ဇူလိုင် ၅ ရက်နေ့မှာ ဂျပန်မှာ ငလျင်ကြီးကြီးမားမားလှုပ်ခတ်မယ်ဆိုပြီး သတင်းတွေပြန့်နေပါတယ်။
ဒီသတင်းကို စတင်ဖြန့်တဲ့သူဟာ Manga ရေးဆွဲတဲ့ ဂျပန်ကာတွန်းဆရာမတစ်ယောက်က သူဆွဲထားခဲ့တဲ့ ကာတွန်းစာအုပ်ထဲမှာ ထည့်ရေးထားတာကို လူတစ်ချို့ဖတ်မိတာက စလာတယ်လို့ဆိုပါတယ်။
မူလစတင်တဲ့ သတင်းအရင်းအမြစ်ဟာ သိပ္ပံပညာရှင်တစ်ယောက်ဆီကမဟုတ်ပဲ ကာတွန်းရေးဆွဲတဲ့သူဆိုကတည်းက သူ့မှာ ယုံကြည်ရစရာမရှိတော့ပါဘူး။
အခုလိုမျိုး လူအများစု စိုးရိမ်ထိတ်လန့်စေတဲ့ ခန့်မှန်းချက်တွေဟာ လူမှုကွန်ရက်ပေါ်မှာ အလွန်လျင်မြန်စွာ ပျံ့နှံ့တတ်ပါတယ်။
ဒီလို ဖြစ်ရပ်တွေကို "Doom Days Prediction" လို့ ခေါ်ပြီး အခုလို ခန့်မှန်းချက်တွေရဲ့ ၉၉% ဟာ နောက်ဆုံးမှာ လွဲမှားစွာပဲ လူမသိသူမသိ ပျောက်ကွယ်သွားပါတယ်။ ငလျင်တစ်ခု ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ လှုပ်မယ်ဆိုတာကို သိပ္ပံနည်းကျ ကြိုတင်ခန့်မှန်းဖို့ဆိုတာ လက်ရှိ နည်းပညာတွေနဲ့ မဖြစ်နိုင်သေးပါဘူး။
ငလျင်ပညာရှင်အစစ်တွေဟာ ငလျင်လှုပ်နိုင်ခြေရှိတဲ့ နေရာတွေကို ဖော်ထုတ်နိုင်ပေမယ့် တိကျတဲ့ ရက်စွဲနဲ့ အချိန်ကိုတော့ ပြောပြနိုင်ခြင်း မရှိပါဘူး။ ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ တည်ရှိတဲ့အတွက် ငလျင်လှုပ်ခတ်မှု အမြဲရှိနိုင်ပေမဲ့ ပြင်းအား ၉.၀ အဆင့်အထိ ငလျင်ကြီးတစ်လုံး လှုပ်ခတ်ဖို့ဆိုတာကတော့ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးပါတယ်။
ကမ္ဘာပေါ်က မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ ငလျင်ကို ဖြစ်မယ့်အချိန်ကို တိကျစွာ ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိပါဘူး။
ဒီလို ခန့်မှန်းချက်တွေဟာ လူတွေရဲ့ စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့စိတ်ကို အမြတ်ထုတ်ပြီး ထင်ပေါ်ကျော်ကြားချင်တဲ့ ရည်ရွယ်ချက်၊ ဒါမှမဟုတ် တခြား မသမာတဲ့ ရည်ရွယ်ချက်တွေနဲ့ လိုက်ဖြန့်နေတာ ပိုဖြစ်နိုင်ပါတယ်။
ဒီလို မဟုတ်မမှန်သတင်းတွေကြောင့် လူတွေအကြား ထိတ်လန့်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အနီးစပ်ဆုံး ဥပမာတစ်ခုကတော့ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ မာယာလူမျိုးတွေရဲ့ ဟောစာတမ်းပါ။ အဲ့တုန်းကလည်း ကမ္ဘာပျက်တော့မယ်ဆိုပြီး လူအများအပြား စိုးရိမ်ထိတ်လန့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကမ္ဘာဟာ မပျက်စီးခဲ့တဲ့အပြင် ဘယ်သူမှကြိုမှန်းမထားဖူးတဲ့ တစ်ခြားကပ်ဆိုးတစ်ခုဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကိုတောင် ကျွန်တော်တို့ အတူတကွ ကျော်ဖြတ်နိုင်ခဲ့ပြီးပါပြီ။
ဒါ့အပြင် အရင်ကလည်း ၂၀၀၀ ပြည့်နှစ် (Y2K) မှာ ကမ္ဘာ့ကွန်ပျူတာစနစ်တွေ ပြိုလဲပြီး ကွန်ပျူတာတွေ အလုပ်မလုပ်တော့ဘဲ ကမ္ဘာပျက်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲ့ပါဘူး။
ကျွန်တော်တို့ကိုယ်တိုင် ကွန်ပြူတာနည်းပညာအဆင့်မြင့်လာပြီးတော့ AI လိုနည်းပညာတွေကိုပါ သုံးစွဲနေလာနိုင်ပါပြီ။
ဒီလို ကမ္ဘာပျက်မယ် သတင်းအတုတွေဟာ သမိုင်းတစ်လျှောက် ပုံစံမျိုးစုံနဲ့ ထပ်ခါတလဲလဲ ပေါ်ထွက်နေတာကို တွေ့ရပါတယ်။
လူမှုကွန်ရက်ပေါ်မှာ လွယ်လွယ်ကူကူ ပျံ့နှံ့နေတဲ့ မဟုတ်မမှန်သတင်းတွေဟာ လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပါတယ်။
မလိုအပ်ဘဲ ထိတ်လန့်ကြောက်ရွံ့ခြင်း၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မိတာမျိုးတွေ အရေးပေါ်ပစ္စည်းတွေ အလွန်အကျွံဝယ်စုတာမျိုးဖြစ်စေနိုင်ပါတယ်။
အချို့သော သတင်းအတုတွေကဆိုရင် ပညာရှင်အစစ်တွေကိုတောင် မယုံသင်္ကာဖြစ်စေပြီး ကောလာဟလတွေကို ပိုမိုပြန့်ပွားစေနိုင်ပါတယ်။
ဒါကြောင့် သတင်းတစ်ပုဒ်ကို လက်ခံယုံကြည်တော့မယ်ဆိုရင် သတင်းရဲ့ အရင်းအမြစ်ကို သေချာစစ်ဆေးဖို့နဲ့ တိကျခိုင်မာတဲ့ အချက်အလက်တွေအပေါ်မှာပဲ အခြေခံဖို့ အရေးကြီးပါတယ်။
သတင်းရင်းမြစ်ဟာ တရားဝင် အစိုးရဌာနများ (ဥပမာ- ဂျပန်နိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)၊ ငလျင်လေ့လာရေးအဖွဲ့အစည်းများ ဥပမာ- NASA / USGS / JMA စတာတွေကနေ ထုတ်ပြန်တာ ဟုတ်၊ မဟုတ် စစ်ဆေးသင့်ပါတယ်။
ကိုယ်နေထိုင်နေတဲ့ ဂျပန်နိုင်ငံအစိုးရရဲ့ တရားဝင်သတင်းစာမျက်နှာတွေနဲ့ ရုပ်သံလိုင်းတွေကနေ ထုတ်ပြန်တဲ့ သတင်းတွေကိုသာ အဓိကထား ယုံကြည်သင့်ပါတယ်။
မည်သည့် သတင်းအချက်အလက်ကိုမဆို လက်ခံရာမှာ ဝေဖန်ပိုင်းခြားဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီးမှ ယုံကြည်ကြပါလို့ တိုက်တွန်းလိုပါတယ်။