ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်အောင်ဆောင်ရွက်ပေးကြောင်း လိမ်လည်ငွေတောင်းနေကြ

ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်စေရမည်ဟု ကတိပြုကာ ခရစ်တိုငွေကြေးတောင်းခံသည့် လိမ်ညာလှည့်ဖြားသည့်စာများကို ရေလမ်းကြောင်း၏ အနောက်ဘက်တွင် ပိတ်မိလျက်ရှိသော သင်္ဘောများ၏ သက်ဆိုင်ရာကုမ္ပဏီအချို့ထံ ပေးပို့မှုများရှိနေကြောင်း ဂရိရေကြောင်းအန္တရာယ်စီမံခန့်ခွဲမှုကုမ္ပဏီ Marisks က ပြောကြားခဲ့သည်။

အမေရိကသည် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားဆဲဖြစ်ပြီး အီရန်သည်လည်း အရှေ့အလယ်ပိုင်းစစ်ပွဲမဖြစ်ပွားမီက ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ဆောင်ရာ ဟော်မုဇ်ရေလက်ကြားကို တကျော့ပြန် ပိတ်ဆို့ထားခဲ့သည်။

ရေလက်ကြား၏ ဝင်ထွက်ပေါက်ကို ထိန်းချုပ်ထားသော အီရန်သည် သင်္ဘောများ ဘေးကင်းစွာဖြတ်သန်းနိုင်ရေးအတွက် အခွန်ကောက်ခံမည်ဟု အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် အဆိုပြုထားသည်။

မည်သူမည်ဝါမှန်း မသိရသူများက အီရန်အာဏာပိုင်များကို ကိုယ်စားပြုသည်ဆိုကာ လမ်းကြောင်းရှင်းလင်းမှုအတွက် ရေလက်ကြားဖြတ်သန်းခများတောင်းခံသည့်စာကို သင်္ဘောကုမ္ပဏီများထံ ပေးပို့ခဲ့သည်ဟု Marisks က ဧပြီ ၂၁ ရက်တွင် သင်္ဘောပိုင်ရှင်များထံ သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထိုစာများသည် လိမ်လည်မှုသာဖြစ်ကြောင်းနှင့် စာသည် အီရန်အာဏာပိုင်များထံမှ ပေးပို့ခြင်းမဟုတ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ တေရန်က လတ်တလောတွင် မှတ်ချက်မပေးသေးပေ။

သင်္ဘောရာပေါင်းများစွာနှင့် သင်္ဘောသား ၂၀,၀၀၀ ခန့်သည် ပင်လယ်ကွေ့တွင် ပိတ်မိနေဆဲဖြစ်သည်။

ဧပြီလ ၁၈ ရက် နေ့တွင် အီရန်က စစ်ဆေးမှုများဖြင့် ရေလက်ကြားကို ခေတ္တဖွင့်ပေးခဲ့ချိန်တွင် သင်္ဘောများဖြတ်သန်းရန် ကြိုးစားခဲ့သော်လည်း ရေနံတင်သင်္ဘောတစ်စင်းအပါအဝင် သင်္ဘောနှစ်စင်းသည် အီရန်သင်္ဘောများ၏ ပစ်ခတ်ခြင်းခံခဲ့ရကာ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

ယင်းနေ့က ရေလက်ကြားမှ ထွက်ခွာရန် ကြိုးပမ်းစဉ် သေနတ်ပစ်ခံခဲ့ရသော သင်္ဘောများထဲမှ အနည်းဆုံးတစ်စင်းသည် လိမ်လည်မှု၏ သားကောင်ဖြစ်ခဲ့သည်ဟု Marisks က ပြောကြားခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

image

ရေလက်ကြားပိတ်ဆို့မှုက အာဆီယံစီးပွားရေးကျပ်တည်း‌စေနိုင်

ဧပြီလ ၂၁ ရက်

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုသည် အာဆီယံနိုင်ငံတိုင်းကို ထိခိုက်နေပြီး ကပ်ဆိုက်ခါ နီးနေပြီဖြစ်ကြောင်း မလေးရှားစူလ်တန် နာဇရင် ရှား က ဆိုသည်။

စူလတန်က ဆက်လက်ဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးကို တိုက်ရိုက်ထိခိုက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

"စွမ်းအင်၊ မြေဩဇာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ အဆမတန်မြင့်တက်လာတာဟာ အစားအသောက်ဈေးနှုန်းတွေကို မြင့်တက်စေပြီး၊ ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကုန်ကျစရိတ်တွေကို တိုးပွားစေကာ ငွေကြေးဖောင်းပွမှုကို အားပေးနေပါတယ်။ စွမ်းအင်အရန်အင်အားနည်းတဲ့ နိုင်ငံတွေဟာ အဆိုးရွားဆုံး ထိခိုက်ရသူတွေ ဖြစ်ပါတယ်" ဟု အင်္ဂါနေ့က ကျင်းပသော ပူထရာဂျာယာ ဖိုရမ်တွင် ၎င်းက ပြောကြားခဲ့သည်။

"စီးပွားရေးကပ်က ဆိုက်ခါနီးနေပါပြီ။ ရေလက်ကြားကို မကြာမီကာလအတွင်း ပြန်ဖွင့်နိုင်ရင်တောင် လူနေမှုဘဝတွေအပေါ် သက်ရောက်မှုတွေက လပေါင်းများစွာ ဆက်ရှိနေဦးမှာပါ။ ဒါကြောင့် အနောက်အာရှ (အရှေ့အလယ်ပိုင်း) ပဋိပက္ခကို အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေကို လျင်လျင်မြန်မြန်နဲ့ အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ဖို့ အရေးကြီးပါတယ်" ဟု ၎င်းက ဆိုသည်။

ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးနှင့် ပတ်သက်၍လည်း "ပတ်ဝန်းကျင်လုံခြုံရေးဆိုတာ ချမ်းသာကြွယ်ဝလာမှ လုပ်ရမယ့် အပိုအစီအစဉ်တစ်ခု မဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာဂြိုဟ်နဲ့ လူသားလုံခြုံရေးရဲ့ အခြားကဏ္ဍတိုင်း အခြေပြုရမယ့် အုတ်မြစ်ဖြစ်ပါတယ်" ဟု ၎င်းက တိုက်တွန်းခဲ့သည်။

"မိမိကိုယ်ကိုယ် အစားအစာ မကျွေးနိုင်၊ ရေမပေးနိုင် ဒါမှမဟုတ် ပင်လယ်ကမ်းရိုးတန်းတွေကို ရေလွှမ်းမိုးမှုဒဏ်က မကာကွယ်နိုင်တဲ့ ဒေသတစ်ခုဟာ ဘယ်လောက်ပဲ ခေတ်မီတဲ့ စစ်ရေးနည်းပညာတွေ ရှိနေပါစေ၊ စစ်မှန်တဲ့ အဓိပ္ပာယ်အရ လုံခြုံမှုမရှိနိုင်ပါဘူး" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင် ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုများကို နည်းပညာဖြင့် လျှော့ချနိုင်သော်လည်း နည်းပညာကို ဂရုမစိုက်ဘဲ အသုံးချပါက ပြဿနာများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း၊ နည်းပညာကျွမ်းကျင်ရုံသာမက ခိုင်မာသော ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်သိစိတ်ရှိသည့် မျိုးဆက်တစ်ခုကို ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

image

တရုတ်၌ဓာတ်ပေါင်းဖို ၅၀ အထိ တပြိုင်တည်းတည်ဆောက်နိုင်ပြီဖြစ်

ဧပြီလ ၂၁ ရက်

တရုတ်နိုင်ငံသည် နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုကို လျင်မြန်စွာ တိုးချဲ့ပြီး ဤကဏ္ဍ ၌ ကမ္ဘာ့ ထိပ်သီးဖြစ်လာရန် ကြိုးပမ်းမှုအဖြစ် နျူကလီးယားဓာတ်ပေါင်းဖို အလုံး ၅၀ အထိ ကို တစ်ပြိုင်နက်တည်း တည်ဆောက်နိုင်စွမ်းရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

သောကြာနေ့က တရုတ်နျူကလီးယားစွမ်းအင်အသင်း (စီအန်အီးအေ) က ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ဒီဇိုင်း ပုံထုတ်ရေးဆွဲခြင်းမှ တည်ဆောက်ခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို ဓာတ်ပေါင်းဖို ဒါဇင်ပေါင်းများစွာအတွက် တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

"တရုတ်နိုင်ငံရဲ့ နျူကလီးယားနည်းပညာ စွမ်းဆောင်ရည်ဟာ 'နောက်ကလိုက်' တဲ့ အဆင့်ကနေ 'ရင်ဘောင်တန်း' တဲ့ အဆင့်၊ အချို့နေရာတွေမှာ 'ဦးဆောင်' တဲ့ အဆင့်ကို ကူးပြောင်းသွားပြီ ဖြစ်ပါတယ်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်အာဏာပိုင်များသည် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှုကို လျှော့ချရန် ကြိုးပမ်းမှုအဖြစ် နျူကလီးယားကဏ္ဍကို မကြာသေးမီနှစ်များအတွင်း အရှိန်အဟုန်ဖြင့် တည်ဆောက်ခဲ့သည်။ အထူးသဖြင့် လက်ရှိဖြစ်ပွားနေသော အီရန်အရေး ပဋိပက္ခများအကြား ဤမဟာဗျူဟာမှာ ပိုမိုအရေးတကြီး လိုအပ်လာခဲ့သည်။

စီအန်အီးအေ ၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် နျူကလီးယားစွမ်းအင်၌ "အင်အားကြီးနိုင်ငံ" ဖြစ်လာရန် ရည်မှန်းထားပြီး၊ စုစုပေါင်း နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း၌ အမေရိကကို ကျော်တက်ကာ ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင် ထုတ်လုပ်သူ ဖြစ်လာမည်ဖြစ်သည်။

နည်းပညာပိုင်းတွင် တရုတ်နိုင်ငံထုတ် တတိယမျိုးဆက် ဓာတ်ပေါင်းဖိုဖြစ်သော ဟွာလောင်ဝမ်း ယူနစ် ၈ ခုမှာ လည်ပတ်နေပြီဖြစ်ပြီး နောက်ထပ် ၃၃ ခုကို တည်ဆောက်ရန် ခွင့်ပြုထားသည်။ ထို့အပြင် စတုတ္ထမျိုးဆက်ဖြစ်သော အပူချိန်မြင့် ဓာတ်ငွေ့အေးပေး ဓာတ်ပေါင်းဖိုများသည်လည်း စက်မှုလုပ်ငန်းသုံး အပူပေးခြင်းကဏ္ဍများတွင် အကူအညီပေးနိုင်မည် ဖြစ်သည်။

ယမန်နှစ်က တရုတ်နိုင်ငံ၏ စုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှုတွင် နျူကလီးယားစွမ်းအင်သည် ၄.၈၂ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း စီအန်အီးအေ ၏ အချက်အလက်များအရ သိရသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

image

အရှေ့အလယ်ပိုင်းသွားမည့်လုပ်သားများကို နီပေါက ပါမစ် ပြန်ထုတ်ပေး

နီပေါနိုင်ငံသည် ဒေသတွင်း ပဋိပက္ခကြောင့် လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားခဲ့အပြီး ရက်သတ္တခြောက်ပတ်အကြာတွင် ၎င်း၏ နိုင်ငံသားများအတွက် အရှေ့အလယ်ပိုင်းတွင် အလုပ်လုပ်ရန် ခွင့်ပြုချက်များကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း အရာရှိတစ်ဦးက ဧပြီလ၂၁ ရက် နေ့တွင် ပြောကြားခဲ့သည်။

ပြည်ပရောက် နီပေါလုပ်သားအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်သည် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြပြီး အလုပ်သမားများထံမှ ပြန်ပို့ငွေများသည် ငွေကြေးချို့တဲ့သော ဟိမဝန္တာဒေသနိုင်ငံ၏ ဒေါ်လာ ၄၂ ဘီလျံတန်စီးပွားရေးတွင် လေးပုံတစ်ပုံကျော်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ခွင့်ပြုချက်ပြန်လည်ထုတ်ပေးခြင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံညဏ်နှင့် အလုပ်သမားထံမှ မြင့်မားသော တောင်းဆိုမှုများအရဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပီတမ်ဘား ဂီမီရီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

နီပေါနိုင်ငံသည် နိုင်ငံသားများ ပြည်ပတွင် အလုပ်လုပ်ကိုင်ရန်အတွက် အစိုးရထံမှ အလုပ်လုပ်ခွင့်လက်မှတ်ရယူရန် လိုအပ်သော်လည်း အီရန်နှင့် အမေရိက-အစ္စရေးစစ်ပွဲစတင်ပြီး တစ်ရက်အကြာ မတ်လ ၁ ရက်နေ့တွင် ပင်လယ်ကွေ့နိုင်ငံများအတွက် ခွင့်ပြုချက်ပေးအပ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ လူဦးရေ သန်း ၃၀ ရှိသော နီပေါနိုင်ငံ၏ လူငယ်အလုပ်လက်မဲ့နှုန်းသည် ၂၀ ဒဿမ ၆ ရာခိုင်နှုန်းရှိပြီး တောင်နှင့် အရှေ့တောင်အာရှနိုင်ငံအားလုံးတွင် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

နီပေါနိုင်ငံသား အနည်းဆုံး သုံးသန်းခန့်သည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည်ဟု အရာရှိများက ပြောကြားခဲ့သည်။ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုကြောင့် နီပေါနိုင်ငံမှ လူငယ် ၁,၅၀၀ ခန့်သည် ပြည်ပအလုပ်အကိုင်အတွက် နေ့စဉ် ထွက်ခွာနေကြသည်ဟု အလုပ်သမားသမဂ္ဂများက ခန့်မှန်းထားသည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

image

ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင် အမှတ်(၅)အ ဆန်/အမှတ်(၆)အစုန် ခေတ်မီ DEMU လူစီးအမြန်ရ ထား မေ ၁ ရက်မှစ၍တိုက်ရိုက်ပြေးဆွဲမည်

ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင် အမှတ်(၅)အ ဆန်/အမှတ်(၆)အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားဖြင့် မေ ၁ ရက်မှစတင်ကာ ခရီးသည်များသွားလာမှုလွယ်ကူစေရန် တိုက်ရိုက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၅)အဆန်သည် ရန်ကုန်မှ နံနက် ၆ နာရီတွင်စ တင်ထွက်ခွာပြီး မန္တလေးသို့ ညနေ ၄ နာရီ၊ အမှတ်(၆) အစုန်သည် မန္တလေးမှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာပြီး ညနေ ၄ နာရီတို့၌ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်း မနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့တွင်ရပ်တန့်ပြီး အထက်တန်း(၄၈,၀၀၀) ကျပ်၊ ပထမတန်း(၃၄,၀၀၀)ကျပ်တို့ကျသင့်မည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်တွင်ပြေးဆွဲပေးနေသည့် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားဖြစ်သော အမှတ်(၃၁)အဆန်သည် ရန်ကုန်မှ နံနက် ၁၀ နာရီတွင်စတင်ထွက်ခွာပြီး နေ့လည် ၃ နာရီ၊ အမှတ်(၃၂)အစုန်သည် နေပြည်တော်မှ နံနက် ၁၀ နာရီတွင်စတင်ထွက်ခွာပြီး နေ့လည် ၃ နာရီတို့၌ ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်၏ လေ အေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထား အမှတ်(၇)အဆန်သည် ရန်ကုန်မှ မွန်းတည့် ၁၂ နာရီခွဲတွင်စတင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲ၊ အမှတ်(၈)အစုန်သည် မွန်းတည့် ၁၂ နာရီခွဲတွင် နေပြည်တော်မှစတင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲတို့၌ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ရထားခရီးစဥ်များတွင်စီးနင်းလိုက်ပါလိုသူများအနေဖြင့် ရထားလက်မှတ်များအား ORTP စနစ်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ကာ မြန်မာ့မီးရထားမှ ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံချိတ် ဆက်ပြေးဆွဲခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုတို့ကြောင့် ကွန်ဒုံးများ ဈေးတက်လာနိုင်ဟုဆို

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ ထိခိုက်ပြတ်တောက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ဘေးကင်းလုံခြုံသော လိင်ဆက်ဆံမှုအတွက် ကုန်ကျစရိတ်များ ပိုမိုမြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့အကြီးဆုံး ကွန်ဒုံးထုတ်လုပ်သည့်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

Karex ကုမ္ပဏီ၏ CEO ဖြစ်သူ Goh Miah Kiat က ရိုက်တာသတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောကြားရာ၌ အခြေအနေ မည်မျှကြာရှည်မည်ပေါ် မူတည်၍ ကွန်ဒုံးစျေးနှုန်းများကို အနည်းဆုံး ၂၀% မှ ၃၀% ထိ မြှင့်တင်ရန် ဖိအားပေးခံနေရကြောင်း ဆိုသည်။ ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ စစ်ပွဲကြောင့်လည်းကောင်း၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့်လည်းကောင်း ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးစနစ်များ ထိခိုက်ခဲ့ပြီး ကွန်ဒုံးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းအချို့ ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

"အခြေအနေက တကယ်ကို အကဲဆတ်ပြီး စျေးနှုန်းတွေကလည်း ကြီးနေပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ ကုန်ကျစရိတ်တွေကို ဝယ်ယူသူတွေဆီ လွှဲပြောင်းပေးဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး" ဟု Goh က ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံအခြေစိုက် Karex ကုမ္ပဏီသည် ကွန်ဒုံးများ၊ ချောဆီများ၊ လက်အိတ်များ၊ ဆေးဘက်ဆိုင်ရာ ပိုက်များနှင့် Probe Cover များကို ထုတ်လုပ်သည်။ ထိုကုမ္ပဏီသည် ONE, Trustex, Carex နှင့် Pasante အပါအဝင် အမျိုးသားသုံး လက်တက်စ် (Latex) ကွန်ဒုံးများကို ထုတ်လုပ်ပြီး တစ်နှစ်လျှင် ကွန်ဒုံးအရေအတွက် ၅ ဘီလီယံကျော်အထိ ထုတ်လုပ်နိုင်စွမ်းရှိသည်။ ၎င်းတို့၏ ဝက်ဘ်ဆိုဒ်အရ Karex သည် နိုင်ငံပေါင်း ၁၃၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိသည်။

ထုတ်လုပ်မှုနှင့် ထုပ်ပိုးမှုစရိတ်များ မြင့်တက်လာရုံသာမက သင်္ဘောဖြင့် တင်ပို့ရာတွင်လည်း ကြန့်ကြာမှုများရှိနေကြောင်း Goh က ရှင်းပြသည်။

"တကယ်ကို လိုအပ်နေတဲ့ ကွန်ဒုံးအမြောက်အမြားဟာ သူတို့ရောက်ရမယ့်နေရာကို မရောက်သေးဘဲ သင်္ဘောတွေပေါ်မှာ တင်ထားရဆဲ ဖြစ်နေတာကို ကျွန်တော်တို့ တွေ့နေရတယ်" ဟု ၎င်းက ဆိုသည်။

CNN သတင်းဌာနအနေဖြင့် စျေးနှုန်းမြှင့်တင်မှုများ မည်သည့်အချိန်တွင် စတင်မည်ကို သိရှိနိုင်ရန် Karex ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းထားသည်။ ထိုအတောအတွင်း Goh က ၎င်းတို့တွင် နောက်ထပ် လအနည်းငယ်စာအတွက် လုံလောက်သော လက်ကျန်များရှိသေးကြောင်း ရိုက်တာသို့ ပြောကြားထားသည်။

အီရန်စစ်ပွဲဖြစ်ပွားပြီးနောက် ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားခြင်းကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် အဓိက အာရုံစိုက်ခံခဲ့ရသည်။ စျေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူများ၏ သုံးစွဲမှု လျော့နည်းသွားနိုင်ခြင်းနှင့် ရေနံပြတ်လပ်မှုကြောင့် ထုတ်လုပ်မှုများ တုံ့ဆိုင်းသွားနိုင်ခြင်းတို့ကို စီးပွားရေးပညာရှင်များက စိုးရိမ်နေကြသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း ရေနံကို အဓိကမှီခိုနေရသော အာရှနိုင်ငံများတွင် ထိုအခြေအနေကို ပိုမိုခံစားရနိုင်သည်။

သို့သော် စစ်ပွဲသည် ပလတ်စတစ်နှင့် အခြားပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ရေနံဘေးထွက်ပစ္စည်းများ ထုတ်လုပ်မှုကိုလည်း ထိခိုက်စေခဲ့သည်။ ၎င်းတို့အထဲတွင် ထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရာ၌သုံးသည့် နက်ဖ်သာ (Naphtha) နှင့် ကွန်ဒုံးထုတ်လုပ်ရာတွင် အဓိကပါဝင်ပစ္စည်းများဖြစ်သော ဆီလီကွန်ဆီ (Silicon oil) နှင့် အမိုးနီးယား (Ammonia) တို့ ပါဝင်သည်။

"ရေနံစိမ်း၊ ဒီဇယ်နဲ့ ဓာတ်ဆီအပေါ် သက်ရောက်မှုတွေကိုတော့ ခင်ဗျားတို့ အများကြီးကြားရပါလိမ့်မယ်။ ဒါပေမဲ့ ကုန်ကြမ်းတွေဖြစ်တဲ့ ဓာတုကုန်ကြမ်းတွေလည်း ပြတ်လပ်နေပါတယ်" ဟု KPMG ၏ ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနအကြီးအကဲ Angie Gildea က ပြောကြားသည်။

ဥပမာအားဖြင့် အာရှတွင်အသုံးပြုသော နက်ဖ်သာ၏ ၄၁% မှာ အရှေ့အလယ်ပိုင်းမှ လာခြင်းဖြစ်ကြောင်း Gildea က ထောက်ပြသည်။ မလေးရှားကဲ့သို့သော ကုန်ချောထုတ်လုပ်သည့် နိုင်ငံများသည် ကုန်ကြမ်းများကို မရရှိနိုင်ပါက ဆုံးရှုံးမှုကို ကာမိစေရန် စျေးနှုန်းမြှင့်တင်ရမည် ဖြစ်သည်။

ကုန်ကြမ်းပြတ်လပ်မှု တစ်ခုတည်းကသာ ပြဿနာမဟုတ်ပေ။

မြန်မာနှင့် ကမ္ဘောဒီးယားအပါအဝင် အချို့နိုင်ငံများသည် စက်သုံးဆီများကို ခွဲတမ်းဖြင့် ရောင်းချခြင်းများ စတင်နေပြီဖြစ်သည်။ ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှရှိ ကျောင်းအချို့တွင် ကျောင်းသားများအတွက် သွားလာစရိတ် မြင့်မားလွန်းသဖြင့် အိမ်တွင်သာနေရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားရသည်။ ယင်းအခြေအနေသည် စက်ရုံအလုပ်သမားများ အလုပ်သို့လာရောက်နိုင်စွမ်းကိုပါ ထိခိုက်စေပြီး အမေရိကန်အပါအဝင် ပြည်ပသို့ တင်ပို့ရမည့် အဓိကထုတ်ကုန်များ ထုတ်လုပ်မှုကို နှောင့်နှေးသွားစေနိုင်ကြောင်း စက်မှုကဏ္ဍလေ့လာဆန်းစစ်သူများက စိုးရိမ်နေကြသည်။

image

အိမ်ထောင်စု လူဦးရေစာရင်းကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးထုတ်ပေးခြင်းနှင့် UID (Unique Identity) ထုတ်ပေးခြင်း ရက်(၁၀၀)စီမံချက် ကွင်းဆင်းဆောင်ရွက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးခြင်းနှင့် UID (Unique Identity) ထုတ်ပေးခြင်း ရက်(၁၀၀)စီမံချက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧပြီလ(၂၀)ရက်က ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက် အခြေခံ ပညာအလယ်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့သည်။

"အခုလိုဆောင်ရွက်ပေးတာဟာ အစိုးရသစ် ပထမရက် (၁၀၀) ကာလအတွင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနအနေနဲ့ အသက်(၁၀)နှစ်ပြည့်ပြီးဖြစ်ပေမယ့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသေးသူတွေကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်"ဟု ခန္တီးမြို့ နယ်ဦးစီးမှူး ဦးနိုင်လင်းအောင်က ပြောသည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ဦးစိုးထွန်းအောင်နှင့် ခန္တီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များကလိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ရောက်ရှိလာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေး နွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၁ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့် နေပြည်တော်လေဆိပ်သို့ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန် ကြီးနှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ ဧပြီ ၂၂ ရက်အထိခရီးစဥ်ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

image

ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း အမေရိကန်သံရုံးထုတ်ပြန်

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည်ကို ကြိုဆိုကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၂၂) ရက်နေ့တွင် ထုတ်ပြန်ခြင်း ဖြစ်ကာ
အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

image

ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်နေ

မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာပြီး ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသား (၂) ဦးအား ပြည်ဝင်ခွင့်ဗီဇာစည်းကမ်းဖေ-ာက်ဖျ-က်ခဲ့၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီး ကြပ်ရေး (လတ်တလော) ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃ (၁) /၁၃ (၁) အရ ဧပြီ ၁၂ ရက်၊ တရုတ်နိုင်ငံသား (၂) ဦးအား မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် ဧပြီ ၁၅ ရက်၊ တရုတ် (ထိုင်ဝမ်) နိုင်ငံသား (၁) ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့်ပတ်သက်၍ ဧပြီ ၁၅ ရက်တို့တွင် တရားစွဲဆိုနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၁) ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၄,၆၂၆) ဦးကို ထိန်းသိမ်းစစ်ဆေးပြီးခဲ့ပြီး ၎င်းတို့အနက် (၁၃,၄၀၅) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁,၂၂၁) ဦးတွင် လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃ (၁) /၁၃ (၁) နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား (၇၄၆) ဦးရှိ၍ ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၄၇၅) ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

image