ရွေးကောက်ပွဲ ပထမအဆင့်အပြီးအခြေအနေကို အာဆီယံကအကဲဖြတ်မည်

ရွေးကောက်ပွဲအပိုင်း (၁) အပြီးတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံက အကဲဖြတ်မည်ဖြစ်ပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ပြည်သူ့ထံ အာဏာပြန်ပေးမည်ဟု ကတိပြုထားသည့် အဆင့်လိုက်တစ်လကြာ ရွေးကောက်ပွဲတွင် တနင်္ဂနွေနေ့၌ မဲပေးမှုကို စတင်ခဲ့သည်။
မြန်မာနိုင်ငံပါဝင်သော အာဆီယံ (၁၁) နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်နှင့်သက်ဆိုင်သော လုပ်ငန်းများအပါအဝင်ဖြစ်ပေါ်တိုးတက်မှုများကို ဂရုစိုက်စဉ်းစားဆောင်ရွက်မည်ဟုလည်း ပြောကြားခဲ့သည်။
ထို့ပြင် အကြမ်းဖက်မှုများလျှော့ချရန်နှင့် ကွဲပြားမှုများကိုပိုမိုနက်ရှိုင်းစေမည့် လုပ်ဆောင်ချက်များကိုရှောင်ရှားရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မှုများ၌ အားလုံးပါဝင်နိုင်ပြီး ယုံကြည်စိတ်ချရသော လမ်းကြောင်းတစ်ခုဖြစ်နိုင်ခြေအားထိန်းသိမ်းထားရန် အစီအစဉ်တကျ စဉ်းစားဆောင်ရွက်သွားမည်ဟုလည်း မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။

ယာဉ်လိုင်းခုနစ်လိုင်းမှ ယာဉ်စီးခအခမဲ့ဖြင့် ပြည်သူ့ရင်ပြင်သို့ပြေးဆွဲမည်

YBS ယာဉ်လိုင်းခုနစ်လိုင်းမှ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ယာဉ်စီးခအခမဲ့ဖြင့်ပြည်သူ့ရင်ပြင်သို့ ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ထံမှသိရသည်။
မနက်ဖြန်(ဒီဇင်ဘာ ၃၁ ရက်)၊ ညပိုင်းမှ ဇန်နဝါရီ ၄ ရက်ညပိုင်းအထိ ပြည်သူ့ရင်ပြင်သို့ငါးရက်တိုင် အခမဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရသည်။
"ယာဉ်စီးခက အခမဲ့ပါ။ ပွဲပြီးချိန်အထိပြေးဆွဲမှာဖြစ်ပါတယ်"လို့ ယင်းတာဝန်ရှိသူကစံတော်ချိန် ဒစ်ဂျစ်တယ်သို့ပြောသည်။
ပြေးဆွဲမည့်ယာဉ်လိုင်းခုနစ်လိုင်းမှာ YBS ၁၁၅၊ YBS ၇၊ YBS ၈၊ YBS ၃၇၊ YBS ၆၂၊ YBS ၆၁ နှင့် YBS ၃၉ တို့ဖြစ်ကြောင်း YRTC မှတာဝန်ရှိသူတစ်ဦးကဆိုသည်။
သတင်း-အင်ကြင်း

ဗန်းမော်မှ စစ်ဘေးရှောင်များအတွက် ဆေးကုသမှုလုံလောက်ခြင်းမရှိဟုဆို

ကချင်ပြည်နယ်၊ဗန်းမော်မြို့မှ စစ်ဘေးရှောင်များအတွက် ဆေးကုသမှုလုံလောက်ခြင်းမရှိသည့်အခြေအနေနှင့် ကြုံတွေ့နေရကြောင်း သုညသုခပရဟိတလူငယ်အသင်းကဆိုသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ ဗန်းမော်မှမန္တလေးနှင့်ပြင်ဦးလွင်တဝိုက်သ်ို့ စစ်ဘေးရှောင်ရင်း ရောက်ရှိနေသူများဖြစ်ပြီး လူဦးရေအနေဖြင့်အိမ်ထောင်စု ၃၁၇၉ စုရှိကြောင်းသိရသည်။
သုညသုခပရဟိတလူငယ်အသင်း၏ တာဝန်ရှိသူတစ်ဦးက "သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို ကျွန်တော်တို့အသင်းကနှစ်ပိုင်းတော့ ကူညီစောင့်ရှောက်ပေးနေတာရှိတယ်။ ပထမအပိုင်းက စစ်ရှောင်အများစုမှီခိုတဲ့ ဘုန်းကြီးကျောင်းမှာ အစိုးရဘက်ကလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ထားပြီးမှ နှစ်ပတ်တစ်ခါလောက် mobile team လုပ်ပြီး အခမဲ့ ဆေးလာကုပေးတာရှိတယ်ပေါ့။နောက်တစ်ခုက ဘုန်းကြီးကျောင်းမှာပဲ ပရဟိတဆေးခန်းပုံစံဖွင့်ထားပြီးမှ ပြင်ပကဆရာဝန်တွေ ဖိတ်ပြီး အပတ်စဉ် တနင်္ဂနွေ‌နေ့တိုင်း အခမဲ့ ကုသပေးတာမျိုးလည်းရှိပါတယ်။ ဒီလိုကျန်းမာရေးစောင့်ရှောက်မှုတွေတော့လုပ်ပေးနေပါတယ်။ လုံလောက်မှုတော့မရှ်ိဘူး။
ကျွန်တော်တို့နိုင်သလောက်ပဲပေါ့နော်။အကုန်လုံးကိုစောင့်ရှောက်နိုင်တာတော့မဟုတ်ဘူးပေါ့။ဘာလို့ဆို အထွေထွေလောက်ပဲကြည့်နိုင်တာပေါ့ ဒီမှာလာတဲ့လူကျ။တချို့ကျလည်း သွေးတိုး‌၊ဆီးချိုဆို‌ရင်တောင်သူ့ရဲ့စစ်ရတာကအများကြီးရှိတော့လေ။တခြားရောဂါတွေလည်းအများကြီးရှိတာပေါ့'' ဟု စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင် အိမ်ထောင်စု ၃၁၇၉ စုသည် မြောက်ပြင်စုရပ်၊ ကမ်းနားတဝိုက်စုရပ်၊ မြို့ထဲတဝိုက်စုရပ်၊ စက်မှုတဝိုက်စုရပ်၊ အမရပူရစုရပ်၊ ပုသိမ်ကြီးစုရပ်၊ အုန်းချောစုရပ်၊ပြင်ဦးလွင်စုရပ်၊ အနီးစခန်းစုရပ်နှင့် ပြင်စာစုရပ် အစရှိသည့် စုရပ် ၁၀ နေရာရှိ သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းဓမ္မာရုံများတွင် နေထိုင်လျက်ရှိကြောင်းသိရသည်။

ရီရယ်လ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းပြီးနောက် အီရန်၌ ဆန္ဒပြပွဲများဖြစ်ပွား

ရီရယ်လ် ငွေကြေးစနစ်တန်ဖိုးစံချိန်တင် ကျဆင်းခဲ့ပြီးနောက်အီရန်နိုင်ငံ၌ ဒီဇင် ဘာ ၂၉ ရက်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ ၂၉ ရက် ဆန္ဒပြပွဲများသည် အီရန်နိုင်ငံအတွက် သုံးနှစ်တာကာလအတွင်း အကြီးမားဆုံးဆန္ဒပြပွဲများဖြစ်ကြကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားသည်။
အီရန်နိုင်ငံ၏ ရီရယ်လ်ငွေကြေးစနစ်တန်ဖိုးသည် ဒီဇင်ဘာ၂၈ ရက်တွင် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ရီရယ်လ်ငွေ ၁ဒသမ ၄၂ သန်းအထိ စံချိန်တင်ကျဆင်းခဲ့ရသည်။
ယင်းကဲ့သို့ ရီရယ်လ်ငွေကြေးစနစ်တန်ဖိုး စံချိန်တင်ကျဆင်းခဲ့ရပြီးနောက် အီရန်ဗဟိုဘဏ် ဥက္ကဋ္ဌ ရီဇာဖာဇင်သည်လည်း ရာထူးမှနုတ်ထွက်သွားကြောင်း အီရန်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။
အီရန်ဗဟိုဘဏ် ဥက္ကဋ္ဌရာထူးကို ၎င်းစတင်ရယူခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ရီရယ်လ်ငွေကြေးစနစ် တန်ဖိုးမှာအမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ရီရယ်လ်ငွေ ၄၃၀၀၀၀ အထိဈေးပေါက်ခဲ့သည်။
ဒီဇင်ဘာ ၂၉ ရက်တွင် တီဟီရန်မြို့တော်အပါအဝင် အီရန်မြို့ကြီးအများအပြား၌ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း အီရန်အစိုးရ မီဒီယာများကအတည်ပြုထားသည်။
၂၀၁၅ နျူကလီးယား သဘောတူညီချက် တည်မြဲနေစဉ်ကာလအတွင်း အီရန်နိုင်ငံ၏ ရီရယ်လ်ငွေ
တန်ဖိုးမှာ တည်ငြိမ်ခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ရီရယ်လ်၃၂၀၀၀ အထိသာ ရှိခဲ့သည်။
၂၀၁၅ နျူကလီးယား သဘောတူညီချက်မှ ၂၀၁၈ ခုနှစ်တွင် အမေရိကန် နုတ်ထွက်ခဲ့ပြီးနောက် အီရန်
စီးပွားရေး ထိခိုက်ကျဆင်းလာခဲ့ရပြီးရီရယ်လ်ငွေတန်ဖိုးလည်း ထိုးကျခဲ့ရသည်။

သမ္မတကတော်ဟောင်း လာဘ်ယူခဲ့ကြောင်း တောင်ကိုရီးယားအထူးရှေ့နေ စွပ်စွဲ

သမ္မတဟောင်း ယွန်းဆွတ်ယိုး၏ ဇနီး သမ္မတကတော်ဟောင်း ကင်အွန်ဟီးသည် အဖိုးတန် ပစ္စည်းများနှင့် ငွေကြေးများကို တံစိုးလက်ဆောင်အဖြစ် လက်ခံ၍ နိုင်ငံ၏ အရေးအရာကိစ္စများတွင် ပါဝင်စွက်ဖက်ခဲ့ကြောင်းတောင်ကိုရီးယားအစိုးရ အထူးရှေ့နေက ဒီဇင်ဘာ ၂၉ရက်တွင် ပြောကြားလိုက်သည်။
သမ္မတဟောင်း ယွန်းဆွတ်ယိုး၏ စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှုပြဿနာနှင့် အခြားဆက်စပ်ပြဿနာများကို တစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရအထူးရှေ့နေ မင်ဂျန်ကီက သမ္မတကတော်ဟောင်း ကင်အွန်ဟီးကို တံစိုးလက်ဆောင်ရယူ၍ နိုင်ငံအရေး ကိစ္စများ၌
ကြားဝင်စွက်ဖက်ခဲ့ကြောင်း စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် တောင်ကိုရီးယားအာဏာပိုင်များသည် သမ္မတကတော်ဟောင်း ကင်အွန်ဟီးကို လာဘ်ပေးလာဘ်ယူမှုအပါအဝင် စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆိုထားပြီးဖမ်းဆီးထိန်းသိမ်းထားသည်။
သမ္မတကတော်ဟောင်း ကင်အွန်ဟီးကို ၎င်းကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ထောင်ဒဏ် ၁၅ နှစ်
ချမှန်ရန် အစိုးရရှေ့နေများက ယခုလအစောပိုင်းတွင် ဆုံးဖြတ်မည်ဖြစ်သည်။
သမ္မတကတော်ဟောင်း အပေါ်စွဲဆိုထားသော စွဲချက်များကို အောက်တရားရုံးတစ်ရုံးက လာမည့်နှစ် ဇန်နဝါရီ ၂၈ ရက်တွင် စီရင်ချက် ချမှတ်ဖွယ်ရှိသည်။
အစိုးရရှေ့နေများ၏ စွဲချက်များကို သမ္မတကတော်ဟောင်း ကင်အွန်ဟီးက ငြင်းဆိုထားပြီး ၎င်းအနေ
ဖြင့် မည်သည့်အမှားမျှ ကျူးလွန်ထားခြင်းမရှိကြောင်း ပြောကြားထားသည်။

အမေရိကန်က ဗင်နီဇွဲလား၌ ပထမဆုံးကုန်းမြေတိုက်ခိုက်မှုအဖြစ် ဆိပ်ကမ်းကိုတိုက်ခိုက်ခဲ့သည်ဟု သမ္မတဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလား မူးယစ်ဆေးဝါးမှောင်ခိုကူးသည်ဆိုသော ရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းအား တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု သမ္မတဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်က လက်တင်အမေရိကမှ မူးယစ်မှောင်ခိုကူးမှုများကို နှိမ်နင်းသည့် စစ်ဆင်ရေးအတွင်း ပထမဆုံး ကုန်းမြေကို တိုက်ခိုက်မှုဖြစ်သည်ဟု သိရသည်။
ဗင်နီဇွဲလား၏လက်ဝဲသမ္မတနီကိုလပ်စ် မာဒူရိုကို အမေရိကန်က ဖိအားပေးမှုများ ပိုမိုလုပ်ဆောင်လာချိန် ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်ခေါင်းဆောင်က အတည်ပြုပြောကြားလိုက်ခြင်းဖြစ် သည်။ ဗင်နီဇွဲလားသမ္မတကမူ ထရန့်သည် ဗင်နီဇွဲလားတွင် အစိုးရအပြောင်းအလဲဖြစ် အောင် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားသည်။
“မူးယစ်ဆေးဝါးတွေကို ရေယာဉ်တွေ ပေါ်တင်တဲ့နေရာဖြစ်တဲ့ ဆိပ်ကမ်းဧရိယာမှာ ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်” ဟု ထရန့်က ဖလော်ရီဒါတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထရန့်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ဖလော်ရီဒါရှိ မာရာလာဂို စံအိမ်တွင် လက်ခံတွေ့ဆုံရာ၌ အထက်ပါ တိုက်ခိုက်မှုကို သတင်းထောက်များအား အတည်ပြုပြောကြား ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ရေယာဉ်အားလုံးကို တိုက်ခိုက်ခဲ့ပါတယ်။ အကောင်အထည်ဖော်တဲ့နေရာဖြစ်တဲ့ ဆိပ်ကမ်း ဧရိယာကို အခုတိုက်ခိုက်ခဲ့ပါတယ်။ သူတို့က အဲဒီနေရာမှာ မူးယစ်ဆေးဝါးတွေကို တင်တာဖြစ်ပါတယ်။ အခုတော့ မရှိတော့ပါဘူး”ဟု ထရန့်က သတင်းထောက်များကို ပြောခဲ့သည်။
တိုက်ခိုက်သည့်နေရာသည် စစ်တပ်က စစ်ဆင်ရေးလုပ်နေသည့် နေရာလော၊ စီအိုင်အေ စစ်ဆင်ရေးလုပ်နေသည့်နေရာလောဆိုသည်ကို ထရန့်က ပြောကြားခြင်းမရှိသော်လည်း ကမ်းရိုးတန်းတစ်လျှောက်တွင်လုပ်ဆောင်သော တိုက်ခိုက်မှုဖြစ်သည်ဟုသာ ပြောကြားခဲ့သည်။

ကသာမြို့ မြို့ပြင်ပတ်လည် တိုက်ပွဲ ဆက်လက်ဖြစ်​နေ

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကသာမြို့ မြို့ပြင် ပတ်လည်မှာ ဒီဇင်ဘာလ ၂၈ ရက် ကနေ ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ အထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"တိုက်ပွဲ ဖြစ်တာက မြို့ပြင် ပတ်လည်မှာဖြစ်နေတာပါ။ မြို့တွင်းထဲတော့ ဒီနေ့ထိ တိုက်ပွဲမရှိသေးပါဘူး။" ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကသာမြို့ကိုဒီဇင်ဘာလ(၂၉)ရက်ည၉နာရီ၄၅မိနစ်က ကသာတောင်အရပ်ကဝင်လာတဲ့ လေယာဥ်ပေါ်က​နေ ဗုံးအလုံးပေါင်း ၅၀နီးပါးပစ်ချတာ ကြားရတယ်လို့ ကသာမြို့ခံက ​ပြောပါတယ်။
လူ‌ တွေ၊‌ထိခိုက်တာရှိနိုင်​ပေမယ့် ဖုန်းလိုင်းတွေခက်ခဲနေတာမို့ သတင်းအတိအကျရနိုင်ဖို့မလွယ်ကူနိုင်သေးပါဘူး။
မြို့ပတ်ပတ်လည် ပစ်ခတ်သံတွေကြားနေရပြီး မြို့အထွက် လမ်းပိတ်ထားတာကြောင့် မြို့ထဲကလူတွေကတော့ လမ်းပွင့်ရင် မြို့ကနေထွက် ကြမယ့်သူတွေ၊ မြို့အထွက် လမ်းတွေ ပိတ်နေ တာရှိသလို တိုက်ပွဲ ဧရိယာဖြစ်နေလို့ အခြေအနေ စောင့်ကြည့်နေသူတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
မဖြစ်မနေထွက်ရမယ်ဆိုရင် ထွက်ကြမှာ ဖြစ်ပေမယ့် ကလေးသူငယ် သက်ကြီးရွယ်အိုတွေနဲ့ အရမ်းအေးလို့ လမ်းကြော မသေချာပဲနဲ့ မစွန့်စားချင်ကြသလို စစ်ရှောင်ကာလ စားဖို့သောက်ဖို့ စရိတ် အခက်အခဲ ရှိကြလို့ ကြိုတင် မတိမ်းရှောင်နိုင်ပဲ အခြေအနေ စောင့်ကြည့်နေကြသူတွေလည်း အများအပြားရှိနေတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲ နဲ့ နီးတဲ့ မြို့စွန် ဒေသခံ တချို့က တိုက်ပွဲနဲ့ နည်းနည်းဝေးတဲ့ ဘုန်းကြီးကျောင်းတွေမှာ ရှောင်တိမ်း ခိုလှုံ နေကြတယ်လို့ ဆိုပါတယ်။
"ဒီနေ့ နေ့လယ်ပိုင်းအထိ မြို့ပေါ် ငြိမ်နေဆဲပါ။ မြို့စွန်တွေဘက်တော့ ပစ်ခတ်သံတွေ ကြားနေရတယ်။ မနေ့ကလည်း တနေကုန် ပစ်လိုက် ငြိမ်လိုက်ပဲ။ မနေ့ညပိုင်းကတော့ မြို့ပတ်လည် လေယာဉ် ဗုံးကြဲတာရှိတယ်" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ဒီ​နေ့မနက်ဒီဇင်ဘာ(၃၀)ရက် မနက်၁၀နာရီမှာလည်း ဂျက်ဖိုက်တာ တစီးလာခဲ့ပြီး ကသာမြို့အထက်ဘက်ကိုဗုံး၂လုံး၊ကသာမြို့ထွက်တစ်နေရာကိုတစ်လုံးကျဲသွားတယ်လို့ ​နောက်တ​ယောက်က​ပြောပါတယ်။
ရပ်ကွက် ၉ သံလမ်းနားတဝိုက်က ဒေသခံတွေကို ရှောင်ခိုင်းလို့ မြို့ထဲပြေးလာကြတာရှိပြီး သဖန်းကိုင်းက‌နေ ရှောင်တိမ်းထွက်ခွာလာတဲ့ ဒေသခံအများစု ကျောက်ပုံ ဝန်းကျင်မှာ ပိတ်မိနေတာရှိပေမယ့် လမ်းပြန်ပြန်ဖွင့်ပေးတာရှိကာ မြို့ထဲကနေ ထွက်သွားပြီးရင် မြို့ထဲ ပြန်အဝင်မခံတော့ဘူးလို့ သိရတယ်လို့ သူက ပြောပါတယ်။
အရှေ့ဘက်ကမ်းနဲ့ ကသာဘက် မြစ်ကူးလမ်းကြောင်းတွေ အားလုံးပိတ်ထားဆဲ ဖြစ်ပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျန်တောရွာဘက် မီးခိုး အလိပ်လိုက် တွေ့မြင်နေရကာ စိုးရိမ်ရ သလို နတ်ရေတွင်းဘက်လည်း အခြေအနေ မကောင်းဘူး လို့ ဒေသခံတွေက ပြောပါတယ်။
ကသာမြို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ PDF နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ စတင် ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ဝင်ပြိုင်တဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ပအိုဝ်းပါတီ အနိုင်ရ

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ တောင်ကြီးမြို့ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နေရာကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက အပြတ် အသတ် အနိုင်ရသွားပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီး နောက်ရက်မှာ ထွက်ပေါ်လာတဲ့မဲ ရလဒ်တွေအရ ပြည်ခိုင်ဖြိုးပါတီက ဝင်ပြိုင်တဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် က မဲရလဒ် (၅၂၃၈၄) မဲရခဲ့ပြီး ပအိုဝ်းအမျိုးသားပါတီက မဲရလဒ် (၆၈၁၀၆) မဲနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဝင်ပြိုင်တဲ့ ဟိုပုံး၊ လွိုင်လင်၊ တောင်ကြီးမြို့တွေမှာ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ အနိုင်ရထားတယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတာဝန်ရှိသူ စောခွန်ကျော်ဝင်းက ပြောပါ တယ်။
လင်းခေးမြို့နယ်မှာတော့ ကျားဖြူပါတီက တစ်နေရာ အနိုင်ရခဲ့ပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) အတွင်း ပါဝင်တဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၁၂ ခုထဲက သုံးခုမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက အနိုင်ရခဲ့ပြီး ကျန်မြို့နယ်တွေမှာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရထားပါတယ်။

ဂျာမနီရှိ ဘဏ်တစ်ခုကို ဟောလိဝုဒ်ရုပ်ရှင်ကားဆန်ဆန် ဖောက်ထွင်းပြီး ဒေါ်လာ ၃၅ သန်းခိုးယူ

အနောက်ဂျာမနီရှိ အဓိကလမ်းမကြီးပေါ်ရှိ ဘဏ်ခွဲတခုကနေ ငွေသားနဲ့ အဖိုးတန်ပစ္စည်းတွေို့ ဖောက်ထွင်းဝင်ရယူဖို့အတွက် လူတစုဟာ ကြီးမားတဲ့ မြေတူးစက်တခုကို အသုံးပြုခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၃၅ သန်း တန်ဖိုးရှိ ငွေသားနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတယောက်ကတော့ ဒီလိုဖောက်ထွင်းဝင်ရောက်မှုကို ဟောလိဝုဒ်ဇာတ်ကား Ocean's Eleven နဲ့ နှိုင်းယှဉ်ခဲ့ပြီး အလွန်ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။
ဂျယ်လ်ဆန်ကီယာချန်မြို့ရှိ Sparkasse ငွေစုဘဏ်မှာ သူခိုးတွေဟာ ငွေ၊ ရွှေနဲ့ လက်ဝတ်ရတနာတွေပါရှိတဲ့ သေတ္တာ ၃၀၀၀ ကျော်ကို ဖောက်ထွင်းဝင်ရောက် ရယူခဲ့ကြပါတယ်။ တနင်္လာနေ့နံနက်အစောပိုင်းမှာ မီးအချက်ပေးသံ မြည်ပြီးနောက် ဂျယ်လ်ဆန်ကီယာချန်ရဲတပ်ဖွဲ့က ရာဇဝတ်မှုကို သိရှိခဲ့ကြောင်း ပြောပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဖောက်ထွင်းသူတွေဟာ ဘဏ်ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး အနီးနားရှိ ကားပါကင်တခုမှ တဆင့် ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အဲဒီနေ့ညမှာ ကားဂိုဒေါင်ရဲ့ လှေကားမှာ အိတ်ကြီးတွေကို သယ်ဆောင်လာတဲ့ အမျိုးသားများစွာကို မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
ဗီဒီယိုမှတ်တမ်းတွေအရ တနင်္လာနေ့နံနက်အစောပိုင်းတွင် De-La-Chevallerie-Strasse လမ်းရှိ ကားဂိုဒေါင်မှ အနက်ရောင် Audi RS 6 ကားတစီး ထွက်ခွာသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတာ်. တနင်္လာနေ့အစောပိုင်းမှာ မီးအချက်ပေးသံ မြည်လာချိန်မှာတော့ မြေအောက်ခန်းရှိ အပေါက်ကို တွေ့ရှိခဲ့တာပါ။
ဘဏ်ဖောက်တွေကတော့ Sparkasse ဘဏ်ရဲ့ hotline ကို ဆက်သွယ်ဖို့ ကြိုးစားနေကြပြီး ဖောက်သည်အများအပြားဟာ ဘဏ်အပြင်ဘက်မှာ သတင်းအချက်အလက်တွေရဖို့ အင်္ဂါနေ့က စောင့်ဆိုင်းနေခဲ့ကြပြီး ရဲတပ်ဖွဲ့က ဘဏ်ဝင်ပေါက်ကို ပိတ်ဆို့ထားပါတယ်။
"မနေ့ညက ကျွန်တော် အိပ်မပျော်ဘူး။ ဘာသတင်းအချက်အလက်မှ မရခဲ့ဘူး" လို့ ဖေက်သည်အမျိုးသားတယောက်က ဆိုပါတယ်။ ဘဏ်ခွဲမှာအပ်နှံထားမှုတွေထဲ သက်ကြီးရွယ်အိုတွေအတွက် ငွေစုငွေချေးတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့ရှိ မြန်မာပလာဇာကားပါကင်တွင် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်

ရန်ကုန်မြို့ မြန်မာပလာဇာကားပါကင်တွင် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်ခဲ့​ကြောင်း သိရသည်။
ယင်းလူသတ်မှုတွင် ​ကျူးလွန်သူနှစ်ဦးကို ​ယ​နေ့(ဒီဇင်ဘာ ၃၀ ရက်)တွင်သေဒဏ်ချမှတ်ခဲ့​ကြောင်း အဆိုပါဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့် ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။
လူသတ်မှုကျူးလွန်သူနှစ်ဦးမှာ မြတ်သူရ​ကျော်နှင့် မျိုးလွင်ဦးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ကမာရွတ်ခရိုင်တရားရုံးက ​သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ မေမေ့အတွက်တရားမျှတမှုယူနိုင်တဲ့နေ့ တရားခံနှစ်ယောက်လုံး သေဒဏ်ကျတဲ့နေ့၊ သမီးရော သားရော ဒီထက်မက တာဝန်ကျေအောင်ကြိုးစားပါမယ်မေမေ။ မေမေဒီထက်မက ကောင်းတဲ့ဘုံဘဝရောက်နေမယ် လို့ယုံကြည်ပါတယ်။ချစ်သောမေမေရေ အမြဲသတိရနေပါတယ်"ဟု မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။
အဆိုပါလူသတ်မှုသည် ၂၀၂၅ ခုနှစ် သြဂုတ် ၅ ရက်က မြန်မာပလာဇာကားပါကင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ​​သေဆုံးသူ ​ဒေါ်စမ်းစမ်း​အေးအား အမျိုးသားနှစ်ဦးက ကားပါကင်တွင် ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ရဲတပ်ဖွဲ့၏ ကနဦးစစ်​ဆေး​ချက်အရ လူသတ်မှူကျူးလွန်သူများသည် ​ဒေါ်စမ်းစမ်း​အေးအား ဆောက်လုပ်ရေးလုပ်ငန်းအတွက် အကြွေးပေးရမည်ဖြစ်သဖြင့် ​ငွေ​ကြေးလိုအပ်ချက်အရ လူသတ်မှုကျုးလွန်ခဲ့ခြင်း​ကြောင်း သိရသည်။
ထို့ပြင် ​ဒေါ်စမ်းစမ်း​အေးအသတ်ခံရမှုတွင် ၎င်းနှင့်အတူ အမျိုးသားတစ်ဦးသည်လည်း လူသတ်မှုကျူးလွန်သူများ၏ ကားပါကင်တွင် ဓါးဖြင့်တိုက်ခိုက်ခြင်းကိုခံရပြီး ဓါးဒဏ်ရာများရရှိခဲ့သဖြင့် ယင်းအမှုအား ဗဟန်းမြို့မရဲစခန်းတွင် (ပ) ၁၉၉/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့် စစ်​ဆေးခဲ့ခြင်းဖြစ်သည်။