ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် အယူခံဝင်လာမည်
====================

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ အသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ၃ ပွဲပယ်ပြစ်ဒဏ်အား လျှော့ချနိုင်ရေးအတွက် ဖီဖာထံ အယူခံဝင်လာပါမယ်။
အသက် ၄၀ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အိုင်ယာလန်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် အနီကတ်ပြသခြင်းခံရပြီးနောက် ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲကိုပါ လွဲချော်မယ့်အခြေအနေနှင့် ကြုံနေရပါတယ်။
သူဟာ အိုင်ယာလန်နောက်ခံလူဒါရာအိုရှီးယားကို တံတောင်ဖြင့် တွက်ခဲ့မှုအတွက် အဝါကတ်ပြသခြင်းခံခဲ့ပြီး ဒိုင်လူကြီးက ကွင်းဘေး မော်နီတာတွင် စစ်ဆေးပြီးနောက် အနီကတ်တိုးမြှင့်ပြသခဲ့တာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၃ ပွဲပယ်ပြစ်ဒဏ်အား ယနေ့ည အာမေးနီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲတွင် စတင် ကျခံရပါမယ်။
ပေါ်တူဂီဟာ အာမေးနီးယားနှင့်ပွဲတွင် အနိုင်ရရှိပါက အုပ်စု(F) မှ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်လာပါမယ်။
ဒါပေမယ့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကျန် ၂ ပွဲပယ်ပြစ်ဒဏ်အား လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲအား လွဲလာပါမယ်။
တကယ်လို့များ ပေါ်တူဂီသာ တိုက်ရိုက်ခြေစစ်ပွဲ မအောင်မြင်ဘဲ ပလေးအော့ဖ်ထံမှ ကစားရမည်ဆိုပါက ရော်နယ်ဒိုမှာ ကမ္ဘာ့ဖလားတွင် ပြစ်ဒဏ်ကျခံလာရတော့မှာ မဟုတ်ပါဘူး။
တဖက်တွင် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုအား ၁ ပွဲပြစ်ဒဏ်သာ ချမှတ်ရေး ဖီဖာထံ အယူခံဝင်ရန် စီစဉ်နေပါတယ်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ အချက် ၃ ချက်ဖြင့် ခရစ္စတီယာနိုရော်နယ်ဒိုအား ပွဲပယ်ပြစ်ဒဏ်လျှော့ချရေး ကြိုးပမ်းလာမှာ ဖြစ်ပါတယ်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က တင်ပြလာမယ့် အချက် ၃ ချက်တွင် ပထမအချက်က ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် အိုင်ယာလန်နည်းပြဟိုင်မာဟေးလ်ဂရမ်ဆင်က ရော်နယ်ဒိုမှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးတယ်ဆိုပြီး ဒိုင်လူကြီးအား ဖိအားပေးမှု၊ ဒုတိယအချက်မှာ အိုရှီးယားနှင့် ရော်နယ်ဒိုတို့အကြား အနီကတ်ဖြစ်စဉ် မတိုင်မီကတည်းက အပြန်အလှန် အားသုံးလုပ်ဆောင်မှု၊ တတိယအချက်မှာ ခရစ္စတီယာနိုရော်နယ်ဒိုမှာ နိုင်ငံတကာပွဲစဉ်များတွင် ယခင်က တစ်ကြိမ်မျှ အနီကတ်ပြသခြင်းမခံရဘဲ စည်းကမ်းသေဝပ်စွာ ကစားနိုင်မှုတို့ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အနီကတ်ပြသခြင်းခံရပြီး အာမေးနီးယားပွဲအား လွဲချော်နေမှုနှင့်အတူ ပေါ်တူဂီအသင်းလေ့ကျင့်ရေးစခန်းမှ ထွက်ခွာကာ ဆော်ဒီသို့ ပြန်သွားပြီ ဖြစ်ပါတယ်။

image

အယ်ဘေးနီးယားနှင့် ကမ္ဘာ့ဖလားနောက်ဆုံးခြေစစ်ပွဲတွင် ပီလီရဲ့ စံချိန်ကို လိုက်မီနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားတဲ့ ဟယ်ရီကိန်း
====================

ဟယ်ရီကိန်းဟာ ပီလီရဲ့ စံချိန်ကို လိုက်မီနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ယနေ့ည Arena Kombetare တွင် ကစားမယ့် အယ်ဘေးနီးယားနှင့်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ပါက ဘရာဇီးဂန္ထဝင် ပီလီနှင့်အတူ နိုင်ငံတကာသွင်းဂိုး ၇၇ ဂိုးသွင်းယူနိုင်တဲ့ သူ ဖြစ်လာပါမယ်။
တကယ်လို့ ဂိုးသွင်းယူနိုင်ပါက ဟယ်ရီကိန်းမှာ ၁၁၂ ပွဲဖြင့် ၇၇ ဂိုးသွင်းယူလာနိုင်မှာ ဖြစ်ပါမယ်။ ဘရာဇီးဂန္ထဝင်ပီလီကတော့ ၉၂ ပွဲဖြင့် ၇၇ ဂိုးသွင်းထားနိုင်တာပါ။
ဟယ်ရီကိန်းဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ၁၇ ပွဲကစားထားရာမှာ ၂၃ ဂိုးအထိ သွင်းယူထားနိုင်ပြီး Ballon d'Or ဆုအတွက် ရှေ့ဆုံးမှ နာမည်ထွက်နေသူ ဖြစ်ပါတယ်။
တဖက်တွင် ဟယ်ရီကိန်းအနေဖြင့် ယခုရာသီတွင် တကိုယ်တော်အောင်မြင်မှုအနေဖြင့် ဂိုးများစွာ သွင်းယူနိုင်ပါက ကလပ်၊ နိုင်ငံအသင်းနှင့်အတူ ဆုဖလား မရရှိလာပါက Ballon d'Or ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရှိလာမှာ မဟုတ်ပါဘူး။
ယင်းကို ဟယ်ရီကိန်းကိုယ်တိုင်ကလည်း ဝန်ခံထားပါတယ်။
၎င်းက "ဒီရာသီမှာ ဂိုး ၁၀၀ သွင်းနိုင်လည်း ချန်ပီယံလိဂ် သို့မဟုတ် ကမ္ဘာဖ့လားမရရင် Ballon d'Or ရလာမှာ မဟုတ်ပါဘူး။ ဟာလန်းလည်း ဒီတိုင်းပဲ။ ဆုဖလားတွေ ရဖို့ လိုတယ်။ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် ချီတက်နေတဲ့ပုံစံက အကောင်းဆုံးပုံစံ ရနေတယ်လို့ ပြောရမယ်။ ချန်ပီယံလိဂ်မှာလည်း ရေပန်းအစားဆုံး ဖြစ်နေတယ်။ အင်္ဂလန်လည်း ဒီအတိုင်းပဲ။ ဒီပြိုင်ပွဲ(ကမ္ဘာ့ဖလား)မှာ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်း ဖြစ်လာမယ်"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၇ ပွဲလုံး အနိုင်ရထားပြီး ၂၁ ဂိုးအထိ သွင်းထားနိုင်သလို ဂိုးတစ်ဂိုးမျှလည်း ပေးထားရခြင်း မရှိပါဘူး။
တကယ်လို့များ အင်္ဂလန်ဟာ အယ်ဘေးနီးယားနှင့်ပွဲတွင် ဂိုးမပေးရပါက ဂိုးမပေးရဘဲ ခြေစစ်ပွဲအောင်မြင်တဲ့ ပထမဆုံးဥရောပအသင်းဖြစ်လာပါမယ်။

image

တိုက်ခိုက်ခံရစဉ် ခေါင်းတွင် ကားသော့စိုက် ဒဏ်ရာရရှိမှုကြောင့် ဆေးရုံသို့ ပြေးခဲ့ရတဲ့ ဘောလုံးသမား
=====================

ဘောလုံးသမားတစ်ဦးဟာ ရန်ပွဲတစ်ခုတွင် ခေါင်းတွင် သော့စိုက်ဝင်နေခဲ့ပြီးနောက် ဆေးရုံသို့ ပြေးခဲ့ရပါတယ်။
General Lamadrid မှ အလယ်တန်းကစားသမားဂျိုနသန်စမစ်ဟာ အာဂျင်တီးနားတွင် ကစားတဲ့ အမျိုးသမီးပွဲတစ်ပွဲတွင် အံ့ဩသင့်စရာကောင်းတဲ့ ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၃၅ နှစ်ရှိ စမစ်ဟာ သမီးဖြစ်သူနှင့်အတူ ယူ-၁၆ ပွဲကို သွားကြည့်ခဲ့တာ ဖြစ်ပြီး ပွဲကြည့်စင်တွင် မိဘများ ရန်ဖြစ်တာနှင့် ကြုံခဲ့တာလည်း ဖြစ်ပါတယ်။
အခြေအနေမှာ ထိန်းသိမ်းမရတဲ့ အခြေအနေဖြစ်ခဲ့ပြီး အလယ်တန်းကစားသမားမှာလည်း ခေါင်းတိုက် ကားသော့စိုက်ဝင်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။
စမစ်ဟာ ချက်ချင်းပင် ဆေးရုံသို့ ပြေးခဲ့ရပြီး ဦးခေါင်းခွံကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပါတယ်။ ကံကောင်းတာက ကားသော့မှာ ဦးခေါင်းအတွင်းပိုင်းကို မထိခိုက်ခဲ့ပါဘူး။ ခွဲစိတ်ကုသမှုကလည်း အဆင်ပြေ အောင်မြင်ခဲ့ပါတယ်။
ဒါအပြင် စမစ်ကို တိုက်ခိုက်ခဲ့သူမှာ ဂါစတန်အိုမာအယ်ဗာရက်ဇ်ဆိုသူ ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဟာ အဓိကသက်သေ ကားသော့ကို အသုံးပြုကာ အယ်ဗာရက်ဇ်ကို ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ အယ်ဗာရက်ဇ်မှာလည်း ရန်ပွဲတွင် မျက်နှာဒဏ်ရာများ ရရှိခဲ့ကြောင်း တွေ့ရပါတယ်။
စမစ်ဟာ အာဂျင်တီးနားအောက်တန်းလိဂ်များတွင် ကျင်လည်ကစားပြီးနောက် ဇန်နဝါရီလတုန်းက စတုတ္ထတန်းကလပ် Lamadrid သို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

image

ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ပြီးနောက် နော်ဝေတစ်သင်းလုံးကို လက်ဆောင်ဝယ်ပေးလာတဲ့ အာလင်းဟာလန်း
===================

အာလင်းဟာလန်းဟာ ကြာသပတေးနေ့တုန်းက အက်စ်တိုးနီးယားကို ၄-၁ ဂိုးဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးနောက် နော်ဝေတစ်သင်းလုံးအား လက်ဆောင်ဝယ်ပေးလာပါတယ်။
ယင်းပွဲတွင် အက်သလက်တီကိုတိုက်စစ်မှူးအလက်ဇန္ဒားဆော်လော့က မိနစ် ၅၀ နှင့် ၅၂ မိနစ်တို့တွင် ၂ ဂိုးသွင်းခဲ့ပြီး အသင်းခေါင်းဆောင် အာလင်းဟာလန်းကလည်း ၆ မိနစ်အတွင်း ၂ ဂိုးသွင်းခဲ့ပါတယ်။
ဟာလန်းဟာ နော်ဝေအတွက် နောက်ဆုံး ၃ ပွဲတွင် ၁၀ ဂိုးအထိ သွင်းထားနိုင်ပြီး ယခုရာသီတွင် ကလပ်နှင့် နိုင်ငံအတွက် ဂိုး ၃၀ အထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။
ဟာလန်းဟာ နော်ဝေအတွက် အသက် ၁၈ နှစ်တွင် ပထမဆုံးပွဲ ကစားခွင့်ရရှိပြီးနောက် ၄၇ ပွဲတွင် ၅၃ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။
နော်ဝေဟာ ယင်းနိုင်ပွဲကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် သေချာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတဲ့ အီတလီအနေဖြင့် ယနေ့ည နော်ဝေနှင့်ပွဲတွင် ၁၇ ဂိုးပြတ် အနိုင်ရရှိမှသာလျှင် ခြေစစ်ပွဲအောင်မြင်လာတော့မှာလည်း ဖြစ်ပါတယ်။
နော်ဝေဟာ ကမ္ဘာ့ဖလား ၃ ကြိမ်သာ ခြေစစ်ပွဲ အောင်မြင်ဖူးပြီး ယူရိုလည်း ၁ ကြိမ်သာ အောင်မြင်ဖူးပါတယ်။
ဟာလန်းဟာ ခြေစစ်ပွဲအောင်မြင်ပြီးနောက် နော်ဝေကစားဖော်များအတွက် ချီးစ်ဘာဂါ ၇၀ မှာယူကာ ကျွေးမွေးခဲ့ပါတယ်။

image

ဒဏ်ရာကို စစ်ဆေးမှု ခံယူရမယ့် ရီးရဲလ်မက်ဒရစ်နှင့် စပိန်နောက်ခံလူဒိန်းဟွိုက်ဆန်
==================

စပိန်နှင့် ရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူဒိန်းဟွိုက်ဆန်ဟာ ပေါင်ခြံသက်တောင့်သက်သာ ဖြစ်မနေမှုကြောင့် စပိန်အသင်းမှ နုတ်ထွက်လာရပြီးနောက် ဒဏ်ရာကို စစ်ဆေးမှု ပြုလုပ်လာရတော့မှာ ဖြစ်ပါတယ်။
ဒိန်းဟွိုက်ဆန်ဟာ မနေ့ညတုန်းက ဂျော်ဂျီယာကို ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲကို လွဲချော်ခဲ့သလို အင်္ဂါနေ့ည တူရကီနှင့် ကမ္ဘာ့ဖလားနောက်ဆုံးခြေစစ်ပွဲကိုလည်း လွဲချော်လာမယ့် အခြေအနေမှာ ရှိနေပါတယ်။
စပိန်ဟာ မနေ့ညတုန်းက ဂျော်ဂျီယာကို အနိုင်ရရှိပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဟွိုက်ဆန်ဟာ သောကြာနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်တွင် ပေါင်ခြံ သက်တောင့်သက်သာ ဖြစ်မနေမှုနှင့်အတူ ဒဏ်ရာအခြေအနေအား အတိအကျ သိနိုင်စေရန်အတွက် ဆေးစစ်ဆေးမှု ပြုလုပ်လာရမှာလည်း ဖြစ်ပါတယ်။
တကယ်လို့များ ဟွိုက်ဆန်မှာ ပေါင်ခြံဒဏ်ရာ ရရှိနေခြင်း မရှိဘဲ ပြန်လည် သက်သာလာမည်ဆိုပါက တူရကီနှင့် နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပါဝင်လာမှာလည်း ဖြစ်ပါတယ်။
ဟွိုက်ဆန်ဟာ နွေရာသီတွင် ဘုန်းမောက်မှ ပြောင်းလာပြီးနောက် ရီးရဲလ်မက်ဒရစ်တွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြလာသူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်အပတ်အကုန်တွင် အဆင့် ၁၁ နေရာမှ အယ်ချီနှင့် ရင်ဆိုင်ကစားရပါမယ်။
လက်ရှိအချိန်တွင် ရီးရဲလ်မက်ဒရစ်ဟာ ဒါနီကာဗာဂျယ်၊ ရူဒီဂါတို့ ဒဏ်ရာရရှိနေတဲ့အပြင် ဘက်ပေးနှင့် ကာမာဗန်ဂါတို့မှာလည်း ပြင်သစ်အသင်းမှ ဒဏ်ရာကြောင့် နုတ်ထွက်ထားရမှုနှင့်အတူ ဒဏ်ရာပြဿနာအကြီးအကျယ်ကြုံတွေ့လာမှာ စိုးရိမ်နေရပါတယ်။

image

မီလန်တွင် ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ အီတလီကို ဂိုးပြတ် အနိုင်ယူပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ နော်ဝေ
====================

အာလင်းဟာလန်းရဲ့ သွင်းဂိုးတွေနဲ့အတူ နော်ဝေဟာ မီလန်တွင် အီတလီကို ၄-၁ ဖြင့် အနိုင်ယူပြီး ၂၈ နှစ်အတွင်း ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
နော်ဝေဟာ ကြာသပတေးနေ့တုန်းက အက်စ်တိုးနီးယားကို အနိုင်ရပြီးတဲ့နောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက် ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ အီတလီဟာ ယခုပွဲတွင် နော်ဝေကို ၉ ဂိုးပြတ် အနိုင်ရရှိမှသာလျှင် ကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်လာမှာလည်း ဖြစ်ပါတယ်။
အီတလီဟာ ပွဲအစ ၁၁ မိနစ်တွင် အက်စ်ပိုဆီတိုရဲ့ ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်ထားနိုင်မှုနဲ့အတူ မျှော်လင်ချက်အလင်းရောင်သန်းခဲ့ပါတယ်။
ဒါပေမယ့် အီတလီဟာ ပထမပိုင်းမှာ ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။
ဒုတိယပိုင်းမှာတော့ နော်ဝေနဲ့ဟာလန်းတို့ အရမ်းကောင်းလာခဲ့ပါတယ်။
၆၃ မိနစ်တွင် နူဆာက လှပတဲ့ ကန်ချက်ဖြင့် ချေပဂိုးသွင်းခဲ့ပြီး ၇၈ မိနစ်မှာ ဘော့ဘ်ရဲ့ ဖြတ်တင်ဘောကနေ ဟာလန်းက Volley ကန်ချက်ဖြင့် ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ယင်းနောက် တစ်မိနစ်အကြာမှာ ဟာလန်းကပဲ ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။ နော်ဝေအတွက် အပိတ်ဂိုးကို နာကျင်အချိန်ပိုမှာ စထရန်းလာဆင်က သွင်းယူခဲ့ပါတယ်။
ဟာလန်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၈ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းဟာ ဖခင်ဖြစ်သူ အယ်ဖီရဲ့ ခြေရာကို နင်းလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဟာလန်းရဲ့ဖခင် အယ်ဖီဟာ နော်ဝေရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ၁၉၉၈ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့ပါတယ်။
တဖက်မှာ အီတလီကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး ပလေးအော့ဖ်မှ တဆင့် ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။
အီတလီဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ဆွီဒင်ကို နှစ်ကျော့ပေါင်းရလဒ် ၁-၀ ဖြင့် ရှုံးနိမ့်ကာ ခြေစစ်ပွဲ ကျခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားတုန်းကလည်း မြေက်မက်ဒိုးနီးယားကို ရှုံးနိမ့်ကာ ခြေစစ်ပွဲကျခဲ့ပါတယ်။

image

ဘရာဇီးရဲ့ခြေစမ်းပွဲစဉ်ကို အာဆင်နယ်နောက်ခံလူဂါဘရီရယ် လွဲမည်
====================

အာဆင်နယ်နောက်ခံလူဂါဘရီရယ်ဟာ ပေါင်ကြွက်သားဒဏ်ရာကြောင့် တူနီးရှားနှင့် ကစားမယ့် ဘရာဇီးရဲ့ ခြေစမ်းပွဲတွင် ကစားလာတော့မှာ မဟုတ်ပါဘူး။
အသက် ၂၇ နှစ်ရှိ အာဆင်နယ်နောက်ခံလူဟာ စနေနေ့တုန်းက အမ်းမရိတ်ကွင်းတွင် ဆီနီဂေါအား အနိုင်ရတဲ့ ခြေစမ်းပွဲတွင် ဒဏ်ရာရရှိခဲ့ပါတယ်။
သူဟာ လန်ဒန်တွင်ပင် ကျန်ရစ်ခဲ့ပြီး အင်္ဂါနေ့တွင် တူနီးရှားနှင့် ခြေစမ်းပွဲကစားမယ့် လိုင်လီသို့ ဘရာဇီးအသင်းနှင့်အတူ လိုက်ပါလာမှာ မဟုတ်ပါဘူး။
ဂါဘရီရယ်ဟာ နောက်ပိုင်းနှစ်များတွင် အာဆင်နယ်ခံစစ်တွင် အရေးအပါဆုံးကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ယခုရာသီတွင် ဂါဘရီရယ်ဦးဆောင်တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ၅ ဂိုးတည်းသာ ပေးထးရပါတယ်။
အာဆင်နယ်ဟာ လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့ မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်နှင့်လည်းကောင်း၊ ပြီးလျှင် ဗုဒ္ဧဟူးနေ့မှာ ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ပွဲကိုလည်းကောင်း ရင်ဆိုင်ကစားရပါမယ်။

image

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် သမိုင်းတစ်လျှောက်အကောင်းဆုံး Own Goal သွင်းယူလာ
===================

ဆလိုဗေးနီးယားဟာ အိမ်ကွင်းတွင် ကိုဆိုဗိုအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ရန် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
လိဒ်စတားဂျာကာဘီဂျိုးလ်၊ အက်သလက်တီကိုစတားဂျန်အိုဘလက်တို့ ပါဝင်တဲ့ ဆလိုဗေးနီးယားဟာ လူအင်အားတောင့်တင်းမှုနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် ရှိတဲ့အသင်းပါ။ ဒီပွဲမှာ ဒူးဒဏ်ရာရရှိနေတဲ့ ယူနိုက်တက်တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကိုတော့ မပါဝင်ပါဘူး။?
ဒါပေမယ့် ဆလိုဗေးနီးယားဟာ ကိုဆိုဗိုအား အိမ်ကွင်းမှာ ၂-၀ ဂိုးဖြင့် အရေးနိမ့်မှုနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် လုံးဝ အဆုံးသတ်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ဆလိုဗေးနီးယားဟာ ပွဲအစ ၆ မိနစ်မှာပင် ဖစ်နစ်ခ်အက်စ်လာနီရဲ့ ဂိုးကြောင့် စောစောစီးစီး နောက်ကလိုက်ကစားခဲ့ရပါတယ်။
ဆလိုဗေးနီးယားဟာ ဒုတိယပိုင်းမှာ ပီတာစတိုဂျာနိုဗစ်ကို ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ စတိုဂျာနိုဗစ်ဟာ ဆိုးရွားတဲ့ ဖျက်ထုတ်မှု ပြုလုပ်မှုနှင့်အတူ အနီကတ်ပြထုတ်ပယ်ခြင်းခံရလို့ ဆလိုဗေးနီးယားတို့ တစ်ယောက်အလျှော့ဖြင့် ကစားလာရပါတယ်။
ဧည်သည့် ကိုဆိုဗိုဟာ မတည်မငြိမ်ဖြစ်တဲ့ ဆလိုဗေးနီးယားခံစစ်ကြောင်းကို ဖြတ်တင်ဘောနဲ့ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ပါတယ်။
ကံဆိုးချင်တော့ ဇင်ကာနစ်နစ်ခ်ဟာ ဘောလုံးကို ရှင်းထုတ်ချိန်မှာ မျှော်လင့်ထားသလို မထိလာမှုနဲ့အတူ ဘောလုံးက မြှောက်တက်ပြီး ဂိုးသမားကို ကျော်ကာ ဂိုးဝင်သွားခဲ့လို့ Own Goal သွင်းမိလာပါတယ်။
ဘောလုံးပရိသတ်တွေက ယင်း OG ဂိုးကို သမိုင်းတစ်လျှောက် အကောင်းဆုံး OG ဂိုးဆိုပြီး ပြောဆိုနေကြပါတယ်။
ပရိသတ်တစ်ဦးက "ဘဝမှာ မြင်ဖူးသမျှ အကောင်းဆုံး OG ဂိုးပါ"လို့ ပြောကြားသွားပါတယ်။ အခြားတစ်ဦးကလည်း "သူ့ကို တိုက်စစ်မှူးနေရာမှာ ပြောင်းကစားဖို့ လိုတယ်"လို့ ဆိုသွားပါတယ်။ အခြားတစ်ဦးကလည်း "Puskas Award ပေးသင့်လား"လို့ ပြောကြားသွားပါတယ်။
ကိုဆိုဗိုဟာ ဆလိုဗေးနီးယားနိုင်ပွဲကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး ပလေးအော့ဖ်မှ တဆင့် ထပ်မံ ကြိုးစားခွင့် ရရှိသွားပါတယ်။
အုပ်စု(ခ)မှာ ဆွစ်ဇာလန်က ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရန် သေချာသွားခဲ့ပြီးလည်း ဖြစ်ပါတယ်။

image

ဘယ်လင်ဂမ်ရဲ့ အပြုအမူကို သောမတ်စ်တူချယ် သုံးသပ်သွားမည်
===================

သောမတ်စ်တူချယ်က အပြုအမူမှာ အရေးပါတဲ့အချက်ဖြစ်ကြောင်းနှင့် အယ်ဘေးနီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လူစားလဲခံရချိန် မပျော်မရွှင် အပြုအမူ ပြုလုပ်ခဲ့တဲ့ ဂျူ့ဘယ်လင်ဂမ်ရဲ့ အပြုအမူအား သုံးသပ်မှု ပြုလုပ်သွားမယ်လို့ ပြောကြားလာပါတယ်။
ဘယ်လင်ဂမ်ဟာ တီရာနာတွင် ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဇွန်လနောက်ပိုင်း ပထမဆုံး အင်္ဂလန်ပွဲအဖြစ် ပွဲထွက် ကစားခွင့် ရခဲ့ပြီး ၈၄ မိနစ်တွင် မော်ဂန်ရိုဂျာအစား လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
အဝါကတ်ပြသခြင်းခံထားရတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟာ ကွင်းအတွင်းမှ ထွက်ခွာလာချိန်တွင် လူစားလဲလှယ်မှုအပေါ် မပျော်မရွှင် ဖြစ်နေကြောင်း ပြသခဲ့ပါတယ်။
တူချယ်က တနင်္ဂနွေနေ့ပွဲမတိုင်မီ ကစားသမားများကို ခရစ္စတီယာနိုရော်နယ်ဒိုကဲ့သို့ အနီကတ် ပြသခြင်းမခံရအောင် ရှောင်ရှားကြရန် ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အိုင်ယာလန်နှင့်ပွဲတွင် အနီကတ်ပြသခြင်းခံရပြီနောက် ၃ ပွဲပယ်ခံရကာ ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲ လွဲလာပါတော့မယ်။
ဘယ်လင်ဂမ်ဟာလည်း နောက်ထပ် အဝါကတ်ပြသခြင်းခံလာရပါက ကမ္ဘာ့ဖလားအဖွင့်ပွဲကို လွဲလာပါမယ်။
ပွဲအပြီးတွင် တူချယ်က "ဒါနဲ့ပတ်သက်ပြီး အများကြီး မပြောချင်ဘူး။ အပြုအမူက အရေးကြီးတယ်ဆိုတဲ့ စကားအတိုင်းပါပဲ။ လူစားဝင်ရောက်မယ့် ကစားဖော်ကို လေးစားရပါမယ်။ ဆုံးဖြတ်ချက်တွေက ချပြီးပြီ။ ကစားသမားတစ်ယောက်အနေနဲ့ ဒါကို လက်ခံရမယ်။ မော်ဂန်လည်း ဒီနေ့ပွဲမှာ ပွဲထွက်ခွင့်မရလို့ မပျော်တာ သေချာတယ်။ သူလည်း ကစားဖို့ ထိုက်တန်တဲ့သူပါ။ သူလည်း ပွဲတိုင်းကစားချင်တယ်။ ကလပ်အတွက် မိနစ်တွေအများကြီး ကစားထားရတဲ့အပြင် ဆားဘီးယားနဲ့ပွဲမှာလည်း ကစားခဲ့တော့ သူ့ကို နည်းနည်း အနားပေးခဲ့တာ"လို့ ပြောကြားသွားပါတယ်။
တူချယ်ဟာ ဆားဘီးယားနှင့်ပွဲစဉ်မှ လူစာရင်းကို ၇ ဦးအထိ အပြောင်းအလဲ ပြုလုပ်ကာ ပွဲထွက်ခဲ့ပါတယ်။
အင်္ဂလန်ဟာ အယ်ဘေးနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရမှုနှင့်အတူ ကမ္ဘာဖ့လားခြေစစ်ပွဲ ပွဲတိုင်း အနိုင်ရရှိပြီး ဂိုးတစ်ဂိုးမျှ မပေးခဲ့ရပါဘူး။ ၎င်းတိုဟာ ကမ္ဘာဖလားခြေစစ်ပွဲသမိုင်းတွင် ဂိုးမပေးရတဲ့ ပထမဆုံးဥရောပအသင်းအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး တူချယ်က "ဒါကို ပြန်သုံးသပ်သွားမယ်။ သူ့ မပျော်တာ မြင်ခဲ့တယ်။ အခုအချိန်မှာ ဒါကို ပိုကြီးအောင် မလုပ်ချင်ဘူး။ ကျွန်တော့်စကားအတိုင်းပါပဲ။ ကျွန်တော်တို့မှာ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် အဆင့်အမြင့်အတန်း၊ အဆင့်၊ ပေးဆပ်မှု ရှိတယ်။ တစ်ဦးနဲ့တစ်ဦး လေးစားမှု ရှိရမယ်။ တစ်ယောက်ယောက် လက်မြှောက်လို့ ဆိုပြီး အပြောင်းအလဲ သို့မဟုတ် ဆုံးဖြတ်ချက် ချလာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
တူချယ်ဟာ ယခင်တုန်းက ဘယ်လင်ဂမ်ရဲ့ ကွင်းတွင်း အပြုအမူမှာ စက်ဆုပ်စရာကောင်းကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ နောက်ပိုင်းတွင် ဂျာမန်လူမျိုးနည်းပြဟာ ယင်း ပြေဆိုမှုအတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။

image

ပေါ်တူဂီက ခရစ္စတီယာနိုရော်နယ်ဒို မပါလေ ပိုကောင်းလေလား? အာမေးနီးယားကို ၉-၁ ဖြင့် အနိုင်ယူကာ ပေါ်တူဂီတို့ ခြေစစ်ပွဲ အောင်မြင်လာ
======================

ဘောလုံးပရိသတ်တွေက ပေါ်တူဂီအသင်းက ခရစ္စတီယာနိုရော်နယ်ဒို မပါလေ ပိုကောင်းလေလို့ ယုံကြည်နေကြပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒို မပါဝင်တဲ့ ပေါ်တူဂီဟာ တနင်္ဂနွေနေ့ညတုန်းက အာမေးနီးယားကို ၉-၁ ဖြင့် အနိုင်ရရှိလာပြီးနောက် ပရိသတ်များက ယင်းသို့ ယုံကြည်လာကြတာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကြာသပတေးနေ့တုန်းက အိုင်ယာလန်ကို ၂-၀ ဂိုးဖြင့် အရေးနိမ့်တဲ့ပွဲမှာ ဒါရာအိုရှီးယားကို တံတောင်ဖြင့် တွက်ခဲ့မှုအတွက် အနီကတ်ပြသခြင်းခံခဲ့ရပြီး အာမေးနီးယားနှင့်ပွဲကို လွဲချော်လာပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲ ၂ ပွဲကိုလည်း လွဲချော်လာပါမယ်။
ဒါပေမယ့် ရောဘတ်တိုမာတီနက်ဇ်ရဲ့ ပေါ်တူဂီဟာ ရော်နယ်ဒိုမပါဝင်တဲ့ အာမေးနီးယားနှင့်ပွဲမှာ ၉-၁ ဖြင့် ချေမှုန်းလာပါတယ်။
မနေ့ညကပွဲတွင် ပေါ်တူဂီအသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်နှင့် ဂျိုအာနီဗက်စ်တို့ ဟက်ထရစ်ကိုယ်စီ သွင်းနိုင်ခဲ့ကြပြီး ကျန် ၃ ဂိုးကို ရီနာတိုဗိုင်ဂါ၊ ဂွန်ကာလိုရာမို့စ်နှင့် ကွန်စီကာအိုတို့က တစ်ဂိုးစီ သွင်းယူခဲ့ကြပါတယ်။
ပရိသတ်တစ်ဦးက "ပေါ်တူဂီက ရော်နယ်ဒို မပါလေ ပိုကောင်းလေပဲ"လို့ ဆိုသွားပါတယ်။
အခြားပရိသတ်တစ်ဦးကလည်း "ရော်နယ်ဒိုပရိသတ်တွေကတော့ အမှန်တရားကို မုန်းကြတယ်။ ဒါပေမယ့် ပေါ်တူဂီက သူ မပါလေ ပိုကောင်းလေပဲ"လို့ ဆိုသွားပါတယ်။

image