မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံ ၂ လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆရာဝန်အမြန်ဆုံး တာဝန်ချထားမည်

မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆရာဝန်တစ်ဦးအား နှစ်လအတွင်း အမြန်ဆုံး တာဝန်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားသည်။

ဆားမှော်တိုက်နယ်ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ပြန်လည်ခန့်ထားပြီး ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်ပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းအောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်ကာလများအတွင်း ဆားမှော်တိုက်နယ်ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုဝန်ထမ်းအချို့ CDM ပြုလုပ်သွားသဖြင့် ဆေးရုံပိတ်ထားခဲ့ရပြီး ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဦးထွန်းထွန်းအောင်က ပြောသည်။

၂၀၂၄ ခုနှစ်တွင် ဆရာဝန်အသစ် ပြန်လည်ခန့်ထားပေး၍ ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ဖွင့်လှစ်ပြီး မကြာမီ ဆရာဝန်မှာ ခြိမ်းခြောက်ခံရသဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကာ ဆေးရုံမှာလည်း ပြန်လည်ပိတ်ထားခဲ့ရပြီး ယနေ့အထိ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆားမှော်ကျေးရွာရှိ ဆေးရုံနှင့် ကိုက် ၅၀၀ ခန့်အကွာတွင် တပ်မတော်တပ်ရင်းတစ်ခု အခြေစိုက်ထားရှိပြီး ကျေးရွာတွင်လည်း ပြည်သူ့စစ်အဖွဲ့ရှိသဖြင့် ဆားမှော်တိုက်နယ်ဆေးရုံအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများ ပြန်လည်ခန့်အပ်ကာ ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်စီမံဆောင်ရွက်ပေးရန် ဦးထွန်းထွန်းအောင်က တောင်းဆိုမေးမြန်းခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လက်ရှိတွင် မြစ်ကြီးနားဆေးရုံမှ လက်ထောက်ဆရာဝန်တစ်ဦးကို ဆားမှော်တိုက်နယ်ဆေးရုံတွင် တွဲဖက်တာဝန်ထမ်းဆောင်စေခဲ့ကြောင်း ပြောသည်။

သို့သော် အဆိုပါဆရာဝန်မှာ ခြိမ်းခြောက်ခံရမှုကြောင့် ဆားမှော်တိုက်နယ်ဆေးရုံမှ မိုးကောင်းပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့တွဲဖက်တာဝန်ထမ်းဆောင်စေခဲ့ရကြောင်း ၎င်းက ဆိုသည်။

အဆိုပါဆရာဝန်မှာ ဆားမှော်တွင် ပြန်လည်တာဝန်ချထားခံရမည်ကို စိုးရိမ်ပူပန်မှုရှိနေဆဲဖြစ်သဖြင့် အခြားလက်ထောက်ဆရာဝန်တစ်ဦးဖြင့် အစားထိုးတာဝန်ပေးအပ်နိုင်ရေး စီစဉ်ထားကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ယခုအခါ ဒေသတည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဆရာဝန်တစ်ဦးအား ဆားမှော်တိုက်နယ်ဆေးရုံတွင် နှစ်လအတွင်း အမြန်ဆုံး တာဝန်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဆားမှော်တိုက်နယ်ဆေးရုံသည် ဆားမှော်၊ ကညှင်မြိုင်၊ ကျွန်းသုံးလုံး၊ အင်းပေါင်း၊ ထီးချိုင့်နှင့် တောင်နီကျေးရွာများရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အားကိုးအားထားရာ ဆေးရုံတစ်ခုဖြစ်ကြောင်း သိရသည်။

image

ရှမ်းတောင် ဟိုပုံးမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၈၇ ဦး ဖမ်းဆီးရမိ၊ တရုတ်နိုင်ငံသား ၇၅ ဦး ပါဝင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ နားလုံကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူ တရုတ်နိုင်ငံသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး စုစုပေါင်း ၈၇ ဦးကို အောက်တိုဘာ ၅ ရက်က လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများသည် ဟိုပုံးမြို့နယ်အတွင်း ယာယီလူနေတဲများ ဆောက်လုပ်၍ အခြေပြုလုပ်ကိုင်နေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအချက်အလက်များ ရယူဖော်ထုတ်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက် နံနက် ၇ နာရီခန့်တွင် ဟိုပုံးမြို့နယ်၊ မိုင်းပွန်မြို့၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာ နားလုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများနှင့်အတူ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ လူနေဆောင်နှင့် အလုပ်ရုံတွဲလျက် ယာယီမိုးကာတဲ ၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ စားချက်ဆောင် ယာယီမိုးကာတဲ ၁ လုံးနှင့် ဆောက်လုပ်ဆဲ ယာယီမိုးကာတဲ ၁ လုံး၊ Starlink ၄ စုံ၊ All-in-One Computer ၁၇ လုံး၊ Laptop ၂ လုံးနှင့် ဖုန်းမျိုးစုံ ၅၂၄ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့် လုပ်ငန်းသုံးတဲများကို စနစ်တကျ ဖြိုဖျက်သွားမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် ပပျောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ဟိုင်းကြီး အပါအဝင် ဧရာဝတီတိုင်း အနောက်ဘက်ကမ်းခြေဒေသများတွင် ဥပဒေနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ နယ်နိမိတ်သတ်မှတ်၍ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းများမပြုလုပ်ရန် အသိပေး

ဧရာဝတီတိုင်းဒေသကြီး၊ အနောက်ဘက်ကမ်းခြေဒေသများဖြစ်သည့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ဟိုင်းကြီး အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တည်ရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ မိမိတို့၏သဘောဖြင့် နယ်နိမိတ်သတ်မှတ်၍ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတို့ကို ဆောင်ရွက်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ ကျူးလွန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဧရာဝတီတိုင်းဒေသကြီး က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ကျူးလွန်ဆောင်ရွက်သူများအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူနိုင်ကြောင်း အသိပေးထားသည်။

ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃) ပါ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် ရယူလုပ်ကိုင်အသုံးပြုလျှင်သော်လည်းကောင်း၊ ယင်းသို့လျှောက်ထားသည့်အခါ ဗဟိုကော်မတီသို့မဟုတ် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီက ခွင့်ပြုရန်မသင့်သည့်အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းပေါ်မှ ထွက်ခွာဖယ်ရှားစေရန် ညွှန်ကြားသည့်အမိန့်ကို မလိုက်နာဘဲ ဆက်လက်ရယူအသုံးပြုလျှင်သော်လည်းကောင်း ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း လည်း အသိပေးချက်တွင်ဖော်ပြထားသည်။

ဗဟိုကော်မတီနှင့် တိုင်းဒေသကြီးစီမံခန့်ခွဲရေးကော်မတီတို့၏ ခွင့်ပြုမိန့်မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြုသူမည်သူမဆို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၇-က ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

image

သီပေါမြို့နယ် လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် လုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နေဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် ပျက်စီးနေသည့် လျှပ်စစ်လိုင်းများ ပြန်လည်ပြုပြင်ခြင်း၊ လိုင်းသန့်ရှင်းရေးနှင့် ခွဲရုံများ ပြန်လည်တည်ဆောက်ခြင်းတို့အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါ ဆောင်ရွက်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားသည်။

လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပထမဦးစားပေးအနေဖြင့် သီပေါနှင့် ကျောက်မဲကြားရှိ ကျေးရွာများသို့ မီးပြန်လည်ပေးနိုင်ရေး ဆောင်ရွက်နေပြီး ဘော်ကြိုအုပ်စု၊ လောဝ်ခွန်အုပ်စုတို့အပြင် အခြားဒေသများကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။

ထို့အပြင် မိုးတေအုပ်စုဘက်တွင် လျှပ်စစ်လိုင်းများ ပြန်လည်ပြုပြင်ရန် နှစ်မိုင်ခန့် လိုင်းလိုက်၍ ဆောင်ရွက်ရမည့်အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါ လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

ယင်းနောက် နမ့်လန်နှင့် ဆောင်ကြဲဒေသများတွင်လည်း လျှပ်စစ်မီး ပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နမ့်လန်ဒေသရှိ မီးလင်းရေးကော်မတီက လျှပ်စစ်လိုင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပျက်စီးနေသည့် လျှပ်စစ်လိုင်းများကို လိုက်လံပြုပြင်ခြင်း၊ ခွဲရုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် လိုအပ်သည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် လျှပ်စစ်မီးပြန်လည်ရရှိရန် အချိန်အနည်းငယ်ကြာနိုင်သော်လည်း ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေး သက်ဆိုင်ရာအဖွဲ့များက အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း ဆိုထားသည်။

ဓာတ်ပုံ-စိုင်းကောင်းသက်စံ

image

ခြိမ်းခြောက်မှုများကြောင့် ဗြိတိန်လေတပ်စခန်းမှ B-1 ဗုံးကြဲလေယာဉ်များ ရွှေ့ပြောင်းခဲ့ဟု ထရမ့် ပြော

အီရန်နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ယူဆရသည့် ခြိမ်းခြောက်မှုအချို့ကြောင့် ဗြိတိန်နိုင်ငံရှိ RAF Fairford လေတပ်စခန်းမှ အမေရိကန် B-1 ဗုံးကြဲလေယာဉ်များကို ရွှေ့ပြောင်းခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

RAF Fairford လေတပ်စခန်းသည် လုံခြုံမှုရှိကြောင်း ဗြိတိန်အစိုးရဘက်က ပြောကြားထားသော်လည်း အမေရိကန်ဘက်က ယင်းစခန်းမှ ဗုံးကြဲလေယာဉ်များ ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုထားသည်။

“ခြိမ်းခြောက်မှုတချို့ရှိခဲ့ပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များအား ပြောကြားခဲ့ပြီး လေယာဉ်များကို အခြားနေရာသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စက်တင်ဘာ ၂၇ ရက်က အင်္ဂလန်အနောက်တောင်ပိုင်းရှိ အဆိုပါလေတပ်စခန်းအနီးတွင် ဗင်ကားအများအပြားနှင့်အတူ လူတစ်စု၏ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို ဒေသခံတစ်ဦးက သတင်းပေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူ ငါးဦးနှင့် နောက်ပိုင်းတွင် ထိန်းသိမ်းခဲ့သည့် ဗြိတိန်-အီရန်နိုင်ငံသားတစ်ဦးတို့ကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးသူများက ဗင်ကားများအတွင်း ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ မတွေ့ရှိခဲ့သော်လည်း ဓာတ်ဆီအချို့ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တစ်ဖက်တွင် Wall Street Journal က ဥရောပနှင့် အမေရိကန်အရာရှိများကို ကိုးကား၍ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဒရုန်းအသုံးပြုတိုက်ခိုက်ရန် ညွှန်ကြားခဲ့သည်ဟု သတင်းဖော်ပြထားပြီး အဆိုပါအစီအစဉ်သည် စခန်းရှိ အမေရိကန်လေယာဉ်မှူးများအပါအဝင် ဝန်ထမ်းများကို ပစ်မှတ်ထားရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ထရမ့်က အသေးစိတ်မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ပါက “ကြီးမားသည့် အကျိုးဆက်များ” ရှိလာမည်ဟု သတိပေးခဲ့သည်။

ခြိမ်းခြောက်မှု ပြုလုပ်သူများကို အမေရိကန်ဘက်က သိရှိထားပြီး ၎င်းတို့သည် အီရန်နှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

Ref: ဂျေတီ

image

အနောက်တောင်မုတ်သုံလေ မြန်မာတစ်နိုင်ငံလုံးမှ လုံးဝဆုတ်ခွာပြီ

၂၀၂၆ ခုနှစ် မိုးရာသီ၏ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လုံးဝဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်သည်။

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ဆုတ်ခွာခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ အောက်တိုဘာ ၂ ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ အသီးသီးဆုတ်ခွာခဲ့သည်။

ထို့နောက် ယနေ့ အောက်တိုဘာ ၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးအပါအဝင် ကျန်ဒေသများမှ ဆုတ်ခွာခဲ့သဖြင့် မြန်မာတစ်နိုင်ငံလုံးမှ အနောက်တောင်မုတ်သုံလေ လုံးဝဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။

မုတ်သုံလေဆုတ်ခွာနေသည့်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၌ အောက်တိုဘာ ၅ ရက်က အမြင့်ဆုံးအပူချိန် ၃၆.၀ ဒီဂရီဆဲလ်စီးယပ်စ် (၉၆.၈ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာလအတွက် နှစ်ပေါင်း ၂၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဖျာပုံမြို့၏ ယခင် အောက်တိုဘာလအမြင့်ဆုံးအပူချိန် စံချိန်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်က မှတ်တမ်းတင်ခဲ့သည့် ၃၅.၉ ဒီဂရီဆဲလ်စီးယပ်စ် (၉၆.၆ ဒီဂရီဖာရင်ဟိုက်) ဖြစ်ပြီး ယခုနှစ်တွင် ၀.၁ ဒီဂရီဆဲလ်စီးယပ်စ် ကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

မုံရွာ - မန္တလေးကားလမ်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး လူ ၁၀ ယောက်သေ၊ ၃ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာနဲ့ ကုန်းကျေးရွာအနီး၊ မုံရွာ - မန္တလေးကားလမ်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး ၁၀ ယောက်သေဆုံးကာ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့ ၊ မနက် ၁၀ နာရီ ၄၀ လောက်မှာ မြောင်မြို့ကနေ မန္တလေးကိုမောင်းလာတဲ့ ခွေးဘီလူးကားဟာ မုံရွာ - မန္တလေးလမ်းဘေးမှာရပ်ထားတဲ့ ခြောက်ဘီးကုန်ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်မိပြီး ခွေးဘီလူးကားပေါ်ပါသူတွေထဲက သေဆုံးနဲ့ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ ခွေးဘီလူးကားပေါ်က အမျိုးသမီးရှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက်ဖြစ်ပြီး ဒဏ်ရာရသူက အမျိုးသမီးသုံးယောက် ဖြစ်တယ်လို့ သိရပါတယ်။

" ခွေးဘီလူးကားက ဝင်တိုက်တာ။ မြောင်ကိုသွားမယ့် ခြောက်ဘီးကား ဘိလပ်မြေတင်ပြီးရပ်ထားတာကို ဝင်တိုက်တာ ။အရှိန်က တော်တော်ပြင်းတော့ကား ခေါင်းကြေသွားတယ်။ ကားခေါင်းထဲက ယာဥ်မောင်းနဲ့ ယောင်္ကျားတယောက်ပါသေတယ်။ ခေါင်းထဲတော်တော်ကိုညပ်နေတာ။ သေတာတွေက အသက် ၄၀ ကျော်၊ ၅၀ ကျော် ၊ ၆၀ ကျော်တွေပါ ။ မန္တလေးကို ဆွမ်းကပ်သွားကြတာလို့ သိရတယ်။ " လို့ စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးမှူးက ပြောပါတယ်။

ခွေးဘီလူးကားဟာ မြောင်မြို့နယ်ထဲက ကျေးရွာဘက်က ဖြစ်ပြီး လက်ရှိမှာ သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကိုင်းမြို့ဆေးရုံကိုပို့ဆောင်ထားကြောင်း ၊ မိသားစုဝင်တချို့ လည်း ဆေးရုံရောက်ရှိနေပြီလို့ သိရပါတယ်။

ဩဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းကလည်း ပဲခူးတိုင်း ၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်း နဲ့ ရန်ကုန် - ဘားအံလမ်းပိုင်းမှာယာဥ်တိုက်မှုဖြစ်ပြီး လူနှစ်ယောက်သေဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၂၂ ရက်နေ့ မနက်ပိုင်းကလည်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံမှာ ခရီးသည်တင် Express ကားနှစ်စီးတိုက်မိပြီး သုံးယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံးမှာ ဇန်နဝါရီကနေ ဇွန်လအထိ ယာဥ်တိုက်မှုပေါင်း ၁၆၈၆ ခုဖြစ်ပွားခဲ့ပြီး လူ ၉၃၂ ယောက်သေဆုံးကာ ၂၃၇၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ် ။

ဓာတ်ပုံ - မီးသတ်

image

မြောက်ဒဂုံမှာ အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီးခံရပြီး ဆိုင်ရှင်အသတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးဝိစာလမ်းမပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်တဆိုင်မှာ အနုကြမ်းစီးခံရပြီး ဆိုင်ပိုင်ရှင်အမျိုးသားအသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဆိုင်ပိုင်ရှင်အမျိုးသားဟာ အိမ်မှာတယောက်တည်းရှိနေစဥ် အမျိုးသား သုံးယောက်ရောက်လာပြီး အနုကြမ်းစီး ရိုက်နှက် ၊ ဓားနဲ့ခုတ်သတ်ခဲ့တာလို့ သိရပါတယ်။

မြေပြင် ကူညီရေးဆောင်ရွက်ခဲ့တဲ့ ဝန်းရံမှူးလူမှုကူညီအေသင်းဝင်က " အိမ်ဆောက်ပစ္စည်းဆိုင်နဲ့အိမ်ကတွဲဖွင့်ထားတာ ။ အိမ်ရှေ့မှာက ဆိုင်ဖွင့်တယ်။ ဆိုင်ရှင်အမျိုးသားကို အိမ်ထဲက မီးဖိုခန်းထဲမှာ ဓားနဲ့ခုတ်သွားတာ ။ သူ့အမျိုးသမီးက အပြင်သွားပြီး ပြန်လာတော့ ဆိုင်ရှေ့မှာ အနုကြမ်းစီးတဲ့အထဲက အမျိုးသားတယောက်က စောင့်နေတာတွေ့တယ်။ အဲဒါနဲ့ သိလို့လား ဘယ်သူလဲမေးပြီး အိမ်ထဲဝင်တော့ နောက်ထပ်နှစ်ယောက်ကိုထပ်တွေ့တာလို့ပြောတယ်။ အဲဒီမှာ သူကိုပါချုပ်ထားပြီး ငွေတွေဘာတွေတောင်းတယ်ပြောတယ်။ အနုကြမ်းစီးတဲ့သုံးယောက်ကတော့ ထွက်ပြေးသွားတယ်။ " လို့ ပြောပါတယ်။

ဆိုင်ရှင်အမျိုးသားမှာ ဘယ်ဘက် လည်ပင်း သွေးလွှတ်ကြော ဓားခုတ်ဒဏ်ရာ ၊ဘယ်ဘက် ပါးစောင် နဲ့ ဂုတ် ၊ကျောပြင်တွေမှာ ဓားခုတ်ဒဏ်ရာတွေ ၊ ဘယ်ဘက် လက်ချောင်း နဲ့ ညာဘက် လက်မောင်းမှာပါ ဓားခုတ်ဒဏ်ရာတွေ့ရှိရပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့်လည်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အနုကြမ်းစီး လူသတ်သွားတဲ့ ကျူးလွန်သူ သုံးယောက်ကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဩဂုတ် ၂၈ ရက်ကလည်း မော်လမြိုင်မြို့ ၊ မရမ်းကုန်းရပ်ကွက် ၊ ကမ်းနားလမ်းက ကိုကို နှင့် ညီညီလျှပ်စစ်ပစ္စည်းဆိုင်မှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတွေ ပါသွားခဲ့ပေမယ့် ကျူးလွန်သူ ခြောက်ယောက်ကို ရွှေတွေ နဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်ကလည်း ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ယောက်ကို နေအိမ်ထဲအထိ ဝင်ရောက်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး တရားခံတွေကိုတော့ စက်တင်ဘာ ၂၈ ရက်က သတ်ခဲ့တဲ့ ထောင်ဒဏ် ၁၀ နှစ်အပြင် မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ - CJ

image

မလေးရှားက ပြန်ရောက်လာတဲ့ထဲ စစ်ကိုင်းက (၉၃)ဦးအတွက် တိုင်းအစိုးရကူညီ

မလေးရှားနိုင်ငံက ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅၀၀နီးပါးထဲကနေ စစ်ကိုင်းတိုင်းသား(၉၃)ဦးဟာ အောက်တိုဘာလ ၅ရက်နေ့မှာ စစ်ကိုင်းမြို့ကိုရောက်ရှိလာပါတယ်။

စစ်ကိုင်းတိုင်း နေရာဒေသ အသီးသီးကနေ မလေးရှားနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိပြီး မြန်မာနိုင်ငံကို ပြန်ဖို့ ခက်ခဲနေကြတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတော်အစိုးရက ပြန်လည်ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာဒေသ အသီးသီးကို တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ပို့ဆောင် ပေးနေပါတယ်။

စစ်ကိုင်းမြို့ကို ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနဲ့ အဖွဲ့ဝင်တွေ၊ စစ်ကိုင်းမြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနဲ့ အဖွဲ့ဝင်တွေက စည်းခုံကြီးဘုရား သာသနာ့ဗိမာန်မှာ တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်လာတဲ့ ၁၅၀၀ဝန်းကျင်ထဲ မှာ စစ်ကိုင်းတိုင်းကအမျိုးသား(၈၅)ဦး၊ အမျိုးသမီး (၈)ဦး၊ စုစုပေါင်း (၉၃)ဦးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အစားအသောက်ကျွေးမွေးတာ၊ နေရာထိုင်ခင်း စီစဉ်ပေးတာ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက UID ( မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ)ကဒ်
တွေလုပ်ပေးတာ၊ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေဆောင်ရွက်ပေးခဲ့ပါတယ်။

image

အကယ်ဒမီ သုံးဆုရှင် ဂီတမှူး အလင်္ကာကျော်စွာ ဦးခင်မောင်ကြီး ကွယ်လွန်

ရုပ်ရှင်တေးဂီတနယ်ပယ်မှာ ထင်ရှားတဲ့ အကယ်ဒမီ သုံးဆုရှင် ဝါရင့် ဂီတမှူး အလင်္ကာကျော်စွာ ဦးခင်မောင်ကြီး အသက် (၇၁) နှစ်ဟာ ဒီကနေ့ အောက်တိုဘာ ၆ ရက်၊ မနက် ၁၂ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်သွားပြီလို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။

“ကျွန်တော့်အဖေ ဦးခင်မောင်ကြီး အားလုံးကို နှုတ်ဆက် ထွက်ခွာသွားပါပြီ။ ချစ်ခင်ကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများကို လေးစားစွာ အသိပေး အပ်ပါတယ်” လို့ သားဖြစ်သူ၊ Lucky Hand အဖွဲ့ရဲ့ ဂီတာတီးခတ်သူ ကိုအောင်သူက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဦးခင်မောင်ကြီးဟာ ရုပ်ရှင်ဇာတ်ကား များစွာအတွက် နောက်ခံတေးဂီတနဲ့ တေးသံစဉ်တွေ ဖန်တီးခဲ့သူဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ “ငါ သူတပါး ယောင်္ကျား မိန်းမ“ ဇာတ်ကား၊ ၂၀၀၅ ခုနှစ်မှာ “ကျန်စစ်မင်း” ဇာတ်ကား၊ ၂၀၁၄ ခုနှစ်မှာ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဇာတ်ကားတွေနဲ့ အကောင်းဆုံးရုပ်ရှင် တေးဂီတ အကယ်ဒမီဆုတွေ ရရှိခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင် တေးဂီတလောကမှာ နှစ်ပေါင်းများစွာ ပါဝင်ဖြတ်သန်းခဲ့ပြီး ထူးချွန်စွာ ဖန်တီး ဆန်းသစ်နိုင်မှုကြောင့် အခု ၂၀၂၆ ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့ကို ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဦးခင်မောင်ကြီးဟာ ဂီတမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ဖခင်ဖြစ်သူမှာ “ဂီတလုလင်” အဖွဲ့မှ ဒရမ်တီးခတ်သူ ဦးမြင့်ဆွေလေး ဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

image