မန္တလေး-ပြင်ဦးလွင် Mountain Bike (MT လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ဩဂုတ် ၁၅ ရက် ကျင်းပမည်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သည့် Mountain Bike (MT လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ထံမှ သိရသည်။
အဆိုပါပြိုင်ပွဲ၏ စတင်ထွက်ခွာမည့်နေရာမှာ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အရှေ့ဘက်ဖြစ်ပြီး၊ ပန်းဝင်မည့်နေရာမှာ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) ဖြစ်သည်။
ပြိုင်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး မိမိတို့၏ ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် Mountain Bike စီးနင်းကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
ထို့ပြင် ပြိုင်ပွဲဝင်များအနေဖြင့် ယှဉ်ပြိုင်စဉ်အတွင်း စက်ဘီးစီးဦးထုပ် (Helmet) ကို မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်မှတ်ပုံတင်ခြင်း၊ လမ်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် ဆုချီးမြှင့်မည့်အစီအစဉ်များကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး အဆင့်အလိုက် အထူးဆုများကိုလည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

image

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေး
ဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ၏အဖိုးတန်သမိုင်းမှတ်တမ်းများဖြစ်သည့် စာအုပ်၊ စာစောင်နှင့် သတင်းစာများ မပျောက်ပျက်စေရေး စနစ်တကျထိန်းသိမ်း၍ နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ ရောက်ရှိရာ စာကြည့်တိုက်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် စာကြည့်တိုက်ညီလာခံခန်းမ၌ တာဝန်ရှိသူတစ်ဦးက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ သမိုင်းအကျဉ်း၊ ဒစ်ဂျစ်တယ်စာကြည့်တိုက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စာဖတ်ခန်းနှင့် စာအုပ်ငှားရမ်းဝန်ဆောင်မှုများ၊ ကလေးစာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ပေးထားမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့ပြင် စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု၊ စာကြည့်တိုက်ပညာပြန့်ပွားရေးလုပ်ငန်းများ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ နိုင်ငံတကာစာကြည့်တိုက်များနှင့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်နေမှုတို့ကိုလည်း ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက စာကြည့်တိုက်ပညာပြန့်ပွားရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းပြင်ပပညာရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးလက်ဒေသများအပါအဝင် အမြို့မြို့အနယ်နယ်၌ စာကြည့်တိုက်များ တည်ဆောက်ပေးကာ စာအုပ်စာပေများ ဖြည့်ဆည်းပေးလျက်ရှိကြောင်း ပြောကြားသည်။
မိမိတို့နိုင်ငံ၌ စာအုပ်စာပေဖတ်ရှုသူ အချိုးအစား နည်းပါးနေဆဲဖြစ်သဖြင့် လူငယ်လူရွယ်များနှင့် အသိပညာဗဟုသုတ ရှာမှီးလိုသူများ စာကြည့်တိုက်များသို့ လာရောက်ဖတ်ရှုလေ့လာနိုင်ရေးနှင့် စာဖတ်သည့်အလေ့အထ ထွန်းကားလာရေးအတွက် စည်းရုံးပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။

image

အမျိုးသားပြတိုက်ကို သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းပေးမည့် အသိပညာဗဟိုဌာနဖြစ်စေရေး နိုင်ငံတော်သမ္မတ လမ်းညွှန်

အမျိုးသားပြတိုက်သည် နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဖော်ညွှန်းပြသနေသည့် အရေးပါသောနေရာတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်ရှိ သမိုင်းမှတ်တမ်းများကို ဆက်စပ်မှုရှိရှိ၊ ခိုင်မာပြည့်စုံစွာ ခင်းကျင်းပြသရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ပြတိုက်သို့ လာရောက်လေ့လာသူများအနေဖြင့် နိုင်ငံ၏ခိုင်မာသည့် သမိုင်းကြောင်းနှင့် အစဉ်အလာကြီးမားသော ယဉ်ကျေးမှုတန်ဖိုးများကို သိရှိနားလည်ကာ တန်ဖိုးထားထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေရန် ခင်းကျင်းပြသမှုများကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။
ပြည်ပခရီးသွားဧည့်သည်များနှင့် မြန်မာနိုင်ငံတွင် လာရောက်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားသားများအနေဖြင့်လည်း ပြတိုက်ရှိ သမိုင်းအထောက်အထားများကို လေ့လာခြင်းမှတစ်ဆင့် မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုအပေါ် အထင်ကြီးလေးစားမှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ပြောကြားသည်။
လူငယ်လူရွယ်များ ပြတိုက်သို့ လာရောက်လေ့လာခြင်းဖြင့် သမိုင်း၏တန်ဖိုးကို နားလည်လာပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်လိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အမျိုးသားပြတိုက်၌ လေ့လာကြည့်ရှုခြင်းဖြင့် မြန်မာတို့၏ မြင့်မားသည့်အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ကြွယ်ဝသည့်ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြန်မာတိုင်းရင်းသားတို့၏ စွမ်းဆောင်ချက်များကို သိရှိနိုင်မည်ဖြစ်သကဲ့သို့ ဘိုးဘေးများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်လိုစိတ်နှင့် မြန်မာနိုင်ငံသားအဖြစ် ဂုဏ်ယူတတ်စိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ဆိုသည်။
ပြတိုက်အတွင်းရှိ ပစ္စည်းများသည် တန်ဖိုးဖြတ်၍မရနိုင်သည့် သမိုင်းအထောက်အထားများဖြစ်သဖြင့် ပျက်စီးယိုယွင်းမှုမရှိစေရေး စနစ်တကျထိန်းသိမ်းရန်နှင့် လာရောက်သူများ စည်းကမ်းတကျလေ့လာနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။
ထို့ပြင် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ လှူဒါန်းသူများ၏အမည်နှင့် သက်ဆိုင်ရာအချက်အလက်များကို ဖော်ပြထားရန်၊ ဓာတ်ပုံမှတ်တမ်းနှင့် စာရွက်စာတမ်းအချို့ကို ခေတ်မီနည်းပညာအသုံးပြု၍ ပိုမိုကြည်လင်ပြတ်သားအောင် ပြုပြင်ပြသရန် လိုကြောင်း ပြောကြားသည်။
ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံခြားသားဧည့်သည်များ၊ သုတေသီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများ လာရောက်လေ့လာရာတွင် သမိုင်းအထောက်အထားများကို လွယ်ကူရှင်းလင်းစွာ သိရှိနိုင်ရေး အချက်အလက်များကို ပြည့်စုံစွာ၊ စနစ်တကျ ရေးသားဖော်ပြထားရန်လည်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

image

တိုင်းရင်းဆေးဝါးဥပဒေများကို ပြန်လည်သုံးသပ်၍ အရည်အသွေးမြင့် တိုင်းရင်းဆေးများ ထွက်ပေါ်လာရေး ဝိုင်းဝန်းကူညီကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

တိုင်းရင်းဆေးဝါး ဥပဒေများကို ပြန်လည်လေ့လာသုံးသပ်၍ အရည်အသွေးမြင့်မားသော တိုင်းရင်းဆေးများ ထွက်ပေါ်လာရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဇူလိုင် ၂၇ ရက်က ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့အပြင် ကျန်းမာရေးနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေးဆိုင်ရာ စံချိန်စံညွှန်းများကို လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် ဝိုင်းဝန်းကူညီကြရန်လည်း ဥက္ကဋ္ဌ ဦးခင်ရီက တိုက်တွန်းခဲ့သည်။
ကော်မတီအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ ကျန်းမာရေးစင်တာများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများနှင့် ခရိုင်အဆင့်၊ မြိုနယ်အဆင့် အားကစားဌာနများကိုလည်း သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်ပေါင်းစပ်၍ ကွင်းဆင်းကြည့်ရှုကာ လိုအပ်ချက်များကို တင်ပြနိုင်ရန် ဆောင်ရွက်စေလို‌ကြောင်းလည်း ၄င်းက ဆိုသည်။
တစ်ဆက်တည်းမှာပင် အားကစားကဏ္ဍ မြင့်မားရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဥပဒေများကို ပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

image

ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်ခြေနဲ့ ပတ်သက်ပြီး ထရမ့် အကောင်းမြင်

ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် အလားအလာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကောင်းမြင်ထားတယ်ဆိုပြီး အိမ်ဖြူတော် သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီးတော့ The Wall Street Journal က သတင်းထုတ်ပြန်ထားပါတယ်။
​အမေရိကန် အရာရှိတစ်ဦးရဲ့ ပြောကြားချက်အရဆိုရင် သမ္မတနဲ့ သူ့အဖွဲ့ဟာ ဒီပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီး ရုရှားရော ယူကရိန်းနဲ့ပါ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်မယ့် အလားအလာတွေအပေါ် ထရမ့်က အကောင်းမြင်ထားတယ်လို့ အဲဒီသတင်းရင်းမြစ်က သတင်းစာကို ပြောခဲ့တာပါ။ အမေရိကန်သမ္မတအနေနဲ့ ဒီပဋိပက္ခကို အဆုံးသတ်ချင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြောခဲ့တယ်လို့လည်း The Wall Street Journal မှာ ဖော်ပြထားပါသေးတယ်။
​ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့တုန်းကတော့ အလက်စကာ ထိပ်သီးဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ ယူကရိန်းနဲ့ပတ်သက်တဲ့ နားလည်မှုတွေအပေါ် အမေရိကန်ဘက်က ချဉ်းကပ်ပုံ ပြောင်းလဲသွားပုံရတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် က ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ရုရှားအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူတို့ရဲ့ ရည်မှန်းချက်တွေကိုတော့ ပြည့်ဝအောင် လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

image

လှော်ကားရေတွန်းစက် ပြုပြင်ပြီးစီး၊ ရန်ကုန်တွင်းမြို့နယ်များသို့ ရေပေးဝေမှု ပုံမှန်ပြန်လည်ဆောင်ရွက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က လှော်ကားရေတွန်းစက်ရုံရှိ လျှပ်စစ် Transformer ချို့ယွင်းမှုကို ပြုပြင်ပြီးစီးခဲ့သဖြင့် ရေတွန်းစက်များကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လျက်ရှိပြီး ရန်ကုန်တွင်းမြို့နယ်များသို့ ရေပေးဝေမှုကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
YCDC ၏ ထုတ်ပြန်ချက်အရ လှော်ကားရေတွန်းစက်ရုံရှိ 33/6 kV, 4 MVA Transformer ၏ OLTC Control Unit ချို့ယွင်းမှုကြောင့် ဇူလိုင် ၂၇ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ရေတွန်းစက်များကို ယာယီရပ်နား၍ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို နေ့လယ် ၃ နာရီတွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီးနောက် ရေတွန်းစက်များကို စွမ်းအားပြည့် ပြန်လည်မောင်းနှင်လျက်ရှိကြောင်းနှင့် ရေပေးဝေမှုမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း YCDC က အသိပေးထားသည်။
ပြုပြင်မှုကာလအတွင်း မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ (စက်မှုဇုန်)၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်များတွင် ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်ခဲ့နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
YCDC က ယင်းကဲ့သို့ ရေပေးဝေမှု ယာယီအနှောင့်အယှက် ဖြစ်ပေါ်ခဲ့သည့်အတွက် ရေသုံးစွဲသူပြည်သူများအား တောင်းပန်ထားပြီး ရေသုံးစွဲရာတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာ ခရိုင်ရုံးများ၏ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အကူအညီရယူနိုင်ကြောင်း အသိပေးထားသည်။

image

ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ချင်းပြည်နယ် ဖလမ်းမြို့မှယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများကို ဇူလိုင် ၂၇ ရက်၊ နံနက်ပိုင်းက အိမ်အမိုးနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုပြင် ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ဒေသခံပြည်သူများအတွက် အိမ်မိုးသွပ်ပြား အချပ် ၁၂၀၀ နှင့် အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၃၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ကြရာ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ မြို့မိမြို့ဖများက ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြကြရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

အစိုးရငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီနှင့် ALP ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်ရေး ဆွေးနွေး

အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party-ALP) တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် မည်သည့်အဖွဲ့အစည်းနှင့်မဆို တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း၊ NCA-S EAO ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့်သာမက အဖွဲ့တစ်ဖွဲ့ချင်းစီနှင့်လည်း နှစ်ဖက် (Bilateral) ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ALP ဥက္ကဋ္ဌ စောမြရာဇာလင်းကလည်း ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးကို ရည်ရွယ်၍ ယခုကဲ့သို့ ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ ALP အနေဖြင့် ၂၀၁၀ ခုနှစ်မှစတင်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်တွင်လည်း ဆက်တိုက်ပါဝင်ခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသည့် သဘောတူညီချက်များအပေါ် အခြေခံ၍ ဆက်လက်အကောင်အထည်ဖော်သင့်သည့် အချိန်ဖြစ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲအတွင်း နှစ်ဖက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အစိုးရသစ်၏ ငြိမ်းချမ်းရေးမူဝါဒများ၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ALP အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်သဘောတူညီချက်များကို မှတ်တမ်းတင်၍ လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

image

ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ဒဂုံဆိပ်ကမ်း အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီနည်းပညာဖြင့် အဆင့်မြှင့်တင်

ရန်ကုန်မြို့အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးနှင့် ဓာတ်အားဖြန့်ဖြူးမှုပိုမိုကောင်းမွန်စေရေး ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီ Switch Gear စနစ်သစ်များဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အမှတ်(၂) ဓာတ်အားခွဲရုံ [၃၃/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ] တွင် ယခင်အသုံးပြုခဲ့သည့် စက်ကိရိယာဟောင်းများကို ဖယ်ရှားကာ ၁၂ ကေဗွီ ဗို့အားထိန်းချုပ်နိုင်သည့် အဝင်တစ်လိုင်း၊ အထွက်ခြောက်လိုင်းပါ ခေတ်မီ Switch Gear များဖြင့် ဇူလိုင် ၂၆ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဝန်ထမ်းများက စနစ်တကျ အစားထိုးတပ်ဆင်ခဲ့သည်။
ယင်းအဆင့်မြှင့်တင်မှုသည် ဓာတ်အားဖြန့်ဖြူးမှုစနစ်၏ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးနိုင်မည့်အပြင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မိုးရာသီအတွင်း ရေကြီးရေလျှံမှုကြောင့် ဓာတ်အားပြတ်တောက်မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဓာတ်အားခွဲရုံအဆောက်အအုံကိုလည်း မူလအမြင့်ထက် နှစ်ပေခန့် ပိုမိုမြှင့်တင် တည်ဆောက်ထားကြောင်း သိရသည်။

image

ဗီလာရဲ့အလွတ်တည်ကန်ဘောဂုရု မက်ဖီးအား ခေါ်ယူရေး ချဲလ်ဆီး ကြိုးပမ်းနေ
=====================

ချဲလ်ဆီးဟာ ထိပ်တန်းအဆင့်အလွတ်တည်ကန်ဘောနည်းပြအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဗီလာမှ အလွတ်တည်ကန်ဘောနည်းပြအော်စတင်မက်ဖီးကို ခန့်အပ်နိုင်ရေး ဆွေးနွေးနေပါတယ်။
ဒါပေမဲ့ မက်ဖီးကို အခြားပရီးမီးယားလိဂ်ကလပ်များအပြင် ဆော်ဒီကလပ်များကလည်း ခန့်အပ်လိုနေမှုနှင့်အတူ ချဲလ်ဆီးမှာ ခန့်အပ်နိုင်ရေး ပြင်းထန်တဲ့ ယှဉ်ပြိုင်မှု ကြုံနေရပါတယ်။
အသက် ၄၆ နှစ်ရှိ စကော့တလန်လူမျိုး မက်ဖီးဟာ ဗီလာအသင်းတွင်သာမက ပေါ်တူဂီအသင်းတွင်လည်း အလွတ်တည်ကန်ဘောနည်းပြအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်လာသူ ဖြစ်ပါတယ်။
မိုက်ဖီးရဲ့ နောက်ကွယ်မှ အကူအညီကြောင့် ဗီလာဟာ ၂၀၂၃-၂၄ ရာသီတုန်းက ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် အလွတ်တည်ကန်ဘောမှ ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
၎င်းတို့ဟာ နောက်တစ်ရာသီတွင် ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုရဲ့ အလွတ်တည်ကန်ဘောအကောင်းဆုံး ၅ သင်းစာရင်းတွင် ရပ်တည်ခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်နှင့်အတူ အလွတ်တည်ကန်ဘော အကောင်းဆုံးအသင်းအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။
မက်ဖီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအား ယူရိုပါလိဂ်ဖလား ရရှိအောင် နောက်ကွယ်မှ ကူညီပေးပြီးနောက် ယခုနွေရာသီတွင် အူနိုင်းအမ်မရီရဲ့ နည်းပြအဖွဲ့မှ ထွက်ခွာလာမယ့်သူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြသစ်ဇာဘီအလွန်ဆိုဟာ ၂၀၂၄ ခုနှစ်ကတည်းက ဘရန့်ဖို့ဒ်မှ ပြောင်းရွှေ့ကြေး ပေါင် ၇၅၀၀၀၀ ဖြင့် ရောက်လာပြီးနောက် အလွတ်တည်ကန်ဘောနည်းပြအဖြစ် ဆောင်ရွက်လာတဲ့ ဘာနာဒိုကူဗာကို Chief analyst အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်လာချိန်တွင် အလွတ်တည်ကန်ဘောနည်းပြရာထူးမှ လစ်လပ်နေပါတယ်။

image