ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအမတ်ကြီးတို့ဆွေးနွေး

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ ၁၆ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာန၌တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကြား ဆက်လက်တွန်းအားပေးဆောင်ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်းကောက်ခံရေးကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်ပလုပ်သားတရားဝင်လွှဲပြောင်းငွေဆိုင်ရာများ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုမြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးတို့အတွက်လည်း ဆွေးနွေးခဲ့ကြသည်။

image

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မနက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မနက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အသိပေးခဲ့သည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

image

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံတော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဒုတိယသမ္မတဦးညိုစောသည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ကျင်းပမည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးတက်ရောက်ရန် ယနေ့ စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက တရုတ်နိုင်ငံသို့ရောက်ရှိနေခြင်းဖြစ်သည်။

image

KMAESS ဖွဲ့စည်းတည်ထောင်ရာတွင် စိတ်အားတက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် မြန်မာသံအမတ်ကြီးအား "ကျေးဇူးတင်အသိအမှတ်ပြုတံဆိပ်"ပေးအပ်
ပြည်ပရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံကအလေး ထားဟု မြန်မာသံအမတ်ကြီးပြော

ကိုရီးယား-မြန်မာ စီးပွားရေးလုံခြုံမှုဆိုင်ရာသုတေသနအသင်း(KMAESS)ဖွဲ့စည်းတည်ထောင်ရာတွင် စိတ်အားတက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအ မတ်ကြီးဦးမျိုးမြင့်မောင်အား KMAESS ဥက္ကဋ္ဌ Mr. Choi Shin Il က "ကျေးဇူးတင်အသိအမှတ်ပြုတံဆိပ်" ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံဆိပ်ကို စက်တင်ဘာ ၁၅ ရက်က ဆိုးလ်မြို့ ၌ကျင်းပသည့် KMAESS စတင်ဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ် စီးပွားရေးဖိုရမ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးက နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုခိုင်မာစေရန် KMAESS အသင်းက အရေးပါသည့် ပေါင်းကူးတံတားတစ်ရပ်အဖြစ်အထောက်အကူပြုနိုင်မည်ကို ယုံကြည်မျှော်လင့်သည်ဟု ပြောသည်။

ထို့ပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံက အ လေးထားကာ မြန်မာနိုင်ငံတော်အကြီးအကဲကလည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုအလေးထားဖိတ်ခေါ်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဒေါက်တာဝါဝါမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန(မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအ ဖွဲ့)ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် UMFCCI ဥက္ကဋ္ဌဦးအေးဝင်းတို့ကလည်း Video Message ဖြင့် ဂုဏ်ပြုစကားများအသီးသီးပေးပို့ခဲ့ကြသည်။

image

ဖလမ်းမြို့တွင် MPT ဖုန်းလိုင်း ပြန်လည်ရရှိ၊ SIM Card များ ပြန်လည်အသုံးပြုနိုင်ရေး ဝန်ဆောင်မှုပေးနေ


ဖလမ်းမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ Mobile ဖုန်းလိုင်းများ ပြန်လည်ရရှိလာပြီဖြစ်သဖြင့် ယနေ့မှစတင်ကာ ပြည်သူများ၏ MPT Mobile SIM Card များ ပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖလမ်းမြို့၌ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ပြီး ယခင်က MEC-CDMA ဖုန်းလိုင်းကိုသာ အသုံးပြုခဲ့ရကြောင်း သိရသည်။

ယခုအခါ MPT Mobile ဖုန်းလိုင်းများ ပြန်လည်ရရှိလာသဖြင့် ပြည်နယ် MPT ဝန်ထမ်းများက ဖလမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အခြေပြု၍ ပြည်သူများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပျောက်ဆုံးသွားသည့် SIM Card များနှင့် ပျက်စီးသွားသည့် SIM Card များအတွက် ပြန်လည်လျှောက်ထားနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ SIM Card များ မှတ်ပုံတင်ပေးခြင်းနှင့် SIM Card အသစ်များ ရောင်းချပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးနေမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

image

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Toll Pass RFID အလိုအလျောက် လမ်းအသုံးပြုခ ကောက်ခံမှု ယနေ့စတင်

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကြိုတင်ငွေပေးသွင်း၍ အလိုအလျောက် လမ်းအသုံးပြုခ ကောက်ခံသည့် Toll Pass RFID စနစ်ကို ယနေ့မှစတင်၍ ပိတ်ရက်မရှိ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ အမှတ် (၃) တိုးဂိတ် (၀ မိုင် ၇ ဖာလုံ)၊ စီလမ်းဆုံ တိုးဂိတ် (၂၀၁ မိုင် ၃ ဖာလုံ) နှင့် စကားအင်း တိုးဂိတ် (၃၅၂ မိုင် ၄ ဖာလုံ) တို့တွင် ကနဦး ဝန်ဆောင်မှု ပေးလျက်ရှိသည်။
ယာဉ်ပိုင်ရှင်များအနေဖြင့် စမတ်ဖုန်း၊ တပ်ဆင်မည့်ယာဉ်နှင့် ကညန ယာဉ်မှတ်ပုံတင် (ဝှီးတက်) တို့ယူဆောင်၍ ဖော်ပြပါ တိုးဂိတ်များရှိ Toll Pass Counter များတွင် သွားရောက်လျှောက်ထားနိုင်သည်။

တပ်ဆင်ခအဖြစ် RFID စတစ်ကာနှင့် တစ်နှစ်စာ ဝန်ဆောင်ခ ကျပ် ၂၀,၀၀၀ ကျသင့်မည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်သွင်းမှုအတွက် အနည်းဆုံး ကျပ် ၅,၀၀၀ တန်ဖိုးရှိ ၅,၀၀၀ TPU မှစတင်၍ ဖြည့်သွင်းရမည်ဖြစ်သည်။

စတင်ရောင်းချသည့်နေ့တွင် ငွေသားဖြင့်သာ လက်ခံမည်ဖြစ်ပြီး မကြာမီ MMQR၊ KBZ Pay၊ AYA Pay နှင့် Wave Pay စသည့် အွန်လိုင်း ငွေပေးချေမှုစနစ်များနှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။

Toll Pass စနစ် တပ်ဆင်ထားသည့် ယာဉ်များသည် တိုးဂိတ်များရှိ သီးသန့်ယာဉ်ကြောမှ အများဆုံး မိုင် ၂၀ (တစ်နာရီလျှင် ၂၀ ကီလိုမီတာ) နှုန်းဖြင့် မောင်းနှင်ရမည်ဖြစ်ကာ မောင်းတံ အလိုအလျောက်ပွင့်သွားမည်ဖြစ်သဖြင့် တန်းစီစောင့်ဆိုင်းရန်မလိုဘဲ တိုက်ရိုက် ဖြတ်သန်းနိုင်မည်ဖြစ်သည်။

ယင်းစနစ်သည် ဖုန်း အပလီကေးရှင်းမှတစ်ဆင့် လက်ကျန်ငွေ၊ ဖြတ်သန်းမှုမှတ်တမ်း စစ်ဆေးနိုင်ခြင်းနှင့် အွန်လိုင်းမှ ငွေဖြည့်သွင်းနိုင်ခြင်းတို့ကြောင့် ပိုမိုလွယ်ကူ လုံခြုံသည့် စနစ်ဖြစ်ကြောင်း သိရသည်။

image

ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် သီးခြားစီမိတ်ဆက်တွေ့ဆုံ၊ သံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးသက်နောင်သည် စက်တင်ဘာ ၈ ရက်မှ ၁၆ ရက်အတွင်း ဘရူနိုင်းနိုင်ငံဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သီးခြားစီ မိတ်ဆက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် စင်ကာပူသံအမတ်ကြီး Yip Wei Kiat၊ မလေးရှားသံအမတ်ကြီး Datuk Mohd Aini Atan၊ တီမောလက်စ်တေသံအမတ်ကြီး Abel Guterres နှင့် လာအိုသံအမတ်ကြီး Heuankeo Sangsomsak တို့နှင့် သီးခြားစီ မိတ်ဆက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုများအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးနှင့် သက်ဆိုင်ရာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

မြန်မာတက်ရှ်ဘောအသင်း အာရှအားကစားပြိုင်ပွဲတွင် အမျိုးအစား (၃) မျိုး ဝင်ရောက်ယှဥ်ပြိုင်မယ်

မြန်မာတက်ရှ်ဘောအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် အမျိုးအစား (Event) ၃ မျိုး ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာတက်ရှ်ဘောအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း (Men Single)၊ အမျိုးသမီးတစ်ဦးချင်း (Women Single) နဲ့ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) အမျိုးအစားတို့မှာ ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာတက်ရှ်ဘောအသင်းဟာ အမျိုးသားတစ်ဦးချင်း (Men Single) တွင် စောဖရိုက်ဒေး၊ အမျိုးသမီးတစ်ဦးချင်း (Women Single) တွင် ခင်နှင်းဝေ၊ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) တွင် ဆုမွန်အောင်နဲ့ ဖြူဖြူသန်းတို့ ဝင်ရောက်ယှဥ်ပြိုင်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာတက်ရှ်ဘောအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင်ရန် စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲရဲ့ တက်ရှ်ဘောအားကစားနည်းကို စက်တင်ဘာ (၁၇) ရက်ကနေ (၂၀) ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အမျိုးအစား (Event) ၅ မျိုး ထည့်သွင်းကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။

အကြိမ် (၂၀) မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ဂျပန်နိုင်ငံ၊ နာဂိုယာနဲ့ အီချီမြို့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အကြိမ် (၂၀) မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားက စက်တင်ဘာ ၁၉ မှ စတင်မှာ ဖြစ်သော်လည်း တချို့သောအားကစားနည်းတွေက ဖွင့်ပွဲအခမ်းအနားမတိုင်မီ စောပြီး ကျင်းပနေတာဖြစ်ပါတယ်။

မြန်မာတက်ရှ်ဘောအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှာ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။

image

မန်ယူအသင်း ဒီရာသီမှာ ဘာဆုဖလားမှ မရနိုင်ဘူးလို့ ရုဒ်ဂူးလစ် သုံးသပ်ပြောကြား

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ နယ်သာလန်ဂန္ထဝင် ရုဒ်ဂူးလစ်က မန်ယူအသင်းအနေနဲ့ ဒီရာသီမှာ ဘာဆုဖလားမှ မရနိုင်ဘူးလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ရုဒ်ဂူးလစ်က ချယ်လ်ဆီးအသင်းမှာ ကစားသမား+နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို၊ နယူးကာဆယ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ရုဒ်ဂူးလစ်(၆၄ နှစ်)က မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီးပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်ရင် ကစားသမားအင်အား တောင့်တင်းမှုမရှိတာကြောင့် ဆုဖလားတွေအတွက် ပြိုင်ဆိုင်နိုင်စွမ်းမရှိသေးကြောင်း သုံးသပ်ခဲ့တာပါ။

''ယူနိုက်တက်လား။ သူတို့ ဒီနှစ် ပြိုင်ဆိုင်နိုင်စွမ်း မရှိသေးပါဘူး။ သူတို့မှာ အရည်အသွေးပိုင်း အားနည်းချက်အနည်းငယ် ရှိနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ ပွဲတစ်ပွဲကို ထိန်းချုပ်နိုင်စွမ်းမရှိသေးတာ ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ သူတို့မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေ ထပ်ရှိမလာပါဘူး။ ထိပ်တန်းကစားသမားတွေက လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေဆီ ရောက်သွားကြပါတယ်။ ဒီရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းတွေက အရည်အသွေးပိုမြင့်ပြီး ပိုတောင့်တင်းလာကြပါတယ်'' လို့ ရုဒ်ဂူးလစ်က ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ (၄)မှတ်သာရရှိထားပြီး အဆင့်(၁၃)နေရာ ရောက်ရှိနေပါတယ်။

image

၂၀၂၇-၂၈ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်ကွင်း၊ ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘာစီလိုနာကွင်းမှာ ကျင်းပမယ်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၇-၂၈ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ Munich Football Arena ကွင်း၊ ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘာစီလိုနာအသင်းရဲ့ Camp Nou ကွင်းမှာ ကျင်းပမှာဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

လက်ရှိ ၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ အက်သလက်တီကိုအသင်းရဲ့ Estadio Metropolitano ကွင်းမှာ ကျင်းပသွားမှာပါ။

Munich Football Arena ကွင်းက ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပခဲ့တာကြောင့် (၃)နှစ်အကြာမှာပဲ တစ်ကျော့ပြန်ကျင်းပခွင့်ရရှိတာဖြစ်ပြီး Camp Nou ကွင်းကတော့ ၁၉၉၈-၉၉ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့တာပါ။

UEFA က ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေရဲ့ ရှေ့လာမယ့်နှစ်ရာသီ ဗိုလ်လုပွဲကျင်းပမယ့် ကွင်းတွေကိုလည်း အတည်ပြုကြေညာခဲ့ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ၂၀၂၇-၂၈ ရာသီ ဗိုလ်လုပွဲကို ရိုမေးနီးယားနိုင်ငံက National Arena ကွင်း၊ ၂၀၂၈-၂၉ ရာသီ ဗိုလ်လုပွဲကို ဆားဘီးယားနိုင်ငံက National Stadium Serbia ကွင်းတွေမှာ ကျင်းပမှာပါ။
ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ၂၀၂၇-၂၈ ရာသီ ဗိုလ်လုပွဲကို ဂျူဗင်တပ်စ်အသင်းရဲ့ Juventus Stadium ကွင်း၊ ၂၀၂၈-၂၉ ရာသီ ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံက Puskás Aréna ကွင်းမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

image