Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လွှတ်တော်သည် နိုင်ငံသူနိုင်ငံသားများအား ဥပဒေအကာအကွယ်အောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်းပေးရန် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး နဝရတ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ၎င်းက ထို့သို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံမှုတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) ဒုတိယဥက္ကဋ္ဌက လွှတ်တော်ချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကဏ္ဍအသီးသီးကို သီးခြားစီ အကောင်အထည် ဖော်ဆောင်ရွက်ရသည့် လွှတ်တော်များပင်ဖြစ်ပါကြောင်း ပြောကြားသည်။
မိမိတို့နိုင်ငံသည် ဒီမိုကရေစီသက်တမ်း နုနယ်သေးသည့်အတွက် လွှတ်တော်၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေးအတွက် ထိန်းသိမ်းလုပ်ဆောင်လျက်ရှိပါကြောင်း၊ မိမိတို့လွှတ်တော်များသည် ဥပဒေပြုရေးမဏ္ဍိုင် စနစ်တကျ ခိုင်မာအားကောင်းစေရန်နှင့် လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လွှတ်တော်များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူ့လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း (၅) နှစ်စီမံချက် ရေးဆွဲထားရှိပြီးဖြစ်ပါကြောင်း၊ ယင်းစီမံချက်ပါ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုလည်း အဆင့်အလိုက် စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသို့လည်း မျှဝေပေးလို ပါကြောင်း ၎င်းက ပြောကြားသည်။