Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နေထိုင်မကောင်းမှုကြောင့် ဒီကလန်ရိုက်စ် ၂ ရက်ဆက် လေ့ကျင့်ခန်းမဆင်းနိုင် ဖြစ်ပြီးနောက် အသင်းအတွင်း ဗိုင်းရပ်စ်မပျံ့နှံ့အောင် အင်္ဂလန် လုပ်ဆောင်လာရ
=======================
အင်္ဂလန်ရဲ့အဓိကကွင်းလယ်ကစားသမားဒီကလန်ရိုက်စ်ဟာ နေထိုင်မကောင်းမှုကြောင့် နှစ်ရက်ဆက် အင်္ဂလန်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် မပါဝင်နိုင်မှုနှင့်အတူ စနေနေ့ည နော်ဝေနှင့် ကစားမဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ပါဝင်ရန် မရေမရာ ဖြစ်နေပါတယ်။
အာဆင်နယ်ကွင်းလယ်ကစားသမားဟာ အစောပိုင်းကတည်းက တံကောက်ကြောနှင့် ကျောအောက်ပိုင်း ပြဿနာကြုံလာရချိန်တွင် နေထိုင်မကောင်းမှုနှင့် ကြုံလာရတာလည်း ဖြစ်ပါတယ်။
တဖက်တွင် အင်္ဂလန်အသင်းတာဝန်ရှိသူများဟာ ဗိုင်းရပ်စ်ပိုး အင်္ဂလန်အသင်းအတွင်း ပျံ့နှံ့ကူးစက်မှုများ မဖြစ်ပွားစေရေးအတွက် လုပ်ဆောင်ထားရပါတယ်။
အင်္ဂလန်အတွက် သတင်းကောင်းတစ်ခုကတော့ ညာနောက်ခံလူရီစီဂျိမ်းမှာ တံကောက်ကြောဒဏ်ရာကြောင့် ၃ ပွဲဆက် ပွဲလွဲချော်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အသင်းဖော်များနှင့်အတူ လေ့ကျင့်ခန်း အပြည့်အဝ ဆင်းလာနိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဂျာရဲလ်ကွန်ဆာ အနီကတ်ကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရလို့ ညာနောက်ခံလူပြဿနာတက်နေချိန်တွင် ရီစီဂျိမ်းစ် လေ့ကျင့်ခန်းပြန်ဆင်းလာနိုင်မှုက သတင်းကောင်းဖြစ်နေပါတယ်။
တဖက်တွင် အင်္ဂလန်နည်းပြသောမတ်စ်တူချယ်အနေဖြင့် ရီစီဂျိမ်းစ်မကစားနိုင်ပါကလည်း ဂျွန်စတုန်း (သို့မဟုတ်) အက်ဇရီကွန်ဆာကို ညာနောက်ခံလူအဖြစ် အသုံးပြုလာနိုင်ပါသေးတယ်။
ဒါ့အပြင် အင်္ဂလန်နောက်ခံလူမာ့ခ်ဂူဟီမှာလည်း အသေးစားတံကောက်ကြောဒဏ်ရာရရှိနေမှုနှင့်အတူ ကြံ့ခိုင်မှု စစ်ဆေးမှု ခံယူပြီးမှ နော်ဝေနှင့်ပွဲတွင် ကစား/မကစား ဆုံးဖြတ်လာရပါမယ်။
ဗဟိုနောက်ခံလူဟာ မက္ကဆီကိုအား ၃-၂ ဖြင့် အနိုင်ရတဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် အသေးစားတံကောက်ကြောဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ကြွက်သားပင်ပန်းနွမ်းနယ်မှုနှင့် ရင်ဆိုင်နေရတာပါ။
လီဗာပူးပိုင်ရှင် FSG ဘောလုံးအကြီးအကဲရာထူးမှ အက်ဝတ်နုတ်ထွက်လာ
=====================
မိုက်ကယ်အက်ဝတ်ဟာ လီဗာပူးအသင်းပိုင်ရှင် Fenway Sports Group ရဲ့ ဘောလုံးအမှုဆောင်ချုပ်ရာထူးမှ ထွက်ခွာလာပါတယ်။
အက်ဝတ်ဟာ ၂၀၂၄ ခုနှစ် မတ်လတုန်းက လီဗာပူးတွင် ဒုတိယအကြိမ်မြောက်အဖြစ် ၃ နှစ်စာချုပ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပေမဲ့လည်း ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးချိန်မှာဘဲ ထွက်ခွာလာတာဖြစ်ပါတယ်။
သူဟာ ဂျာဂင်ကလော့ပ်ထွက်ခွာပြီးနောက် အသင်းရဲ့ ကြီးမားတဲ့ အပြောင်းအလဲကာလတွင် ဦးဆောင် လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ အက်ဝတ်ထွက်ခွာလာမှုနှင့်အတူ ကွင်းတွင်း ပြဿနာရပ်များကိုလည်း ဖြေရှင်းရန် ရှိနေပါတယ်။
လီဗာပူးဟာ အန်းဆလော့ထွက်ခွာသွားပြီးနောက် အိုင်ရာအိုလာကို အစားထိုးခန့်အပ်ထားပါတယ်။
လီဗာပူးအတွက် အဓိကအရေးပါတဲ့အရာကတော့ နွေရာသီမှာ အသင်းမှ ထွက်ခွာသွားတဲ့ မိုဟာမက်ဆာလက်နေရာတွင် အစားထိုးခန့်အပ်နိုင်ရေး ဖြစ်နေပါတယ်။
တဖက်တွင် လီဗာပူးဟာ အားကစားဒါရိုက်တာရစ်ချက်ဟုချ်ကိုလည်း လက်လွတ်ရမယ်လို့ သတင်းထွက်နေပါသေးတယ်။
အက်ဝတ်ဟာ ၂၀၁၁ ခုနှစ်တုန်းက လီဗာပူးသို့ ရောက်လာပြီးနောက် ၂၀၁၆ ခုနှစ်တွင် အားကစားဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရကာ ၂၀၂၂ ခုနှစ်တွင် ထွက်ခွာခဲ့ဖူးသူ ဖြစ်ပါတယ်။
သူဟာ လီဗာပူးတွင် ပထမအကြိမ် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ဆာလက်၊ ရောဘတ်တိုဖာမီနို၊ ဆာဒေယိုမာနေး၊ အင်ဒီရောဘတ်ဆင်၊ ဗာဂယ်ဗန်ဒိုက်တို့အား ခေါ်ယူကာ လီဗာပူးကို ပြန်လည်တည်ဆောက်ပေးကာ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာလာတဲ့ ပရီးမီးယားလိဂ်ဖလားအပြင် ချန်ပီယံလိဂ်ဖလားပါ ဆွတ်ခူးနိုင်ရေး နောက်ကွယ်မှ လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ ကလော့ပ်ခေတ်အလွန် အန်းဆလော့ရဲ့ ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ဖလားရရှိအောင် နောက်ကွယ်မှ ကူညီနိုင်ခဲ့ပေမဲ့လည်း ၂၀၂၅-၂၆ ရာသီမှာတော့ မအောင်မြင်တဲ့ ရာသီတစ်ခုနှင့် ကြုံခဲ့ရပါတယ်။
ပေါ်တူဂီနည်းပြသစ်အဖြစ် ခရစ္စတီယာနိုရော်နယ်ဒိုနှင့် Al-Nassr တွင် လက်တွဲခဲ့တဲ့ ဂျီးဆပ်စ်ကို ခန့်အပ်လာ
========================
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ဂျော့ဂျီးဆပ်စ်အား ၄ နှစ်စာချုပ်ဖြင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်ဖြင့် ခန့်အပ်လာကြောင်း ကြေညာလာပါတယ်။
ပေါ်တူဂီဟာ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်တွင် စပိန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် နည်းပြရောဘတ်တိုမာတီနက်ဇ်က ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလာခဲ့ပါတယ်။
အသက် ၇၁ နှစ်ရှိ ဂျော့ဂျီးဆပ်စ်ဟာ Al-Nassr တွင် ကိုင်တွယ်စဉ်တုန်းက ပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လက်တွဲခဲ့ပြီး ဆော်ဒီပရိုလိဂ်ဖလား ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိဟာ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝ အနားယူပြီဖြစ်ကြောင်း ကြေညာသွားခဲ့ခြင်း မရှိပါဘူး။
ပေါ်တူဂီနည်းပြအဖြစ် မိတ်ဆက်ပွဲတွင် ဂျော့ဂျီးဆပ်စ်က အသက် ၄၁ နှစ်ရှိ Ballon d'Or ၅ ဆုရှင်မှာ ပေါ်တူဂီရဲ ပြယုဒ်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ဂျီးဆပ်စ်က "ကျွန်တော် သတ်မှတ်ထားတဲ့ ပေါ်တူဂီအတွက် အကောင်းဆုံးလို့ ယူဆတဲ့ အခြေအနေ၊ သတ်မှတ်အနေအထားမှာ သူ ကစားနိုင်သမျှ ပြီးတော့ သူ့ဘက်က ရွေးချယ်ခံရနိုင်တဲ့ အနေအထားရှိနေမျှ သူ့ကို ရွေးသွားမယ်။ သူနဲ့ စကားမပြောရသေးပါဘူး။ သူက လက်ရွေးစင်အတွက် ဘယ်တော့မှ ပြဿနာတစ်ရပ် ဖြစ်လာမှာ မဟုတ်ပါဘူး။ လက်ရွေးစင်အသင်းအတွက်ရော ကျွန်တော်အတွက်ရော ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက သူနဲ့အလုပ်တွဲလုပ်ခဲ့ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ သူနဲ့အလုပ်လုပ်ရတာ လွယ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဂျော့ဂျီးဆပ်စ်ဟာ ပေါ်တူဂီအတွက် ပထမဆုံးပွဲစဉ်အဖြစ် စက်တင်ဘာလ ၂၄ ရက်နေ့ ဝေးလ်နှင့် နေးရှင်းလိဂ်အုပ်စု(D) ပွဲစဉ်ကို ကြီးကြပ်ရပါမယ်။
ပေါ်တူဂီဟာ ၂၀၃၀ ကမ္ဘာဖ့လားပြိုင်ပွဲကို စပိန်၊ မော်ရိုကိုတို့နှင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားပါမယ်။
ဂျီးဆပ်စ်ဟာ ၂၀၂၃-၂၄ ရာသီတုန်းက Al-Hilal နှင့်အတူ ပြည်တွင်းဖလား ၂ လုံး ဆွတ်ခူးခဲ့ဖူးသလို ဘင်ဖီကာအား ကိုင်တွယ်စဉ်တုန်းကလည်း ပြည်တွင်းအမှတ်ပေးဖလား ၃ ကြိမ်ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာ ဘရာဇီးတွင်လည်း နည်းပြအဖြစ် တစ်နှစ်ကျင်လည်ကာ ဖလာမင်ဂိုအား ကိုင်တွယ်စဉ်အတွင်း အဓိကဆုဖလား ၅ လုံး ဆွတ်ခူးခဲ့ဖူးပါတယ်။
ကိုင်လီယန်ဘက်ပေးကို ခေါ်ယူရေး လီဗာပူးတို့ ဘယ်လို ကြိုးစားခဲ့သလဲဆိုတာ ကလော့ပ် ဖွင့်ဟလာ
======================
လီဗာပူးနည်းပြဟောင်းဂျာဂင်ကလော့ပ်က ၂၀၁၇ ခုနှစ်တုန်းက လီဗာပူးမှာ ကိုင်လီယန်ဘက်ပေးအား ခေါ်ယူနိုင်ရေးအတွက် ပြင်သစ်စူပါစတားနှင့်မိသားစုအတွက် စင်းလုံးငှားလေယာဉ်၊ အစားအသောက်များစီစဉ်ပေးခဲ့တဲ့အကြောင်းကို ဖွင့်ဟပြောကြားလာပါတယ်။
ဂျာမနီလူမျိုးနည်းပြက ဘက်ပေးအား ခေါ်ယူရေး ကြိုးပမ်းမှုမှာ မအောင်မြင်ဘဲ ပီအက်စ်ဂျီသို့ လက်လွှတ်လိုက်ရမှုနှင့်အတူ လီဗာပူးအတွက် ကုန်ကျစရိတ်အများဆုံး မအောင်မြင်တဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ကြောင်း ဆိုသွားပါတယ်။
ပြင်သစ်အား မော်ရိုကိုက ၂-၀ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ Magenta TV တွင် ဘောလုံးဝေဖန်သူအဖြစ် လုပ်ဆောင်နေတဲ့ ကလော့ပ်က ရီးရဲလ်မက်ဒရစ်စူပါစတားကို လီဗာပူးက ခေါ်ယူရေး ဘယ်လို ကြိုုးပမ်းခဲ့သလဲဆိုတာ ဖွင့်ဟလာပါတယ်။
ကလော့ပ်က ဘလက်ပူးလ်မှ ပြင်သစ်ရှိ နိုက်စ်သို့ စင်းလုံးငှားလေယာဉ် စီစဉ်ပေးခဲ့ရကြောင်း ဆိုသွားပါတယ်။ ယင်းလေယာဉ်တွင် ဘက်ပေးနှင့် မိသားစုဝင်များအတွက် အခန်း ၅ ခန်းနှင့် အခြားအရာများ ပါဝင်ကြောင်း ဆိုသွားပါတယ်။
ဘက်ပေးရဲ့ အေးဂျင့်အဖြစ် မိခင်ဖြစ်သူက အလုပ်လုပ်နေတာပါ။ သူမဟာ ဘောလုံးသမားများအတွက် အေဂျင့်အဖြစ် လုပ်ဆောင်ပေးတဲ့ ကုမ္ပဏီတည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
ကလော့ပ်က "ကျွန်တော်တို့ အားလုံး အစွမ်းကုန်လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ သွားလိုက်ပြန်လိုက် လုပ်ခဲ့ကြတယ်။ မိသားစုနဲ့ စကားပြောဖြစ်ခဲ့ကြတယ်။ အစားအသောက်ကောင်းတွေ စားခဲ့ကြတယ်"လို့ ဖွင့်ဟသွားပါတယ်။
လီဗာပူးဘက်က ဘက်ပေးကို ခေါ်ယူရေး အစွမ်းကုန်ကြိုးပမ်းခဲ့ပေမဲ့လည်း အားလုံးအချည်းအနှီးသာ ဖြစ်ခဲ့ပါတယ်။
ဘက်ပေးဟာ ပီအက်စ်ဂျီသို့ အပြီးသတ်ပြောင်းနိုင်မဲ့အချက်ဖြင့် အငှားဖြင့် ပြောင်းသွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ နောက်တစ်နှစ်မှာတော့ အငှားစာချုပ်အတိုင်း ဘက်ပေးကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၃ သန်း(ယူရိုသန်း ၁၈၀)ဖြင့် ခေါ်ယူသွားခဲ့ပါတယ်။
ဘက်ပေးဟာ ပဲရစ်တွင် ၇ နှစ်ကြာ ကစားပြီးနောက် ၂၀၂၄ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းသွားခဲ့ပါတယ်။
အသက် ၅၉ နှစ်ရှိ ဘက်ပေးဟာ လီဗာပူးကို ၉ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း ချန်ပီယံလိဂ်ဖလား ၁ လုံး၊ ပရီးမီးယားလိဂ်ဖလား ၁ လုံး ရယူပေးနိုင်ခဲ့ကာ ၂၀၂၄ ခုနှစ်တွင် ထွက်ခွာသွားခဲ့ပါတယ်။
သူဟာ လက်ရှိအချိန်တွင် ရက်ဘူးလ်ရဲ့ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေပြီး လစ်လပ်နေတဲ့ ဂျာမနီနည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။
မိုင်ယာမီတွင် ရာသီဥတုသတိပေးချက် ထွက်ပေါ်လာပြီးနောက် အင်္ဂလန်နှင့် နော်ဝေပွဲအား ရွှေ့ဆိုင်းရလာဖို့ ရှိနေ
=====================
အင်္ဂလန်ရဲ့ နော်ဝေနှင့် ရင်ဆိုင်ကစားရမဲ့ မိုင်ယာမီတွင် ရာသီဥတုသတင်းပေးချက် ထွက်ပေါ်လာမှုနှင့်အတူ ပွဲကို ရွှေ့ဆိုင်းရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
အင်္ဂလန်ဟာ ယနေ့ညတွင် ဖလိုရီဒါ၊ မိုင်ယာမီရှိ Hard Rock Stadium ကွင်းတွင် နော်ဝေနှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ် ကစားရပါမယ်။
ဒါပေမဲ့ East Coast တွင် ကစားမဲ့ ပွဲစဉ်မတိုင်မီ ကစားသမားများ၊ ပရိသတ်များအနေဖြင့် ရာသီဥတုကြောင့် အထူးသတိထားရန် လိုအပ်နေပါတယ်။
US National Weather Service က ဖလိုရီဒါတောင်ပိုင်းတွင် ဆိုးရွားတဲ့ အပူချိန် ကြုံနေရကြောင်း သတိပေးချက် ထုတ်ပြန်လာပါတယ်။
ကျွမ်းကျင်သူများက အပူချိန်မှာ 43 degrees Celsius (110 Fahrenheit) အထိ မြင့်တက်ခံစားရနိုင်ကြောင်း သတိပေးထားပါတယ်။
ဒါ့အပြင် ဆာဟာရဖုန်မှုန့်တိမ်တိုက်တစ်ခု ဝင်ရောက်လာမှုနှင့်အတူ ရာသီဥတုအလွန်ခြောက်သွေ့နေမှာလည်း ဖြစ်ပါတယ်။
ဖလိုရီဒါတောင်ပိုင်းတွင် ယခုအပတ်အစောပိုင်းကတည်းက အပူချိန်ပြင်းစွာ ခံစားလာခဲ့ရတာပါ။
ယင်းတိမ်များက ဓာတ်မတည့်မှုများကို ဖြစ်စေသလို အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူများအတွက် အန္တရာယ်တစ်ခုလည်း ဖြစ်နေပါတယ်။
တဖက်တွင် ယင်းသို့ အပူချိန်ပြင်းထန်နေမှုနှင့်အတူ မိုးကြိုးမုန်တိုင်းတိုက်ခတ်မှုလည်း ဖြစ်လာနိုင်ပါတယ်။
တကယ်လို့များ မိုးကြိုးပစ်ခတ်မှုများ ဖြစ်လာပါက ပွဲကို ရွှေ့ဆိုင်းရလာရပါမယ်။
ဖီဖာရဲ့စည်းမျဉ်းအရ ကွင်းရဲ့ ၈ မိုင်ပတ်လည်အတွင်း မိုးကြိုးပစ်ခတ်မှုဖြစ်ပွားပါက ပွဲကို မိနစ် ၃၀ စီ ရွှေ့ဆိုင်းတဲ့စနစ် အသုံးပြုနေတာ ဖြစ်ပါတယ်။
အင်္ဂလန်ဟာ မက္ကဆီကိုနှင့် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်တုန်းက မိုးကြိုးပစ်ခတ်မှုကြောင့် ပွဲကို ၁ နာရီ ရွှေ့ဆိုင်းခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ပြင်သစ်မှာလည်း ဆီနီဂေါနှင့် အုပ်စုပွဲစဉ်တုန်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ပွဲကို ၂ နာရီရွှေ့ဆိုင်းခဲ့ပါတယ်။
အင်ဒရေဆန်းတို့စ်အား ပေါင်သန်း ၅၀ ပေးပြီး ခေါ်ယူလာတဲ့ ယူနိုက်တက်အပေါ် မေးခွန်းထုတ်လာတဲ့ ယူနိုက်တက်ဂန္ထဝင်
======================
ယူနိုက်တက်ဂန္ထဝင်နစ်ကီဘတ်ဟာ အင်ဒရေဆန်းတို့စ်အား ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူလာတဲ့ ယူနိုက်တက်ရဲ့ လုပ်ဆောင်မှုကို မေးခွန်းထုတ်လာပြီး ဘရာဇီးကွင်းလယ်ကစားသမားမှာ ၁၀ ပွဲမျှသာ ကစားထားရသေးသူ ဖြစ်ကြောင်းလည်း ဆိုလာပါတယ်။
ယူနိုက်တက်ဟာ ဘရာဇီးကွင်းလယ်ကစားသမားအင်ဒရေဆန်းတို့စ်အား ပေါင် ၄၈ သန်းအပြင် ပေါင် ၂ သန်းထပ်မံပေးရမဲ့အချက်ဖြင့် ချဲလ်ဆီးမှ ခေါ်ယူရန် သဘောတူညီမှု ရရှိထားပါတယ်။
အသက် ၂၂ နှစ်ရှိ ဆန်းတို့စ်ဟာ Box-to Box ကွင်းလယ်ကစားသမားမျိုး ဖြစ်ပြီး ယူနိုက်တက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ဆေးစစ်ဆေးမှုခံယူရန် ချဲလ်ဆီးရဲ့ ခွင့်ပြုချက် ရရှိထားပြီးလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးနှင့် ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဆန်းတို့စ်ဟာ ကလပ်အများအပြားတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမဲ့လည်း ယူနိုက်တက်က ခေါ်ယူခွင့် ရရှိသွားခဲ့တာပါ။
ဒါပေမဲ့ ဂန္ထဝင်ကစားသမားနစ်ကီဘတ်က "တကယ်လို့ သူ့ကို ပေါင် ၂၅ သန်း ပေါင်သန်း ၃၀ လောက်နဲ့ ခေါ်ယူခဲ့တယ်ဆိုရင် နားလည်ပေးလို့ ရသေးတယ်။ ယူနိုက်တက်က အသင်းတစ်သင်းတည်ဆောက်ဖို့ လိုနေတာပါ။ ဒါကိုလည်း ကျွန်တော် အကြိမ်အနည်းငယ် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ကွင်းထဲမှာသာ မဟုတ်ပါဘူး၊ အရန်ခုံမှာလည်း ကစားသမားကောင်းတွေ ရှိရပါမယ်။ ဒါပေမဲ့ ပေါင်သန်း ၅၀ဖြင့် ခေါ်ယူလာတာဆိုတော့ အရန်ခုံမှာ ထိုင်ခိုင်းထားဖို့ မဟုတ်တော့ဘဲ ပွဲထွက်ကစားဖို့ ခေါ်လာတာ ဖြစ်ပါတယ်။ သူကစားတာ အနည်းငယ် ကြည့်ဖူးတယ်။ ဒါပေမဲ့ အားလုံးထက် ထူးကဲပြီး ကစားပြနိုင်တာမျိုး မဟုတ်ပါဘူး။ 'မိုက်လိုက်တာ၊ ဘောလုံးကစားတာ ကောင်းသလို အင်ပြည့်အားပြည့်နဲ့ ကစားတယ်'လို့ ဖြစ်သွားတဲ့ သူမျိုး မဟုတ်ဘူး။ ဝါးတားတား ခြေစွမ်းမျိုးပါ။ ကစားသမားခေါ်ယူရေးအဖွဲ့က ဒီကောင်လေးက နောက်ထပ်စတားဖြစ်လာမဲ့သူ၊ အမြန်ပေါင်သန်း ၅၀ ပေးလိုက်၊ သူ့အတွက် တဆုံးပေးလိုက်"လို့ ပြောတာလား မသိဘူး"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် နစ်ကီဘတ်ဟာ ဆန်းတို့စ်မှာ ပြောင်းရွှေ့ကြေးမြင့်မားစွာပေးရပေမဲ့လည်း ပရီးမီးယားလိဂ်အတွေ့အကြုံနည်းပါးသူ ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဆက်လက်ပြီး ၎င်းက "သူက အဆင့် ၁၀ နဲ့ ဇာတ်သိမ်းခဲ့တဲ့ ချဲလ်ဆီးအတွက် ၁၃ ပွဲတည်းပဲ ပွဲထွက်ခွင့်ရခဲ့တယ်။ ဒီတော့ ကစားသမားကောင်းခေါ်ယူလိုက်နိုင်တယ်လို့ မပြောနိုင်ဘူး။ ကျွန်တော် မှားလာဖို့ မျှော်လင့်တယ်။ ကြီးကျယ်တဲ့ ကစားသမားတစ်ဦး ဖြစ်လာဖို့ မျှော်လင့်တယ်။ ကျွန်တော်တို့ ထင်ထားတာ ဘာမှ မဖြစ်လာဖို့ မျှော်လင့်တယ်။ ဒါပေမဲ့ အခြားကလပ်တွေကို ထွက်သွားတဲ့ သူတွေကို ကြည့်လိုက်ပါ။ အီးလီးယော့အင်ဒါဆင်၊ မားတီးယပ်စ်ဖာနန်ဒက်စ်၊ ဆန်ဒရိုတိုနာလီတို့က ပရီးမီးယားလိဂ်မှာ အရေးပါတဲ့ ကစားသမားတွေပါ။ သူတိ့က ဒီလိဂ်မှာ ၁၀ နှစ်လောက် ကစားလာသလို ကစားပြနေတဲ့သူတွေ ဖြစ်ကြတယ်။ ဒီကောင်လေးက ၁၀ ပွဲတည်းပဲ ကစားလာတာ။ ဒါက ထူးဆန်းတယ်။ 'ဘယ်လောက် ခေါ်ယူမှုလဲ၊ ဒီ ခေါ်ယူမှုအတွက် အရမ်းပျော်တယ်'လို့ ပြောလာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်နှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ နော်ဝေအသင်း အင်္ကျီအားလုံး အကုန် ရောင်းချခဲ့ရ
=====================
ဥရောပမှ ဆိုင်များဟာ စနေနေ့ည နော်ဝေနှင့် အင်္ဂလန်တို့ရဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ နော်ဝေလက်ရွေးစင်အသင်းရဲ့ ဂျာစီများ အကုန် ရောင်းချလာခဲ့ရပြီ ဖြစ်ပါတယ်။
နော်ဝေဘောလုံးအဖွဲ့ချုပ်နှင့် Nike တို့ဟာ မတ်လတုန်းက ကမ္ဘာ့ဖလားအတွက် အင်္ကျီကို ကြေညာခဲ့ပြီးနောက် ဈေးကွက်တောင်းဆိုမှုမြင့်တက်ကာ ဆက်တိုက်ဆိုသလို ပစ္စည်းလက်ကျန်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နော်ဝေအသင်းဟာ ကမ္ဘာဖ့လား ၁၆ သင်း ရှုံးထွက်အဆင့်တွင် ဘရာဇီးအား အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လာတဲ့အပြင် အာလင်းဟာလန်းကဲ့သို့ စူပါစတားကစားသမားရှိနေမှုနှင့်အတူ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ပရိသတ်အချို့တို့ဟာ နော်ဝေအသင်းအင်္ကျီ ဝယ်ယူနိုင်ရေးအတွက် ညလုံးပေါက် တန်းစီစောင့်ဆိုင်းခဲ့ရကြောင်းလည်း သိရပါတယ်။
နော်ဝေနိုင်ငံ၊ အော်စလိုရှိ Torshov Sport ဟာ အင်္ဂါနေ့တုန်းက နော်ဝေအသင်းဂျာစီသစ်များ ရောက်ရှိလာပြီးနောက် ပရိသတ်များ ဝယ်ယူရေး တန်းစီမှုက မီတာ ၆၀၀ အထိ ရှည်လျားခဲ့ကာ သစ္စာရှိ ပရိသတ်အချို့တို့ဟာ ၁၂ နာရီအထိ ထိုင်ခုံများ ယူဆောင် တန်းစီခဲ့ကြရပါတယ်။
နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ ယင်းသို့ အသင်းအင်္ကျီများ အကုန်ရောင်းချလာရမှုနှင့်အတူ ဝင်ငွေများစွာ တိုးမြင့်ရရှိလာတော့မှာ ဖြစ်ပါတယ်။
နော်ဝေဟာ ပြီးခဲ့တဲ့နှစ်တုန်းက အထည် ၅၀၀၀၀ ဝန်းကျင်သာ ရောင်းချခဲ့ရပေမဲ့လည်း ယခုနှစ်မှာတော့ စံချိန်တင် ၂၅၀၀၀၀ အထိ အော်ဒါ ရရှိခဲ့ပါတယ်။
အနီရောင်နှင့် နော်ဝေအလံ ပါဝင်တဲ့ အိမ်ကွင်းအင်္ကျီမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ခန့်ကတည်းက Nike တရားဝင်စတိုးများနှင့် Outlets ဆိုင်အချို့တို့မှာ အကုန်ရောင်းချခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ဘာစီလိုနာနောက်ခံလူဟောင်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခရစ္စတယ်ပဲလေ့စ် ခေါ်ယူလာ
======================
ခရစ္စတယ်ပဲလေ့စ်ဟာ ဆဲလ်တာဗီဂိုနောက်ခံလူအော်စကာမန်ဂူဇာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၇ နှစ်ရှိ နောက်ခံလူဟာ ပဲလေ့စ်သို့ ၄ နှစ်ဖြင့် ပြောင်းလာတာ ဖြစ်ပြီး နည်းပြပီယာရီဆေ့ဂျ်ရဲ့ ပထမဆုံးခေါ်ယူလာသူလည်း ဖြစ်ပါတယ်။
မန်ဂူဇာဟာ ဘာစီလိုနာအကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ပထမဆုံးပွဲ ကစားခွင့်ရရှိပြီးနောက် ၆၆ ပွဲကစားခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်မှာ ဆဲလ်တာဗီဂိုသို့ ပြောင်းပြီးနောက် ၁၄၇ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းပြီး ၁၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
နောက်တန်းတွင် နေရာစုံကစားနိုင်တဲ့ မန်ဂူဇာဟာ စပိန်အတွက် ၄ ပွဲကစားခွင့်ရထားပေမဲ့လည်း ကမ္ဘာ့ဖလားလူစာရင်းမှာတော့ ပါဝင်ခြင်း မရှိပါဘူး။
ခရစ္စတယ်ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် အဲဗာတန်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။
ပုံနှိပ်၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၆,၁၀၅ ခုကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ထုတ်ပေးပြီးဖြစ်
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း စုစုပေါင်း ၆,၁၀၅ ခုအား လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် လုပ်ငန်းများအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်တွင် ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၌ ၂၀၂၆ ခုနှစ် မေ ၂၅ ရက်မှ ဇွန် ၅ ရက်အတွင်း လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်း ၃ ခု၊ ထုတ်ဝေခြင်းလုပ်ငန်း ၇ ခုနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅ ခု စုစုပေါင်း ၁၅ ခုကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ၂၀၂၆ ခုနှစ်အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁,၈၆၄ ခု၊ ထုတ်ဝေခြင်းလုပ်ငန်း ၃,၇၁၁ ခုနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၃၀ ခုတို့ကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။