ဥက္ကဌရွေးကောက်ပွဲမတိုင်မီ စီအီးအိုသစ်အဖြစ် နေမာရဲ့ ဖခင်ကို ဆန်းတို့စ်ခန့်အပ်လာ
နိုဝင်ဘာ ၈
ဆန်းတို့စ်ဟာ နေမာဂျူနီယာရဲ့ဖခင် နေမာစီနီယာအား ဒီဇင်ဘာလအကုန်အထိ စီးအီးအိုအသစ်အဖြစ် ခန့်အပ်လာပါတယ်။
အသက် ၆၁ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင်နှင့် ဆန်းတို့စ်အကြား ချုပ်ဆိုထားတဲ့ သဘောတူညီမှုတွင် လာမယ့်လတွင် ကျင်းပမယ့် ဥက္ကဌရွေးကောက်ပွဲတွင် လက်ရှိ ဥက္ကဌမာဆယ်လိုတိုင်ဆီရာ အနိုင်ရရှိလာပါက ၂၀၂၇ မှ ၂၀၂၉ ခုနှစ်အထိ ဆက်လက် တာဝန်ထမ်းဆောင်နိုင်မယ့်အချက်လည်း ပါဝင်နေပါတယ်။
အစောပိုင်းတုန်းက ESPN Brazil က နေမာစီနီယာကို တိုင်ဆီရာရဲ့ လက်ရှိ ခေါင်းဆောင်မှုအောက်တွင် တိုက်ရိုက်ခန့်အပ်လိုက်ကြောင်း ဖော်ပြခဲ့ပေမယ့် ကလပ်ဘက်က အတည်ပြုခဲ့ခြင်း မရှိပါဘူး။
ယခုအခါမှာတော့ ဆန်းတို့စ်ဘက်က နေမာစီနီယာကို တရားဝင်ခန့်အပ်မှု ပြုလုပ်လာပြီလည်း ဖြစ်ပါတယ်။
နေမာစီနီယာဟာ ဆန်းတို့စ်ရဲ့ စီအီးအိုရာထူးအပြင် ဆန်းတို့စ်အကယ်ဒမီကစားသမားများရဲ့ ဘဝအပြင် ဂန္ထဝင်ကစားသမားများရဲ့ ကိစ္စရေးရာကိုလည်း ဦးဆောင်လုပ်ဆောင်လုပ်ရပါမယ်။
နေမာစီနီယာ ရောက်လာမှုက လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ဥက္ကဌရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရန် စီစဉ်ထားတဲ့ မာဆယ်လိုတိုင်ဆီရာအတွက် ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်နေပါတယ်။
ဆန်းတို့စ်ဟာ ယခင်တုန်းက စီအီးအိုခန့်အပ်ခဲ့ခြင်း မရှိပေမယ့် ဘရာဇီးစီးရီးဘီတွင် ကျင်လည်နေတဲ့ ၂၀၂၄ ခုနှစ်တုန်းက စတင်ခန့်အပ်ခဲ့ပါတယ်။ ပထမဆုံးဆန်းတို့စ်စီအီးအိုအဖြစ် ပူလိုဘရစ်ခ်က ဆောင်ရွက်ခဲ့ပြီး ယင်းနှစ်ဒီဇင်ဘာလတွင် ပီဒရိုမာတင်က အစားထိုးတာဝန်ယူခဲ့ပါတယ်။ သူဟာ ဆန်းတို့စ်စီအီးအိုအဖြစ် ၂၀၂၅ ခုနှစ် မေလအထိ ထမ်းဆောင်ခဲ့ပါတယ်။
နေမာစီနီယာဟာ ပြီးခဲ့တဲ့လများအတွင်း NR Sports မှ တဆင့် ဆန်းတို့စ်တွင် ရင်းနှီးမြှပ်နှံမှုများစွာ ပြုလုပ်လာခဲ့သူ ဖြစ်ပါတယ်။
NR Sports ဟာ ဆန်းတို့စ်ကွင်းပွဲကြည့်စင်၊ အဝတ်အစားလဲခန်းတို့အား အဆင့်မြှင့်တင်ရာတွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ပေးခဲ့သလို ကလပ်ရဲ့ ကြွေးမြီများကိုလည်း ဖြေရှင်းပေးလာခဲ့တာပါ။