နတ်စင်တရာဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စက်တင်ဘာ ၂၇ ရက်တွင် စံကျောင်းတော်ချမည်

အစာအိမ်သွေးကြောပေါက်ရောဂါဖြင့် ယနေ့ စက်တင်ဘာ ၁၃ ရက်နံနက် ၁ နာရီ ၅၆ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည့် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ‌၊ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တရာကျောင်းတိုက်၏ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇ၏ ရုပ်ကလာပ်တော်အား လာမည့် စက်တင်ဘာ ၂၇ ရက်နေ့ လယ် ၁ နာရီ၌ စံကျောင်းတော်ချပူဇော်သွားမည်ဖြစ် ကြောင်း စျာပနကျင်းပရေးကော်မတီထံမှ သိရသည်။
ထို့ပြင် အန္တိမအဂ္ဂိဈာပနအခမ်းအနားကိုလည်း လာမည့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ပူဇော်ကျင်းပသွားမည်ဖြစ်ကာ ကျင်းပမည့်ရက်အား ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
နတ်စင်တရာဆရာတော်ကြီးသည် အစာအိမ်သွေး ကြောပေါက်ရောဂါအား ကုသမှုခံယူနေစဥ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီးသည် ပျံလွန်တော်မူချိနထ်၌ သက်တော်(၇၆)နှစ်၊ ဝါတော်(၅၆)ဝါရှိပြီဖြစ်ကာလက်ရှိအချိန်တွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကျောင်းတိုက်သို့ပြန်လည်ပင့်ဆောင်ထားကြောင်း သိရသည်။

image

ရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတိုက်တာတွေ ရပ်ဖို့ ယူကရိန်းကို ထရမ့်က ပြောကြား

ရုရှားရဲ့ ဒီဇယ်လောင်စာဆီတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလင်စကီးကို တိုက်တွန်းလိုက်ပါတယ်။ အဲဒီလိုတိုက်ခိုက်နေတာတွေက "ကမ္ဘာကြီးကို ထိခိုက်နစ်နာစေတယ်" လို့ သူက ဆိုပါတယ်။
​တနင်္ဂနွေနေ့က အိုင်ယာလန်နိုင်ငံကို တရားဝင်သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ ထရမ့်က "မစ္စတာဇီလင်စကီး လုပ်ရမယ့်အလုပ် တစ်ခုရှိတယ်။ အဲဒါက ရုရှားက ဒီဇယ်လောင်စာဆီတွေကို ပစ်မှတ်ထားနေတာကို ရပ်ဖို့ပါပဲ။ သူ့အနေနဲ့ တခြားပစ်မှတ်တွေကို တိုက်ချင်တိုက်ပါ၊ ဒီဇယ်ဆီတွေကိုတော့ မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ သူက ဒီဇယ်ရှားပါးမှုကို ဖြစ်စေလို့ပါပဲ" လို့ ပြောခဲ့ပါတယ်။
​သူက ဆက်ပြီး "ဒါက အရှေ့အလယ်ပိုင်းကြောင့် ဖြစ်တာမဟုတ်ဘူး၊ ရုရှားနဲ့ ယူကရိန်းကြားမှာ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ဖြစ်ရတာပါ" လို့လည်း သူကဆိုပါတယ်။
​အမေရိကန်၊ အီရန်နဲ့ အစ္စရေးတို့ အဓိကပါဝင်နေတဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ ထိုးတက်နေချိန်မှာပဲ ထရမ့်ရဲ့ အခုလို မှတ်ချက်စကား ထွက်ပေါ်လာတာပါ။ ဒီအကျပ်အတည်းက ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းသွားလာမှုတွေကို အထူးသဖြင့် ထိခိုက်စေခဲ့ပါတယ်။
​အရှေ့အလယ်ပိုင်းက တိုက်ပွဲတွေကြောင့် ရေရှည် ထောက်ပံ့မှုတွေ ပြတ်တောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အတွက် ဒီတစ်ပတ်မှာ ကမ္ဘာ့ရေနံဈေးက တစ်စည်ကို ၁၀၈ ဒေါ်လာအထိ တက်သွားပါတယ်။ အမေရိကန်မှာလည်း ဒီဇယ်ဈေးတွေက စံချိန်တင်မြင့်တက်သွားပြီး ပြီးခဲ့တဲ့သောကြာနေ့က သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလံကို ၆ ဒေါ်လာကျော်အထိ ရောက်သွားခဲ့ပါတယ်။
​ရေကြောင်းထောက်လှမ်းရေးကုမ္ပဏီ Kpler ရဲ့ အဆိုအရ ရုရှားဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဒီဇယ် ဒုတိယအများဆုံး ကမ္ဘာကိုတင်ပို့တဲ့ နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
​တစ်ဖက်မှာလည်း ရုရှားရော ယူကရိန်းပါ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီး အရှိန်မြှင့်နေကြပါတယ်။ တနင်္ဂနွေနေ့ မနက်ပိုင်းက ယူကရိန်းအနောက်မြောက်ပိုင်းက ပိုလန်နယ်စပ်အနီး ယဟိုဒင် (Yahodyn) မြို့မှာရှိတဲ့ ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ရုရှားဒရုန်းတစ်စင်းက ဝင်တိုက်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
​ဓာတ်ဆီဆိုင်တွေကို တိုက်ခိုက်ခံရတာတွေက အရမ်းကိုများလာတဲ့အတွက် ယူကရိန်းက လုပ်ငန်းစုတစ်ခုဆိုရင် မြို့တော် ကိယက်ဗ်မှာရှိတဲ့ သူတို့ရဲ့ ဓာတ်ဆီဆိုင်တွေမှာ တိုက်ခိုက်ခံရရင် ထိခိုက်မှုသက်သာအောင် သံဇကာတွေတောင် တပ်ဆင်လာကြပါပြီ။
အဲ​ဒီနောက်ဆုံးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းဘက်က ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့ပါတယ်။
​တိုက်ခိုက်ခံရပြီးနောက်မှာ နယ်စပ်ဂိတ်ကို ခဏပိတ်ထားခဲ့ရပေမယ့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာတော့ ပုံမှန်အတိုင်း ပြန်ဖွင့်ပေးခဲ့ပါတယ်။

image

စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ Level 1 အဆင့်မီးလောင်မှုတွင် အမျိုးသား(၂)ဦးသေဆုံးခဲ့

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရပြီး အမျိုးသား(၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်ရှိ Bar 4 U ဘီယာဆိုင်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသော်လည်း ဆက် လက်လောင်ကျွမ်းနေသဖြင့် ည ၈ နာရီ ၂၄ မိနစ်၌ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ည ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး ရှင်းလင်းမှုများပြုလုပ်စဥ် ဆိုင်အပေါ်ထပ်(ထပ်ခိုး)ပေါ်နှင့် မီးဖိုခန်းအတွင်းတို့မှ ဆိုင်ဝန်ထမ်းအမျိုးသား(၂)ဦး ၏ ရုပ်အလောင်းများကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထိုသို့ တွေ့ရှိခဲ့ရသဖြင့် ရုပ်အလောင်းများအား လူမှုကူညီရေးအ သင်းဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်၊

image

သာကေတမြို့နယ်၌ AMI စနစ် အကောင်အထည်ဖော်ရန် Digital Smart Meter များပြောင်းလဲတပ်ဆင်ပေး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်း​ရန်နှင့် AMI စနစ်အကောင်အထည်ဖော်ရန်တို့အတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များကိုပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြောင်းလဲတပ်ဆင်ပေးနေမှုများ၊ ၆၆/၃၃/၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ MOGE GIS ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်က စက်တင်ဘာ ၁၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှတာဝန်ရှိသူများက အရှေ့ပိုင်းခရိုင်အတွင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ AMI စနစ်သုံး Digital Smart Meter များ လဲလှယ်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

image

တောင်ပံကစားသမား ပတ်ဒရိုနက်တိုကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုး

ချယ်လ်ဆီးအသင်းက ပေါ်တူဂီတောင်ပံကစားသမား ပတ်ဒရိုနက်တိုကို ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။
နက်တို(၂၆ နှစ်)ဟာ ၂၀၂၄ ခုနှစ်မှာ ဝုလ်ဗ်အသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်တယ်။
၎င်းဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၀၈ ပွဲ ကစားထားပြီး အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု နှစ်ရပ်ပေါင်း ဂိုး ၄၀ အထိ ရှိထားခဲ့ပါတယ်။
နက်တိုရဲ့မူလစာချုပ်ဟာ ၂၀၃၁ ခုနှစ်အထိဖြစ်ပြီး ချယ်လ်ဆီးအသင်းက နှစ်နှစ်သက်တမ်းတိုးခဲ့တာပါ။
၎င်းအနေနဲ့ ၂၀၂၅ ကွန်းဖရန့်လိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံအသင်းမှာ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။
နည်းပြသစ် ရှာဘီအလွန်ဆိုလက်ထက်မှာ ပုံမှန်နေရာရနေပြီး အသင်းမှာ Wing Back နေရာ ကစားနေတာဖြစ်ပါတယ်။

image

ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း အန်တိုနီယို ဝက်ဖို့ဒ်အသင်းထံ ပြောင်းရွှေ့

ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း အန်တိုနီယိုဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းထံ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိခဲ့ပါတယ်။
အန်တိုနီယို(၃၆ နှစ်)ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်မှာ ဝက်စ်ဟမ်းအသင်းအတွက် နောက်ဆုံးကစားခဲ့တာဖြစ်တယ်။
အဲဒီနောက် လေးရက်အကြာမှာ ယာဉ်မတော်တဆဖြစ်ပြီး ခြေထောက်ကျိုးခဲ့ပါတယ်။
ကာတာကလပ် Al-Sailiya အသင်းအတွက် ဧပြီလမှာ နောက်ဆုံးကစားခဲ့ပြီး စုစုပေါင်း လေးပွဲသာ ရှိခဲ့ပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့လကတည်းက ဝက်ဖို့ဒ်အသင်းမှာ လေ့ကျင့်ခန်းဆင်းနေပြီး အခုတစ်နှစ်စာချုပ်နဲ့ ခေါ်ယူခံခဲ့ရတာဖြစ်တယ်။
အန်တိုနီယိုဟာ ဝက်ဖို့ဒ်အသင်းမှာ ကျောနံပါတ် ၁၈ ဝတ်ဆင်မှာဖြစ်ပြီး အသင်းရဲ့ အခုနွေရာသီ ၁၂ ဦးမြောက် ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။
ဝက်ဖို့ဒ်အသင်းဟာ အခုရာသီ လိဂ်ချန်ပီယံရှစ်မှာ အဆင့် ၁၂ နေရာ ရောက်နေပြီး နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးထားပါတယ်။

image

ဂျော်အိုပတ်ဒရိုဟာ ဘန်ဇီမာနဲ့ ကစားပုံဆင်ပြီး ဟာလန်းလောက် ကောင်းတယ်လို့ အလွန်ဆို သုံးသပ်

ချယ်လ်ဆီးအသင်းနည်းပြ ရှာဘီအလွန်ဆိုက အသင်းတိုက်စစ်မှူး ဂျော်အိုပတ်ဒရိုဟာ ဘန်ဇီမာနဲ့ ကစားပုံဆင်ပြီး ဟာလန်းလောက် ကောင်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။
ဂျော်အိုပတ်ဒရို(၂၄ နှစ်)ဟာ အခုရာသီ ပရီးမီးယားလိဂ် ပထမဆုံးသုံးပွဲမှာ နှစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီး ပေးခဲ့တာပါ။
ဒါ့အပြင် ယမန်နေ့က ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပါတယ်။
ဟာလန်းနဲ့ နှိုင်းယှဉ်နိုင်သလားလို့ မေးခွန်းထုတ်မှုကို အလွန်ဆိုက ''ဟုတ်ပါတယ်လို့ပဲ ကျွန်တော် ပြောပါရစေ။ ပရီးမီးယားလိဂ်မှာရှိတဲ့ ထိပ်တန်းတိုက်စစ်မှူးတွေကို ရေတွက်မယ်ဆိုရင် ဂျော်အိုက အဲဒီစာရင်းထဲပါမှာ သေချာပါတယ်။ ဟာလန်းလည်း သေချာပေါက်ပါပဲ။ ဒါကြောင့် သူ့ကို ဒီလိုနည်းလမ်းနဲ့ စံနှုန်းသတ်မှတ်တာဖြစ်ပါတယ်''လို့
ပြောခဲ့ပါတယ်။
ဂျော်အိုပတ်ဒရိုဟာ ပြီးခဲ့တဲ့နှစ်က ချယ်လ်ဆီးအသင်းနဲ့ ၂၀၃၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသူလည်း ဖြစ်တယ်။
၎င်းဟာ အခုရာသီအစမှာပဲ ကျောနံပါတ် ၉ ဝတ်ဆင်ပြီး ကစားနေတာဖြစ်ပါတယ်။

image

ပရီးမီးယားလိဂ် (၄)ပွဲဆက် စပါးအသင်းဂိုးပေါက်ပျောက်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်ရလဒ်အဆိုးအရွားဆုံးအသင်းအဖြစ်မှတ်တမ်းဝင်

နည်းပြ ဒီဇာဘီရဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့် (၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်ရလဒ်အဆိုးအရွားဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
စပါးအသင်းအနေနဲ့ အဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်ကို (ဝ-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို၊ နယူးကာဆယ်အသင်းကိုလည်း (ဝ-၂)ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် နော်တင်ဟမ်၊ အဲဗာတန်တို့နဲ့ပွဲစဉ်တွေမှာ (ဝ-၀)ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးပေါက်ပျောက်ဆုံးမှုရလဒ်အဆိုးအရွားဆုံးအသင်းကတော့ ခရစ္စတယ်ပဲလေ့စ်ဖြစ်ပြီး ၂၀၁၇-၁၈ ရာသီမှာ (၇)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့တာပါ။
စပါးအသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ဂိုးပေါက်တည့်ကန်ချက် (၂)ကြိမ်သာရှိခဲ့ပြီး နည်းပြ ဒီဇာဘီအနေနဲ့လည်း အသင်းရဲ့တိုက်စစ်ကစားပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုများစွာနဲ့ရင်ဆိုင်နေရပါတယ်။
လက်ရှိအချိန်မှာ စပါးအသင်းဟာ ရမှတ်(၂)မှတ်သာရရှိသေးပြီး အမှတ်ပေးဇယားအဆင့် (၁၇)နေရာမှာ ရပ်တည်နေပါတယ်။

image

မက်ဆီဂိုးသွင်းနိုင်ခဲ့ပေမဲ့ အင်တာမိုင်ယာမီအသင်း နိုင်ပွဲပျောက်ဆုံး

အင်တာမိုင်ယာမီအသင်းအနေနဲ့ မေဂျာလိဂ်အဓိကပြိုင်ဘက် နက်ရှ်ဗယ်လီအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး မက်ဆီဂိုးသွင်းနိုင်ခဲ့ပေမဲ့ သရေသာကစားနိုင်ခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ချန်ပီယံဆုအတွက် ဖိအားဝင်ခဲ့ရပြီလို့ ဆိုရမှာပါ။
မက်ဆီကတော့ မေဂျာလိဂ်နောက်ဆုံး (၆)ပွဲမှာ (၇)ဂိုးအထိသွင်းနိုင်ခဲ့ပြီး ဂိုးသွင်းဘုရင်ဆုအတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။
အင်တာမိုင်ယာမီအသင်းအနေနဲ့ လာမယ့်မေဂျာလိဂ်ပွဲစဉ်မှာ ဆန်ဒီယေဂိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။

image

၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအသင်း စက်တင်ဘာ (၁၄)ရက်မှာ အုပ်စုပထမပွဲအဖြစ် တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမယ်

၂၀၂၆ အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအမျိုးသမီးလက်ရွေးသင်အသင်းဟာ စက်တင်ဘာ (၁၄)ရက်မှာ အာရှအမျိုးသမီးဘောလုံးအင်အားကြီး တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းနဲ့ တောင်ကိုရီးယားအမျိုးသမီးအသင်းတို့ဟာ အုပ်စုပထမပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ (၅)နာရီမှာ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ နန်ဂိုင်းအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရန် ဂျပန်နိုင်ငံသို့ စက်တင်ဘာ ၁၀ ရက်က ထွက်ခွာသွားပြီး အပြီးသတ်ကစားသမား ၂၃ ဦး ခေါ်ဆောင်သွားခဲ့ပါတယ်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်ဟာ ၂၀၂၆ အာရှအားကစား ပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၃ ဦး ရွေးချယ်ခဲ့ပြီး ပြီးခဲ့သည့်သြဂုတ် ၁၇ ရက်ကနေ စတင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။ နည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ် ရွေးချယ်လိုက်တဲ့ အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းမှာ ခင်မာလာထွန်း၊ ဝင်းသိင်္ဂထွန်း၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ မေသက်မွန်မြင့်၊ မေထက်လူ အစရှိတဲ့ ဝါရင့်ကစားသမားဟောင်းများ ပြန်လည်ပါဝင်ခဲ့သလို မျက်နှာသစ်ကစားသမားများဖြစ်တဲ့ ဇွန်သဲဦး၊ ဇင်မာထွေး၊ ဒေစီအောင်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။ မြန်မာအမျိုးသမီးအသင်းအနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ကျရောက်နေပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း (၁၂)သင်းနဲ့ လေးသင်း သုံးအုပ်စုခွဲကာ ကျင်းပသွားမှာပါ။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A)မှာ အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု (မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (C)မှာ တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။ အုပ်စုတစ်ခုစီကနေ အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာပါ။ မြန်မာအမျိုးသမီးအသင်းဟာ စက်တင်ဘာ (၁၄)ရက်မှာ အုပ်စုပထမပွဲအဖြစ် တောင်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ (၁၇)ရက်မှာ အုပ်စုဒုတိယပွဲအဖြစ် မြောက်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ (၂၁)ရက်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ မြန်မာအမျိုးသမီးအသင်းအနေနဲ့ အုပ်စုအတွင်းမှာ အာရှအမျိုးသမီးဘောလုံးအင်အာကြီး တောင်ကိုရီးယား၊ မြောက်ကိုရီးယားအမျိုးသမီးအသင်းများကို အနိုင်ရကစားရန် ခက်ခဲနိုင်ပေမဲ့ အုပ်စုတတိယနေရာအတွက် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို အနိုင်ရအောင်ကစားရမှာပါ။ မြန်မာအမျိုးသမီးအသင်းဟာ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအမျိုးသမီးအသင်းတို့နဲ့ပွဲများမှာ ဂိုးပြတ်မရှုံးနိမ့်ခဲ့ရင် အုပ်စုနောက်ဆုံးပွဲမှာ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်နိုင်မှာပါ။

image