၂၀၂၇ မလေးရှားဆီးဂိမ်းအတွက် မြင်းစီးအားကစားသမားများ ကြိုတင်ပြင်ဆင်၊ ယခုဘဏ္ဍာနှစ်အတွင်း ပြိုင်ပွဲနှင့် သင်တန်းများ ဆက်လက်ကျင်းပမည်

၂၀၂၇ ခုနှစ် စက်တင်ဘာတွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြင်းစီးအားကစားပြိုင်ပွဲများနှင့် သင်တန်းများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က အသိပေးထားသည်။

ယင်းပြိုင်ပွဲနှင့် သင်တန်းများမှတစ်ဆင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်မည့် ထူးချွန်မြင်းစီးအားကစားသမားများနှင့် အားကစားမြင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲများနှင့် သင်တန်းများကို နှစ်စဉ် စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ကျင်းပမည့် အစီအစဉ်များအတွက်လည်း အားကစားသမားများ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားရန် အသိပေးထားသည်။

အားကစားသမားများအနေဖြင့် ပြိုင်ပွဲအစီအစဉ်များကို ကြိုတင်သိရှိကာ လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ယခုကဲ့သို့ ကြိုတင်ထုတ်ပြန်အသိပေးခြင်းဖြစ်ကြောင်း သိရသည်။

image

တရုတ်ရေတပ်၏ (၄၈) ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို့ (၅) ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ (၄၈) ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် မြန်မာနိုင်ငံသို့ (၅) ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

အဆိုပါ ရေယာဉ်အုပ်စုတွင် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော Tangshan (ထန်ဆန်း)၊ ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်စစ်သင်္ဘော Daqing (တာ့ချင့်) နှင့် ဘက်စုံထောက်ပံ့ရေးသင်္ဘော Taihu (ထိုက်ဟူ) တို့ ပါဝင်သည်။

ရေယာဉ်အုပ်စု ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် မြန်မာဘက်မှ စစ်ဘက်နှင့် အစိုးရတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် တရုတ်နွယ်ဖွားအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များအပါအဝင် လူပေါင်း ၃၀၀ ကျော်က ကြိုဆိုခဲ့ကြသည်။

ခရီးစဉ်အတွင်း ရေယာဉ်အုပ်စု၏ တာဝန်ရှိသူများက မြန်မာဘက်မှ စစ်ဘက်နှင့် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်ဖက်အကြား ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုများ၊ စစ်ရေယာဉ်များ အပြန်အလှန်လေ့လာမှု၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများအပြင် သင်္ဘောကုန်းပတ် ဧည့်ခံပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ (၄၈) ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ စစ်ဆိပ်ကမ်းမှ ထွက်ခွာကာ အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်ရေပြင်တို့တွင် ရေကြောင်းစောင့်ရှောက်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည့် ရေယာဉ်အုပ်စုဖြစ်သည်။

image

လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန်ခွင့်ပြုသည့်ကိစ္စရပ်များအား အလေးထားဆောင်ရွက်ရန် မွန် ပြည်နယ်ဝန်ကြီးချုပ် မှာကြား

လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန်ခွင့်ပြုသည့်ကိစ္စရပ်များအား အလေးထားဆောင်ရွက်ရန် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည် နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း က ယနေ့ စက်တင် ဘာ ၂၄ ရက်မွန်းလွဲပိုင်းတွင်ကျင်းပသည့် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဒုတိယအကြိမ် အစည်း အဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုသည့်ကိစ္စရပ်များသည် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် တိုက်ရိုက်သက်ဆိုင်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးက ဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တောင် သူလယ်သမားများ၏ အကျိုးစီးပွားများနှင့်လည်း ဆက်စပ်နေ၍ အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အ တွင်းရေးမှူးက လယ်ယာမြေဥပဒေပုဒ်မ ၃၁ အရ အ ခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုပြီးသည့်ကိစ္စရပ်များအပေါ် စိစစ်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ လယ်မြေနှင့် လယ်မြေမှတစ်ပါး လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားလာသည့်ကိစ္စရပ်များနှင့် ခွင့်ပြုမိန့်မရမီ ကြိုတင်အသုံး ပြုထားသည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်း ရှင်း လင်းတင်ပြခဲ့သည်။

ထို့ပြင် တက်ရောက်လာကြသည့်အဖွဲ့ဝင်များက လယ် ယာမြေစီမံခန့်ခွဲမှုဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအ လိုက်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။

image

တွန်းဇံမြို့၌ MPT ဖုန်းလိုင်းများအပြည့်အဝအသုံးပြုနိုင်ပြီဖြစ်

ချင်းပြည်နယ်၊ တွန်းဇံမြို့အား တပ်မတော်ကအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံများ၏ လူမှုစီးပွားဘဝအဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုပြန်လည်ကောင်းမွန်ရေးနှင့် သတင်းအချက်အလက်စီးဆင်းမှုမပြတ်တောက်စေရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)ကလည်း ဆက်သွယ်ရေးကွန်ရက်များပြန်လည်ရရှိနိုင်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

MPT ဖုန်းလိုင်းများပြန်လည်ရရှိရေးအတွက် စက်ပစ္စည်းများတပ်ဆင်တည်ဆောက်ခြင်းကိုဆောင်ရွက်ခဲ့ကြသဖြင့် တွန်းဇံမြို့တွင် စက်တင်ဘာ ၂၃ ရက်မှစ၍ MPT ဖုန်းလိုင်းများ အပြည့်အဝပြန်လည်အသုံးပြုဆက်သွယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

image

ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နိုင်ရန် သက်ဆိုင်သူအားလုံး၏ သဘောထားကြီးမှု အရေးကြီးဟု MNTJP/MNDAA တာဝန်ရှိသူ ပြော

ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် သက်ဆိုင်သူအားလုံး၏ သဘောထားကြီးမှုသည် အရေးကြီးကြောင်း MNTJP/MNDAA မှ MNTJP ပေါ်လစ်ဗျူရို၊ အထွေထွေအတွင်းရေးမှူး (၂)၊ ဆက်ဆံရေးဌာန ဌာနမှူး ဦးဖုန်ဝင်းနိုင်က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNTJP/MNDAA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဖုန်ဝင်းနိုင်က အားလုံးပါဝင်နိုင်ပြီး လွတ်လပ်ကာ ကြိုတင်ကန့်သတ်ချက်မထားသည့် ပုံစံဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် လမ်းကြောင်းကို ကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားသည်။

ကာလရှည်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပြည်သူများ ထိခိုက်နစ်နာခဲ့ရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် သက်ဆိုင်သူအားလုံး၏ သဘောထားကြီးမှုသည် အရေးကြီးကြောင်း ၎င်းက ပြောသည်။

လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားထိန်းသိမ်းကာ တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့် အမြင်ကွဲလွဲမှုများကို ဖြေရှင်းရန်၊ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်မြှင့်တင်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေဖန်တီးရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားတန်းတူညီမျှရေးဟူသည့် နိုင်ငံရေးရပ်တည်ချက်အပေါ် ခိုင်မာစွာရပ်တည်ပြီး တိုင်းရင်းသားအားလုံး တည်ငြိမ်အေးချမ်းစွာ ပူးပေါင်းနေထိုင်နိုင်သည့် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတည်ထောင်ရေးကို ဆက်လက်ကိုင်စွဲထားကြောင်း ပြောကြားခဲ့သည်။ ယင်းရပ်တည်ချက်ကို NSPNC ဘက်မှ ထုတ်ပြန်သည့် အစည်းအဝေးအကြောင်းအရာတွင်လည်း ဖော်ပြထားသည်။

MNTJP/MNDAA အနေဖြင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဖူလုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးကို လိုလားပြီး နိုင်ငံတော်အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို အားပေးထောက်ခံကြောင်း ဦးဖုန်ဝင်းနိုင်က ပြောကြားခဲ့သည်။

image

မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ကိုရီးယားကုမ္ပဏီများရှိဟု ကိုရီးယားသံရုံး ယာယီတာဝန်ခံ ပြော

ကိုရီးယားအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးများဖြင့် တိုက်ရိုက်ပေးချေနိုင်ရေး ဆွေးနွေးမည်

မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံနေသည့် ကိုရီးယားကုမ္ပဏီများအပြင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားနေသည့် ကိုရီးယားကုမ္ပဏီများလည်း ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. BAE Byeongsoo က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဟုလည်း ဆိုသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ၏ အောင်မြင်မှုဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အောင်မြင်မှုသည်လည်း ကိုရီးယားသမ္မတနိုင်ငံ၏ အောင်မြင်မှုဖြစ်ကြောင်း Mr. BAE Byeongsoo က ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌကလည်း အနာဂတ်တွင် ကိုရီးယားသမ္မတနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးများဖြင့် တိုက်ရိုက်ပေးချေနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်းငွေကြေးများဖြင့် တိုက်ရိုက်ပေးချေနိုင်ပါက နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုချောမွေ့လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် နိုင်ငံခြားငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ဘဏ်ခွဲနှင့် လက်အောက်ခံဘဏ်များ ဖွင့်လှစ်လုပ်ကိုင်နေသည့် ကိုရီးယားဘဏ်များ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

ပြည်တွင်းစက်သုံးဆီဈေး တစ်ပတ်အတွင်း သိသိသာသာမြင့်တက်၊ 92 ဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ် ၆၄၀ ကျပ် တက်

ရန်ကုန်တွင် 92 ဓာတ်ဆီ တစ်လီတာ ၄,၄၅၀ ကျပ်၊ ဒီဇယ် ၄,၇၉၀ ကျပ်အထိ ရောက်ရှိ

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယခုတစ်ပတ်အတွင်း သိသိသာသာ ပြန်လည်မြင့်တက်လာပြီး ရန်ကုန်မြို့တွင် 92 ဓာတ်ဆီ တစ်လီတာ ၄,၄၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၄,၇၉၀ ကျပ်အထိ ရောက်ရှိလာကြောင်း စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။

စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းအရ ရန်ကုန်မြို့တွင် 92 Ron တစ်လီတာ ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာ ၄,၆၀၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၄,၇၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာ ၅,၇၉၅ ကျပ်အထိ ရှိလာသည်။

ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက 92 Ron တစ်လီတာ ၆၂၅ ကျပ်၊ 95 Ron တစ်လီတာ ၆၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၆၄၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၇၄၅ ကျပ်အထိ အသီးသီး ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ယခုသတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများမှာ အောက်တိုဘာ ၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက် ထုတ်ပြန်ပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းနှင့် ဈေးနှုန်းမမှန်ကန်မှုများရှိပါက ကော်မတီသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

image

ပတ်စ်ပို့ သက်တမ်းတိုးရာမှာ အခွန် သုံးနှစ်စာ တပြိုင်တည်းပေးရလို့ ပြည်ပရောက်မြန်မာတွေ အခက်တွေ့

နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရာမှာ သုံးနှစ်စာ ဝင်ငွေခွန်ကို တပြိုင်တည်း မဖြစ်မနေ ပေးဆောင်နေရတဲ့အတွက် အခြေခံလစာ နည်းပါးသူတွေအတွက် ငွေကြေးအကျပ်အတည်း ဖြစ်စေပြီး အခက်တွေ့နေရတယ်လို့ ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေက ပြောပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ပြည်ပဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း အခွန်ကောက်ခံတဲ့စနစ်ကို အစိုးရက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ အခွန်ပေးဆောင်ထားကြောင်း အထောက်အထားပြဖို့ကိုလည်း သတ်မှတ်ထားပါတယ်။

အဲဒီအခွန်စနစ်အရ ပြည်ပရှိ မြန်မာသံရုံးတွေမှာ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ အခြေခံလစာအပေါ် မူတည်ကာ အခွန် ၂ ရာခိုင်နှုန်းကို ကောက်ခံနေပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ သုံးနှစ်စာ အခွန်ကျသင့်ငွေကို ပတ်စ်ပို့ သက်တမ်းတိုးချိန်မှာ တပြိုင်တည်း ပေးဆောင်နေရတာ ဖြစ်ပါတယ်။

“ပတ်စ်ပို့စာအုပ်ဖိုး၊ အခွန်ငွေ၊ ပွဲစားခ၊ ဗီဇာပြောင်းတာတွေနဲ့ပါ အကုန် ပေါင်းလိုက်မယ်ဆို ကုန်ကျစရိတ်က ဘတ် တသောင်းကျော်၊ မြန်မာငွေနဲ့တွက်မယ်ဆို ၂၅ သိန်းကျော်အထိရှိတယ်။ လစာနည်းတဲ့ အခြေခံ အလုပ်သမားတွေဆို ကိုယ့်အတွက် အသုံးစရိတ်ဖယ်ရတာရယ်၊ အိမ်ကို ပြန်ပို့ရတာရယ်ဆို လစာ သုံး/လေးလလောက် စုဆောင်းရမယ့် ပမာဏ ဖြစ်နေတယ်” လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား တယောက်က ပြောပါတယ်။

သုံးနှစ်အတွင်းမှာ အလုပ်အကိုင် အတည်တကျ မရှိတဲ့ မြန်မာလုပ်သားတွေလည်း ရှိနေပြီး အကြောင်းမဲ့ အလုပ်ထုတ်ခံရလို့ လနဲ့ချီ အလုပ်လက်မဲ့ ဖြစ်နေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“စင်ကာပူမှာလည်း အတူတူပါပဲ။ သုံးနှစ်စာ အခွန်ဆောင်ခဲ့ရတယ်။ လုပ်ငန်းရှင်လည်း မဟုတ်ပါဘဲ အလုပ်သမား တယောက်က ကိုယ့်ချွေးနည်းစာနဲ့ စုဆောင်းပြီး ဆောင်ရတာ။ တွက်ကြည့်တာ မြန်မာငွေ ၁၂ သိန်းလောက် ကုန်ကျတယ်” လို့ ရွှေ့ပြောင်းလုပ်သား တယောက်က ပြောပါတယ်။

ဒါအပြင် မလေးရှားနိုင်ငံမှာလည်း အခွန် သုံးနှစ်စာအတွက် ရင်းဂစ်ငွေ ၁၀၈၀ ကို မဖြစ်မနေ ကောက်ခံနေပြီး ပတ်စ်ပို့ သက်တမ်းတိုးခနဲ့ ဝန်ဆောင်ခ၊ စာအုပ်ဖိုး၊ ဒဏ်ကြေး၊ လမ်းစရိတ်တွေအကုန် စုပေါင်းပါက မြန်မာငွေ သိန်း ၂၀ ဝန်းကျင်အထိ ကုန်ကျစရိတ် ရှိနေတယ်လို့ သိရပါတယ်။

“ပါမစ်ရှိသူတွေက စာအုပ်ကြေးနဲ့ ဝန်ဆောင်ခ၊ ကုန်ကျစရိတ် စုစုပေါင်း ရင်းဂစ် ၁၂၉၀ လောက် ရှိမယ်။ ပါမစ် မရှိသူတွေဆို ဒဏ်ကြေးပါအပါ ရင်းဂစ် ၁၇၇၀ လောက် ရှိမယ်။ ကိုယ့်လက်ထဲ ပိုက်ဆံမလောက်ရင် ချေးငှားပြီး လုပ်ရတယ်။ အခု မလေးရှားမှာကလည်း အဖမ်းအဆီးတွေ များနေတော့ အလုပ်ကို ပုံမှန်မလုပ်နိုင်ဘူး။ ဒီကြားထဲ သက်တမ်းတိုးနိုင်ဖို့ကို အခွန် သုံးနှစ်စာဆိုတော့ အကုန်လုံး ငွေကြေးအကြပ်အတည်း ဖြစ်ကုန်ကြတယ်။ ဒီလို တလုံးတခဲတည်း ပေးရတာ တော်တော်ကို အဆင်မပြေဘူး” လို့ မလေးရှားရောက် မြန်မာလုပ်သား တယောက်က ပြောပါတယ်။

အခွန်မဆောင်နိုင်လို့ ပတ်စ်ပို့ သက်တမ်းတိုးဖို့ ကြန့်ကြာနေသူတွေဟာ နေထိုင်ခွင့်ဗီဇာနဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) သက်တမ်းတွေ ကုန်ဆုံးကာ ၎င်းတို့ ရောက်ရှိနေတဲ့ နိုင်ငံတွေမှာ တရားမဝင် နေထိုင်သူတွေ ဖြစ်သွားနိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အခုလို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးအတွက် ကုန်ကျငွေ များပြားလာခြင်းဟာ မိသားစုထံ ပြန်လည်ပေးပို့ရတဲ့ ငွေကြေးပမာဏကိုပါ ရိုက်ခတ်မှုတွေ ရှိလာတဲ့အတွက် အခွန်ကောက်ခံမှု စနစ်ကို ဖြေလျော့ပေးဖို့ (ဒါမှမဟုတ်) ပိုမိုသက်သာ အဆင်ပြေစေမယ့် နည်းလမ်းကို ပြောင်းလဲပေးဖို့ ပြည်ပရောက် လုပ်သားတွေက လိုလားနေကြပါတယ်။

image

လူစီးယာဥ်တွေရဲ့ အမိုးပေါ်မှာ ကုန်ပစ္စည်းတင်ရင် အရေးယူခံရမယ်

လူစီးယာဉ်တွေရဲ့ ခေါင်မိုးပေါ်မှာမှာ ပစ္စည်းတွေ တင်ဆောင်ခွင့် မပေးတော့ဘူးလို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က မနေ့ စက်တင်ဘာ ၂၄ ရက်က အသိပေး ကြေညာထားပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပညာပေးကာလကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ အရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“ယာဉ်တစီးချင်းစီအလိုက် သတ်မှတ်ထားတဲ့ ဝန်တင်အား၊ ခရီးသည် ဒါမှမဟုတ် ကုန်အလေးချိန်ပေါ့၊ ဒီ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ကျော်လွန်တင်ဆောင်တာ၊ ယာဉ်ရဲ့ မူလတည်ဆောက်ပုံ သတ်မှတ်ချက်နဲ့ မကိုက်ညီဘဲ အမိုးပေါ်မှာ ပစ္စည်းတွေ မတရား တင်ဆောင်တာတွေဟာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေနဲ့ ငြိစွန်းပါတယ်။ စက်တင်ဘာ ၂၄ ရက်ကစပြီး ၃၀ ရက်အထိ ပညာပေးကာလပါ။ ပညာပေးကာလ လွန်သွားရင်တော့ ကုန်တင်ထားတာတွေ့ရင် ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်ဖြစ်စေ ချမှတ် အရေးယူခံရမှာပါ” လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

Saloon , Wagon, Probox, AD Van, Succeed အစရှိတဲ့ ကားတွေဟာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှာ လူစီးယာဉ်အဖြစ်သာ မှတ်ပုံတင်ထားခြင်းဖြစ်ပြီး အဲဒီယာဉ်တွေဟာ ကုန်တင်ယာဉ် မဟုတ်တဲ့အတွက် အမိုးပေါ်မှာ စီးပွားဖြစ် ကုန်ပစ္စည်းတွေ အမြောက်အမြား တင်ဆောင် မောင်းနှင်ခွင့်မရှိဘူးလို့ သူက ပြောပါတယ်။

အမိုးပေါ်မှာ လေးလံတဲ့ပစ္စည်းတွေ တင်ဆောင်ပါက ကားရဲ့ ဗဟိုချက် (Center of Gravity) မြင့်တက်သွားပြီး ကားကွေ့တဲ့အခါ (ဒါမှမဟုတ်) ဘရိတ်ဆောင့်နင်းတဲ့အခါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားစေနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ပစ္စည်းတွေကို အမိုးပေါ်မှာ အမြင့်ကြီး စုပုံတင်ခြင်းက နောက်ကားတွေရဲ့ မြင်ကွင်းကို ကွယ်စေနိုင်သလို လမ်းခရီးမှာ ပစ္စည်းတွေ ပြုတ်ကျပါကလည်း နောက်ကလိုက်ပါလာတဲ့ ယာဉ်တွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ဒီသတ်မှတ်ချက်နဲ့ ပတ်သက်လို့ ယာဉ်မောင်းတယောက်က “ဒါက ခရီးဝေးသွားသူတွေအတွက် အဆင်မပြေပါဘူး။ ရန်ကုန်၊ မန္တလေးလို မြို့တွေအတွက် မဆန်းပေမယ့် နယ်တွေဘက် သွားတဲ့သူတွေ၊ နယ်မြို့ကြီးတွေကနေ ဒေသအသီးသီးကို သွားမယ့်သူတွေအတွက် ဒီဥပဒေက ဘယ်လိုမှအဆင်မပြေဘူး။ ဥပဒေထုတ်မယ်ဆို နယ်တွေဘက်၊ မြေပြင်အနေအထားကို အရင်ကွင်းဆင်းပြီး လေ့လာပေးစေချင်တယ်” လို့ ပြောပါတယ်။

ဒါအပြင် ခရီးသည်ဆိုတာ အမြဲ မရှိနိုင်တဲ့အတွက် ကုန်ပစ္စည်းတွေ ရှိနေမှသာ ယာဉ်လိုင်းပြေးဆွဲလို့ အဆင်ပြေနိုင်မှာဖြစ်ပြီး ကုန်ပစ္စည်းတွေ မရှိပါက တနေ့ကို ယာဉ်တစီး ထွက်ရဖို့တောင် မလွယ်ကူသလို ပုပ်သိုးကုန်တွေ နေ့ချင်းပြီး ရောက်နိုင်ဖို့က ဒီယာဉ်ငယ်တွေကိုသာ အားကိုးနေကြရတာလို့ သူက ပြောပါတယ်။

ခရီးသည်တွေကတော့ အခုလို သတ်မှတ်ချက်ကြောင့် ကားခဈေးနှုန်းတွေအပြင် ကုန်ဈေးနှုန်းတွေပါ ထပ်မံ မြင့်တက်လာမှာကို စိုးရိမ်နေကြပြီး နောက်ဆုံး ရလဒ်ကတော့ ပြည်သူတွေပဲ ပိုမို ကြပ်တည်းသွားနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

“ကုန်ပါလို့ လူစီးခ သက်သာတာ။ ကုန်မပါရင်တော့ ဆီဖိုးသက်သာအောင်၊ လမ်းတောက်လျှောက်က ဖြတ်သန်းရတဲ့ ဂိတ်ကြေးတွေ သက်သာအောင် လူစီးခကို ပိုတောင်းလာနိုင်တယ်။ ကားခတွေကလည်း တက်ပြီးရင် ပြန်ကျတာမရှိဘူး။ စာအိတ်လေးတအိတ် ပို့တာတောင် ပို့ခက အနည်းဆုံး ကျပ် ၅၀၀၀ လောက် လောက်ပေးနေရတာ။ နောက်ဆုံးတော့ ပြည်သူတွေပဲခံရမှာ” လို့ ခရီးသည်တယောက်က ပြောပါတယ်။

အခုလို စည်းကမ်းချက်နဲ့ ပတ်သက်လို့ ကုန်စည်အမြင့်ကို သတ်မှတ်ပေးသင့်သလို ကားခဈေးနှုန်းကိုလည်း သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေက ကြပ်မတ် ထိန်းကျောင်းမှုတွေ ပြုလုပ်ပေးသင့်တယ်လို့ ပြည်သူတွေက ပြောပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - စက်တင်ဘာ ၂၅ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၂၈၄ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၃၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၁၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၁၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၉၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၉၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၈၃ ကျပ်
ဝယ်ဈေး - ၃၃၉၅ ကျပ်

-ယူရို
ရောင်းဈေး - ၅၀၇၀ ကျပ်
ဝယ်ဈေး - ၄၉၄၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၆၇ ကျပ်
ဝယ်ဈေး - ၁၃၀.၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၃ ကျပ်
ဝယ်ဈေး - ၁၀၆၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၆၅ ကျပ်
ဝယ်ဈေး - ၆၄၉ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၁၃ ကျပ်
ဝယ်ဈေး - ၂၇.၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၄၅ ကျပ်
ဝယ်ဈေး - ၄၅.၂၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၂ ကျပ်
ဝယ်ဈေး - ၃.၁၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၈၉၀ ကျပ်
ဝယ်ဈေး - ၄၇၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၂၅ ကျပ်
ဝယ်ဈေး - ၃၀၄၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၅ ကျပ်
ဝယ်ဈေး - ၁၁၈၄ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image