Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုရှား GAZ Group က ဖနောင်ပင် မော်တော်ယာဉ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
ရုရှားနိုင်ငံ၏ အကြီးဆုံး ကူးသန်းရောင်းဝယ်ရေးယာဉ် ထုတ်လုပ်သူနှင့် တင်ပို့သူများအနက်တစ်ခုဖြစ်သည့် GAZ Group သည် လျင်မြန်စွာ တိုးတက်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေရန် အထူးစိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်း ကဲ့သို့ စိတ်ဝင်စားမှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာအပေါ် နိုင်ငံတကာ၏ ယုံကြည်မှု ပိုမိုမြင့်မားလာခြင်းကို ပြသနေပေသည်။
ဇွန်လ ၁၈ ရက်က ရုရှားနိုင်ငံ ကာဇန်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံ-ရုရှား ဆက်ဆံရေး ၃၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ၏ပြင်ပ တွင် GAZ Group ၏ ပို့ကုန်ဆိုင်ရာ ဒါရိုက်တာ ဒိုဂေါ့ဗ် လီယိုနစ် နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် တို့ တွေ့ဆုံဆွေးနွေး ကြရာတွင် ယခုကဲ့သို့ စိတ်ဝင်စားမှုကို ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် လီယိုနစ်က GAZ Group ၏ လုပ်ငန်းလည်ပတ်မှုများနှင့် နိုင်ငံတကာသို့ ဖြန့်ကြက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍတွင် ကုမ္ပဏီ၏ ကျယ်ပြန့်သော အတွေ့အကြုံများကို အလေးပေး တင်ပြခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရုရှားနိုင်ငံအနောက်ပိုင်း နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ်တွင် ရုံးချုပ်စိုက်ထားသည့် GAZ Group သည် မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာတွင် ဆယ်စုနှစ် ၉ ခုနီးပါး အတွေ့အကြုံရှိသော ကုမ္ပဏီဖြစ်သည်။
လီယိုနစ်၏ ပြောကြားချက်အရ အဆိုပါ ကုမ္ပဏီသည် ရုရှားနိုင်ငံရှိ ဒေသ ၈ ခုတွင် ကုန်ထုတ်လုပ်မှုစက်ရုံ ၁၅ ခု လည်ပတ်နေပြီး အရောင်းကိုယ်စားလှယ် ၂၄၀ ရှိသည့် ကွန်ရက်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ ထုတ်ကုန်များ တင်ပို့လျက်ရှိသည်။
၎င်းတို့၏ ထုတ်ကုန်များတွင် အပေါ့စားနှင့် အလတ်စား ကူးသန်းရောင်းဝယ်ရေးယာဉ်များ၊ အလတ်စား ကုန်တင်ကားများ၊ ဘတ်စ်ကားများ၊ လူနာတင်ယာဉ်များ၊ မော်တော်ယာဉ်အင်ဂျင်များ၊ အပိုပစ္စည်းများနှင့် စက်မှုလုပ်ငန်းနှင့် အများပြည်သူဝန်ဆောင်မှု ကဏ္ဍအသီးသီးအတွက် အထူးဒီဇိုင်းထုတ်ထားသည့် အထူးပြုယာဉ် အမျိုးအစားပေါင်း ၅၀၀ ကျော် ပါဝင်သည်။
GAZ Group အနေဖြင့် အာဆီယံဈေးကွက် အချို့တွင် အခြေစိုက်ထားပြီးဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပိုမိုကောင်းမွန်လာသော စီးပွားရေးပတ်ဝန်းကျင်နှင့် ဒေသတွင်း မဟာဗျူဟာမြောက် တည်နေရာတို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံကို ရှေ့လာမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုအဖြစ် ရှုမြင်ကြောင်း လီယိုနစ်က ဆိုသည်။
ထိုင်းက AI နှင့် ဒေတာမျှဝေမှုစနစ်များသုံး၍ နိုင်ငံဖြတ်ကျော်မှုခင်းများကို နှိမ်နင်းသွားမည်
ထိုင်းနိုင်ငံအနေဖြင့် ပြည်သူလူထုနှင့် ကမ္ဘာလှည့်ခရီးသွားများ၏ ဘေးကင်းလုံခြုံရေးကို အလေးအနက်ထား ဦးစားပေးလုပ်ဆောင်နေသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ကောလ်စင်တာ လိမ်လည်မှုလုပ်ငန်းများ၊ လူကုန်ကူးမှုများနှင့် ဆိုက်ဘာမှုခင်းများကို နှိမ်နင်းရန် ကြိုးပမ်းလျက်ရှိကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ သာနာဒီရက်ခ် က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ရာချာဒါ၏ သတင်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင် ချန်ဗီရကူးလ် က ပြည်သူများအတွက် လုံခြုံရေးနှင့် ဘေးကင်းမှုကို ဖော်ဆောင်ပေးနိုင်ရန် ဌာနဆိုင်ရာအားလုံး စုပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။
ယခုကဲ့သို့သော မှုခင်းအများစုသည် နယ်စပ်ဖြတ်ကျော်ကွန်ရက်များနှင့် ချိတ်ဆက်နေသဖြင့် ရာဇဝတ်ကောင်များ၏ တိုးတက်ပြောင်းလဲလာသော နည်းလမ်းများကို ရင်ပေါင်တန်းကာ အမှီလိုက် နိုင်ရန် အစိုးရအနေဖြင့် နည်းပညာသုံးကိရိယာများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
အဓိကကျသော ကိရိယာတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့၏ လိမ်လည်မှုနှင့် လူကုန်ကူးမှုဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရေးနှင့် ချိတ်ဆက်ဒေတာဘေ့စ်စနစ် (SCAM & Human Trafficking Information Exchange and Linked Database) သို့မဟုတ် "SHIELD" စနစ်ဖြစ်ပြီး ယင်းသည် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရာ ဗဟိုပလက်ဖောင်းတစ်ခုအဖြစ် နိုင်ငံအတော်များများ၏ စိတ်ဝင်စားမှုကို ရရှိထားကြောင်း ဆိုသည်။
တစ်ချိန်တည်းမှာပင် ထိုင်းအစိုးရအနေဖြင့် အဓိကစီးပွားရေးနှင့် ခရီးသွားလုပ်ငန်းနယ်မြေများတွင် စောင့်ကြည့်စစ်ဆေးမှုများနှင့် မှုခင်းကာကွယ်ရေးလုပ်ငန်းများကို မြှင့်တင်ရန်အတွက် Intelligent Bird Eye Operation Center (IBOC) ဖြင့် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုရန် ရှေ့ဆက်ဆောင်ရွက်နေပြီး ယင်းစနစ်က အရာရှိများအနေဖြင့် ပုံမှန်မဟုတ်သော အခြေအနေများကို စုံစမ်းသိရှိနိုင်စေရန်နှင့် ဖြစ်စဉ်များကို ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်စေရန် ကူညီပေးမည်ဖြစ်ကြောင်း ရာချာဒါက မှတ်ချက်ပြုပြောကြားခဲ့သည်။
ဖိလစ်ပိုင်အလယ်ပိုင်းရှိ ကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း တက်ကလိုဘန်မြို့ ရှိ ကျောင်းတစ်ကျောင်းတွင် တနင်္လာနေ့နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုသည် ကျောင်းတွင် စာသင်ကြားနေစဉ် ဒေသစံတော်ချိန် နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုမှတ်တမ်းများအရ စာသင်ခန်းတစ်ခုအတွင်း သေနတ်သံအများအပြား ထွက်ပေါ်နေစဉ် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများက ဘေးကင်းရာသို့ ဝပ်ရှောင်ပြီး ခိုလှုံရာရှာဖွေနေကြသည်ကို တွေ့ရသည်။
အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များက ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံများသို့ အပြေးအလွှား ပို့ဆောင်ပေးခဲ့ကြသည်။
ပစ်ခတ်မှုဖြစ်ပွားပြီး မကြာမီအချိန်အတွင်းမှာပင် သံသယရှိသူ တစ်ဦးကို အခင်းဖြစ်ပွားရာနေရာ၌ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကသတင်း ထုတ်ပြန်သည်။
အာဏာပိုင်များအနေဖြင့် ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်း ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ ပစ်ခတ်မှုနှင့်ပတ်သက်သည့် အခြေအနေအရပ်ရပ်ကို သိရှိနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
BIMSTEC အတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံ လွှဲပြောင်းရယူမည်
မြန်မာနိုင်ငံ၏ အနာဂတ်သည် ပိုမိုပွင့်လင်းလာပြီဖြစ်ပြီး BIMSTEC အဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း BIMSTEC အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ BIMSTEC အတွင်းရေးမှူးချုပ်က ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
BIMSTEC အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ ပြည်ပခရီးစဉ်များသည် ဒေသတွင်းဆက်ဆံရေးများကို ပိုမိုခိုင်မာအားကောင်းစေမည်ဟု ယုံကြည်ကြောင်း BIMSTEC အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံသည် BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် BIMSTEC အဖွဲ့အနေဖြင့် မကြာမီကာလအတွင်း ထိပ်သီးအစည်းအဝေးများနှင့် ဒေသတွင်းလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က BIMSTEC သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်သည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်မြောက်စေရေးအတွက် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
နှစ်ဖက်ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ BIMSTEC အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လာမည့်နှစ်တွင် မြန်မာနိုင်ငံက BIMSTEC အတွင်းရေးမှူးချုပ်တာဝန်လွှဲပြောင်းရယူမည့်ကိစ္စနှင့် တာဝန်ထမ်းဆောင်စဉ် အဖွဲ့အစည်း၏ လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် BIMSTEC အဖွဲ့ဝင်နိုင်ငံများအနက် ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သည့် နီပေါနှင့် ဘူတန်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုကောင်းမွန်လာစေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဩစတြေးလျတွင် ကြက်ငှက်တုပ်ကွေး ပိုးရှိသည့် တောရိုင်းငှက်တစ်ကောင်ကို ထပ်မံတွေ့ရှိ
ဩစတြေးလျနိုင်ငံ အနောက်ပိုင်းတွင် တွေ့ရှိရသည့် ဒုတိယမြောက် အသိုက်ပြောင်းငှက်တစ်ကောင်၌ အလွန်အန္တရာယ်များသော H5N1 ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ရှိရကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
ဩစတြေးလျ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သစ်တောရေးရာဝန်ကြီး ဂျူလီ ကောလင်းစ် က တနင်္လာနေ့တွင် ကင်ဘာရာမြို့၌ သတင်းထောက်များ ကိုပြောကြားရာတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က အနောက်ဩစတြေးလျတောင်ပိုင်းရှိ ကမ်းခြေတစ်ခုတွင် နာမကျန်းဖြစ်နေစဉ် တွေ့ရှိခဲ့သည့် မြောက်ပိုင်း ပင်လယ်စင်ရော်ငှက် တစ်ကောင်ကို စစ်ဆေးခဲ့ရာ အဆိုပါ ပြင်းထန်ရောဂါပိုး ရှိနေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
အဆိုပါ ဒေသတွင်း၌ပင် ဇွန်လ ၁၄ ရက်က နာမကျန်းဖြစ်လျက် တွေ့ရှိခဲ့သည့် ပင်လယ်စင်ရော်ညို တစ်ကောင်သည် H5N1 ရောဂါပိုးဖြင့် သေဆုံးသွားခဲ့ကြောင်း ဝန်ကြီး ကောလင်းက ပြီးခဲ့သည့် စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက်၊ ယခုအခါ ဒုတိယမြောက် ရောဂါပိုးရှိသောငှက်ကို ထပ်မံတွေ့ရှိရခြင်းဖြစ်ကာ ယင်းသည် ဩစတြေးလျအဓိကကုန်းမြေ ပေါ်တွင် ပထမဆုံး အတည်ပြုနိုင်ခဲ့သည့် ကူးစက်မှုဖြစ်စဉ်များ ဖြစ်လာသည်။
သို့သော် လက်ရှိအချိန်အထိ တောရိုင်းတိရစ္ဆာန်များ အစုလိုက်အပြုံလိုက် သေဆုံးမှုမျိုး မရှိသေးသကဲ့သို့ ဩစတြေးလျ၏ ကြက်ဘဲမွေးမြူရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးကဏ္ဍများအတွင်းသို့လည်း ယခုရောဂါပိုး ကူးစက်ပြန့်ပွားသွားခြင်း မရှိသေးကြောင်း ဝန်ကြီး ကောလင်းက တနင်္လာနေ့တွင် ဖြည့်စွက်ပြောကြားခဲ့သည်။
၎င်းက “အခု သီးခြားတွေ့ရှိရတဲ့ ငှက်နှစ်ကောင်အပြင် အဲဒီ H5 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ဟာ ဩစတြေးလျရဲ့ တောရိုင်းတိရစ္ဆာန်တွေအကြားမှာ အမြစ်တွယ် အခြေချနေထိုင်သွားခြင်း ရှိမရှိကို သိနိုင်ဖို့ ဆက်လက် စစ်ဆေးဖော်ထုတ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ဩစတြေးလျ၏ အကြီးဆုံး ကြက်ဘဲမွေးမြူရေး ထုတ်လုပ်သူများအနက်တစ်ခုဖြစ်သည့် Ingham's ကုမ္ပဏီက ကြက်ငှက်တုပ်ကွေးကြောင့် ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များကို လျှော့ချနိုင်ရန်အတွက် အနောက်ဩစတြေးလျ ရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုအားလုံးကို အပြီးအပိုင် ပိတ်ဆို့ကန့်သတ်ခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့နံနက်ပိုင်းတွင် ကြေညာခဲ့သည်။
ဩစတြေးလျ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မာရေး ဝပ် ကလည်း ယခုတုပ်ကွေးရောဂါပိုး ပြည်တွင်း၌ ကူးစက်ဖြစ်ပွားလာပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအတွင်း အကောင်းဆုံး ပြင်ဆင်ထားပြီးဖြစ်ကြောင်း တနင်္လာနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲသည့် မှော်ဘီမြို့ နယ်ရှိ ပလပ်စတစ်လုပ်ငန်း၏ လုပ်ငန်းရှင်အား မှော်ဘီမြို့မရဲစခန်းတွင်အမှုဖွင့်ထား
တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲသည့် မှော်ဘီမြို့နယ်ရှိ ပလပ်စတစ်လုပ်ငန်း၏ လုပ်ငန်းရှင်အား မှော်ဘီမြို့မရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သိရသည်။
မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင်အသုံးပြုထားသော မီတာမှာ Cover Seal နှင့် Terminal Seal များပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံ၍ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲထားကြောင်းကိုတာဝန်ရှိသူများက ဇွန် ၁၆ ရက်တွင်စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထိုသို့ ခိုးယူသုံးစွဲမှုကြောင့် လျှပ်စစ်ဓာတ်အား(၃၀၁,၄၃၄)ယူနစ် နစ်နာဆုံးရှုံးခဲ့ရသဖြင့် ကျသင့်သည့် ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေးငွေတို့ကို ဇွန် ၁၉ ရက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ပေးဆောင်စေခဲ့ကြောင်း သိရသည်။
ထို့ပြင် ပလပ်စတစ်လုပ်ငန်း၏ မီတာအားဖြုတ်သိမ်း၍ လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့်ရယူသုံးစွဲထားသည့် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် မှော်ဘီမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်အရေးယူခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်တိုင်းအပါ အဝင် တိုင်းနှင့် ပြည်နယ်များ၌ လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေမှုများကို Control Center မှတစ်ဆင့်စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ်တွေ့ရှိပါက မြေပြင်သို့သွားရောက်ပြီး တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စုံစမ်းဖော်ထုတ်အရေးယူခြင်း၊ ပြည်သူများ၏ တိကျ စွာသတင်းပေးတိုင်ကြားလာမှုများအပေါ် ထိရောက်စွာစစ်ဆေးအရေးယူခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အားယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရထားလက်မှတ်ခ ၅၀ ရာခိုင်နှုန်းလျှော့ပေါ့အပါအဝင် အကျိုးခံစားခွင့်များ ရရှိမည့် သက်ကြီးရွယ်အိုကတ်ပြား ၇၅ ဦးအား ထုတ်ပေး
ရထားလက်မှတ်ခ ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့်အပါအဝင် အကျိုးခံစားခွင့်များစွာ ပါဝင်သည့် သက်ကြီးရွယ်အို သက်သေခံကတ်ပြားများကို နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့မှ သက်ကြီးပုဂ္ဂိုလ် ၇၅ ဦးအား ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ယင်းသက်သေခံကတ်ပြားများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပေးအပ်ခဲ့ပြီး သက်ကြီးပုဂ္ဂိုလ်များအား အာဟာရဖြည့်စွက်စာများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။
သက်သေခံကတ်ပြားများကို ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်မှ သက်ကြီးပုဂ္ဂိုလ် ၂၅ ဦး၊ ပျဉ်းမနားမြို့နယ် မင်္ဂလာရပ်ကွက်မှ ၂၀ ဦးနှင့် ရွှေချီရပ်ကွက်မှ ၃၀ ဦး စုစုပေါင်း ၇၅ ဦးအား ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ကြီးရွယ်အို သက်သေခံကတ်ပြား ရရှိသူများသည် မြန်မာ့မီးရထား လက်မှတ်ဝယ်ယူရာတွင် ကျသင့်ငွေ၏ ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့် ရရှိမည်ဖြစ်သည်။
ထို့ပြင် အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများပိုင် ရုပ်ရှင်၊ ဇာတ်သဘင်၊ အငြိမ့်၊ သီဆိုဖျော်ဖြေပွဲ၊ ပြဇာတ်၊ ပန်းချီ၊ ပန်းပု စသည့် နိုင်ငံပိုင်ဖျော်ဖြေရေးဝန်ဆောင်မှုများတွင်လည်း ဝင်ကြေးအနည်းဆုံး ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမျိုးသားပြတိုက်သို့ ဝင်ရောက်ကြည့်ရှုရာတွင် ဝင်ကြေးကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး သက်ကြီးပုဂ္ဂိုလ်များ ကွယ်လွန်ပါက သင်္ဂြိုဟ်စရိတ် ကင်းလွတ်ခွင့်ကိုလည်း ခံစားရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
မိုးကောင်းမြို့ရှိ ရေဘေးသင့်သူများကို စားရေရိက္ခာများလိုက်လံထောက်ပံ့
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့မြင့်တက်ကာ မိုးကောင်းမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဇွန် ၂၀ ရက်မှညပိုင်းမှစတင်၍ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများကြောင့် ယင်း နေအိမ်များ၌နေထိုင်သူများကို ဇွန် ၂၁ ရက်နံနက်ပိုင်းမှစတင်ကာ ရေဘေးလွတ်ကင်းသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းတွင်လည်း ရေဝင် နေသော နေအိမ်များမှအိမ်ထောင်စုများအား ကချင် ပြည်နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပေးဆပ်သူပရဟိတအသင်းဝင်များ၊ ရွှေလင်းယုန်ပရဟိတအသင်းဝင်များ၊ ရင်ငြိမ်းပန်းပရဟိတအသင်းဝင်များ၊ ကချင် RC ခရစ်ယာန်အသင်းမှအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက စားရေရိက္ခာများလိုက်လံထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။