ကိုဗင်ထရီနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလာတဲ့ နည်းပြဖရန့်လမ်းပတ်
====================

ဖရန့်လမ်းပတ်ဟာ ကိုဗင်ထရီကို ၂၀၂၉ ခုနှစ်အထိ ကိုင်တွယ်နိုင်မဲ့ စာချုပ်သစ်အား ချုပ်ဆိုလာပါတယ်။
အသက် ၄၈ နှစ်ရှိ ချဲလ်ဆီးဂန္ထဝင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကိုဗင်ထရီကို ချန်ပီယံရှစ်ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် ဦးဆောင်ထားနိုင်သူ ဖြစ်ပါတယ်။
သူ့ရဲ့ ယခင်စာချုပ်မှာ လာမဲ့နှစ်တွင် ကုန်ဆုံးမှာ ဖြစ်ပြီး ဖူလ်ဟမ်အပါအဝင် ပရီးမီးယားလိဂ်ကလပ်များရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ယခုအခါမှာတော့ အဲဗာတန်နှင့် ချဲလ်ဆီးနည်းပြဟောင်းဟာ ကိုဗင်ထရီနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလာပြီ ဖြစ်ပါတယ်။
၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်တက်ခွင့်ရထားတဲ့ ကိုဗင်ထရီဟာ ဩဂုတ်လ ၂၁ ရက်နေ့တွင် ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ချန်ပီယံ အာဆင်နယ်နှင့် ကစားရပါမယ်။
လမ်းပတ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက မတ်ရော်ဘင်နေရာမှာ အစားထိုးခန့်အပ်ခံရစဉ်တုန်းက ကိုဗင်ထရီမှာ တန်းဆင်းဇုန်နှင့် ၂ မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာပါ။
ဒါပေမဲ့ လမ်းပတ်ဦးဆောင်မှုနှင့်အတူ ကိုဗင်ထရီဟာ လက်ကျန် ၂၉ ပွဲတွင် ၁၆ ပွဲ နိုင်ပွဲ ရရှိပြီး အဆင့် ၅ နေရာဖြင့် ရာသီသိမ်းကာ ပလေးအော့ဖ်ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗင်ထရီဟာ ပလေးအော့ဖ်တွင် ဆန်းဒါးလန်းကို ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ကိုဗင်ထရီကို ချန်ပီယံရှစ်တွင် နိုင်ပွဲ ၂၈ ပွဲအထိ ရယူပြီး ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ဒါဘီကောင်တီတွင် နည်းပြဘဝစတင်ပြီးနောက် ချဲလ်ဆီး(၂ ကြိမ်)၊ အဲဗာတန်ုတိ့အား ကိုင်တွယ်ခဲ့ဖူးပါတယ်။

image

ဝက်စ်ဟမ်းရဲ့ ဖာနန်ဒက်စ်ကို ပေါင် ၈၅ သန်းဖြင့် ခေါ်ယူရန် စပါးစ် သဘောတူညီမှုရရှိ
======================

စပါးစ်ဟာ ဝက်စ်ဟမ်းမှ ပေါ်တူဂီကွင်းလယ်ကစားသမားမားသီးယပ်စ်ဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့် ခေါ်ယူရေး သဘောတူညီမှု ရရှိလာပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ ယူနိုက်တက်နှင့် အပြိုင် ခေါ်ယူရေး ကြိုးပမ်းခဲ့ရတာ ဖြစ်ပြီး ပေါင် ၈၅ သန်းအပြင် အောင်မြင်မှုအပေါ် မူတည်ပြီး နောက်ထပ် အပိုဆုကြေးပေးရမဲ့ အချက်များဖြင့် သဘောတူညီမှု ရရှိခဲ့တာပါ။
ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ခေါ်ယူရေး အပြိုင်ကြိုးပမ်းခဲ့ပေမဲ့လည်း စပါးစ်နှင့် ဈေးပြိုင်ပေး ကမ်းလှမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
စပါးစ်ဟာ ယခုနွေရာသီတွင် မာတင်ဒူဘရော့ဗ်ကာ၊ အင်ဒီရောဘတ်ဆင်၊ မားကို့စ်ဆီနီဆီတို့အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပြီးဖြစ်သလို ဘရိုက်တန်မှ နယ်သာလန်နောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီကိုလည်း ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
စပါးစ်ဟာ နယူးကာဆယ်မှ အီတလီကွင်းလယ်ကစားသမားဆန်ဒရိုတိုနာလီကို ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပြီးနောက် ဖာနန်ဒက်စ်ကို ခေါ်ယူရေး လုပ်ဆောင်ခဲ့တာပါ။
ဖာနန်ဒက်စ်ဟာ ရာသီဆက် တန်းဆင်းခဲ့ရတဲ့အသင်းတွင် ကစားခဲ့ပေမဲ့ ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ ယူနိုက်တက်၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

image

ယခင်နည်းပြဆောက်ဂိတ်ရဲ့ ပင်နယ်တီအစီအစဉ်ကို ဆက်လက် သုံးလာမဲ့ တူချယ်
====================

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယခင်နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့ ပင်နယ်တီ အစီအစဉ်အတိုင်း ဆက်လက် အသုံးပြုလာမည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။
တူချယ်ဦးဆောင်တဲ့ အင်္ဂလန်အသင်းဟာ ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဒီမိုကရက်တစ်ကွန်ဂိုနှင့်ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ပင်နယ်တီ အဆုံးအဖြတ် ကန်လာရနိုင်ပါတယ်။
ဆောက်ဂိတ်ဟာ ၂၀၁၆ ခုနှစ်တွင် အင်္ဂလန်အသင်းကို ကိုင်တွယ်ပြီးနောက် နိုင်ငံတကာပြိုင်ပွဲကြီးများတွင် ပင်နယ်တီ အဆုံးအဖြတ် ၇ ကြိမ်ကန်ခဲ့ရာမှာ ၁ ကြိမ်တည်းသာ အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ ဆောက်ဂိတ်လက်ထက်တွင် အင်္ဂလန်အသင်းဟာ ပင်နယ်တီအတွက် ပြင်ဆင်မှု အလွန်ကောင်းမွန်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပင်နယ်တီ အဆုံးအဖြတ် ၄ ကြိမ်တွင် ၃ ကြိမ် အနိုင်ရခဲ့ပါတယ်။
တူချယ်က "အက်ဖ်အေဟာ ပင်နယ်တီအတွက် အစီအစဉ်က နှစ်များစွာကတည်းက ရှိပြီးသားပါ။ ကျွန်တော်တို့ ဒီအစီအစဉ်တိုင်း ဆက်လုပ်သွားမယ်။ ကျွန်တော်တို့ ပြင်ဆင်ထားတယ်။ ကျွန်တော်တို့မှာ လုပ်ငန်းစဉ် ရှိသလို ကစားသမားတွေမှာလည်း လုပ်ငန်းစဉ် ရှိတယ်"လို့ ပြောကြားသွားပါတယ်။
ယင်းသို့ အစီအစဉ်ရှိပေမဲ့လည်း တူချယ်က ပင်နယ်တီနှင့်ပတ်သက်ပြီး သတိပေးမှု ပြုလုပ်သွားပါတယ်။
၎င်းက "ပင်နယ်တီကန်တဲ့အခါ တုပဖို့တော့ ခက်တယ်။ သီယာရီဟင်နရီ ပြောတာ ကြားဖူးတယ်။ ပြင်သစ်အတွက် ပထမဆုံးအကြိမ် ပင်နယ်တီကန်တုန်းက ကွင်းလယ်တစ်ဝက်ကနေ ပင်နယ်တီကန်တဲ့နေရာကို သားတာကို မမှတ်မိတော့ဘူးလို့ ပြောတယ်။ ဒါကိုတော့ လေ့ကျင့်လို့ မရဘူး"လို့ ပြောကြားသွားပါတယ်။
ပင်နယ်တီကန်ရေး ကစားသမားများအား ရွေးချယ်ခွင့်ပေးလာမှာလားလို့ မေးမြန်းလာချိန်တွင် တူချယ်က "ဘယ်သူတွေ ကန်တယ်၊ဆိုတာ ကျွန်တော်တို့ သိတယ်။ ဘယ်သူတွေကို ကန်စေရမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ပွဲမှာ ဘယ်သူတွေနဲ့ အဆုံးသတ်မယ်ဆိုတာ မသိပါဘူး"လို့ ပြောကြားသွားပါတယ်။

image

ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် နယ်သာလန်နည်းပြရာထူးမှ ကိုးမန်း နုတ်ထွက်လာ
====================

ရော်နယ်ကိုးမန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာရပြီးနောက် နယ်သာလန်နည်းပြရာထူးမှ နုတ်ထွက်လာပါတယ်။
နယ်သာလန်ဟာ မွန်တာရေးတွင် မော်ရိုကိုနှင့် ၁ ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရတာပါ။
ယင်းပွဲအပြီးတွင် ပင်နယ်တီလွဲခဲ့တဲ့ နယ်သာလန်ကစားသမားများဟာ အွန်လိုင်းတွင် လူမျိုးရေးခွဲခြားဆဲဆိုခြင်းတို့ ခံခဲ့ရပါတယ်။
ဂျပ်စတင်ကလွိုက်ဗတ်၊ ကွန်တန်တမ်ဘားနှင့် ခရိုင်ဆန်စီယိုဆမ်းမားဗီးလ်တို့ ပင်နယ်တီလွဲခဲ့ကြတာ ဖြစ်ပြီး အွန်လိုင်းတွင် လူမျိုးရေးခွဲခြားဆဲဆိုခြင်းခံနေရပါတယ်။
ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်က ကစာသမားများအား လူမျိုးရေးခွဲခြားဆဲဆိုသူများကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုသွားမယ်လို့ ကြေညာထားပါတယ်။
အသက် ၆၃ နှစ်ရှိ ကိုးမန်းဟာ နယ်သာလန်နည်းပြရာထူးမှ ဒုတိယအကြိမ်မြောက် နုတ်ထွက်လာတာ ဖြစ်ပြီး နည်းပြလောကကိုလည်း စွန့်ခွာလာဖို့ ရှိကြောင်း အရိပ်အမြွက်ဆိုထားပါတယ်။
ကိုးမန်းက "ကျွန်တော့်နည်းပြဘဝကို ကြည့်လိုက်ရင် ဂုဏ်ယူရပါတယ်။ ကျွန်တော် လုပ်ခဲ့တဲ့ ကလပ်တွေ၊ တွဲလုပ်ခဲ့တဲ့ လူတွေက ကျွန်တော့်ကို ပုံသွင်းခဲ့သလို တစ်သက်လုံးသိမ်းထားနိုင်မယ့် အမှတ်တရတွေ ပိုင်ဆိုင်ခဲ့တယ်။ သမိုင်းမှတ်တိုင်ရေးသားနိုင်မဲ့ ကမ္ဘာ့ဖလားပိုင်ဆိုင်ဖို့ ကျွန်တော်တို့ အားလုံး အိပ်မက်မက်ခဲ့ကြတယ်။ ဒါပေမဲ့ မဖြစ်လာခဲ့ပါဘူး။ ကျွန်တော့်ထက် ဘယ်သူမှ စိတ်ပျက်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေမှာ ဘောလုံးထက် အခြားအရေးကြီးတဲ့ အရာတွေ ရှိနေတာ ထပ်မံ သိလိုက်ရပါတယ်။ ဘောလုံးက ကျွန်တော့်ဘဝပါ။ ဒါပေမဲ့ ကျန်းမာရေးက အရေးအကြီးဆုံးပါ။ ကိုယ်ချစ်တဲ့တစုံတယောက် ခက်ခဲတဲ့ တိုက်ပွဲဝင်နေတဲ့အချိန်မှာ ပြောင်းလဲဖို့ ကြိုးစားလာရပါတယ်"လို့ ပြောကြားသွားပါတယ်။
ကိုးမန်းရဲ့ ဇနီးသည်ဘာတီနာမှာ ရင်သားကင်ဆာရောဂါဝေဒနာခံစားနေရပါတယ်။

image

ဂိုးသမားကင်စကီးကို စာချုပ်သစ်ချုပ်ဆိုလာတဲ့ စပါးစ်
=====================

စပါးစ်ဟာ ဂိုးသမားအန်တိုနန်ကင်စကီးကို လုပ်ခတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုလာပါတယ်။
အသက် ၂၃ နှစ်ရှိ ချက်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အက်သလက်တီကိုနှင့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်တွင် ပွဲအစ ၁၇ မိနစ်အတွင်းမှာပင် ၃ ဂိုးပေးခဲ့ရပြီးနောက် လူစားလဲလှယ်ခြင်းခံခဲ့ရကာ စပါးစ်တွင် အနိမ့်အမြင့်အတက်အကျများနှင့် ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ရောဘတ်တိုဒီဇာဘီလက်ထက်တွင် ပရီးမီးယားလိဂ်ရာသီသိမ်းပွဲ ၇ ပွဲတွင် ပွဲထွက်ဂိုးသမားအဖြစ် ကစားကာ ပရီးမီးယားလိဂ်မှ တန်းမဆင်းရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
စပါးစ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ချက်ကလပ် ဆလားဗီးယားပရက်မှ ပေါင် ၁၂.၅ သန်းဖြင့် ကင်စကီးကို ခေါ်ယူခဲ့တာဖြစ်ပြီး ယခင်စာချုပ်မှာ ၂၀၃၁ ခုနှစ်အထိ ဖြစ်ပါတယ်။
သူဟာ မတ်လတုန်းက အက်သလက်တီကိုနှင့်ပွဲတွင် ပွဲအစပိုင်းမှာပင် ဆိုးရွားတဲ့အမှား ၂ ကြိမ်ပြုလုပ်ပြီး ဂိုးပေးခဲ့ရတာ ဖြစ်ပြီဂ ၅-၂ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
သူဟာ ယာယီနည်းပြအိုင်ဂေါ်ကျူဒေါ်ရဲ့ ဗီကာရီယိုနှင့် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
စပါးစ်ဟာ ကင်စကီးကို ဘယ်နှစ်အထိ စာချုပ်သစ်ချုပ်ဆိုသလဲဆိုတာ ကြေညာသွားခဲ့ခြင်း မရှိပါဘူး။

image

ပီအက်စ်ဂျီရဲ့ ပေါ်တူဂီတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်ကို ပေါင်သန်း ၆၀ ဖြင့် အေစီမီလန် ခေါ်ယူ
=======================

အေစီမီလန်ဟာ ပီအက်စ်ဂျီတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၅ နှစ်ရှိ ပေါ်တူဂီတိုက်စစ်သမားဟာ ပီအက်စ်ဂျီတွင်ကစားတဲ့ သုံးရာသီအတွင်းတွင် ၄၅ ဂိုးသွင်းယူပြီးနောက် အေစီမီလန်သို့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ဖြင့် ပြောင်းရွှေ့လာတာလည်း ဖြစ်ပါတယ်။
အေစီမီလန်ဟာ နည်းပြသစ်ရူဘင်အမိုရမ်လက်ထက် ပထမဆုံးခေါ်ယူမှုအဖြစ် ဂွန်ကာလိုရာမို့စ်ကို ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြဟောင်းရူဘင်အမိုရမ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်မရမှုကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ မက်ဆီမီလီယာနိုအယ်လီဂရီ နေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရပြီးနောက် ပထမဆုံးခေါ်ယူမှုအဖြစ် ရာမို့စ်ကို ယူရိုသန်း ၇၀ ကျော် (ပေါင် ၆၀.၂ သန်း)ဖြင့် ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ယခင်တုန်းက အေစီမီလန်သမိုင်းတွင် အမြင့်မားဆုံးပြောင်းရွှေ့ကြေးအဖြစ် ရာဖေးလ်လီယိုအား ၂၀၁၉ ခုနှစ်တုန်းက လိုင်လီမှ ပေါင် ၄၂ သန်းဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

image

ဆန်ဂျိုဆေးပရိသတ်ဇုံတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁ ဦး အသက်အန္တရာယ်စိုးရိမ်နေရ
===================

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျိုဆေးရှိ နာမည်ကျော်ဖျော်ဖြေရေးနေရာတစ်ခုတွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတွင် ရှိနေကြောင်း သိရပါတယ်။
တနင်္ဂနွေနေ့တုန်းက ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ယင်းကမ္ဘာ့ဖလားပရိသတ်ဇုံနေရာတွင် ကမ္ဘာ့ဖလားပွဲအား ပြသနေခြင်း မရှိပါဘူး။
ယင်းပစ်ခတ်မှု ဖြစ်ပွားရာ နေရာမှာ ကမ္ဘာ့ဖလားပွဲများအား ကြီးမားတဲ့ မျက်နှာပြင်များဖြင့် တိုက်ရိုက်ပြသတဲ့ San Francisco Bay Area မှ San Pedro Square တွင် ဖြစ်ပျက်ခဲ့တာပါ။
San Francisco Bay Area မှာ ကမ္ဘာ့ဖလားပွဲ ၅ ပွဲ လက်ခံကျင်းပထားပြီး နောက်ဆုံး လက်ခံကစားတဲ့ပွဲမှာ ဗုဒ္ဓဟူးနေ့တွင် ပူးတွဲအိမ်ရှင် အမေရိကန်နှင့် ဘော့စနီးယားတို့ ကစားမဲ့ ၃၂ သင်း ရှုံးပွဲအဆင့်ပွဲစဉ်ဖြစ်ပါတယ်။
အထက်ပါ အခင်းဖြစ်ပွားပြီးနောက် ယင်းဧရိယာအတွင်းမှ ဘားအချို့တို့အား ပိတ်ထားကြောင်း သိရပါတယ်။

image

အဲဗာတန်သို့ အပြီးသတ် ပြောင်းရွှေ့ရန် ချဲလ်ဆီးရဲ့‌ဂျော့ နီးစပ်နေ
===================

အဲဗာတန်ဟာ ချဲလ်ဆီးမှ အငှားဖြင့် လာရောက်ကစားခဲ့တဲ့ တောင်ပံကစားသမားတိုင်ရီကေးဂျော့ကို အပြီးသတ်ခေါ်ယူရေး နီးစပ်နေပြီ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီဝက်တုန်းက ပေါင် ၂၅ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မဲ့အချက်ဖြင့် အငှားဖြင့် လာရောက်ကစားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဗာတန်ဟာ ပြောင်းရွှေ့ကြေးကို ထပ်ဆောင်းကြေးဖြင့် ပြန်လည်ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့နိုင်ခဲ့ပါတယ်။
ဂျော့ဟာ အဲဗာတန်တွင် လေးလတာ အငှားဖြင့် ကစားစဉ်အတွင်း ၁၁ ပွဲတည်းသာ ကစားခဲ့ပေမဲ့လည်း ဒေးဗစ်မိုယက်စ်ရဲ့ ယုံကြည်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အဲဗာတန်ဟာ ဂျော့အား ခေါ်ယူရေး နီးစပ်နေသလို မစ်ဒယ်ဘရော့အလယ်တန်းကစားသမားဟေဒန်ဟက်နေးကိုလည်း ပေါင် ၁၆ သန်းဖြင့် ခေါ်ယူရေး အပြီးသတ်လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် အဲဗာတန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖရိုင်းဘတ်မှ အငှားဖြင့် လာရောက်ကစားခဲ့တဲ့ အလယ်တန်းတိုက်စစ်သမားမာလင်းရိုလ်ကိုလည်း အပြီးသတ်ခေါ်ယူရေး လုပ်ဆောင်နေပါတယ်။
အဲဗာတန်ဟာ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ ဆီးမပ်စ်ကိုးလ်မန်းနှင့် အိုင်ဒရက်စ်ဆာဂါနာဂူယီတို့ကို ထွက်ခွာခွင့်ပေးထားပါတယ်။

image

ဂျာမနီကို အနိုင်ရရှိကာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ပြီးနောက် ရုံးပိတ်ရက်သတ်မှတ်ပေးလာတဲ့ ပါရာဂွေး
==================

ပါရာဂွေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီကို အနိုင်ရရှိကာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ပြီးနောက် နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးလာပါတယ်။
တောင်အမေရိကအသင်းဟာ တနင်္လာနေ့တုန်းက ကမ္ဘာ့ဖလား ၄ ကြိမ် ချန်ပီယံအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ခဲ့ပါတယ်။
ဂျာမနီကို အနိုင်ရရှိကာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ပြီးနောက် ပါရာဂွေးနိုင်ငံရဲ့ မြို့တော် အဆန်စီယွန်တွင် ထောင်ပေါင်းများစွာသော ပါရာဂွေးပြည်သူတို့ အကြီးအကျယ် ညလုံးပေါက် အောင်ပွဲခံခဲ့ကြပါတယ်။
ဂျာမနီနှင့်ပွဲအတွင်းတွင်ပင် ပါရာဂွေးအစိုးရက အင်္ဂါနေ့အား နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် ကြေညာပေးလာပါတယ်။
ပါရာဂွေးအစိုးရဟာ တနင်္လာနေ့ တစ်ညလုံး အောင်ပွဲခံမှုနှင့်အတူ အင်္ဂါနေ့အား ရိုက်ခတ်လာမှုကြောင့် ယခုကဲ့သို့ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးလာတာလည်း ဖြစ်ပါတယ်။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
ပါရာဂွေးဟာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်တွင် ပြင်သစ်နှင့် ဆွီဒင်ပွဲစဉ်မှ အနိုင်ရတဲ့အသင်းနှင့် ရင်ဆိုင်ကစားရပါမယ်။

image

ဂျိမ်းစ်ဘွန်းမင်းသားဖြစ်လိုကြောင်း အင်္ဂလန်စတားဘယ်လင်ဂမ်ဖွင့်ဟလာ
=====================

ဂျူ့ဘယ်လင်ဂမ်က ဂျိမ်းစ်ဘွန်းမင်းသားသစ် ဖြစ်လိုကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ဂျူ့ဘယ်လင်ဂမ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြကစားနေပြီး Mr. England အဖြစ် တင်စားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။
ဂျိမ်းစ်ကော်ဒန်ရဲ့ FOX TV အစီအစဉ်တွင် ဘယ်လင်ဂမ်က ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားတွင် ပါဝင်သရုပ်ဆောင်လိုကြောင်း ဖွင့်ဟလာတာလည်း ဖြစ်ပါတယ်။
ဘယ်လင်ဂမ်က "ရုပ်ရှင်တစ်ကားမှာ ပါဝင်လိုတယ်။ ဘယ်ရုပ်ရှင်လဲ သိလား။ ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ ပါဝင်ချင်တာ။ ဂျိမ်းစ်ဘွန်းကို သဘောကျတယ်။ ကားတိုင်း ကြည့်ဖြစ်တယ်။ အရန်ပဲ ဖြစ်ဖြစ်၊ ဖြတ်လျှောက်ပဲ ဖြစ်ဖြစ် ပါဝင်လိုတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်စူပါစတားဟာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်ရဲ့ “The name’s Bond, James Bond” ဆိုတဲ့ စကားလုံးကိုလည်း ပြောဆို သရုပ်ဆောင်ခဲ့သလို ၁၉၉၂ ခုနှစ် A Few Good Men ဇာတ်ကားမှ ဂျက်နီကိုဆင်ရဲ့ “You can’t handle the truth” စကားပြောခန်းကိုလည်း သရုပ်ဆောင်ပြခဲ့ပါသေးတယ်။
ဘယ်လင်ဂမ်ရဲ့ အင်္ဂလန်အသင်းဟာ အင်္ဂါနေ့မှာ ကမ္ဘာဖ့လား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဒီမိုကရက်တစ်ကွန်ဂိုနှင့်ရင်ဆိုင်ကစားရပါမယ်။

image