လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်-- ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့် ပင်တဂွန်၏ မူဝါဒရေးရာ ထိပ်တန်းအရာရှိ အယ်လ်ဘရစ်ချ်တို့ တွေ့ဆုံခဲ့ပြီးနောက်တွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။
အန်ကော ဆန်တီနယ် စစ်ရေးလေ့ကျင့်မှုကို ၂၀၂၇ ခုနှစ်တွင် ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံတပ်မတော်များအကြား ရင်းနှီးသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် တံတားတစ်စင်း ဖြစ်လိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့သည်။
နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယား-အမေရိကန်ဆက်ဆံရေးတွင် အပြုသဘောဆောင်သော တိုးတက်မှု အဖြစ် ၎င်းက ချီးကျူးပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားသည် အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ခုနစ်နှစ်ကြာ လုပ်ဆောင်ခဲ့သော်လည်း တရုတ်စစ်တပ်နှင့် ပထမဆုံးအကြိမ် ရွှေနဂါးစစ်ရေးလေ့ကျင့်မှုများလုပ်အပြီး လပိုင်းအကြာ ၂၀၁၇ ခုနှစ်အစောပိုင်းတွင် အဆိုပါပူးတွဲလေ့ကျင့်မှုများကို ဖနွန်းပင်က ဖျ-က်သိမ်းခဲ့သည်။
ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ပြီးခဲ့သည့်နှစ်က အမြောက်တပ်၊ စစ်သင်္ဘောများနှင့် တိုက်ခိုက်ရေးစက်ရုပ်ခွေးများအပါအဝင် အဆင့်မြင့် တရုတ်စစ်ဘက်ပစ္စည်းများ ပါဝင်သည့် ၎င်းတို့၏ အကြီးမားဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။
ဖနွန်းပင်သည် အရှေ့တောင်အာရှတွင် ပေကျင်း၏ အခိုင်မာဆုံး မဟာမိတ်များထဲမှ တစ်နိုင်ငံဖြစ်ပြီး ဒေါ်လာဘီလျံများစွာသော ရင်းနှီးမြှုပ်နှံမှုများ ရရှိထားသည်။

image

တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19 ကူးစက်ခံရသူသစ် ၅၂၂,၀၀၀ ဦးရှိခဲ့

တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19 ကူးစက်ခံရသူသစ် ၅၂၂,၀၀၀ ဦး၊ ပြင်းထန်လူနာ ၄၈၇ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိခဲ့ပြီး ကူးစက်မှုနှုန်း အတက်အကျဖြစ်ရင်း မြင့်တက်နေတယ်လို့ အမျိုးသား ရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
​အခုလို ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဖြစ်ပွားခဲ့ဖူးတဲ့ ရာသီအလိုက် ပုံမှန်ကူးစက်မှုလှိုင်း တစ်ခုသာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကူးစက်မှုနှုန်း တက်တာ နှေးကွေးသွားပြီဖြစ်လို့ ရောဂါဖြစ်ပွားမှုရဲ့ အမြင့်ဆုံးအဆင့်(plateau phase) သို့ ရောက်ရှိနေပြီလို့ တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(Chinese CDC) က ဆိုပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ ဗိုင်းရပ်စ်အားလုံးဟာ အိုမီခရွန်(Omicron) ဗီဇပြောင်းအမျိုးအစားများဖြစ်ပြီး၊ အများစုမှာ NB.1.8.1 မျိုးစိတ်နဲ့ ယင်းရဲ့ မျိုးစိတ်ခွဲများ ဖြစ်ကြပါတယ်။
​ပေကျင်း ယိုအန် ဆေးရုံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် လီထုန်းဇိ (Li Tongzeng) ရဲ့ အဆိုအရ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာရတဲ့ အဓိက အကြောင်းရင်းတွေကတော့
​- လူထု၏ ခုခံအား လျော့ကျလာခြင်း။
- ​ဗိုင်းရပ်စ်၏ အဆက်မပြတ် ဗီဇပြောင်းနေမှုကြောင့် ရှိပြီးသား ခုခံအား ပဋိပစ္စည်းများ၏ ကာကွယ်နိုင်စွမ်း နိမ့်ကျသွားခြင်း။
- တရုတ်နိုင်ငံနွေရာသီ ကျောင်းပိတ်ရက်အတွင်း ခရီးသွားလာမှုနှင့် လူထု သွားလာလှုပ်ရှားမှု များပြားလာခြင်း တို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
​ဗိုင်းရပ်စ်ဟာ ဆက်လက် ဗီဇပြောင်းနေပေမဲ့ ပိုမိုပြင်းထန်လာတဲ့လက္ခဏာ မရှိသေးပါဘူး။ ကူးစက်ခံရသူ အများစုမှာ လက္ခဏာ ပေါ့ပါးပြီး အဆုတ်ရောင်ခြင်း သို့မဟုတ် ဆေးရုံတက်ရခြင်း အလွန်နည်းပါးပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေရဲ့ စာရင်း‌တွေအရ ကိုဗစ်-၁၉ ဟာ ခုခံအား လျော့ကျချိန်ဖြစ်တဲ့ ၆ လမှ ၈ လ လျှင် တစ်ကြိမ် ကူးစက်မှု ပြန်လည် မြင့်တက်လေ့ ရှိပါတယ်။
​တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19ကြောင့် သေဆုံးသူ ၁ ဦးသာ ရှိခဲ့ခြင်းက လက်ရှိ သေဆုံးမှုနှုန်း အလွန်နည်းပါးနေသေးကြောင်း ပြသနေပြီး၊ ဩဂုတ်လနှောင်းပိုင်းတွင် ကူးစက်မှုတွေ ပြန်လည်ကျဆင်းသွားမည်ဟု ခန့်မှန်းထားပါတယ်။ တရုတ် CDC အနေဖြင့်လည်း အများပြည်သူ ကျန်းမာရေးကို စိုးရိမ်ရလောက်တဲ့ ဗီဇပြောင်းမျိုးစိတ်သစ်များ မတွေ့ရှိရသေးသလို ကျန်းမာရေးစနစ်အပေါ် လွှမ်းမိုးထိခိုက်မှု မရှိကြောင်း အတည်ပြုထားပါတယ်။
​အများပြည်သူအနေနဲ့ လိုအပ်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ဖို့၊ တကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ဖို့နဲ့ ညွှန်ကြားထားတဲ့ ကာကွယ်ဆေးတွေ ထိုးနှံကြဖို့ အကြံပြုထားပါတယ်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ
နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း ကျင်းပမည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ် သို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

လေးမျက်နှာမြို့နယ်၌ ရေဘေးသင့်နှင့် ရေဘေးရှောင်စခန်းဖွင့်ထားသည့် ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း ၁၀၂ ကျောင်းရှိ၊ အလှူငွေကျပ် ၈၁၈ သိန်း လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေသည့် ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း ၁၀၂ ကျောင်း ရှိကြောင်း သိရသည်။
အဆိုပါကျောင်းများအတွက် ပုသိမ်မြို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ အလှူငွေကျပ် ၈၁၈ သိန်းကို ဩဂုတ် ၁၅ ရက်က မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရရှိသည့် အလှူငွေကျပ် ၈၁၈ သိန်းကို ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ရေဘေးသင့်သီလရှင်ကျောင်းများသို့ လိုအပ်ချက်အလိုက် ဆက်လက်ဖြန့်ခွဲလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

ရေဘေးကယ်ဆယ်ရေးစခန်းများတွင် မြွေဆိပ်ဖြေဆေးများ အသင့်ထားရှိ၊ ကျန်းမာရေးဝန်ထမ်းများက အရေးပေါ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ

ရေဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ကုသမှုများ အချိန်မီဆောင်ရွက်ပေးနိုင်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် မြွေဆိပ်ဖြေဆေးများ အသင့်ထားရှိပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရထံမှ သိရသည်။
ရေကြီးရေလျှံမှုဖြစ်ပွားချိန်တွင် မြွေများသည် ရေလွတ်ရာကုန်းမြင့်နေရာများ၊ သစ်ပင်များနှင့် လူနေအိမ်များအတွင်း ဝင်ရောက်ပုန်းခိုနိုင်သဖြင့် မြွေကိုက်ခံရမှု ဖြစ်ပွားလာပါက အချိန်မီကုသနိုင်ရေးအတွက် လိုအပ်သည့် ဆေးဝါးများနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများကို ကြိုတင်စီစဉ်ထားခြင်းဖြစ်သည်။
“ရေကြီးချိန်မှာ မြွေတွေဟာ ရေလွတ်တဲ့ ကုန်းမြင့်တွေ၊ သစ်ပင်တွေနဲ့ လူနေအိမ်တွေပေါ်ကို ပုန်းခိုဖို့ တက်လာတတ်ပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေးစခန်းတွေနဲ့ ရေဘေးသင့်ဒေသတွေမှာ အဓိကလိုအပ်တဲ့ မြွေဆိပ်ဖြေဆေး (Anti-snake venom) တွေကို ဆေးရုံ၊ ဆေးခန်းတွေမှာ အရန်သင့် စုဆောင်းပေးထားပါတယ်” ဟု ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးနှင့် အရေးပေါ်ကုသမှုများ အချိန်မီရရှိစေရန် ကျန်းမာရေးဝန်ထမ်းများက ယာယီကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအနေဖြင့် ညအချိန်သွားလာရာတွင် မီးအလင်းရောင်အသုံးပြုရန်၊ အမှိုက်ပုံ၊ ထင်းပုံနှင့် ရေဝပ်နေသည့် ခြုံနွယ်များအနီး သွားလာခြင်းကို ရှောင်ကြဉ်ရန်နှင့် ဖိနပ်၊ ခြေအိတ်ရှည်များ စနစ်တကျဝတ်ဆင်သွားလာရန်လည်း နှိုးဆော်ထားသည်။
မြွေကိုက်ခံရပါက ကိုယ်တိုင်ဆေးမြီးတိုများဖြင့် ကုသရန်မကြိုးစားဘဲ လှုပ်ရှားမှုကို အနည်းဆုံးထားကာ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများထံ အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုခံယူကြရန် အသိပေးထားကြောင်း သိရသည်။

image

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန် တစ်တန် ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးရရှိ

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှလည်း ဆန်ဝယ်ယူလျက်ရှိသော်လည်း မြန်မာ့ GW-11 ဆန်၏ မျိုးစိတ်နှင့် အရည်အသွေးကောင်းမွန်မှုကို ပိုမိုနှစ်ခြိုက်သဖြင့် ဈေးကောင်းပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ရာတွင် ထိုင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ ခန့်ရရှိနေချိန်၌ မြန်မာ့ GW-11 ဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိရရှိနေသဖြင့် တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးပိုမိုရရှိနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ပြည်ပသို့ ဆန်တန်ချိန် ၈ သိန်းကျော် တင်ပို့ထားပြီးဖြစ်ကာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲအများဆုံး တင်ပို့ထားကြောင်း သိရသည်။
ထို့ပြင် စုစုပေါင်းဆန်တန်ချိန် ၅ သန်းအထိ ဝယ်ယူရန် ပြင်ဆင်နေသည့် ဖိလစ်ပိုင်နိုင်ငံသို့လည်း မြန်မာ့ GW-11 ဆန်များ ဆက်လက်တင်ပို့လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
GW-11 ဆန်ကို ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ စတင်တင်ပို့ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်ဈေးကွက်သို့ စတင်တင်ပို့ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်ပဝယ်လိုအားမြင့်တက်လာမှုနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးထွက် GW-11 ဆန်များသာမက မန္တလေးတိုင်းဒေသကြီးထွက် GW-11 ဆန်များပါ ဈေးကောင်းရရှိနေကြောင်း သိရသည်။

image

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆ မြို့တွင် မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ရွှေ့ပြောင်းရန် နှိုးဆော်

ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။
မိုးဇလဌာန၏ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီ တိုင်းထွာချက်များအရ မြစ်ကြီးငါးစင်း၏ မြစ်ရေများမှာ မြို့ ၇ မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။
ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃၃ စင်တီမီတာ၊ ဟင်္သာတမြို့တွင် ၄၆ စင်တီမီတာနှင့် ဇလွန်မြို့တွင် ၄၈ စင်တီမီတာ ကျော်လွန်နေသည်။ ဆိပ်သာမြို့၌ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သော်လည်း ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၆၆ စင်တီမီတာ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁၅ စင်တီမီတာခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။
အလားတူ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၅၄ စင်တီမီတာ၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁၃ စင်တီမီတာ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း မြစ်ရေအနည်းငယ် ထပ်မံမြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
တိုးမြစ်ရေမှာလည်း မအူပင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ စင်တီမီတာ ကျော်လွန်နေပြီး ဒီရေမြင့်တက်ချိန်၌ စိုးရိမ်ရေမှတ်အထက် ၃၀ စင်တီမီတာခန့်အထိ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
ထို့ကြောင့် ဆိပ်သာမြို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးဇလဌာနက နှိုးဆော်ထားသည်။
ရေကြီးမှုအခြေအနေများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား သိသိသာသာလျှော့ချရန် အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကုန်ကျစရိတ်များပြားသည့်အပြင် မြောက်ကိုရီးယားအပေါ် ရန်လိုမှုကို ပြသရာရောက်ကြောင်း ထရမ့်ပ်က ၎င်း၏ Truth Social လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် မိမိအကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိနေချိန်တွင် အမေရိကန်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် စိတ်မချမ်းမြေ့ကြောင်းလည်း ၎င်းက ဆိုသည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုံးဝဖျက်သိမ်းရန်မှာ နောက်ကျလွန်းနေပြီဖြစ်သဖြင့် လေ့ကျင့်မှုအရွယ်အစားကို သိသိသာသာလျှော့ချရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကို အမိန့်ပေးခဲ့ကြောင်း ထရမ့်ပ်က ပြောကြားသည်။
ထို့ပြင် အီရန်၏ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးအတွက် အမေရိကန်နှင့် ပူးပေါင်းပါဝင်ရန် တောင်ကိုရီးယားသမ္မတကို မကြာသေးမီက မေးမြန်းခဲ့သော်လည်း တောင်ကိုရီးယားဘက်က ငြင်းဆိုခဲ့ကြောင်း ထရမ့်ပ်က ပြောသည်။ သို့သော် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လျှော့ချရန် ဆုံးဖြတ်ချက်မှာ အဆိုပါကိစ္စနှင့် အနည်းငယ်သာ သက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။
တောင်ကိုရီးယားစစ်သည် ၁၈,၀၀၀ ခန့် ပါဝင်မည့် ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် စစ်ရေးအသင့်အနေအထား မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

image

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊ သုံးဦးဒ-ဏ်ရာရ

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။
ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြေကြီးများက အဆောက်အအုံ၏ ပထမထပ်အထိ ဖုံးလွှမ်းခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။
ဖြစ်စဉ်အတွင်း အဆောက်အအုံထဲမှ လူသုံးဦးကို ကယ်ဆယ်ရေးလုပ်သားများက ကယ်ထုတ်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် တစ်ဦးမှာ နောက်ပိုင်းတွင် ဆေးရုံ၌ ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ပိုင်းဒေသတွင် စနေနေ့မှစတင်၍ မိုးကြိုးမုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့ဒေသများ၌ မိုးရေချိန် ၈၀၀ မီလီမီတာအထိ ရှိခဲ့သည်။ ဒေသအချို့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်သဖြင့် တောင်ကိုရီးယား မိုးလေဝသအေဂျင်စီက သတိပေးချက်များ ထုတ်ပြန်ထားသည်။
ဘူဆန်အနီးရှိ တောင်ပိုင်းကမ်းရိုးတန်းမြို့ ဂျီယိုဂျဲတွင်လည်း မြစ်ရေလျှံခြင်းနှင့် လမ်းများရေလွှမ်းမိုးခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ယာဉ်အသွားအလာများ ထိခိုက်ခဲ့ပြီး ဒေသခံအချို့ ပိတ်မိခဲ့ကြောင်း သိရသည်။
ထပ်မံမြေပြိုမှု ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်ကြောင့် ဂျီယိုဂျဲမြို့ရှိ ဒေသခံ ၁၀၀ ခန့်ကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးထားပြီး ပိတ်မိနေသည့် ဒေသခံ ၂၀ ခန့်ကိုလည်း အာဏာပိုင်များက ကယ်ဆယ်ပေးခဲ့ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

image

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော ရေပေးဝေရေးစခန်းဇုန်(၇)ရှိ 66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။
ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တို့ရှိ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်မည်ဟုလည်း မေတ္တာရပ်ခံအသိပေးခဲ့ကြောင်း သိရသည်။

image