ဘရာမို့စ်ဒုံးကျည်စာချုပ် အိန္ဒိယနှင့် အင်ဒိုနီးရှား တို့ လက်မှတ်ရေးထိုး

အင်ဒိုနီးရှားနှင့် အိန္ဒိယတို့သည် ဘရာမို့စ်ဒုံးကျည်စနစ်အတွက် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ အစည်းအဝေးအပြီး အင်္ဂါနေ့တွင် အင်ဒိုနီးရှားသမ္မတအိမ်တော်က ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ၎င်း၏ အရှေ့တောင်အာရှနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် နှစ်ရက်ကြာရောက်ရှိနေစဉ် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် တွေ့ဆုံခဲ့သည်။
အိန္ဒိယ-ရုရှား ဒုံးကျည်ထုတ်လုပ်ရေး ဖက်စပ်လုပ်ငန်း ဘရာမို့စ်နှင့် အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနတို့သည် ဘရာမို့စ်ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျကာတာက အသေးစိတ်အချက်အလက်များ မပါဝင်ဘဲသတင်း ထုတ်ပြန်ကြေညာခဲ့သည်။
အိန္ဒိယသည် ဘရာမို့စ်ဒုံးကျည်စနစ်နှင့် အက်စ်ထရာ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်ကို အင်ဒိုနီးရှားသို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရအရာရှိတစ်ဦးကို ကိုးကား၍ အင်္ဂါနေ့အစောပိုင်းတွင် ရိုက်တာသတင်းဌာနက သတင်းဖော်ပြခဲ့သည်။
၎င်း၏ ဒုံးကျည်စနစ်များအတွက် ယူအက်စ်ဒေါ်လာ သန်း ၂၀၀ မှ ၃၅၀ အကြား တန်ဖိုးရှိ သဘောတူညီချက်တစ်ခုအတွက် အင်ဒိုနီးရှားနှင့် အဆင့်မြင့်ဆွေးနွေးမှုများပြုလုပ်နေကြောင်း ၂၀၂၃ ခုနှစ်တွင် ဘရာမို့စ်က ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းစနစ်များအတွက် အိမ်နီးချင်း ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
သီးခြားအနေဖြင့် အင်ဒိုနီးရှား၏ ကာကွယ်ရေးပုဂ္ဂလိက ဦးပိုင်ကုမ္ပဏီ Republikorp နှင့် အိန္ဒိယအခြေစိုက် ကာကွယ်ရေးကုမ္ပဏီ Bharat Dynamic တို့သည် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များအတွက် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတအိမ်တော်က ကြေညာခဲ့သည်။
နှစ်နိုင်ငံသည် အရေးကြီးသော တွင်းထွက်သတ္ထု့များနှင့် သံမဏိအပြင် စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ ခိုင်မာစေရန် နားလည်မှုစာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
အိန္ဒိယသံမဏိအာဏာပိုင်အဖွဲ့နှင့် အင်ဒိုနီးရှား၏ Krakatau သံမဏိလုပ်ငန်းတို့သည် အင်ဒိုနီးရှားတွင် သံမဏိပြားများထုတ်လုပ်ရန်အတွက် ဖက်စပ်လုပ်ငန်းတစ်ခုလည်း တည်ထောင်မည်ဖြစ်သည်။
မိမိတို့သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဒီမိုကရေစီနိုင်ငံနှစ်ခုဖြစ်ပြီး မိမိတို့အကြား ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်းအတွက် အကျိုးကျေးဇူးများကို ဆောင်ကျဉ်းပေးလိမ့်မည်ဟု ပရာဘိုဝိုက မိုဒီနှင့်အတူ ပြောကြားခဲ့သည်။

image

ဒူးရင်းဈေးကျ၍တရုတ်ဝန်ကြီးချုပ်ကို အကူအညီတောင်းပေးမည်--အန်ဝါ

ဒူးရင်းဈေးကျဆင်းနေမှုအတွက် နောက်လ ပေကျင်းခရီးစဉ်အတွင်း မိတ်ဆွေကောင်း တရုတ်ဝန်ကြီးချုပ် လီကျင်းကို သူ တင်ပြပေးမည်ဖြစ်ကြောင်း ဂျိုဟိုးပြည်နယ်ရှိ ဒူးရင်းစိုက်တောင်သူများကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ကတိပြုခဲ့သည်။
နိုင်ငံတစ်ဝန်း ဒူးရင်းသီးအလျှံပယ်ဖြစ်နေခြင်းကြောင့် တောင်သူများအနေဖြင့် အနံ့ပြင်းအသီးများကို ရေရှည်တည်တံ့သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် ရုန်းကန်နေရသည်။
စနေနေ့တွင် ပြည်နယ်ရွေးကောက်ပွဲများ ကျင်းပရန်ရှိနေသော ဂျိုဟိုးပြည်နယ်သို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် ပြောကြားခဲ့ရာ၌ သူ၏ တောင်ပိုင်းပြည်နယ်တစ်ဝန်း နှစ်ရက်ကြာခရီးစဉ်အတွင်း တောင်သူများက မလေးရှားကျွန်းဆွယ်တစ်ဝန်းတွင် ဒူးရင်းခူးဆွတ်ချိန် ဈေးကွက်အတွင်း ဗုံးဗလအောဝင်လာမှုကြောင့် ဒူးရင်းသီးများကို ဈေးပေါပေါဖြင့် ရောင်းချနေသည်ဟု ညည်းညူခဲ့ ကြကြောင်း အန်ဝါက ပြောဆိုခဲ့သည်။
“ကျွန်တော်တစ်ခုတော့ ကတိပေးပါတယ်။ တရုတ်ဝန်ကြီးချုပ် လီကျန်းက မိတ်ဆွေကောင်းတစ်ယောက်ပါ” ဟု တနင်္ဂနွေနေ့တွင် အန်ဝါက လူအုပ်ကြီးကို ပြောကြားခဲ့သည်။ “ကျွန်တော် နောက်လမှာ တရုတ်နိုင်ငံကို သွားမှာပါ၊ ဈေးနှုန်းတွေ ကျဆင်းနေတာသိရလို့ ဒူးရင်းကိစ္စကိုလည်း တင်ပြဆွေးနွေးသွားလိုပါတယ်၊ တရုတ်နိုင်ငံရဲ့ စံနှုန်းတွေက အရမ်းမြင့်ပေမယ့် ကျွန်တော် ညှိနှိုင်းဖို့ ကြိုးစားပါမယ်” ဟု သူကဆိုခဲ့သည်။
ဒူးရင်သီးများကို ကောင်းမွန်စွာ ထုတ်ပိုးထားရန် ဂျိုဟိုးတောင်သူများကို တောင်းဆိုထားကြောင်း သို့မှသာ လီအား လက်ဆောင်ပေး၍ ပြည်နယ်မှ ထွက်သောအသီးများဖြစ်ကြောင်း ပြော၍ ကောင်းလိမ့်မည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
“ကျွန်တော် သူ့ကို နည်းနည်းပိုဝယ်ပေးဖို့ ပြောမယ်၊ အဲဒီနောက် ဈေးတက်လာမှာပေါ့” ဟု အန်ဝါက ပြောသည်။ နိုင်ငံရေးပြိုင်ဘက်များအနေဖြင့် ပေကျင်းသို့ အလားတူ အရေးဆိုနိုင်ခွင့်ကို ပြသရန်လည်း သူက စိန်ခေါ်ခဲ့သည်။ “သူတို့ တရုတ်နဲ့ ညှိနှိုင်းပြီး ဒူးရင်းသီး နည်းနည်းပိုသွင်းပေးဖို့ တောင်းဆိုနိုင်ပါ့မလား” ဟု သူက မေးခွန်းထုတ်ခဲ့သည်။
တရုတ်နိုင်ငံသို့ လတ်ဆတ်သော ဒူးရင်းသီး တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် ယူအက်စ်ဒေါ်လာ ၅ သန်းမှ ၃၇ သန်းအထိ ငါးဆကျော် တိုးလာခဲ့ပြီး အေးခဲဒူးရင်းသီးတင်ပို့မှုသည် ယူအက်စ်ဒေါ်လာ ၂၀၂ သန်းနီးပါး ရောက်ရှိခဲ့ကြောင်း ပေကျင်းရှိ မလေးရှားကုန်သွယ်ရေးရုံး Matrade က စနေနေ့တွင် ပြောကြားခဲ့သည်။

image

အာဆီယံစောင့်ကြည့်ရေးအဖွဲ့ကကမ္ဘောဒီးယား-ထိုင်းနယ်စပ်ကိုစစ်ဆေး

အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (AOT) သည် မြေပြင်အခြေအနေများကို စစ်ဆေးအတည်ပြုရန်အတွက် ဘက်တမ်ဘန်းပြည်နယ်ရှိ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသတစ်ခုသို့ မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ပေါင်းစပ်ညှိနှိုင်းရေး ဆက်သွယ်ပြန်ကြားရေးအဖွဲ့သည် ထိုင်းဘက်သို့ ကြိုတင်အကြောင်းကြားပြီးနောက် ဒေသခံအာဏာပိုင်များ၏ ပါဝင်မှုဖြင့် ယခုခရီးစဉ်ကို စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံမှ အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (AOT) ၏ သံတမန်မစ်ရှင်အကြီးအကဲ ဦးဆောင်သော အဆိုပါအဖွဲ့သည် ကမ်ရင်ခရိုင်အတွင်းရှိ နယ်စပ်မှတ်တိုင်အမှတ် ၅၂ နှင့် ၅၉ အကြား နယ်မြေကို စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ထိုင်းစစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များက နယ်စပ်မှတ်တိုင်အမှတ် ၅၂ နှင့် ၅၄ အနီးတွင် တစ်ဖက်သတ် ဆောက်လုပ်ထားသည့် နယ်စပ်ခြံစည်းရိုးကို စစ်ဆေးခဲ့ပြီး အဆိုပါလုပ်ဆောင်ချက်များကြောင့် ယာယီနယ်စပ်အမှတ်အသားများ ပျက်စီးဆုံးရှုံးခဲ့ရမှုကို တွေ့မြင်ခဲ့ကြသည်။ ၎င်းအပြင် အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့သည် ယခင်က နှစ်နိုင်ငံပူးတွဲလုပ်ဆောင်ခဲ့သည့် မြေတိုင်းတာမှုများနှင့် ယာယီနယ်စပ်မှတ်တိုင်များ ထားရှိမှုဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ ရှင်းလင်းတင်ပြချက်များကိုလည်း လက်ခံရရှိခဲ့သည်။
ထို့အတူ လေ့လာစောင့်ကြည့်ရေးအဖွဲ့သည် ထိုင်းနိုင်ငံသားအချို့က ကမ္ဘောဒီးယားပိုင်နက်အတွင်း ဝင်ရောက်စိုက်ပျိုးထားသည့် နယ်စပ်မှတ်တိုင်အမှတ် ၅၂ နှင့် ၅၉ အကြားရှိ စိုက်ပျိုးရေးမြေနေရာများသို့လည်း သွားရောက်ကြည့်ရှုခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အဆိုပါလုပ်ဆောင်ချက်များသည် ပူးတွဲနယ်နိမိတ်ကော်မရှင် (JBC) အောက်တွင် ဆောင်ရွက်နေသော နှစ်နိုင်ငံနယ်နိမိတ် ပိုင်းခြားသတ်မှတ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေကြောင်း ထောက်ပြကာ သံတမန်ရေးရာလမ်းကြောင်းများမှတစ်ဆင့် တရားဝင်ကန့်ကွက်ထားပြီး ယင်းပြဿနာကို ဖြေရှင်းရန် JBC အစည်းအဝေးကို အမြန်ဆုံးကျင်းပရန် တောင်းဆိုထားသည်။
ကမ္ဘောဒီးယား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ယခုကွင်းဆင်းစစ်ဆေးမှုသည် အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့အား မြေပြင်အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်စေခဲ့ပြီး နိုင်ငံတကာဥပဒေများ၊ တည်ဆဲသဘောတူညီချက်များနှင့် ကော်မရှင်၏ လုပ်ပိုင်ခွင့်များနှင့်အညီ နယ်စပ်ပြဿနာများကို ဆွေးနွေးပွဲများနှင့် နှစ်နိုင်ငံယန္တရားများမှတစ်ဆင့် ငြိမ်းချမ်းစွာဖြေရှင်းရန် ကမ္ဘောဒီးယား၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရာရောက်ကြောင်း သိရသည်။

image

EV ကားများကို ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး၌ EV ကားများကို ပြည်တွင်း၌ပင် အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် ပြောကြားခဲ့သည်။
EV ကားများကို ပြည်ပမှတင်သွင်းခြင်းအစား ပြည် တွင်း၌ အစအဆုံးအလုံးစုံတပ်ဆင်ထုတ်လုပ်ပါက အ လုပ်အကိုင်အခွင့်အလမ်းများနှင့် နည်းပညာများရရှိနိုင်မည့်အပြင် ပြည်သူများကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများသုံးစွဲသွားနိုင်မည်ဖြစ်၍ အား လုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဟု ပြောကြား သည်။
ထို့ပြင် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရေးအ တွက် ပြည်ပမှတင်သွင်းရန်မလိုသည့် ကျောက်မီးသွေးကိုအသုံးပြု၍ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတို့ကိုဆောင်ရွက်ရမည်ဟု ပြောကြား သည်။
" ဒါ့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေ တိုင်းနဲ့ ပြည် နယ်တွေအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လိုပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ဖို့အတွက် မီးရထားခရီးစဉ်တွေပိုမိုတိုးချဲ့ပြေးဆွဲတာ၊ ရထားလမ်းတွေနဲ့ မီးရထားတွေအဆင့်မြှင့်တင်တာတွေက်ု နိုင်ငံတော်ကဆောင်ရွက်ပေးနေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့် ဘတ္ထရီစနစ်သုံးရထားစက်ခေါင်းများကိုတပ်ဆင်ထုတ်လုပ်အသုံးပြုလျက်ရှိပြီး ထပ်မံ၍ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်ပမှစက်သုံးဆီတင်သွင်းနေရမှုများကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွား တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက် အကူပြုမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရှင်းလင်း

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဇူလိုင် ၆ ရက်က ဟားခါးမြို့၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ရှင်းလင်းတင်ပြချက်များအရ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့တို့တွင် ဦးစီးဌာနရုံးပေါင်း(၁၁၀)ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး၊ အရာထမ်း၊ အမှုထမ်း(၃၄၄၃)ဦးဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည်။
အခြေခံပညာကျောင်း(၂၇၉)ကျောင်း ဖွင့်လှစ် နိုင်ပြီး၊ ဆရာ၊ ဆရာမ(၁၂၃၄)ဦးက ကျောင်းသား၊ ကျောင်းသူ(၁၇၆၅၁)ဦးအား ပညာသင်ကြားပေးလျက်ရှိသည်။ ပြည်သူ့ဆေးရုံများဖွင့်လှစ်၍၊ ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း(၂၇၈)ဦးဖြင့် လူနာပေါင်း (၁၃၀၉၈)ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ကာ ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ရောက်ရှိ နေပြီဖြစ်သည်။
ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်၊ စည်ပင်သာယာစျေးများနှင့်အိမ်ဆိုင်များလည်း ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း၊ တီးတိန်မြို့အား အသေးစားရေအားလျှပ်စစ်နှင့် ဒီဇယ်ဓာတ်အားပေးစက်များဖြင့် အလှည့်ကျဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ဆက်သွယ်ရေးအနေဖြင့် MEC, MPT တယ်လီဖုန်းလိုင်းများ ဆက်သွယ်အသုံးပြုနိုင်ပြီဖြစ်သည်။
ယခုကဲ့သို့ ဆောင်ရွက်ပေးခဲ့မှုကြောင့် ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လျှင်မြန်စွာ တိုးတက်လာသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပါက အချိန်တိုကာလအတွင်းမှာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြောကြားခဲ့သည်။

image

နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုဖြစ်စေသည့် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသည့် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့သည့် ဝန်ထမ်းများကိုလည်း တွေ့ရှိခဲ့ရကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက အိမ်နီးချင်းနိုင်ငံများတွင် အသား၊ ငါးနှင့် မီးဖိုချောင်သုံးသီးနှံများကဲ့သို့ အခြေခံစားသောက်ကုန်များအပေါ် ဈေးကွက်လိုအပ်ချက် မြင့်မားနေသဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ရောင်းချနိုင်သော်လည်း အချို့ဒေသများနှင့် လမ်းကြောင်းများတွင် လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် အပြည့်အဝတင်ပို့နိုင်ခြင်း မရှိသေးကြောင်း ပြောကြားသည်။
ထို့ပြင် ကုန်သွယ်မှုလုပ်ငန်းများကို တရားဝင်စနစ်တကျ ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကြပ်မတ်စစ်ဆေးရန် လိုအပ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်းလည်း ပြောကြားသည်။
“ခေတ်အဆက်ဆက်မှာ ကုန်ပစ္စည်းတွေကို မှောင်ခိုသွင်းတာ၊ တင်ပို့တာတွေကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေ ဆုံးရှုံးခဲ့ရသလို အရည်အသွေးမပြည့်မီတဲ့ ကုန်ပစ္စည်းတွေကို ပြည်သူတွေ သုံးစွဲခဲ့ကြရပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့ကြတာကို တွေ့မြင်ရပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင့် ဝိသမလောဘသမားများ၏ ဈေးကွက်ကစားမှုများကို တရားဝင်ကုန်သွယ်ရေးစနစ်ဖြင့် တိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပို့ကုန်တိုးမြှင့်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်လာစေရေး အားပေးဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။
ထို့အပြင် လုံခြုံရေးအခြေအနေများ တည်ငြိမ်လာသည်နှင့်အမျှ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပုံမှန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျဖြစ်စေရေး အနီးကပ်ကြပ်မတ်စစ်ဆေးရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေးဝ-ယာကြီး-မုံရွာလမ်းပိုင်းအား တပ်မတော်ကအပြည့်အဝပြန်လည်ထိန်းချုပ်

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေးဝ-ယာကြီး-မုံရွာလမ်းပိုင်းအား တပ်မတော်က ဇူလိုင် ၇ ရက်တွင်အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းကြောင်းအားအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရန် တပ်မတော်က ဇွန် ၂ ရက်မှစတင်၍ အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီးနောက် ဇူလိုင် ၇ ရက်ညနေပိုင်း၌ ကလေးဝ-ယာကြီး-မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သဖြင့် ကလေးဝ-ကလေး-ဖလမ်း-ဟားခါး-ထန်တလန်၊ ကလေးဝ- ကလေး-တီးတိန်-တွန်းဇံ-ကျီခါး၊ ကလေးဝ-မုံရွာ-မြင်းမူ-စစ်ကိုင်း-မန္တလေးတို့သို့ ပြန်လည်သွားလာနိုင်ပြီဖြစ်ကာ ကုန်စည်ပို့ဆောင်ရေးယာဉ်များနှင့် ခရီးသွားများအနေဖြင့်လည်း ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသကုန်စည်စီးဆင်းမှုနှင့် ဒေသတွင်းကုန်စည်ပို့ဆောင်မှုများကိုလည်း အခက်အခဲမရှိပြန်လည်အသုံးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကလေးဝ-ယာကြီး-မုံရွာလမ်းကြောင်းသည် ၁၁၅ မိုင်ရှည်လျားပြီး နိုင်လွန်ကတ္တရာလမ်းဖြစ်ကာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော တမူး-ကလေး လမ်းကြောင်းမှတစ်ဆင့် မုံရွာ-မန္တလေးလမ်းကြောင်းသို့ တိုက်ရိုက်ချိတ်ဆက်ထားသဖြင့် ကုန်စည်စီးဆင်းရန်အချိန်ကုန်သက်သာ၍ မြန်ဆန်ချောမွေ့သော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ တပ်မတော်စစ်ကြောင်းများက ယင်း လမ်းကြောင်းတစ်လျှောက်နှင့် ကျေးရွာများတွင် အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းများအား ဖယ် ရှားရှင်းလင်းခြင်း၊ လမ်းပိုင်းအတွင်းပျက်စီးနေသည့် လမ်း၊ တံတားနေရာများအားလည်း ပုံမှန်အတိုင်းပြန်လည်အသုံးပြုသွားလာနိုင်ရေးအတွက် ပြန်လည်ပြုပြင်ခြင်းများကို ဒေသခံများနှင့်အတူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် ယနေ့မှ စတင်အသက်ဝင်
တစ်နှစ်အတွင်း အများဆုံး ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရရှိမည်

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်သည် ယနေ့ (ဇူလိုင် ၈ ရက်) မှစတင်၍ တရားဝင်အသက်ဝင်ပြီဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး (အော့တာဝါမြို့) က ထုတ်ပြန်အသိပေးသည်။
အဆိုပါ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအစိုးရတို့က ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယနေ့မှစတင်ကာ တရားဝင်အကျိုးသက်ရောက်မှုရှိလာခြင်းဖြစ်ကြောင်း သိရသည်။
သဘောတူစာချုပ်အရ သက်တမ်းရှိ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံသားများသည် တစ်ဖက်နိုင်ငံသို့ ဝင်ရောက်ရာတွင် အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်စွာ နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။
ထို့ပြင် ပြက္ခဒိန်တစ်နှစ်အတွင်း စုစုပေါင်း ရက်ပေါင်း ၉၀ အထိ ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်နိုင်မည်ဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။

image

ပုဂ္ဂလိက-အစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်တွင်းထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ကာ စီးပွားရေးတိုးတက်မှု ဖော်ဆောင်နိုင်မည်ဟု UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း ပြော

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်နိုင်စွမ်းနှင့် ပြည်ပပို့ကုန် တိုးတက်မှုအပေါ် အခြေခံနေသဖြင့် ပုဂ္ဂလိကနှင့် အစိုးရတို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လက်ရှိစီးပွားရေးစိန်ခေါ်မှုများကို ကျော်လွှားကာ ရည်မှန်းထားသည့် စီးပွားရေးတိုးတက်မှုလမ်းကြောင်းသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားသည်။
ယင်းကို ဇွန်လ ၂၃ ရက်က ကျင်းပသည့် UMFCCI အမှုဆောင်သက်တမ်းသစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (ဗ-၄/၂၀၂၅-၂၀၃၀) ဖွင့်ပွဲတွင် အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဦးအေးဝင်းက UMFCCI သည် အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (CII) နှင့် ပူးပေါင်း၍ မေ ၃၁ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ ဆေးဝါး၊ ချည်မျှင်နှင့် အထည်အလိပ်၊ နည်းပညာ၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနှင့် ကျန်းမာရေးကဏ္ဍများ၌ အိန္ဒိယလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတကာစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် UMFCCI ကိုယ်စားလှယ်အဖွဲ့များက တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုမြှင့်တင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံအလိုက် အထူးပြုလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်အဆင့် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ကျင်းပခဲ့သည့် Myanmar–China Investment and Trade Networking Summit တွင် UMFCCI ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များ တင်ပြခဲ့ကြောင်းလည်း ဦးအေးဝင်းက ပြောကြားခဲ့သည်။

image

ပိုးသတ်ဆေး ၄၆၇၀ မျိုး မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပိုးသတ်ဆေး ၄၆၇၀ မျိုး မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူးက ပိုးသတ်ဆေးနည်းပညာကော်မတီ၏ စိစစ်ထောက်ခံချက်ဖြင့် ပိုးသတ်ဆေးမှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာသည့် လျှောက်လွှာများကို တင်ပြခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပိုးသတ်ဆေးအမျိုးပေါင်း ၁၇၉ မျိုးကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေးအတွက် စိစစ်ဆွေးနွေးခဲ့ကြပြီး (၄၇) ကြိမ်မြောက် အစည်းအဝေးပြီးစီးချိန်အထိ ပိုးသတ်ဆေးစုစုပေါင်း ၄၆၇၀ မျိုးကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေဖြင့် ပိုးသတ်ဆေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းလုပ်ငန်းများ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်မှစတင်၍ Myanmar Agricultural Import Registration System (MAIRS) Online System ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image