အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ဂါရဝပြုမည့် ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်

ယူဆောင်ခွင့်မပြုသည့် ပစ္စည်းများ၊ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် ဝင်ရောက်ရေးအစီအစဉ်များ အသိပေး
အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ဂါရဝပြုမည့် ပြည်သူများအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ အဆိုပါနေရာများသို့ ဝင်ရောက်ရာတွင် ဘောပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းများ၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်များ၊ ကင်မရာများ၊ မီးခြစ်များ၊ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းများ၊ ဗီနိုင်းဆိုင်းဘုတ်များ၊ ပုလင်း၊ ဘူးများနှင့် အလံတင်ရာတွင် အသုံးပြုသည့် တုတ်၊ PVC ပိုက်နှင့် သံပိုက်များ ယူဆောင်ဝင်ရောက်ခွင့် မပြုကြောင်း သိရသည်။
ထို့ပြင် လာရောက်ဂါရဝပြုသူများအားလုံး နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် နေရာများတွင် လက်ဆေးခြင်း၊ Hand Sanitizer အသုံးပြုခြင်းများ ပြုလုပ်ပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) သို့ လာရောက်လေ့လာမည့် ပြည်သူများအတွက် ဗိုလ်တထောင်မြို့နယ်ရှိ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ၊ သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းဆုံတို့တွင် ယူဆောင်ခွင့်မပြုသည့် ပစ္စည်းများကို ကြိုတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဝင်ရောက်မည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်တို့ကို မှန်ကန်ပြည့်စုံစွာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ သံသယလက္ခဏာရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများအနေဖြင့် လာရောက်ခြင်းမပြုရန် မေတ္တာရပ်ခံထားပြီး အစုလိုက်ဂါရဝပြုချိန်ကို (၁၀) မိနစ်ထက် မပိုစေရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။

image

နတ်မောက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲ ပြသမည်

ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် ဒေသခံကလေးငယ်များ၏ ဆုရလက်ရာများကို ခင်းကျင်းပြသသွားမည်
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲကို ကျင်းပပြသနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အထူးပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝမှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးကြိုးပမ်းမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများနှင့် ဗိုလ်ချုပ်ကျဆုံးခဲ့သည့် ဖြစ်ရပ်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို အစီအစဉ်တကျ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နတ်မောက်မြို့ရှိ ကလေးငယ်များ၏ ဆုရပန်းချီ၊ စာစီစာကုံး၊ ကဗျာနှင့် သမိုင်းမှတ်တမ်းဆိုင်ရာ လက်ရာများကိုလည်း ထည့်သွင်းပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။
အထူးပြပွဲကာလအတွင်း လာရောက်လေ့လာမည့် ပြည်သူများနှင့် ခရီးသွားဧည့်သည်များ အဆင်ပြေစွာ ကြည့်ရှုနိုင်ရေးအတွက် ပြတိုက်ဝင်း သန့်ရှင်းရေးလုပ်ငန်းများ၊ ပြခန်းများအတွင်း ပိုးသတ်ဆေးဖျန်းခြင်းနှင့် ပြသမည့် သတင်းမှတ်တမ်းဘုတ်များကို ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ပုံမှန်အားဖြင့် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး၊ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင်မူ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ကာ မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ရန် စီစဉ်ထားကြောင်း ပြတိုက်တာဝန်ခံ ဒေါ်မေမြင့်စု၏ ပြောကြားချက်အရ သိရသည်။

image

မီးလောင်မှုအတွင်း ဘိုးဘွားနှစ်ဦးကို အသက်စွန့်ကယ်တင်ခဲ့သူ ဦးချိုအား ဂုဏ်ပြုဆုငွေ ချီးမြှင့်မည်

သူရဲကောင်းဆန်သည့် လုပ်ရပ်အတွက် အလှူရှင်များနှင့် လူမှုကူညီရေးအသင်းက ဂုဏ်ပြု၊ မီးဘေးသင့်မိသားစုကိုလည်း ထောက်ပံ့မည်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ ဖြစ်ပွားခဲ့သော ဂိုဒေါင်ဟောင်းမီးလောင်မှုအတွင်း အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ သက်ကြီးဘိုးဘွားဇနီးမောင်နှံအား ဝင်ရောက်ကယ်တင်ခဲ့သည့် အသက် (၆၆) နှစ်အရွယ် ဦးချိုအား အလှူရှင်များနှင့် ရွှေမေတ္တာလူမှုကူညီရေးအသင်းတို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက်ပိုင်းက မန္တလေးမြို့ ၁၀၁A လမ်းနှင့် ၆၇A လမ်းထောင့်ရှိ ဂိုဒေါင်ဟောင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် အတွင်း၌ အစောင့်အဖြစ် နေထိုင်နေသည့် သက်ကြီးဘိုးဘွားဇနီးမောင်နှံ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
ထိုစဉ် အနီးအနားတွင်ရှိသော ဦးချိုက မည်သည့်အကာအကွယ်ပစ္စည်းမျှ မပါရှိဘဲ မီးခိုးနှင့် မီးတောက်များကြားသို့ သုံးကြိမ်တိုင်တိုင် စွန့်စွန့်စားစား ဝင်ရောက်ကာ အဘိုးနှင့် အဘွားတို့ကို တစ်ဦးချင်းစီ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
သို့သော် ကယ်တင်ခံခဲ့ရသည့် အဘိုးဖြစ်သူ ဦးတင်ထွန်း (၆၄ နှစ်) သည် မန္တလေးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် မီးလောင်ဒဏ်ရာ ပြင်းထန်မှုကြောင့် ကွယ်လွန်ခဲ့ပြီး အဘွားဖြစ်သူမှာ ဆက်လက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ဦးချိုသည် သမန်းကုန်းဘက်တွင် သန့်ရှင်းရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ညပိုင်းတွင် ကော်ဖီဆိုင် လုံခြုံရေးဝန်ထမ်းအဖြစ်လည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ဦးချို၏ ရဲဝံ့စွာ အသက်စွန့်ကယ်တင်ခဲ့သည့် လုပ်ရပ်ကို ဂုဏ်ပြုသည့်အနေဖြင့် မရွှေလဲ့၏ မမကြီးမိသားစုက ဂုဏ်ပြုဆုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး၊ မီးဘေးသင့် ဘိုးဘွားနှစ်ဦးအတွက်လည်း တစ်ဦးလျှင် ကျပ် (၅) သိန်းစီ၊ စုစုပေါင်း ကျပ် (၁၀) သိန်း ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

image

တာဝန်ဖြင့် ခရီးသွားသည့် နိုင်ငံ့ဝန်ထမ်းများ၏ ခရီးစရိတ်ကို နိုင်ငံတော်မှ ကျခံပေးလျက်ရှိဟု ဒုဝန်ကြီးပြော

အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံအတွင်း ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းခရီးစဉ်များတွင် မည်သည့်အကြောင်းကိစ္စဖြင့်မဆို အခမဲ့ခရီးသွားလာခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် မေးမြန်းမှုအပေါ် တာဝန်ဖြင့် ခရီးသွားသည့် နိုင်ငံ့ဝန်ထမ်းများ၏ ခရီးစရိတ်ကို နိုင်ငံတော်က ကျခံပေးလျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ဇူလိုင် ၈ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့တွင် ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်က အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများအား တာဝန်ဖြင့်ဖြစ်စေ၊ အခြားမည်သည့်အကြောင်းကိစ္စဖြင့်ဖြစ်စေ အခမဲ့ခရီးသွားလာခွင့် စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ခရီးသွားလာရာတွင် ဒေသန္တရနှုန်းထားများနှင့်အညီ အမှန်တကယ် ကုန်ကျသည့် ခရီးစရိတ်ကို နိုင်ငံတော်က သက်ဆိုင်ရာဌာန၏ ဘဏ္ဍာငွေမှ ပြန်လည်ကျခံပေးလျက်ရှိကြောင်း၊ သို့သော် တာဝန်မဟုတ်သည့် ကိုယ်ရေးကိုယ်တာခရီးသွားလာမှုများအတွက် အခမဲ့ခရီးသွားခွင့် ပြုလုပ်ပေးရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် တာဝန်ဖြင့် ခရီးသွားသည့် ဝန်ထမ်းများအတွက် တစ်ရက်လျှင် နေ့တွက်စရိတ် ကျပ် ၄,၈၀၀ နှုန်းနှင့် တည်းခိုစရိတ်ကို ရာထူးအဆင့်နှင့် မြို့အလိုက် သတ်မှတ်နှုန်းထားများဖြင့် ခံစားခွင့်ပြုထားကြောင်း၊ လိုအပ်ပါက တည်းခိုစရိတ်နှင့် နေ့တွက်စရိတ်နှုန်းထားများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်သုံးသပ်ချက်များအပေါ် မူတည်၍ နိုင်ငံတော်က ဆက်လက်စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

image

ဧရာဝတီဖောင်ဒေးရှင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးအား တက္ကသိုလ်ပညာသင်ဆု ထောက်ပံ့မည်

ရွေးချယ်ခံရသူများကို လစဉ် ကျပ် ၃ သိန်းနှင့် နှစ်စဉ် သင်ထောက်ကူကြေး ကျပ် ၅ သိန်း ထောက်ပံ့မည်
ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနက် အရည်အချင်းနှင့် ကိုက်ညီသူ (၅၀) ဦးကို ရွေးချယ်ကာ တက္ကသိုလ်ပညာသင်ကြားနေသည့် ကာလတစ်လျှောက် ပညာသင်ဆု ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ပညာသင်ဆုရရှိသူများအား လစဉ် ပညာသင်ဆုကြေး ကျပ် (၃) သိန်းနှင့် သင်ထောက်ကူပစ္စည်းများ ဝယ်ယူနိုင်ရန် နှစ်စဉ် ထောက်ပံ့ကြေး ကျပ် (၅) သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆုလျှောက်ထားသူများအနေဖြင့် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူဖြစ်ကာ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတစ်ခုခုတွင် ဝင်ခွင့်ရရှိထားသူ ဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ထားသည့် ပညာသင်ဆုလျှောက်လွှာပုံစံကို ဖြည့်စွက်၍ လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများနှင့်အတူ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက် နောက်ဆုံးထားကာ ဧရာဝတီဖောင်ဒေးရှင်းရုံးသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

image

ပျေ-ာက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်းပညာ ထိန်းသိမ်းရန် အခမဲ့သင်တန်း ဖွင့်လှစ်
ရုပ်သေးရုပ် ၂၈ မျိုးစလုံး စနစ်တကျပြုလုပ်တတ်မြောက်ရန် တစ်နှစ်ကျော်ခန့် ကြာမြင့်မည်

ပျေ-ာက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ထုလုပ်ဖန်တီးခြင်းပညာရပ်ကို ထိန်းသိမ်းလက်ဆင့်ကမ်းနိုင်ရေး ရည်ရွယ်၍ "မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်းသင်တန်း" ကို ဇူလိုင် ၇ ရက်မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးသဘင်ပညာရပ်သည် အနုစိတ်ကျပြီး လက်ရာမြောက်သည့် ရိုးရာအနုပညာတစ်ရပ်ဖြစ်သည့်အပြင် ရုပ်သေးရုပ်များကို ကိုယ်တိုင်ထုလုပ်ဖန်တီးရသည့် ပညာရပ်မှာလည်း အလွန်ခက်ခဲသဖြင့် လက်ရှိတွင် သင်ကြားပို့ချပေးနိုင်သူနှင့် သင်ယူလိုသူ နည်းပါးလာကာ ပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။
ယင်းကြောင့် မျိုးဆက်သစ်လူငယ်များထံ ရိုးရာအမွေအနှစ်ပညာရပ်များ ဆက်လက်လက်ဆင့်ကမ်းနိုင်ရေးအတွက် သင်တန်းသားများကို စိစစ်ရွေးချယ်ကာ အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းစရိတ်အားလုံးကိုလည်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကျခံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းနည်းပြ ဒေါ်စန္ဒာခင်၏ ပြောကြားချက်အရ ရုပ်သေးရုပ်စုံ (၂၈) မျိုးစလုံးကို စနစ်တကျပြုလုပ်တတ်မြောက်ရန် တစ်နှစ်ကျော်ခန့် ကြာမြင့်နိုင်ပြီး သင်တန်းသားများ၏ အခြေခံပညာ၊ စိတ်ဝင်စားမှုနှင့် ဇွဲလုံ့လတို့အပေါ် များစွာမူတည်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ရိုးရာပညာရပ်များ ရေရှည်ရှင်သန်နိုင်ရေးအတွက် အများပြည်သူအနေဖြင့်လည်း ဝိုင်းဝန်းအားပေးကူညီကြရန် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်းထားသည်။

image

မူးယစ်ဆေးဖြတ်ပြီးသူများအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

ယခုနှစ်အတွင်း မူးယစ်ဆေးဖြတ်သင်တန်းသား ၂၃၄ ဦးအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုပေးနိုင်ခဲ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအောက်ရှိ ပြန်လည်ထူထောင်ရေးစခန်းများတွင် မူးယစ်ဆေးဖြတ်ပြီးသူများအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံးတွင် ယခုနှစ်အတွင်း မူးယစ်ဆေးဖြတ်သင်တန်းသား စုစုပေါင်း ၂၃၄ ဦးအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသင်းအနေဖြင့် မူးယစ်ဆေးစွဲလူနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်လာသူများအား ဆေးရုံများသို့ လွှဲပြောင်းကာ ဆေးဖြတ်ကုသနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ဆေးရုံမှဆင်းလာသူများအား ပြန်လည်ထူထောင်ရေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်ပေးခြင်းနှင့် သင်တန်းဆင်းပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုပေးခြင်းတို့ကို ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဖြတ်ပြီးသူများ လူမှုဘဝသို့ အောင်မြင်စွာ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

အမေရိကန်က အီရန်ကို နောက်ထပ် လေကြောင်းတို-က်ခိုက်မှုများ ပြုလုပ်ပြီး ပစ်မှတ် ၉၀ ကို တို-က်ခိုက်ခဲ့ကြောင်း CENTCOM ထုတ်ပြန်

အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) က ဇူလိုင် ၈ ရက်နေ့တွင် အီရန်နိုင်ငံအပေါ် နောက်ထပ် လေကြောင်းတို-က်ခိုက်မှုများ အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး စုစုပေါင်း စစ်ရေးပစ်မှတ် ၉၀ ခန့်ကို တို-က်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
CENTCOM က X တွင် ထုတ်ပြန်ထားသော ကြေညာချက်အရ "ဇူလိုင် ၈ ရက်တွင် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ၏ တပ်ဖွဲ့များသည် အီရန်အပေါ် နောက်ထပ် တို-က်ခိုက်မှုများကို ဆောင်ရွက်ခဲ့သည်။ ရည်ရွယ်ချက်မှာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ကုန်သွယ်ရေးသင်္ဘောများနှင့် အပြစ်မဲ့ အရပ်သားသင်္ဘောသားများကို တိုက်ခိုက်နိုင်သည့် အီရန်၏ စွမ်းရည်ကို ပိုမိုလျှော့ချရန် ဖြစ်သည်။
အမေရိကန်တပ်ဖွဲ့များက အီရန်၏ စစ်ရေးပစ်မှတ် ၉၀ ခန့်ကို တိုက်ခိုက်ခဲ့ပြီး၊ ထိုပ-စ်မှတ်များတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ကမ်းရိုးတန်း စောင့်ကြည့်ရေးစနစ်များ၊ ဒုံးကျည်နှင့် ဒရုန်း သိုလှောင်ရုံများ၊ ရေတပ်စွမ်းရည်များနှင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ပါဝင်သည်။"
CENTCOM ၏ ထုတ်ပြန်ချက်အရ ယင်းမတိုင်မီ တစ်ရက်အလိုတွင်လည်း အမေရိကန်သည် အီရန်ရှိ စစ်ရေးပစ်မှတ် ၈၀ ကို တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။
တစ်ဖက်တွင် အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်ပေးမည်ဆိုပါက ဝါရှင်တန်၏ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ တီဟီရန်ဘက်က သတ်မှတ်ထားသော အခြေအနေများ ပြည့်မီမှသာ ဖြစ်မည်ဟု သတိပေး ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက "အမေရိကန်၏ ခြိမ်းခြောက်မှုများနှင့် ကတိပျက်မှုများသည် ယခုအချိန်မှစ၍ အကျိုးဆက်မရှိဘဲ ဆက်လက်ပြုလုပ်နိုင်သည့် အရာ မဟုတ်တော့ပါ" ဟု အလေးအနက် ပြောဆိုခဲ့သည်။
အဆိုပါ ပြောကြားချက်သည် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရေးအတွက် အီရန်ဘက်က မိမိတို့၏ သတ်မှတ်ချက်များကို ဦးစားပေးမည်ဖြစ်ကြောင်းနှင့် အမေရိကန်၏ ဖိအားများကို လက်မခံကြောင်း ဖော်ပြသည့် သဘောထားဖြစ်သည်။

image

အင်္ဂလန်နှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ နော်ဝေကစားသမားများ နေထိုင်မကောင်းမှုများနှင့် ကြုံနေရ
====================

နော်ဝေအသင်းဟာ အင်္ဂလန်နှင့် ရင်ဆိုင်ကစားရမဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ နေထိုင်မကောင်းဖြစ်တဲ့ ကစားသမားများ ရှိနေမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံနေရပါတယ်။
နော်ဝေဟာ ပြီးခဲ့တဲ့အပတ်တုန်းက အာလင်းဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ဘရာဇီးကို အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်လာနိုင်ခဲ့ပါတယ်။
၎င်းတို့ဟာ စနေနေ့တွင် ဖလိုရီဒါရှိ မိုင်ယာမီကွင်းတွင် အင်္ဂလန်နှင့် ရင်ဆိုင်ရပါမယ်။
ဒါပေမဲ့ ပွဲကစားရန် ရက်အနည်းငယ်သာလိုတော့တဲ့အချိန်တွင် နော်ဝေအသင်းမှ ကစားသမားအချို့တို့ဟာ နေထိုင်မကောင်းဖြစ်တဲ့ ပြဿနာများ ကြုံနေရပါတယ်။
နော်ဝေသတင်းစာ Dagbladt က နော်ဝေကစားသမားများဟာ ချောင်းဆိုးခြင်း၊ နှာရည်ယိုတို့ ကြုံနေရတာ ဖြစ်ပြီး ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာဖို့ မရှိကြောင်း ဖော်ပြသွားပါတယ်။
ခရစ္စတယ်ပဲလေ့စ်စတားဂျော်ဂျင်စထရန်းလာဆင်မှာ အီရတ်နှင့် အုပ်စုအဖွင့်ပွဲမတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်ကာ ပွဲတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဆီနီဂေါနှင့် အုပ်စုဒုတိယပွဲတွင် ဂိုးသွင်းခဲ့တဲ့ မားကပ်စ်ဟုမ်းဂရန်ပီဒါဆင်မှာလည်း နေမကောင်းမှုကြောင့် ဘရာဇီးနှင့်ပွဲကို လွဲခဲ့ပါတယ်။
နည်းပြစတယ်ဆိုလ်ဘက်ကင်ကိုယ်တိုင်မှာလည်း သတင်းစာရှင်းလင်းပွဲတွင် စကားပြောစဉ် ဆိုးဆိုးရွားရွား ချောင်းဆိုးနေခဲ့ပြီး နေထိုင်မကောင်း ဖြစ်နေကြောင်း တွေ့ရပါတယ်။
အထူးသဖြင့် နော်ဝေဟာ ဘော်စတွန်၊ နယူးဂျာစီ၊ ဘော်စတွန်၊ ဒဲလ်လက်စ်၊ နယူးဂျာစီစသဖြင့် မြို့များကို သွားရောက်ကာ ခရီးသွားရမှုနှင့်အတူ နေထိုင်မကောင်းမှုများနှင့် ကြုံလာရတာပါ။
ဒါပေမဲ့ နော်ဝေအသင်းဟာ အင်္ဂါနေ့ကတည်းက မိုင်ယာမီသို့ ရောက်နေခဲ့တာဖြစ်လို့ အင်္ဂလန်နှင့်ပွဲအတွက် ပြင်ဆင်ချိန် ၃ ရက်တိုင်တိုင် ရရှိထားပါတယ်။

image

အီဂျစ်အား အနိုင်ရပြီးနောက် မျက်ရည်ကျမှုရဲ့ နောက်ကွယ်မှ အကြောင်းရင်းကို လီယွန်နယ်မက်ဆီ ဖွင့်ဟလာ
=========================

လီယွန်နယ်မက်ဆီဟာ အီဂျစ်အား ၃-၂ ဖြင့် နောက်ကလိုက်ကစားကာ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီးနောက် ကွင်းအတွင်း မျက်ရည်ကျကာ ငိုနေခဲ့ပါတယ်။
အာဂျင်တီးနားဟာ ပွဲပြီးရန် ၁၁ မိနစ်အလိုအထိ အီဂျစ်ကို ၂-၀ ဖြင့် ရှုံးနိမ့်နေခဲ့ပြီးမှ နောက်ကျဂိုးများဖြင့် ၃-၂ ဖြင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၃၉ နှစ်ရှိ မက်ဆီဟာ ခရစ္စတီယန်ရိုမီရိုနှင့်အတူ အာဂျင်တီးနားအတွက် အဖိုးတန်ချေပဂိုးများကို သွင်းယူပြီးနောက် အချိန်ပို ၂ မိနစ်မှာ ဖာနန်ဒက်ဇ်က ခေါင်းတိုက်ကာ အနိုင်ဂိုးသွင်းခဲ့တာပါ။
ဒါပေမဲ့ အာဂျင်တီးနားတို့ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်နေချိန်တွင် မက်ဆီဟာ ပင်နယ်တီမှ တဆင့် ချေပဂိုးသွင်းနိုင်မဲ့ အခွင့်အရေး ရခဲ့ပေမဲ့လည်း ကန်ချက်ညံ့မှုနှင့် အတူ အီဂျစ်ဂိုးသမားရဲ့ ကာကွယ်ခြင်းခံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ မက်ဆီက "ဒီကနေ့ ပွဲမှာ ဖြစ်ပျက်ခဲ့တာတွေ အားလုံးအပေါ် စိတ်ပျက်ခဲ့ရတယ်။ အထူးသဖြင် ပင်နယ်တီလွဲခဲ့တာကိုပေါ့။ တကယ်လို့ ကျုပ်သာ ဂိုးသွင်းနိုင်ခဲ့ရင် ပွဲကို လုံးဝ အလှည့်အပြောင်း ဖြစ်သွားခဲ့ပြီ။ ကျွန်တော်တို့ ဂိုးပေးခဲ့ရတယ်ဆိုပေမဲ့ ကစားတာ ကောင်းနေခဲ့တယ်"လို့ ငိုရတဲ့အကြောင်းကို ဖွင့်ဟသွားပါတယ်။
မက်ဆီဟာ အီဂျစ်နှင့်ပွဲတွင် ပင်နယ်တီ မဝင်ခဲ့မှုနှင့်အတူ ကမ္ဘာ့ဖလား တစ်ကြိမ်တည်းတွင် ပင်နယ်တီ ၂ ကြိမ်လွဲတဲ့ ပထမဆုံးကစားသမားအဖြစ် ဘယ်သူမှ မလိုချင်တဲ့ သမိုင်းမှတ်တမ်းဆိုးကို ပိုင်ဆိုင်လာခဲ့ပါတယ်။
မက်ဆီအတွက် ယင်းပင်နယ်တီက ကစားသမားဘဝတစ်လျှောက် ၁၅၀ ကြိမ်မြောက် ပင်နယ်တီဖြစ်သလို ၃၅ ကြိမ်မြောက် လွဲချော်တဲ့ ပင်နယ်တီလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မက်ဆီဟာ ပင်နယ်တီရဲ့ ၇၇ ရာခိုင်နှုန်းအား ဝင်အောင် သွင်းထားနိုင်တုန်း ဖြစ်ပါတယ်။
တဖက်တွင် မက်ဆီဟာ အီဂျစ်နှင့်ပွဲမှ ပင်နယ်တီအပါအဝင် ကမ္ဘာ့ဖလားမှ ပင်နယ်တီ အားလုံးမှ တစ်ဝက်ကို လွဲထားပါတယ်။
သူဟာ ဩစတြီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် အနိုင်ဂိုး ၂ဂိုးလုံးအား သွင်းနိုင်ခဲ့ပေမဲ့ ပင်နယ်တီလွဲခဲ့ပါသေးတယ်။
မက်ဆီဟာ အီဂျစ်နှင့်ပွဲတွင် ဂိုးသွင်းနိုင်ပြီးနောက် ကမ္ဘာ့ဖလားသွင်းဂိုး ၂၁ ဂိုးအထိ ရှိလာသလို ၈ ဂိုးဖြင့် ဂိုးသွင်းဘုရင်ဆုကိုလည်း ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

image