မြေပြင်အခြေအနေအဆင်ပြေမှသာ ရွှေဘိုမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိရေးဆောင်ရွက်ပေးသွားနိုင်မည်

လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ၊ လျှပ်စစ်ဓာတ်အား ပေးတိုင်များ ပျက်စီးမှုဖြစ်ပေါ်နေသည့် ရွှေဘိုမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် မြေပြင်အခြေအ နေအဆင်ပြေမှသာဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျက်စီးမှုများအားပြန်လည်ပြုပြင်နိုင်ရန် လျှပ် စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မ ဟာဓာတ်အားလိုင်းမှူးရုံး(အုန်းတော)မှဝန်ထမ်းများ၊ ရွှေဘိုမြို့လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဝန်ထမ်းများက အဆင့်သင့်ဖြစ်နေသော်လည်း မြေပြင်အခြေအနေအဆင်မပြေမှုကြောင့်ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိအချိန်၌ ပြန်လည်ပြုပြင်မှုများပြုလုပ်ပေးနိုင်ခြင်းမရှိသဖြင့် ရွှေဘိုမြို့နယ်အတွင်းနေထိုင်သူများ လျှပ်စစ်အခက်အခဲများဖြစ်ပေါ်နေမှုကို နားလည်ခွင့် လွှတ်ပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

image

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ ဇူလိုင် ၁၀ ရက်ညပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မော်လိုက်မြို့၏ အရှေ့ဘက်(၁၇)မိုင်ခန့်အကွာ၊ အနက် (၉၈)ကီလိုမီတာကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့(၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ည ၇ နာရီ ၅၉ မိနစ် ၄၄ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image

ဖလမ်းမြို့တွင် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် အိမ်ထောင်စု ၂၀၀ အား အခြေခံစားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

ချင်းပြည်နယ်တွင် နေရပ် စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ဇူလိုင် ၉ ရက်က ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နေ့စဉ် ပုံမှန်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုးသော အခြေခံလိုအပ်သည့် အိမ်ထောင်စု တစ်စုလျှင် လူသုံးကုန်ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများအား နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ထပ်မံဝင်ရောက်လာမည့် ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ထို့နောက် ထောက်ပံ့ပစ္စည်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များမှ အိမ်ထောင်စု (၂၀၀)အတွက် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

image

ချင်းတွင်းမြစ်ရေ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိရန်နီးကပ်လာ

စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိရန်နီးကပ်လာနေကြောင်း သိရသည်။
ခန္တီးမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေသည် ယနေ့ ဇူလိုင် ၁၀ ရက်တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေမှတ်ဖြစ်သော(၁,၃၆၀)စီတီမီတာအောက် (၁,၂၂၉)စင်တီမီတာသို့ရောက်ရှိနေကြောင်း သိရသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏စိုးရိမ်ရေမှတ်ဖြစ်သော (၂,၉၀၀)စင်တီမီတာအောက် (၂,၈၂၉)စင်တီမီတာသို့ရော​က်ရှိနေပြီး ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ချင်းတွင်းမြစ်ရေဆက်လက်မြင့်တက်လာနိုင်သဖြင့် ဒေသထံများအနေဖြင့် အချိန်မီသတိပြုရှောင်ရှားနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများ Stop Alarm အနေဖြင့်သတိပြုနေထိုင်ကြရန် လိုက်လံသတိ ပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။

image

ရွှေလီမြို့၌ တရားမဝင်နေထိုင်လုပ်ကိုင်သည့် မြန်မာ နိုင်ငံသား(၄၆)ဦးကို မြန်မာနိုင်ငံပြန်လည်ပို့ဆောင်

တရုတ်နိုင်ငံ၊ရွှေလီမြို့၌ တရားမဝင်နေထိုင်အလုပ်လုပ် ကိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား(၄၆)ဦးကို ဇူလိုင် ၈ ရက်က မြန်မာနိုင်ငံသို့ပြန် လည်ပို့ဆောင်ပေးခဲ့ကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန် မာသံရုံး၊ ကူမင်းမြို့ထံမှ သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ရွှေလီမြို့ရှိ Xinjiang Garment အထည်ချုပ်စက်ရုံတွင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား မြန်မာနိုင်ငံသို့ပြန်လည်ပို့ ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့က တဲဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ရွှေလီမြို့ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးတို့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ရွှေလီမြို့ရှိ သက်ဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ညှိနှိုင်းပြီးနောက် ဇူလိုင် ၈ ရက်တွင် ရွှေလီ-မူဆယ် နယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်ဖြစ်သည့် နန်း တော်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

image

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ရောင်းဝယ်နိုင်ရေးနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Dr. Md. Monwar Hossain တို့က ဇူလိုင် ၁၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ကုန်သွယ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပင်လယ်ကွေ့ဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအင်ကဏ္ဍဆိုင်ရာ အခက်အခဲများကို ပူးပေါင်းဖြေရှင်းနိုင်ရေး၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် ရေပြင်နှင့် မြေပြင်နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သဖြင့် စွမ်းအင်ကုန်သွယ်မှုကဏ္ဍတွင် အခွင့်အလမ်းကောင်းများကို အပြန်အလှန်အသုံးချ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ပိုမိုခိုင်မာအားကောင်းစေရေး ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တိုက်တွန်း

ပြည်သူများ၏ လူမှုဘဝလုံခြုံရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ကို ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်သုံးသပ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက တိုက်တွန်းပြောကြားသည်။
နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် ဒုတိယသမ္မတက လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံမဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး ပြည်သူများ၏ လူမှုဘဝလုံခြုံမှုရရှိရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသည့်ကဏ္ဍဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် လူတစ်ဦးချင်းနှင့် အိမ်ထောင်စုများကို စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ အခြေခံဝန်ဆောင်မှုများနှင့် စီးပွားရေးအခွင့်အလမ်းများ ရရှိစေရေး မြှင့်တင်ပေးခြင်းနှင့် အရေးပေါ်အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို စနစ်တကျ ဖြေရှင်းပေးခြင်းတို့အတွက် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ထောက်ပံ့ရေးအစီအစဉ်များ၊ မသန်စွမ်းသူများအတွက် ထောက်ပံ့မှုများ၊ ကျောင်းတွင်းအာဟာရအစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် အလုပ်အကိုင်ဖန်တီးရေးအစီအစဉ်များ၊ လူမှုရေးပင်စင်အစီအစဉ်များနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို အဓိကလုပ်ငန်းစဉ်များအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
ဒုတိယသမ္မတက လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်သုံးသပ်၍ ပိုမိုခိုင်မာသည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တစ်ရပ် တည်ဆောက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး "မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်စေရ" ဟူသည့် ရည်မှန်းချက်ဖြင့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။

image

AI သိပ္ပံကျောင်းကို ဦးဆောင်ဖို့ နိုဗယ်ဆုရ အမေရိကန် ဓာတုဗေဒပညာရှင် တရုတ်နိုင်ငံကို ပြောင်းရွှေ့

​ပြီးခဲ့တဲ့နှစ်က ဓာတုဗေဒနိုဗယ်ဆုကို ပူးတွဲရရှိခဲ့ပြီး အမေရိကန်ကို ဓာတုဗေဒပညာရှင် အိုမာ ယာဂီ(Omar Yaghi) ဟာ ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလေ (UC Berkeley) ပါမောက္ခရာထူးကနေ နှုတ်ထွက်ပြီး တရုတ်နိုင်ငံကို ပြောင်းရွှေ့သွားပါပြီ။ သူဟာ တရုတ်နိုင်ငံမှာ ဒြပ်ပစ္စည်းအသစ်တွေ ရှာဖွေတွေ့ရှိမှုကို ပိုမိုမြန်ဆန်လာစေဖို့ AIနည်းပညာကို အသုံးပြုမယ့် သိပ္ပံကျောင်းတစ်ခုကို ဦးဆောင်မှာ ဖြစ်ပါတယ်။
​ဒေါက်တာယာဂီရဲ့ အခုလို ပြောင်းရွှေ့မှုဟာ ထရမ့်အစိုးရလက်ထက် အမေရိကန်ရဲ့ သိပ္ပံပညာရပ်ဆိုင်ရာ ရန်ပုံငွေတွေ ဆက်တိုက် အဆင်မပြေဖြစ်နေတဲ့ အခြေအနေမှာ ပေါ်ပေါက်လာတာပါ။
​ပြီးခဲ့တဲ့အပတ်က ပေကျင်းမြို့က ဆင်းဟွာ(Tsinghua) တက္ကသိုလ်မှာ ဒေါက်တာယာဂီကို ခန့်အပ်တဲ့ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပြီး သူ့ကို ကမ္ဘာ့အထူးချွန်ဆုံး ဓာတုဗေဒပညာရှင်တွေထဲက တစ်ယောက်လို့ ချီးကျူးခဲ့ပါတယ်။ တက္ကသိုလ်ဘက်က ပြောတာကတော့ ဒေါက်တာယာဂီဟာ ဒီရာထူးအသစ်ကို “အရှိန်လျှော့ဖို့ ဒါမှမဟုတ် လုပ်ပြီးသားတွေကို ထပ်လုပ်ဖို့ မမဟုတ်ဘဲ အရင်ကထက် ပိုပြီး တက်ကြွမှု၊ ပိုပြီး အာရုံစိုက်မှု၊ ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ သိပ္ပံပညာကို လုပ်ဆောင်ဖို့” အခွင့်အရေးတစ်ခုအနေနဲ့ မြင်တယ်လို့ ဆိုပါတယ်။
​ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန် သိပ္ပံတိုးတက်ရေးအသင်းက ဘတ်ဂျက်လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ အလက်ဇန်းဒြား ဇင်မာမန်း(Alessandra Zimmermann) က “တရုတ်နိုင်ငံဟာ ဓာတုဗေဒအပါအဝင် သိပ္ပံကဏ္ဍတစ်ခုလုံးမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်နေပါတယ်” လို့ ပြောပါတယ်။ သိပ္ပံပညာအောင်မြင်မှုရဲ့ အကောင်းဆုံး တိုင်းတာချက်တွေအရ တရုတ်နိုင်ငံဟာ “ထိပ်တန်း ဓာတုဗေဒ သုတေသနစာတမ်းတွေ ထုတ်ဝေမှုအပိုင်းမှာ အမေရိကန်ထက် သာလွန်နေတယ်” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

image

လဝက ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဗီဇာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံကာ လူဝင်မှုကြီးကြပ်ရေး၊ ပြည်ဝင်ဗီဇာဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နေမှု၊ တရုတ်လုပ်ငန်းရှင်များအပါအဝင် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်၊ ထွက်ခွာသွားလာမှုများနှင့် လူဝင်မှုကြီးကြပ်ရေးဌာနက နေထိုင်ခွင့်ဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ၏ နယ်စပ်ဂိတ်များမှတစ်ဆင့် တရားဝင် အပြန်အလှန်ဝင်ရောက်၊ ထွက်ခွာသွားလာမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်မှုကို ဥပဒေနှင့်အညီ ရှာဖွေဖော်ထုတ် အရေးယူဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးနှင့် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

ပစ္စည်းအဝင်နည်းပြီး ပြည်ပဝယ်လိုအားကောင်းနေလို့ မတ်ပဲ၊ မြေပဲ နဲ့ ကြက်သွန်နီစျေးဆက်တိုက်တက်လာ

ပြည်ပတင်ပို့နေတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေထဲမှာ မတ်ပဲ ၊ မြေပဲ နဲ့ ကြက်သွန်နီက စျေးနူန်းဆက်တိုက် မြင့်တက်လာပြီး အရောင်းအဝယ်လည်းသွက်နေတယ်လို့ ကုန်သည်တွေနဲ့ ပွဲရုံတွေဆီက စုံစမ်းသိရှိရပါတယ်။
ပို့ကုန်ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲက ဇွန်လ ၁၆ ရက်ကစပြီး စျေးဆက်တိုက်တက်လာတာဖြစ်ကြောင်း ၊ဇွန် ၁၅ ရက်နေ့တုန်းကဆိုရင် မတ်ပဲ FAQ တတန်ကို ၃၀၇၉၀၀၀ ကျပ်သာရှိခဲ့ပြီး အခု ဇူလိုင် ၁၀ ရက်နေ့မှာတော့ တတန်ကို ၃၃၅၆၀၀၀ ကျပ်ရှိလာတာ ဖြစ်ပါတယ်။
ဒါကြောင့် ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ မတ်ပဲ တတန်ကို ကျပ်သုံးသိန်းနီးပါးအထိ စျေးတက်လာတယ်လို့ သိရပါတယ်။
လက်ရှိမှာ အိန္ဒိယက မတ်ပဲလိုအပ်ချက်ရှိနေပြီး ဝယ်လိုအားကောင်းနေတဲ့အတွက် မြန်မာ့မတ်ပဲစျေးကလည်း ဆက်တိုက်မြင့်တက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
" မတ်ပဲ တက်မယ်လို့ ခန့်မှန်းထားပြီးသားပါ ။ အခုရက်ပိုင်းမှာ ပိုပြီး တက်လာတယ်။ ထပ်တက်အုံးမယ့် အခြေအနေရှိတယ်။ အိန္ဒိယက မတ်ပဲ ဝယ်လိုအားရှိနေတယ်။ မတ်ပဲက အိန္ဒိယကိုပဲ အားကိုးရတာလေ ။ အဲဒီတော့ အိန္ဒိယကလည်း သူတို့လိုရင် စျေးကောင်းပေးဝယ်တယ်။ မလိုရင် စျေးချဝယ်တာတောင် နည်းနည်းပဲဝယ်တာ။ " လို့ ကုန်သည်တယောက်က ပြောပါတယ် ။
အလားတူ မြေပဲဆံကလည်း ပွဲရုံတွေကို ကုန်ပစ္စည်း ဝင်ရောက်မှု အလွန်နည်းလာတဲ့အတွက် ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတာကြောင့် ပဲဆံစျေး ခုရက်ပိုင်းမှာ ဆက်တိုက်မြင့်တက်လာ နေတယ်လို့ သိရပါတယ်။
တဖက်မှာလည်း စားအုန်းဆီပြည်ပကနေ တင်သွင်းမှုကို လျှော့ချလိုက်တဲ့အတွက် ပြည်တွင်းမှာ စားအုန်းဆီဝယ်ယူရခက်တဲ့အခြေအနေ၊ စျေးနူန်းမြင့်တက်ပြီး ပဲဆီစျေးတန်းနဲ့ သိပ်မကွာတော့တဲ့ အခြေအနေတွေ ကြောင့် မြေပဲဆီစားသုံးမှု ပိုများလာပြီး စက်ပိုင်တွေက မြေပဲဝယ်လိုအားများတဲ့အတွက်လည်း မြေပဲစျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
" မြေပဲက အခုက စျေးကွက်ထဲ သိပ်မဝင်တော့ဘူး ။ အဝင်နည်းလာတယ်။ ပစ္စည်းကောင်းရှားလာတယ်။ တချို့စက်ပိုင်တွေ ကတော့ သိုလှောင်ထားတာ များတယ်။ တချို့ကျ သိပ်မရှိတော့ အတင်းလိုက်ဝယ်နေရတယ်။ အခုက စားအုန်ဆီကလည်း တင်သွင်းတာလျှော့ချလိုက်တော့ ပြည်တွင်းက ဆီပိုထုတ်ရမယ့် အခြေအနေဖြစ်သွားတယ်။ မြေပဲကလည်း သြဂုတ်လကုန်လောက်မှ ပေါ်မှာဆိုတော့ ပဲအသစ်ပေါ်ဖို့ကလိုသေးတယ်။ " လို့ ပဲပွဲရုံပိုင်ရှင်တယောက်က ပြောပါတယ်။
ဇူလိုင် ၁၀ ရက်နေ့ မန္တလေးကုန်စည်ဒိုင်မှာ S1လုံးဆံ တစ်ပိဿာကို ၁၂၈၀၀ မှ ၁၃၃၀၀ ကျပ်၊ S1ဆီဆံက ၁၂၃၀၀ မှ ၁၃၂၀၀ ကျပ် ၊ အနီလုံးဆံ ( ရှည် / ဝိုင်း) က ၁၂၅၀၀ မှ ၁၃၀၀၀ ကျပ်၊ အနီဆီဆံက ၁၁၃၀၀ မှ ၁၂၅၀၀ ကျပ်အထိ ရှိပါတယ်။
ဇူလိုင် ၁ ရက်နေ့က မန္တလေးကုန်စည်ဒိုင်မှာဆိုရင် S1လုံးဆံ တစ်ပိဿာကို ၁၁၄၀၀ မှ ၁၁၅၀၀ ကျပ်၊ S1ဆီဆံက ၁၀၅၀၀ မှ ၁၁၀၀၀ ကျပ် ၊ အနီလုံးဆံ ( ရှည် / ဝိုင်း) က ၁၀၄၀၀ မှ ၁၁၅၀၀ ကျပ်၊ အနီဆီဆံက ၁၀၃၀၀ မှ ၁၀၅၀၀ ကျပ်သာရှိခဲ့တာကြောင့် တပတ်ကျော်အတွင်းမှာ မြေပဲဆံတပိဿာကို ၁၀၀၀ ကနေ ၂၂၀၀ ကျပ်လောက် စျေးတက် လာပါတယ်။

image