အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့ခွင့်ကို ၂၀၂၇ မတ်အထိ တစ်နှစ်တိုးမြှင့်

မြန်မာနိုင်ငံမှ တင်ပို့လျက်ရှိသည့် မတ်ပဲနှင့် ပဲစင်းငုံများအတွက် အိန္ဒိယနိုင်ငံ၏ လွတ်လပ်စွာတင်သွင်းခွင့်ကို တစ်နှစ်သက်တမ်းတိုးမြှင့်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအစိုးရများအကြား ညှိနှိုင်းဆောင်ရွက်ခဲ့မှုများအရ အိန္ဒိယအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံတို့ကို လွတ်လပ်စွာတင်သွင်းခွင့်အား ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသက်တမ်းတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် အမိန့်ကြေညာစာများ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ တင်သွင်းခွင့်သက်တမ်းတိုးမြှင့်မှုသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ရေးလုပ်ငန်းများအတွက် အကျိုးရှိစေမည်ဖြစ်ပြီး ကုန်သွယ်မှု ဆက်ဆံရေးများကိုလည်း ဆက်လက်ခိုင်မာစေမည်ဟု ခန့်မှန်းထားသည်။

image

စက်သုံးဆီသုံးယာဉ်အို/ယာဉ်ဟောင်းများအပ်နှံပြီး EV ကားများတင်သွင်းသည့်စနစ် ဆောင်ရွက်သွားနိုင်ရန်ယာယီသမ္မတပြောကြား

စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရန် EV ကားများကို စက်သုံးဆီသုံးယာဉ်အို/ယာဉ်ဟောင်းများအပ်နှံ၍တင်သွင်းသည့်စနစ်ပြုလုပ်သွားရန် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်ယာယီသမ္မတမှ ယနေ့ ဧပြီ ၁ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ပါက နိုင်ငံခြားငွေသုံးစွဲမှုများလျှော့ချသွားနိုင်မည်ဖြစ်ရာ စက်သုံးဆီများလျှော့ ချနိုင်ရန် EV ကားတင်သွင်းရာ၌ စက်သုံးဆီသုံးယာဉ်အို/ယာဉ်ဟောင်းများအပ်နှံ၍ EV ကားများပြန်လည်တင်သွင်းသည့်စနစ်ဆောင်ရွက်ရမည်ဟု ပြောသည်။

" စက်သုံးဆီတွေတင်သွင်းရာမှာ အများပြည်သူသယ် ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အဓိကအသုံးပြုတဲ့ ဒီဇယ်ဆီတွေကို ဦးစားပေးဆောင်ရွက်ရပါမယ်။ အခုလိုပူပြင်းတဲ့အချိန်မှာ လျှပ်စစ်ဓာတ်အားနဲ့ မီးစက်တွေသုံးပြီး လေအေးပေးစက်အသုံးပြုလာတာကြောင့် လျှပ်စစ်ဓာတ်အားချွေတာဖို့ မီးစက်သုံးဆီသုံးတာနဲ့ ကားအသုံးပြုတာတွေလျှော့ချဖို့လိုပါတယ်"ဟု နိုင်ငံတော်ယာယီသမ္မတက ပြောသည်။

ထို့ပြင် ဒေါ်လာဈေးနှုန်းများအနည်းငယ်မြင့်တက်လာ ၍ ပြည်တွင်းကုန်ဈေးနှုန်းများမြင့်တက်လာမှုမရှိစေရန် ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ဝန်ထမ်းများအ တွက် အဓိကထားဆောင်ရွက်ပေးရမည်ဖြစ်ကာ စက်သုံးဆီဈေးများမြင့်တက်မှုမရှိစေရေးအတွက် ပြည်ပမှစက်သုံးဆီများတင်သွင်းရာတွင်ကောက်ခံလျက်ရှိသည့် အခွန်အခများလျှော့ပေါ့ပေးနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ရမည်ဟုလည်း နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။

image

ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် အခွန်အခလျှော့ချပေးရမည်

စိုက်ပျိုးရေးလုပ်ငန်းများအတွက်အရေးကြီးသည့် ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် အခွန်အခလျော့ချပေးရမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများလက်ဝယ် ဈေးနှုန်းသက်သာစွာရောက်ရှိစေရန် ထောက်ပံ့ပေးခြင်း၊ အခွန်အခကောက်ခံခြင်းများကိုတတ်နိုင်သမျှလျှော့ချပေးခြင်းဖြင့် ပြည်သူများစားရေ ရိက္ခာဖူလုံရေးအတွက် အဓိကထားကြိုးပမ်းဆောင် ရွက်ရမည်ဟု ပြောသည်။

စိုက်ပျိုးရေးတောင်သူများအတွက် လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ်အရောက်ဖြန့်ဖြူးပေးရမည်ဖြစ်ကာ နိုင်ငံတော်အပိုင်းမှ တတ်နိုင်သမျှဖြည့်ဆည်းပေးသကဲ့သို့ တောင်သူများဘက်မှလည်းအတတ်နိုင်ဆုံးကုန်ထုတ်လုပ်မှုများပြုလုပ်ကြစေလိုသည်ဟု ပြော သည်။

ထို့ပြင် လယ်ထွန်စက်များနှင့် ရေတင်စက်များအတွက် စက်သုံးဆီများလိုအပ်ရာ ရေတင်ရာ၌ စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရန် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကိုဆောင်ရွက်ရမည်ဟု ပြော သည်။

ထို့အတူ နိုင်ငံတော်ယာယီသမ္မတမှ ပြည်တွင်းစားသုံးဆီလိုအပ်ချက်နှင့်ပတ်သက်၍ ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ ပဲပုပ်နှင့် နှမ်းတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးရန်၊ အဓိကအားဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

image

ကုန်တင်ရထားများတိုးချဲ့ပြေးဆွဲရန် နိုင်ငံတော်ယာယီသမ္မတမှာကြား

ကုန်စည်များသယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ်သက်သာစေရေး၊ ကုန်စျေးနှုန်းများမြင့်တက်မှုမရှိစေရေးတို့အတွက် ကုန်တင်ရထားများတိုးချဲ့ပြေးဆွဲရန် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

ယနေ့ ဧပြီ ၁ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေးအစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတက မှာကြားခဲ့ခြင်းဖြစ်သည်။

ရထားပို့ဆောင်ရေးစနစ်သည် ကုန်စည်များသယ်ယူပို့ဆောင်ရာ၌ ကုန်ကျစရိတ်များသက်သာစေသဖြင့် ကုန်တင်ရထားများတိုးချဲ့ပြေးဆွဲရန်လို၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းနှင့် ပြည်နယ်များအလိုက် ရထားဖြင့်ကုန်စည်များသယ်ယူပို့ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရေးအတွက်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် သယ်ယူပို့ဆောင်မှုများကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာမှုမရှိစေရန် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် မီးရထားဖြင့်ပို့ ဆောင်မှုများကိုအဓိကထားအသုံးပြု၍ ကုန်စည်များသယ်ယူပို့ဆောင်ရမည်ဟု မှာကြားသည်။

ထို့အတူ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုများအလိုက် ကုန်ဈေးနှုန်းများမြင့်တက်လာနိုင်သဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးအတွက်အဓိကလိုအပ်သည့် ဒီဇယ်ဆီများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။

image

သင်္ကြန်ရုံးပိတ်ရက်အတွင်း အထူးရထားများတိုးချဲ့ပြေးဆွဲမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ မြန်မာ့မီးရထားမှ မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် အထူးရထားများကို ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရထားများကို ရန်ကုန်–နေပြည်တော်၊ ရန်ကုန်–ပြည်နှင့် ရန်ကုန်–မော်လမြိုင် ခရီးစဉ်များတွင် ဧပြီလ ၁၀ ရက်မှ ၂၀ ရက်အတွင်း သတ်မှတ်ထားသော ရက်များအလိုက် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး DEMU (စပိန်) ရထားများနှင့် လေအိတ်ရထားများ ပါဝင်မည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်–ပြည်နှင့် ရန်ကုန်–မော်လမြိုင် လမ်းပိုင်းများတွင် အထက်တန်းလက်မှတ်များကို (၃) ရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို (၁) ရက်ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာ ဘူတာများတွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး ရန်ကုန်–နေပြည်တော် လမ်းပိုင်းအတွက် Online Railway Ticketing and Payment System (ORTP) စနစ်ဖြင့်လည်း ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်အထိ အချို့သော လူစီးအမြန်ရထားများနှင့် ရန်ကုန်မြို့ပတ်ရထားများကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားက အထူးရထားများ ထပ်မံပြေးဆွဲပေးခြင်းသည် သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ၏ သွားလာရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

image

မကွေးမြို့တွင် ပျံကျစျေးသည်များစနစ်တကျရောင်းချနိုင်ရန် သစ်တောစျေးတည်ဆောက်

မကွေးတိုင်း၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ပ ညာရေးကောလိပ်လမ်းနှင့် သုခိတာလမ်းကြား၌ ယင်း ရပ်ကွက်နှင့် အောင်စေတနာရပ်ကွက်၊ တိုးချဲ့ရပ်ကွက်တို့တွင်နေထိုင်သူများ သန့်ရှင်းသပ်ရပ်စွာဈေးဝယ်ယူနိုင်စေရန်နှင့် ပျံကျဈေးသည်များစနစ်တကျရောင်းချနိုင်ရန် သစ်တောဈေးတည်ဆောက်လျှက်ရှိသည်။

အဆိုပါ သစ်တောဈေးတွင် ကုန်ခြောက်ဆိုင်ခန်း(၁၄၀) ခန်း၊ သား/ငါးခန်း(၁၂)ခန်းနှင့် ပျံကျစျေးဆိုင်ခန်း(၈၄) ခန်းပါရှိပြီး ပြည်သူထည့်ဝင်ငွေကျပ်သန်း(၂၀၀)ဖြင့် ဖေဖော်ဝါရီလမှစတင်ကာတည်ဆောက်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်၌ (၈၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

ဈေးဆိုင်ခန်းများတွင် ရေ၊ မီးနှင့် သန့်စင်ခန်းများကိုထည့်သွင်းတည်ဆောက်ထားပေးပြီး သွားလာရအဆင်ပြေစေရန် ဈေးအတွင်းလမ်းမကြီးနှင့် လမ်းသွယ်များအား ကွန်ကရစ်ခင်းပေးထား၍ အခြေခံစားသောက် ကုန်များကို လွယ်လင့်တကူဝယ်ယူရောင်းချနိုင်မည်ဖြစ်သည့်အပြင် မြို့သန့်ရှင်းသာယာလှပရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်သည်။

image

မကွေးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့်ယိမ်း အကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

၁၃၈၇ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် ကမ်းနားလမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မကွေးမြို့ We Love Magway အနီး ကျောက်သားဥယျာဉ်ပန်းခြံမှ ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ တေးဂီတ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြမည့် ရပ်ကွက်ယိမ်းအကအဖွဲ့ (၇) ဖွဲ့၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့ (၁၁) ဖွဲ့ စုစုပေါင်း ယိမ်းအကအဖွဲ့ (၁၈) ဖွဲ့များမှာ သက်ဆိုင်ရာနေရာအသီးသီးတို့တွင် အဖွဲ့လိုက် ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်လျက် ရှိကာ မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေ ယှဉ်ပြိုင်မှုများ၊ စတုဒိသာဧည့်ခံကျွေးမွေးရေး အစီအစဉ်များဖြင့်စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည့်အပြင် စက်သုံးဆီ သုံးစွဲမှုနှင့် ကုန်ကျစရိတ်များကို ချွေတာသည့်အနေဖြင့် ဧရာဝတီမြစ်အတွင်းမှရေများကို ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် မြစ်ရေတင်ယူကာ လာရောက်ရေကစားသူ များအား စိတ်အေးချမ်းသာစွာရေကစားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံမှသိရှိရသည်။

image

ရန်ကုန်တိုင်း‌ဒေသကြီးရှိ ခရိုင်/မြို့နယ်များ၌ လမ်းလျှောက်သ င်္ကြန်များကျင်းပမည်

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံလမ်း၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၊ ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်များကျင်းပသွားမည်ဖြစ်ကာ ခရိုင်/မြို့နယ်များ၌ လမ်းလျှောက်သင်္ကြန်များအဖြစ်ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ မြို့တော်ခန်းမရှေ့တွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်ဗဟိုဖျော်ဖြေရေးမဏ္ဍပ်ကိုတည်ဆောက်လျက်ရှိပြီး သင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်တွင် နေ့စဉ်နံနက်ပိုင်းနှင့်ညနေပိုင်းတို့၌ နိုင်ငံတော်အနုပညာရှင်များ၏ဖျော်ဖြေတင်ဆက်မှုများ၊ ယိမ်းအကပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ယိမ်းအကပြိုင်ပွဲ၌ မူကြိုကျောင်းများက(၁၂)ဦးယိမ်း၊ ကျောင်းများမှ(၁၂)ဦးယိမ်းနှင့်(၁၆)ဦးယိမ်း၊ ရုံးနှင့် အခြားဌာနများမှ(၁၂)ဦးယိမ်းနှင့် (၁၆)ဦးယိမ်း၊ အလွတ်တန်းအဖြစ်(၂၀)ဦးယိမ်း၊ အမျိုးသားအလွတ်တန်းအဖြစ်(၁၂)ဦးယိမ်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများလည်းကပြယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo- Ko Aung Myint

image

အိုဗယ်ရုံးခန်း (Oval Office) မှာ ပြောကြားခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ ထုတ်ပြန်ချက်

အိုဗယ်ရုံးခန်း (Oval Office) မှာ ပြောကြားခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ ထုတ်ပြန်ချက်တွေထဲက အချက်အလက်တွေကို အနှစ်ချုပ် ဖော်ပြပေးလိုက်ပါတယ်။


အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့် ဟာ​လွန်ခဲ့တဲ့ နာရီပိုင်းက အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲတခုပြုလုပ်ခဲ့ပါတယ်။

​စစ်ရေးအရေးယူမှု အဆုံးသတ်ခြင်း

အမေရိကန်ပြည်ထောင်စုဟာ အီရန်နိုင်ငံကနေ "အလွန်မကြာမီမှာ ထွက်ခွာတော့မှာ" ဖြစ်ကြောင်းနဲ့ အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေဟာ "နှစ်ပတ် ဒါမှမဟုတ် သုံးပတ်" အတွင်း အဆုံးသတ်နိုင်တယ်လို့ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

​ရည်မှန်းချက်များ အောင်မြင်ခြင်း

ပြီးခဲ့တဲ့လနှောင်းပိုင်းက အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အဓိကရည်မှန်းချက်တွေ အောင်မြင်ခဲ့ပြီလို့ သူက ဆိုပါတယ်။ အထူးသဖြင့် အီရန်ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ခြေကို ဟန့်တားနိုင်ခဲ့တဲ့ အဓိကပန်းတိုင်ကို ရောက်ရှိခဲ့ပြီဖြစ်လို့ အမေရိကန်အနေနဲ့ အခုအခါ "အလုပ်အပြီးသတ်တဲ့အဆင့်" ကို လုပ်ဆောင်နေတာဖြစ်ကြောင်း ပြောပါတယ်။

​အစိုးရအပြောင်းအလဲနှင့် ကောင်းကင်ယံကိုထိန်းချုပ်ခြင်း

အမေရိကန်ဟာ အီရန်ရဲ့ ကောင်းကင်ယံကို စိုးမိုးထားနိုင်ပြီဖြစ်သလို၊ အီရန်ရဲ့ ထိပ်တန်းနိုင်ငံရေးနဲ့ စစ်ဘက်ခေါင်းဆောင် အများအပြားကို သုတ်သင်နိုင်ခဲ့တာကြောင့် အစိုးရအပြောင်းအလဲ (Regime Change) ကိုလည်း ဖော်ဆောင်နိုင်ခဲ့ပြီလို့ ထရမ့်က ဆိုပါတယ်။ တီဟီရန်မှာ တက်လာတဲ့ ခေါင်းဆောင်သစ်တွေဟာ အရင်လူတွေထက်စာရင် "အစွန်းရောက်မှု ပိုနည်းပြီး" "ပိုမိုဆင်ခြင်တုံတရားရှိသူတွေ" ဖြစ်တယ်လို့ သူက ဖော်ပြခဲ့ပါတယ်။

​သဘောတူညီချက် ကမ်းလှမ်းမှု

အီရန်ခေါင်းဆောင်တွေဟာ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်နဲ့ "သဘောတူညီချက်တခု ရဖို့ တောင်းပန်နေကြတယ်" လို့ ထရမ့်က ဆိုပါတယ်။ (ဒါပေမဲ့ ဒီအချက်ကိုတော့ အီရန်ဘက်က ငြင်းဆိုထားပါတယ်။)

​စစ်ပွဲပြီးဆုံးမည့်ပုံစံ

တစ်ဖက်နဲ့တစ်ဖက် ပွဲစားအကြားခံထားပြီး ညှိနှိုင်းတဲ့ သဘောတူညီချက်မျိုး မရှိဘဲနဲ့လည်း ဒီစစ်ပွဲက ပြီးဆုံးသွားနိုင်တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

​လောင်စာဆီဈေးနှုန်း

စစ်ပွဲကြောင့် မြင့်တက်နေတဲ့ လောင်စာဆီဈေးနှုန်းတွေနဲ့ ပတ်သက်ပြီး သမ္မတက - အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်လိုက်တာနဲ့တစ်ပြိုင်နက် ဆီဈေးနှုန်းတွေ ပြန်ကျသွားလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

image

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး ပြန်ဖွင့်မယ်

ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကရင်ပြည်နယ် ၊ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို မနက်ဖြန် ဧပြီ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြဝတီ - ကော့ကရိတ်အာရှလမ်းဖွင့်ပွဲကို မနက်ဖြန် မနက် ၈ နာရီမှာ ဘားအံမြို့နယ် ၊ လွန်းညရေပြာအိုင်အနီး၊ တံတားဦးကျေးရွာ၊ ဘားအံ - ကော့ကရိတ်လမ်းမပေါ်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထွက်ပေါ်နေတဲ့ အမိန့်ညွှန်ကြားစာအရ သိရပါတယ်။

အာရှလမ်းမကြီးကို အစိုးရတပ်က ထိန်းချုပ်ခဲ့ပြီး ခုနှစ်လနီးပါးအကြာမှာ လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပြီး သွားလာခွင့်ပြုဖို့ လုပ်လာတာ ဖြစ်ပါတယ် ။

" လိုင်းပေါ်မှာစာထွက်နေတာတော့တွေ့တယ်။ အခြေအနေကတော့ မနက်ဖြန်မှပဲ သေချာသိရမှာ။ တကယ်ဆိုဖွင့်ပွဲက မြဝတီမှာလုပ်ရမှာကို အခုက လွန်းညရေပြာအိုင်ဘက်မှာလုပ်မယ်ဆိုတော့ လေ။ အခုက ပြန်ဖွင့်မယ်ဆိုပေမယ့် တိုက်ပွဲတွေက ဖြစ်နေတုန်းပဲ။အဲဒီတော့ လုံခြုံရေးကဘယ်လိုရှိမယ်မသိတော့ ဖွင့်ရင်တောင်မသွားရဲသေးဘူး ။ အခြေအနေကြည့်ပြီးမှပဲ သွားမှာပါ။ " လို့ မြဝတီဒေသခံက ပြောပါတယ် ။

အာရှလမ်းပြန်ဖွင့်ပြီးနောက်မှာ အိမ်စီးကားနဲ့ လူစီး ခရီးသည်တင်ကားတွေကိုသာ ဦးစားပေးဖြတ်သန်းခွင့်ပြုမှာ ဖြစ်တယ်လို့ ကနဦး သတင်းအရ သိရပါတယ်။

အာရှလမ်းပြန်ဖွင့်ပေမယ့် ထိုင်း - မြန်မာကုန်သွယ်ရေးလမ်းဖြစ်တဲ့ ချစ်ကြည်ရေးတံတား အမှတ်၂ ပြန်မဖွင့်သေးတာကြောင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေကတော့ စောင့်ကြည့်ရအုံးမယ့် အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။

" အာရှလမ်းပြန်ဖွင့်မယ်ဆိုတာသိရပေမယ့် ဘယ်ကားတွေဘယ်လို ပေးဖြတ်မယ် ၊ အခြေအနေကဘယ်လိုဆိုတာ မနက်ဖြန်မှ သေချာသိရမယ်။ ခုထိကတော့ သေချာပြောနိုင်တဲ့အခြေအနေမရှိသေးဘူး။ လမ်းကြီးပြန်ဖွင့်ရင်တော့ အကုန် အဆင်ပြေတာပေါ့ဗျာ ။တံတားပါ ဖွင့်လိုက်ရင်တော့ ကုန်သွယ်မှုပြန်စနိုင်သွားပြီ ။အခုကတော့ ဒေသတွင်းသွားလာရေး အဆင်ပြေမှာပေါ့ ။ " လို့ ဒေသခံက ပြောပါတယ် ။

လက်ရှိဒီကနေ့ရဲ့ အာရှလမ်းသွားလာခွင့်အနေနဲ့ ကတော့ မြဝတီကနေ သင်္ဃန်းညီနောင်အကျော်လောက်အထိသာ သွားလာလို့ရတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာရှလမ်းပြန်ဖွင့်ပါက မြဝတီ ကနေ ဘားအံအထိကို အချိန်တိုအတွင်း အဆင်ပြေစွာသွားလာနိုင်တာကြောင့် အချိန်ကုန်သက်သာသလို သယ်ယူပို့ဆောင်ရေးကဏ္ဍလည်း အရင်ကထက်ပိုပြီးမြန်ဆန်လာလာပြီး ကုန်ကျစရိတ်လည်း လျှော့ချနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။

"အာရှလမ်းပြန်ဖွင့်ရင် ကုန်ကျစရိတ်သက်သာသွားမယ်။ အာရှလမ်းတောင်ဖွင့်ပြီဆိုရင် အမှတ်၂တံတားကလည်း မကြာခင်ဖွင့်မယ်လို့ ထင်တယ်။ အဲဒီတော့ ကုန်သွယ်ရေးလည်း ပြန်စနိုင်မယ်။ ကုန်စည်စျေးတွေ တက်လာနိုင်တယ်။ မြန်မြန်ဖွင့်နိုင်ဖို့မျှော်လင့်တယ်။ "လို့ ကုန်သည်တယောက်က ပြောပါတယ်။

လက်ရှိ မြဝတီမြို့တောင်ပိုင်းဘက်မှာ အစိုးရတပ်နဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေသလို ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

မြဝတီအာရှလမ်းမကြီးကို PDF ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ်မှာ စတင်ထိန်းချုပ်ခဲ့ပြီး လမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ခဲ့ပါတယ်။ ဒါကြောင့် ဒေသခံနဲ့ ပြည်သူတွေဟာ တောလမ်းနဲ့တောင်ပေါ်လမ်းဟောင်းကိုသာ အသုံးပြုပြီး သွားလာခဲ့ ကြရပါတယ်။

၂၀၂၅ ခုနှစ် ၊ စက်တင်ဘာ ၆ ရက်မှာ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး အစိုးရတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လမ်းပိုင်းရှိ ပျက်စီးတံတားတွေကို ပြုပြင်ခြင်း ၊ လမ်းပိုင်းရှင်းလင်းရေးဆောင်ရွက်ခြင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တာဖြစ် ပါ တယ်။

image