုးရာ၌ စနစ်တကျရှိစေရန် ဆောင်ရွက်လျက်ရှိပြီး၊ စိုက်ပျိုးရေးဦးစီးဌာနကလည်း ဝါဂွမ်းအရည်အသွေး ကောင်းမွန်စေရန်နှင့် ဖျက်ပိုးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးအကြံပြုမှုများ ပြုလုပ်ပေးလျက်ရှိသည်။
တပ်ကုန်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စုမှ ဝါစိုက်တောင်သူတစ်ဦးက "ကျွန်တော်တို့ကတော့ ဝါကာမျိုးကို အဓိကစိုက်ပါတယ်။ စိုက်ပျိုးရေးဌာနဘက်ကလည်း အမြဲတမ်းလိုလို ကွင်းဆင်းပြီး လိုအပ်တာတွေ ကူညီပေးပါတယ်။ တောင်သူတွေအတွက် အဓိက လိုအပ်တာကတော့ ဝါဆွတ်ခူးရောင်းချမယ့်အချိန်မှာ တည်ငြိမ်တဲ့ ဈေးကွက်ရရှိဖို့ပါပဲ" ဟု ပြောကြားသည်။
တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဝါသီနှံအပြင် အခြားအဓိကသီးနှံ ၁၁ မျိုး၏ ပန်းတိုင်ထွက်နှုန်းပြည့်မီစေရေးအတွက်ပါ စိုက်ပျိုးရေးနည်းပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image