ဂရိတရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ၁၅ လချမှတ်လာမှုကို မက်ဂွိုင်းယား အယူခံဝင်မည်
===================
ယူနိုက်တက်ဗဟိုနောက်ခံလူဟယ်ရီမက်ဂွိုင်းယားဟာ ၂၀၂၀ ခုနှစ် ဩဂုတ်လတုန်းက မိုင်ကိုနို့စ်ကျွန်းတွင် ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုအတွက် ဂရိတရားရုံးတစ်ခုရဲ့ ဆိုင်းငံ့ထောင်ဒဏ် ၁၅ လ ချမှတ်ခြင်းခံလာရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အရပ်ဆိုင်ရာဝန်ထမ်းအား ဒဏ်ရာအနာတရ ရအောင် တိုက်ခိုက်မှု၊ လာဘ်ထိုးရန် ကြိုးပမ်းမှု၊ ဆဲဆိုမှုတို့အတွက် ၂၀၂၀ ခုနှစ်တုန်းက ဆိုင်းငံ့ထောင်ဒဏ် ၂၁ လနှင့် ၁၀ ရက်ချမှတ်ခြင်းခံခဲ့ရတာပါ။

နောက်တစ်နေ့တွင် မက်ဂွိုင်းယားရဲ့ ရှေ့နေအဖွဲ့က တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပြီးနောက် ယခု ထပ်မံ ဆုံးဖြတ်ချက်ချလာတာ ဖြစ်ပါတယ်။

မက်ဂွိုင်းယားအမှုကို ပြန်လည်စစ်ဆေးရေးအတွက် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် လေးကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဆိုင်ရို့စ်တွင် စစ်ဆေးမှု ပြန်လည်စတင်ခဲ့ပါတယ်။

အမှုအား ထပ်မံ စစ်ဆေးမှု ပြုလုပ်ရာတွင် မက်ဂွိုင်းယားမှာ ပြင်းထန်မှုမရှိတော့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ဖမ်းဆီးမှုအား ခုခံမှု၊လာဘ်ပေးရန် ကြိုးပမ်းမှုတို့ ပြုလုပ်ခဲ့ကြောင်း တရားရုံးက ကောက်ချက်ချခဲ့ပါတယ်။

ယင်းနောက် တရားရုံးက မက်ဂွိုင်းယားရဲ့ ပြစ်ဒဏ်အား ဆိုင်းငံ့ထောင်ဒဏ် ၁၅ လသို့ လျှော့ချခဲ့ပါတယ်။

ဒါ့အပြင် Daily Mail သတင်းစာရဲ့ ဖော်ပြမှုအရ မက်ဂွိုင်းယားဟာ အမှုအား ရုံးတင် စစ်ဆေးမှု မပြုလုပ်မီ အမှုပိတ်သိမ်းရေးအတွက် ပေါင် ၄၃၅၀၀ လာဘ်ပေးရန် ပြောဆိုခဲ့ခြင်းခံခဲ့ရပေမယ့်လည်း မပေးခဲ့ကြောင်း သိရပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာ မိုင်ကိုနို့စ်ကျွန်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြဿနာတက်ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရဲစခန်းတွင် ၂ ရက်တိုင်တိုင် ထိန်းသိမ်းခံခဲ့ရပါတယ်။

တဖက်တွင် မက်ဂွိုင်းယားက ၎င်းမှာ အမှားအယွင်းတစုံတရာ မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုထားပြီး နိုင်ငံတော် တရားရုံးချုပ်ထံ ထပ်မံ အယူခံဝင်ရန် စီစဉ်ထားပါတယ်။

မက်ဂွိုင်းယားဟာ ဆိုင်ရို့စ်တွင် ပြုလုပ်တဲ့ ကြားနာစစ်ဆေးမှုအား တက်ရောက်ခဲ့ခြင်း မရှိဘဲ နယူးကာဆယ်အား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပါဝင်ခဲ့ပါတယ်။

image

ကြံ့ခိုင်မှု ပြည့်ဝရေး အသင်းဟောင်းစပါးစ်တွင် လေ့ကျင့်ခန်းဆင်းနေတဲ့ ဒီလီအလီ
====================
အင်္ဂလန်စတားဟောင်းဒီလီအလီဟာ ကြံ့ခိုင်မှုပြည့်ဝရေးအတွက် အသင်းဟောင်းစပါးစ်နှင့်အတူ လေ့ကျင့်ခန်းဆင်းနေပါတယ်။

အသက် ၂၉ နှစ်ရှိ အလယ်တန်းကစားသမားဟာ ပြီးခဲ့တဲ့နှစ်တုန်းက အီတလီကလပ် ကိုမိုမှ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး နွေရာသီတွင် အသင်းသစ်ရှာဖွေနိုင်ရေး ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံ ရှိရန်အတွက် Hotspur Way တွင် တကိုယ်တော် လေ့ကျင့်ခန်းဆင်းမှုများ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလီအလီဟာ အိုင်ဂေါ်ကျူဒိုရဲ့ ပထမအသင်း (သို့မဟုတ်) လူငယ်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခြင်း မရှိပါဘူး။

ဒီလီအလီဟာ သီးသန့်ငှားရမ်းထားတဲ့ ကြံ့ခိုင်မှုနည်းပြရဲ့ လမ်းညွှန်မှုဖြင့် လေ့ကျင့်ခန်းဆင်းနေတာပါ။

သူဟာ စပါးစ်အသင်းတွင် လေ့ကျင့်ခန်းမဆင်းမီ အာဆင်နယ်အား ရှုံးနိမ့်တဲ့ မြောက်လန်ဒန်ဒါဘီပွဲအား အထူးဧည့်သည်အဖြစ် တက်ရောက်ကြည့်ရှုခဲ့ပါသေးတယ်။

သူဟာ စပါးစ်အတွက် ၆၇ ဂိုးသွင်းကာ ၅၉ ကြိမ်ဖန်တီးပေးခဲ့သူ ဖြစ်ပြီး စပါးစ်တွင် ကစားနေစဉ်အတွင်း PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ၂ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

image

အရိုးအက်ဒဏ်ရာကြောင့် မျက်နှာဖုံးစွပ်ပြီး ပွဲကစားလာမယ့် ဘာစီလိုနာစတားလီဝန်ဒေါ့စကီး
=====================
ဘာစီလိုနာတိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးဟာ အရိုးအက်ဒဏ်ရာကြောင့် မျက်နှာဖုံးစွပ်ကာ ပွဲကစားလာတော့မှာ ဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ဗီလာရီးရဲလ်နှင့်ပွဲစဉ်တွင် ဘယ်ဖက်မျက်လုံး ဧရိယာတွင် အရိုးအက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ယခုအခါ မျက်နှာဖုံးစွပ်ကာ ပွဲကစားလာတော့မှာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်ရှိ ဒေါ့မွန်နှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်းဟာ ယင်းဒဏ်ရာကြောင့် ကြားရက်တုန်းက အက်သလက်တီကိုအား အနိုင်ရခဲ့ပေမယ့်လည်း ကိုပါဒယ်ရေးဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရတဲ့ပွဲအား လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့် လီဝန်ဒေါ့စကီးဟာ စနေနေ့တွင် ဘီလ်ဘာအိုအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမယ့် ပွဲစဉ်မှာတော့ မျက်နှာဖုံးစွပ်ကာ ပါဝင်ကစားလာတော့မှာလည်း ဖြစ်ပါတယ်။

ရောဘတ်လီဝန်ဒေါစကီးဟာ ၂၀၁၅ ခုနှစ်မေလတုန်းက ဘိုင်ယန်မြူးနစ်တွင် ကစားနေစဉ်တုန်းကလည်း မေးရိုးအက်ဒဏ်ရာကြောင့် မျက်နှာဖုံးစွပ်ကာ ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲအား ကစားခဲ့ဖူးပါတယ်။

image

ဒါရင်းဖလက်ချာရဲ့ ယူနိုက်တက်ယူ-၁၈ ကို Premier League Cup ဗိုလ်လုပွဲသို့ ပို့ဆောင်လာတဲ့ ဝိန်းရွန်းနီရဲ့သားကိုင်ရွန်းနီ
=====================
ယူနိုက်တက်ယူ-၁၈ ဟာ အချိန်ပိုတွင် ဝက်စ်ဟမ်းအား နောက်ကလိုက်ကစားကာ ၃-၁ ဖြင့် အနိုင်ယူပြီး Premier League Cup ဗိုလ်လုပွဲသို့ တက်ရောက်လာပါတယ်။

အဆိုပါပွဲစဉ်ကို ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်လည်း လာရောက် ကြည့်ရှုခဲ့တာ ဖြစ်ပြီး ကိုင်ရွန်းနီဟာ လူစားဝင်ရောက်လာပြီးနောက် ပါရမီရှင် ဂျေဂျေဂါဘရီရယ်နှင့် တွဲဖက်ကာ ယူနိုက်တက်အား နိုင်ပွဲ ရရှိအောင် ကူညီပေးခဲ့ပါတယ်။

ဒါရင်းဖလက်ချာကိုင်တွယ်နေတဲ့ ယူနိုက်တက်ယူ-၁၈ ဟာ Premier League Cup ဗိုလ်လုပွဲတွင် ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ကစားရပါမယ်။

အဆိုပါပွဲစဉ်တွင် ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကို နောက်ကလိုက်ကစားခဲ့ရပေမယ့်လည်း ပထမပိုင်းမှာပင် အသက် ၁၅ နှစ်အရွယ်ရှိ ဂျေဂျေဂါဘရီရယ်ရဲ့ ဂိုးဖြင့် ချေပဂိုး ရခဲ့ပါတယ်။

ယင်းနောက် ယူနိုက်တက်ဟာ အချိန်ပို ဒုတိယပိုင်းတွင် နသန်နီရယ်ဂျူနီယာဘရောင်းနှင့် ကိုင်ရွန်းနီတို့ သွင်းယူတဲ့ဂိုးတွေဖြင့် ဝက်စ်ဟမ်းကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

image

အရေးပါတဲ့ မိုနာကိုနှင့်ပွဲစဉ်တွင် ပီအက်စ်ဂျီစတားဒမ်ဘီလီ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိ
=====================
ပီအက်စ်ဂျီစတားအူစမာနီဒမ်ဘီလီဟာ ခြေသလုံးဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ လေ့ကျင့်ခန်းဆင်းလာနိုင်မှုနှင့်အတူ မိုနာကိုနှင့်ပွဲတွင် ပြန်လည် ကစားလာနိုင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်စတားဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တုန်းက Stade Louis-II တွင် မိုနာကိုနှင့် ကစားတဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်တွင် ခြေသလုံး ဒဏ်ရာရရှိကာ ပွဲချိန် ၂၇ မိနစ်တွင် လူစားလဲလှယ်ခဲ့ရပြီးနောက် အနားယူလာခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ ခြေသလုံးဒဏ်ရာကြောင့် နှစ်ပတ်ကြာ အနားယူရစဉ်အတွင်း မက်ဇ်၊ လီဟာဗရီတို့အား အနိုင်ရတဲ့ပွဲများနှင့် မိုနာကိုနှင့် ၂ ဂိုးစီသရေကျတဲ့ ဒုတိယအကျော့ပွဲစဉ်တို့အား လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၅ ခုနှစ် Ballon d'Or ဆုရှင်ဟာ တကိုယ်တော်လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် အသင်းနှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းလာနိုင်မှုနှင့်အတူ ပြန်လည် ကစားနိုင်ရေး နီးစပ်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီနည်းပြအဖွဲ့ဟာ ဒမ်ဘီလီအား အလျှင်စလို အသုံးပြုလာမှာ မဟုတ်ဘဲ ကြံ့ခိုင်မှု လုံးဝ ကောင်းမွန်လာချိန်တွင်မှ အသုံးပြုရန် စီစဉ်ထားပါတယ်။

လီဂူး ၁ အမှတ်ပေးဇယားထိပ်ဆုံးတွင် ၄ မှတ်ဖြတ်ကာ ဦးဆောင်နေတဲ့ ပီအက်စ်ဂျီဟာ သောကြာနေ့တွင် Parc des Princes မှာ မိုနာကိုအား ဧည့်ခံကစားရပါမယ်။

image

အာဆင်နယ်နှင့် အာတီတာအား နောက်ထပ် ကြီးမားတဲ့ တိုက်ခိုက်မှု ပြုလုပ်လာပြန်တဲ့ ဘရိုက်တန်နည်းပြ
====================
အကြီးအကျယ်ဒေါသထွက်နေတဲ့ ဖေဘီယန်ဟူဇီလာဟာ ဗုဒ္ဓဟူးနေ့တုန်းက အာဆင်နယ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အာဆင်နယ်နှင့် မီခေးလ်အာတီတာတို့အား ထပ်မံ တိုက်ခိုက်မှု ပြုလုပ်လာပါတယ်။

အာဆင်နယ်ကို ရှုံးနိမ့်တဲ့ပွဲအပြီးတွင် ဟူဇီလာက ၎င်းမှာ အာတီတာရဲ့ နည်းလမ်းမျိုးဖြင့် ဘယ်တော့မှ နိုင်ပွဲ ရရှိရန် ကြိုးပမ်းလာမယ့် နည်းပြဖြစ်လာမှာ မဟုတ်ကြောင်း ပြောဆိုလာသလို အာဆင်နယ်မှာ ကိုယ်ပိုင် စည်းမျဉ်းများ ချမှတ်နေကြောင်း စွပ်စွဲပြောဆိုမှု ပြုလုပ်လာပါတယ်။ ဒါ့အပြင် ဟူဇီလာဟာ အာဆင်နယ်ရဲ့ ၁၅ မိနစ်အထိ အချိန်ဖြုန်းတဲ့ လုပ်ရပ်ကိုလည်း ဝေဖန်သွားပါတယ်။

အာဆင်နယ်ဟာ ဘူကာယိုဆာကာရဲ့ ဂိုးဖြင့် ဘရိုက်တန်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မန်စီးတီးမှာ နော်တင်ဟမ်ဖောရက်စ်နှင့် ၂ ဂိုးစီသရေကျမှုကြောင့် အမှတ်ပေးဇယားအား ၇ မှတ်အထိ ဖြတ်ကာ ဦးဆောင်လာပါတယ်။

ပထမပိုင်းတွင် ကွင်းဘေးစည်းတွင် အာတီတာနှင့် ပြဿနာတက်ခဲ့တဲ့ ဟူဇီလာက "ဒီကနေ့ တစ်သင်းတည်းပဲ ဘောလုံးကစားဖို့ ကြိုးစားခဲ့ပါတယ်။ အချိန်ဖြုန်းတာတွေ အများကြီးပါ။ အဆုံးသတ်မှာတော့ ဒါက စည်းမျဉ်းကြောင့်ပါပဲ။ ပရီးမီးယားလိဂ်၊ ဒိုင်လူကြီးတွေကသာ အရာအားလုံးကို ခွင့်ပြုနေမယ်ဆိုရင် ခက်ခဲလာပါမယ်။ သူတို့(အာဆင်နယ်)က ကိုယ်ပိုင်စည်းမျဉ်း ပြဌာန်းတယ်။ အခုအချိန်မှာ ဘယ်လိုပဲ ကစားနေပါစေ သူတို့ဟာ သူတို့ စည်းမျဉ်းပြဌာန်းနေတယ်လို့ ခံစားနေရတယ်။ အားလုံးခြုံပြောရင် ကျွန်တော်ကတော့ ဒီလို နည်းလမ်းမျိုးနဲ့ အနိုင်ရဖို့ ကြိုးစားတဲ့ နည်းပြမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကစားသမားတွေကို ပိုကောင်းစေချင်တယ်။ ကစားသမားတွေကို ဆက်ပြီးတော့ ကောင်းမွန်လာစေချင်တယ်၊ ကွင်းထဲမှာ ဘောလုံးကစားစေချင်ပါတယ်"လို့ ဝေဖန်သွားပါတယ်။

တဖက်တွင် အာတီတာကလည်း ဘရိုက်တန်နည်းပြမှာ အမြဲတမ်း စောဒကတက်နေတတ်တဲ့ နည်းပြဖြစ်ကြောင်း ပြန်လည်ဝေဖန်သွားပါတယ်။

ဟူဇီလာဟာ ပထမပိုင်းတွင် အာဆင်နယ်ရဲ့ လက်ပစ်ဘောနှင့် အလွတ်တည်ကန်ဘောတို့ ကန်ရာတွင် အချိန်ဖြုန်းမှုအတွက် စတုတ္ထဒိုင်လူကြီးဒေးဗစ်ဝက်ဘ်အား စောဒကတက်ရာမှ အာတီတာနှင့် အချင်းများခဲ့ကြပါတယ်။

image

နိုင်ငံနှင့် ကစားဖော်များရဲ့မိသားစုအတွက် အလွန်အမင်းစိုးရိမ်နေကြောင်း အီရန်နိုင်ငံတော်သီချင်း ဆိုရန် ငြင်းကာ သပိတ်မှောက်ခဲ့တဲ့ အီရန်တိုက်စစ်မှူးဖွင့်ဟလာ
================
အီရန်တိုက်စစ်မှူးဆာရာဒီဒါက အရှေ့အလယ်ပိုင်းတွင် ဖြစ်ပျက်နေတဲ့ ပဋိပက္ခနှင့်ပတ်သက်ပြီး အီရန်အနေဖြင့် သတ္တိရှိရှိ ရှင်သန်နေရမည်ဖြစ်ကြောင်း အားပေးတိုက်တွန်းလာပါတယ်။

အီရန်အမျိုးသမီးအသင်းဟာ ဩစတြေးလျတွင် ကျင်းပနေတဲ့ အာရှဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေပြီး ကြာသပတေးနေ့တွင် အိမ်ရှင် ဩစတြေးလျနှင့် ရင်ဆိုင် ကစားရပါမယ်။

အီရန်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက နိုင်ငံအဓိပတိခါမီနီကို အမေရိကန်-အစ္စရေးတို့က ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ကာ လုပ်ကြံခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းနိုင်ငံများ တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။

တဖက်တွင် အီရန်တွင် အင်တာနက် ပြတ်တောက်မှုများ ဖြစ်ပျက်နေကာ ဩစတြေးလျရောက် အီရန်ကစားသမားများမှာ မိသားစုဝင်များနှင့် ဆက်သွယ်ရန် ခက်ခဲနေပြီး အကြီးအကျယ် စိုးရိမ်နေကြရပါတယ်။

ဒီဒါက "အီရန်မှာ ဖြစ်ပျက်နေတာတွေအတွက် အရမ်း စိုးရိမ်ရသလို စိတ်မကောင်းလည်း ဖြစ်ရတယ်။ ကျွန်မတို့ မိသားစုတွေက အီရန်မှာပါ။ ကျွန်မတို့ နိုင်ငံအတွက် သတင်းကောင်း ကြုံလာဖို့ မျှော်လင့်ပါတယ်။ ကွန်မတို့ရဲ့ နိုင်ငံ သန်သန်မာမာနဲ့ ရှင်သန်ဖို့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။

အီရန်ကစားသမားများနှင့် နည်းပြဂျာဖာရီတို့ဟာ အီရန်ရဲ့ နိုင်ငံရေးနှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားရန် ငြင်းဆိုထားကြပါတယ်။

ဒါပေမယ့် အီရန်အသင်းဟာ တနင်္လာနေ့တုန်းက တောင်ကိုရီးယားကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲမတိုင်မီ နိုင်ငံတော်သီချင်းသီဆိုတဲ့ အစီအစဉ်တွင် နှုတ်ဆိတ်နေကာ သပိတ်မှောက်ခဲ့ကြပါတယ်။

အီရန်ပရိသတ်အချို့တို့မှာ တောင်ကိုရီးယားပွဲစဉ်အတွင်းတွင် အီရန်အလံကို လွှင့်ခဲ့ကြပါတယ်။

image

အမေရိကန်-အီရန်ပဋိပက္ခကြောင့် ဘန်ကာထဲတွင် ဝင်ပုန်းနေရတဲ့ ပရီးမီးယားလိဂ်စတား
===================
နယူးကာဆယ်စတားဖေဘီယန်ရှားဟာ အရှေ့အလယ်ပိုင်းပဋိပက္ခကြားထဲသို့ ရောက်နေပြီး အသက်အန္တရာယ်အလွန်စိုးရိမ်နေရမှုနှင့်အတူ ဘန်ကာထဲတွင် ဝင်ပုန်းအောင်းနေထိုင်နေရပါတယ်။

အသက် ၃၄ နှစ်ရှိ ဆွစ်ဇာလန်နောက်ခံလူဟာ ဇန်နဝါရီလတုန်းက ခြေကျင်းဝတ်ဒဏ်ရာရရှိပြီးနောက် အရှေ့အလယ်ပိုင်းသို့ သွားရောက်ကာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

ရှားဟာ ပြီးခဲ့တဲ့အပတ်မှ စတင်ကာ နယူးကာဆယ်ရဲ့ ခွင့်ပြုချက်ဖြင့် အရှေ့အလယ်ပိုင်းသို့ လာရောက်ကာ ပူနွေးရာသီ လေ့ကျင့်ခန်းပြုလုပ်ကာ ပြန်လည်ထူထောင်ရေး လာရောက်လုပ်ဆောင်နေတာပါ။

ဒါပေမယ့် သူ ရောက်လာပြီး မကြာမီမှာပင် အမေရိကန်နှင့် အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအား အီရန်က ဒရုန်းဖြင့် တုံ့ပြန် တိုက်ခိုက်မှု ပြုလုပ်နေပါတယ်။

ရှားဟာ လက်ရှိအချိန်တွင် အသက်အန္တရာယ်စိုးရိမ်စရာ မရှိပေမယ့်လည်း သူ့ရဲ့ တုန်လှုပ်စရာအခြေအနေအား အင်စတာဂရမ်တွင် ပို့စ်တင်ကာ အသိပေးလာပါတယ်။

ရှားက "အရှေ့အလယ်ပိုင်းမှာ ဖြစ်ပျက်နေတာကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ရတဲ့ ကြောက်စရာအကောင်းဆုံးနေ့ရက်တွေကို ဖြတ်သန်းနေရပါတယ်။ ပြန်လည်ထူထောင်ရေးအစီအစဉ်ရဲ့အစိတ်အပိုင်းအဖြစ် ဒီကို ရောက်နေတာပါ။ လုံခြုံစိတ်ချရတဲ့နေရာ ရှာတွေ့လို့ ဝမ်းသာရတယ်။ ဒါပေမယ့် ကြုံတွေ့ရတာ၊ ဖြစ်နေတာတွေက တကယ်ပဲ ကြောက်စရာကောင်းလှပါတယ်။ ရိုက်ခတ်တဲ့ ဧရိယာက လူတွေအားလုံး လိုအပ်တဲ့ အကူအညီ ရလာဖို့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။

ဖေဘီယန်ရှား တင်လာတဲ့ ဓာတ်ပုံတွင် မြေအောက်ထပ်တွင် လူများ ကြုံသလို နေထိုင်နေရတာ တွေ့ရပါတယ်။

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပျက်နေတဲ့ ပဋိပက္ခကြောင့် ဒူဘိုင်း၊ ဒိုဟာလေဆိပ်များ ပိတ်ထားရပါတယ်။

ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းတွင် လေကြောင်းလိုင်းအချို့ ပြန်လည် အသက်ဝင်လာကာ ဗြိတိန်နိုင်ငံသားတို့ ဗြိတိန်သို့ ပြန်လာနိုင်ခဲ့ကြပါတယ်။

တဖက်တွင် ဖေဘီယန်ရှားကတော့ အရှေ့အလယ်ပိုင်းမှ ထွက်ခွာရေး မရေမရာ ဖြစ်နေပါတယ်။

၂၀၁၈ ခုနှစ်တွင် ဒီပို့တီဗိုမှ ရောက်လာတဲ့ ဖေဘီယန်ရှားဟာ လာမယ့် ဇွန်လတွင် နယူးကာဆယ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူ ဖြစ်ပါတယ်။

သူဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရပြီး လာမယ့် ဧပြီလတွင်မှ ပြန်လည် ကစားလာနိုင်မယ့် အခြေအနေတွင် ရှိနေပါတယ်။

image

လီဗာပူးနှင့် ချန်ပီယံလိဂ် ၁၆ သင်း ဒုတိယအကျော့ပွဲစဉ်အား ဂါလာတာစာရေးပရိသတ်များ ပိတ်ပင်ခံရ
====================
ဂါလာတာစာရေးပရိသတ်များဟာ ဂျူဗင်တပ်နှင့် ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်မှ အဖြစ်အပျက်ကြောင့် ယခုလနှောင်းပိုင်းတွင် လီဗာပူးအား အဝေးကွင်းသို့ သွားရောက် ကစားရမယ့်ပွဲအား ပွဲကြည့်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ဂါလာတာစာရေးပရိသတ်များဟာ ဖေဖော်ဝါရီလ ၂၅ ရက်‌နေ့ တူရင်တွင် ကစားတဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့သလို မီးရှူးများ ပစ်လွှတ်ခဲ့ကြပါတယ်။

ဂါလာတာစာရေးဟာ တူရင်တွင် ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်းရလဒ် ၇-၅ ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

ယခုအခါ ယူအီးအက်ဖ်အေက ဂါလာတာစာရေးပရိသတ်များအား မတ်လ ၁၈ ရက်နေ့ အန်ဖီးလ်သို့ သွားရောက် ကစားရမယ့်ပွဲစဉ်တွင် လက်မှတ်ဝယ်ယူခွင့် ပိတ်ပင်မှု ပြုလုပ်လာတဲ့အပြင် ယူရို ၄၀၀၀၀ လည်း ဒဏ်ရိုက်လာပါတယ်။

ဂါလာတာစာရေးက ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ကြေညာထားပါတယ်။

image

ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက ပေါင်သန်း ၁၂၀ အထိ နစ်နာလာမယ့် လီဗာပူး
===================
လီဗာပူးဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၅ သင်းစာရင်းဝင်ခြင်း မရှိဘဲ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက ပေါင်သန်း ၁၂၀ အထိ နစ်နာဆုံးရှုံးလာဖို့ ရှိနေပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးဟာ Molineux တွင် ဝုဗ်အား ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ချဲလ်ဆီးက ဗီလာကို အဝေးကွင်းတွင် ၄-၁ ဖြင့် အနိုင်ရရှိသွားပြီးနောက် ဂိုးကွာခြားချက်ဖြင့် အဆင့် ၆ နေရာသို့ ဆင်းပေးလာရပါတယ်။

တကယ်လို့များ လီဗာပူးဟာ ယခုရာသီ ထိပ်ဆုံး ၅ သင်းစာရင်း မဝင်ဘဲ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက အားကစားတွင်သာမက ဘဏ္ဍာရေးပိုင်းတွင်လည်း များစွာ ရိုက်ခတ်လာပါမယ်။

ဘောလုံးဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူ ကီရန်မက်ဂွိုင်းယားက လီဗာပူးမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက ပေါင်သန်း ၁၂၀ အထိ နစ်နာလာနိုင်ကြောင်း သုံးသပ်သွားပါတယ်။

လီဗာပူးဟာ ၂၀၂၄-၂၅ ရာသီတုန်းက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ယူရို ၉၈.၁ သန်း ရရှိခဲ့ပါတယ်။

လီဗာပူးဟာ ၂၀၂၃-၂၄ ရာသီတုန်းက ယူရိုပါလိဂ်သာ ဝင်ခွင့် ရပြီးနောက် ကွာတားဖိုင်နယ်အထိ တက်ခဲ့ပေမယ့်လည်း ယူရို ၂၆.၈ သန်းသာ ရရှိခဲ့ပါတယ်။

စပါးစ်မှာလည်း ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ယူရို ၄၁.၄ သန်းတည်းသာ ရခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ကစားသမားခေါ်ယူအားဖြည့်ရန် ပေါင်သန်း ၄၅၀ အထိ အသုံးပြုခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်တွင် ကလပ်တစ်ခုရဲ့ စံချိန်တင်အသုံးစရိတ်ဖြစ်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့အပတ်တုန်းက ၂၀၂၅ ခုနှစ် မေလအထိ တစ်နှစ်တာ ဘဏ္ဍာရေးရှင်းတမ်း ကြေညာခဲ့ရာ ဝင်ငွေ ပေါင် ၇၀၃ သန်း ရရှိခဲ့ပြီး ပေါင် ၈ သန်း အမြတ် ရရှိခဲ့ပါတယ်။

image