မန္တလေး၌ မွေးကင်းစက‌လေးတစ်ဦး အမှိုက်ကန်ထဲစွန့်ပစ်ခံရ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ မွေးကင်းစက‌လေးတစ်ဦးကို ချက်ကြိုးတန်းလန်းဖြင့် အမှိုက်ကန်ထဲစွန့်ပစ်ထားမှု ယနေ့(ဒီဇင်ဘာ ၁၁ ရက်)နံနက် ၆ နာရီခန့်တွင်ဖြစ်ပွားခဲ့ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းထံမှသိရသည်။
ချမ်းမြသာစည်မြို့နယ်၊ ၅၈ လမ်း× ၁၀၂ A ထောင့်ရှိ အမှိုက်ကန်အတွင်း အနှီးမပါဘဲချက်ကြိုးတန်းလန်း ဖြင့် ပစ်ထားသည့်မွေးကင်းစမိန်းကလေးတစ်ဦးအား အမှိုက်ကန်စောင့်သည့်အလုပ်သမားတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့အသင်းအားအကြောင်းကြားရာမှ သွားရောက်ကူညီခဲ့ကြောင်းသိရသည်။
“ကလေးကိုအမှိုက်ကန်ထဲလာပစ်သွားတာ။ အမှိုက်ကန်စောင့်တဲ့လူတွေမရှိတဲ့အချိန် ကလေးကိုအဝတ်အစားမပါဘဲလာပစ်သွားတာ။ အမှိုက်ပစ်တဲ့လူတွေက ဒီအတိုင်းပစ်နေတော့ ကလေးပေါ်လည်း အမှိုက်တွေပိနေတာ။ အမှိုက်ကန်စောင့်က အမှိုက်ဆယ်ဖို့လုပ်တဲ့အချိန်မှာကလေးကိုသွားတွေ့တာ။ တွေ့တဲ့ အချိန်မှာ ကလေးကချက်ကြိုးတန်းလန်းနဲ့ ရာသီဥတုကြောင့်တကိုယ်လုံးပြာနှမ်းနေပြီ” ဟု မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
လက်ရှိစွန့်ပစ်ခံရသည့်ကလေးငယ်သည် ဆေးရုံမှဆင်းလာပြီး ကျန်းမာ‌ရေးကောင်းမွန်ကြောင်း၊ ကလေးအားဓာတ်ကင်ခြင်းများလည်းလုပ်ဆောင်ပြီး ချက်ကြိုးလည်းဖြတ်ပြီးပြီဖြစ်ကြောင်း၊ လက်ရှိတွင် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှစောင့်ရှောက်ထားကြောင်း ၎င်းကပြောသည်။
၎င်းတို့အသင်းအနေဖြင့် အလားတူဖြစ်စဉ်များကြုံတွေ့ဖူးပြီး အသက်ရှင်လျက်ကယ်ဆယ်နိုင်သည့်ကလေးငယ်များအား ကျန်းမာရေးကောင်းမွန်သည်အထိ စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ စွန့်ပစ်ကလေးငယ်များအား မွေးစားလိုသူများရှိလာလျှင် ကလေး၏ရှေ့‌ရေးအတွက် အမှန်တကယ်စိတ်ချယုံကြည်ရသူများကိုသာ စာချုပ်စာတမ်းဖြင့် မွေးစားရန်အပ်နှံပေးခြင်းတို့ကို ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

image

ရနောင်းမြို့ထိန်းသိမ်းရေးစခန်းရှိ မြန်မာများအား ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်း

ထိုင်းနိုင်ငံ ရနောင်းမြို့ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၇၀ ကျော်ကို ဒီဇင်ဘာ ၁၀ ရက်နံနက် ၁၁ နာရီခွဲတွင် ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းလိုက်ကြောင်း သိရသည်။
ဒီဇင်ဘာ ၃ ရက်က မြန်မာနိုင်ငံသား ၁၀၄ ဦးကို ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ် နေရပ်ပြန်ပို့လိုက်ခြင်းဖြစ်ကာ ဒီဇင်ဘာလအတွင်း နေရပ်ပြန်ပို့ခံရသူ ၁၇၅ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထိုင်းတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက်ရနောင်း ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်း ထားသော မြန်မာနိုင်ငံသားအမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၁၇ဦးနှင့် ကလေး ငါးဦး စုစုပေါင်း ၇၆ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု နေရပ်ပြန်ပို့မှုသည်၂၀၂၅ ခုနှစ်အတွင်း (၁၆) ကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်အတွင်းနေရပ်ပြန်ပို့ခံရသူ ၂၀၇၂ ဦး ရှိလာပြီဖြစ်ကာယခုနှစ် ဇန်နဝါရီတွင် ၁၄၉ဦး၊ဖေဖော်ဝါရီတွင် ၂၀၀၊ မတ်တွင်၂၅၀၊ ဧပြီတွင် ၂၀၈ ဦး၊ မေတွင် ၈၁ဦး၊ ဇွန်တွင် နှစ်ကြိမ် ၂၂၉ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်တွင် ၉၉ ဦး၊စက်တင်ဘာတွင် နှစ်ကြိမ် ၂၉၂ ဦး၊အောက်တိုဘာတွင် ၉၀၊ နိုဝင်ဘာတွင် နှစ်ကြိမ် ၁၃၇ ဦးနှင့် ဒီဇင်ဘာတွင်နှစ်ကြိမ် ၁၇၅ ဦး လွှဲပြောင်းခဲ့ကြောင်းသိရသည်။

image

ဗင်နီဇွဲလား ကမ်းရိုးတန်းတွင် ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်သိမ်းယူ

အမေရိကန် တပ်ဖွဲ့များသည်ဗင်နီဇွဲလား ကမ်းရိုးတန်းတွင် ရေနံတင်သင်္ဘောတစ်စင်းကို သိမ်းယူခဲ့ကြောင်း သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီး ယင်းမှာ ဗင်နီဇွဲလားအစိုးရအပေါ် အမေရိကန်၏ နောက်ဆုံးဖိအားပေးမှုတစ်ခုလည်း ဖြစ်သည်။
ဗင်နီဇွဲလားကမ်းရိုးတန်းတွင်ရေနံတင်သင်္ဘောတစ်စင်းကို သိမ်းယူခဲ့ရာ သိမ်းယူရမိသမျှတွင် အကြီးဆုံး ဖြစ်သည်ဟု ထရန့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ယင်းသင်္ဘောသည် ဗင်နီဇွဲလားနှင့် အီရန်မှ ပိတ်ဆို့အရေးယူထားသော ရေနံများကိုသယ်ယူ ပို့ဆောင်ရန် အသုံးပြုသည့်ရေနံစိမ်းတင်သင်္ဘော ဖြစ်သည်ဟုရှေ့နေချုပ် ပမ်ဘွန်ဒီက ပြောသည်။
ဗင်နီဇွဲလားအစိုးရကမူ ယင်းလုပ်ရပ်ကို နိုင်ငံတကာ ပင်လယ်ဓားပြလုပ်ရပ်ဟု ရှုတ်ချပြောဆိုသည်။
အစောပိုင်းတွင် သမ္မတမာဒူရိုကဗင်နီဇွဲလားသည် ရေနံကိုလိုနီဘယ်တော့မှ ဖြစ်လာမည်မဟုတ်ဟု
ထုတ်ဖော်ပြောဆိုခဲ့သည်။
ဗင်နီဇွဲလားသည် မူးယစ်ဆေးဝါးများကို အမေရိကန်သို့ပို့ဆောင်နေသည်ဟု ထရန့်အစိုးရကစွပ်စွဲထားပြီး မကြာသေးမီလများအတွင်း သမ္မတမာဒူရိုကို ဖိအားပေးရန် အမေရိကန်အစိုးရက ကြိုးပမ်းမှုများကို တိုးမြှင့်ခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်အချို့ရှိရာ ဗင်နီဇွဲလားကမူ အမေရိကန်သည် ၎င်း၏စွမ်းအင်သယံဇာတကို ခိုးယူရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။
အမေရိကန်က ရေနံတင်သင်္ဘောကို သိမ်းယူပြီးနောက်ရေတိုဈေးကွက် ဖြည့်ဆည်းပေးနိုင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့်ဒီဇင်ဘာ ၁၀ ရက်တွင် ရေနံဈေးများမြင့်တက်ခဲ့သည်။

image

အမေရိကန် ဗုံးကြဲလေယာဉ်များနှင့် ဂျပန်တိုက်လေယာဉ်များ အင်အားပြ ပျံသန်း

အမေရိကန်လေတပ်မှ နျူကလီးယားလက်နက်များ သယ်ဆောင် စစ်ကစားနိုင်သော မဟာဗျူဟာ ဗုံးကြဲလေယာဉ်များသည် ဂျပန်တိုက်လေယာဉ်များနှင့်အတူ ဒီဇင်ဘာ ၁၀ ရက်တွင် ဂျပန်ပင်လယ်ဝေဟင်၌ ကင်းလှည့် ပျံသန်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံဝန်းကျင်ဝေဟင်ဒေသများ၌ တရုတ်နှင့် ရုရှားစစ်လေယာဉ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးနောက်အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များက
ဂျပန်တိုက်လေယာဉ်များနှင့်အတူ ဂျပန်ပင်လယ်ဝေဟင်၌ အင်အားပြ ပျံသန်းခဲ့ကြခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၀ ရက် အင်အားပြ ပျံသန်းမှုတွင်အမေရိကန်လေတပ်မှ ဘီ-၅၂ မဟာဗျူဟာ ဗုံးကြဲ
လေယာဉ်နှစ်စင်း၊ ဂျပန်လေတပ်မှ အက်ဖ်-၃၅ တိုက်လေယာဉ်သုံးစင်းနှင့် အက်ဖ်-၁၅တိုက်လေယာဉ် သုံးစင်းတို့ ပါဝင်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအဆိုအရသိရသည်။
ပြီးခဲ့သည့် ရက်များအတွင်း တရုတ်လေတပ်နှင့် ရုရှားလေတပ်တို့မှ မဟာဗျူဟာဗုံးကြဲလေယာဉ်
များသည် အရှေ့တရုတ်ပင်လယ်ဒေသနှင့်အနောက်ပစိဖိတ်ဒေသတို့၌ ပူးတွဲကင်းလှည့်မှုများပြုလုပ်ခဲ့သည်။
ယင်းအပြင် ဂျပန်နိုင်ငံအနီး နိုင်ငံတကာရေပြင်ထဲတွင်လည်း တရုတ်ရေတပ်မှ လျောင်းနင်း
လေယာဉ်တင်သင်္ဘောကလည်း စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။

image

မော်ရိုကိုနိုင်ငံတွင် အဆောက်အအုံနှစ်ခု ပြိုကျ၊ လူ ၂၂ ဦးသေဆုံး

မော်ရိုကိုနိုင်ငံ ဖက်ဇ်မြို့တွင်အဆောက်အအုံနှစ်ခု ပြိုကျပြီးနောက်အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောသည်။
ယင်းနေ့ နံနက်အစောပိုင်းတွင်ပြိုကျခဲ့သော လေးထပ်အဆောက်အအုံနှစ်ခုတွင် မိသားစုရှစ်စု နေထိုင်ကြောင်း ဒေသဆိုင်ရာ အရာရှိများကိုကိုးကား၍ နိုင်ငံပိုင်မီဒီယာများကဖော်ပြထားသည်။
မြို့၏ အနောက်တောင်ဘက် အယ်လ်မာဆီရာ ဆင်ခြေဖုံးတွင် တည်ရှိသော အဆောက်အအုံများသည် နှစ်ပေါင်းများစွာယိုယွင်းပျက်စီးမှု လက္ခဏာများပြသခဲ့ကြောင်း သတင်းဌာနများကဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီဖြစ်သည်။ မော်ရိုကိုနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဖက်ဇ်မြို့သည် မြောက်အာဖရိကနိုင်ငံ၏ ရှေးအကျဆုံးမြို့များထဲမှ တစ်ခုဖြစ်ပြီး ရှစ်ရာစုခေတ်ကတည်းက တည်ဆောက်ခဲ့သော အဆောက်အအုံများရှိသည့်အပြင် တတိယမြောက်လူဦးရေအများဆုံးမြို့လည်း ဖြစ်သည်။
အပျက်အစီးများအောက်တွင်ပိတ်မိနေနိုင်သူများကို ရှာဖွေရန်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ
လုပ်ဆောင်နေသည်။ အခင်းဖြစ်ပွားမှု ရုပ်သံမှတ်တမ်းတွင် ဒေသခံများနှင့် ကယ်ဆယ်ရေးသမားများကအပျက်အစီးများ ဖယ်ရှားရှင်းလင်းနေသည်ကို ဖော်ပြထားသည်။
အနီးအနားရှိ အဆောက်အအုံများတွင် နေထိုင်သူများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။
ဆေးရုံသို့ ပို့ဆောင်ခံရသူများတွင်ဒဏ်ရာအမျိုးမျိုး ရရှိခဲ့ကြောင်းတာဝန်ရှိသူများက ပြောသည်။

image

ဒေါ်နယ်ထရန့်ထံ ယနေ့ည ဖုန်းဆက်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား နယ်စပ်တိုက်ခိုက်မှုများ ငါးရက်မြောက် ဆက်လက်ဖြစ်ပေါ်နေစဉ် ယနေ့ညတွင် ဒေါ်နယ်ထရန့်ထံ ‌ဖုန်းဆက်စကားပြောသွားမည် ဖြစ် ကြောင်း ထိုင်းယာယီအစိုးရ ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ပြောကြားသည်။
ဒေါ်နယ်ထရန့်ထံ ဖုန်းခေါ်ဆိုမှုသည် ထိုင်းစံတော်ချိန် ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဖြစ်နိုင်သည်ဟု အနုတင်က သတင်း ထောက်များအား ပြောကြားသည်။
အရှေ့တောင်အာရှအိမ်နီးချင်း နှစ်နိုင်ငံကြား တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် ယခုနှစ် အစောပိုင်းက ၎င်းကူညီ ရယူပေးခဲ့သော အပစ်အခတ် ရပ်စဲမှုကို ဆက်ထိန်းပေးသွားရန် ဒေါ်နယ်ထရန့်က စိတ်အားထက်သန်နေကာ တိုက် ခိုက်မှုများ ရပ်တန့်သွားစေရန် နှစ်ဖက်ခေါ င်း‌ဆောင်များထံ ဖုန်းခေါ်ဆိုသွားမည်ဟု သုံးရက် ဆက် တိုက် ပြောကြား နေသည်။
ယမန်နေ့ညက ပြုလုပ်ခဲ့သည့် လွှတ်တော် ဧည့်ခံပွဲတွင်လည်း တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးရအောင် လုပ်နိုင်သူ အဖြစ် ၎င်း၏အရည်အချင်း ကို ထရန့်က ဂုဏ်ယူပြောဆိုခဲ့ကာ ထိုင်း - ကမ္ဘောဒီးယား အပစ်ရပ်ရေးကို ပြန်လုပ်နိုင်မည်ဟုလည်း ပြောသည်။
“ ကျွန်တော်တို့က စစ်ပွဲရှစ်ပွဲကို ဖြေရှင်းခဲ့ပါတယ်။ စဉ်းစားကြည့်ပါ။ စစ်ပွဲရှစ်ပွဲကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီး ယားအရေးမှာလည်း ထိုင်းနဲ့ ကမ္ဘောဒီးယားကို ဖုန်းလေး နှစ်ကြိမ် သုံးကြိမ်လောက်ဆက်ပြီး အဲဒါကို လည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ဆောင်သွားပါမယ်” ဟု ၎င်းကဆိုသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားစစ်ဘက်သည် မိုင်ပေါင်း ၅၀၀ ကျော် ရှည်လျားသော ၎င်းတို့နယ်စပ်တစ်လျှောက် နေရာ အများအပြားတွင် ဇူလိုင်လက ဖြစ်ခဲ့သည့် ငါးရက်ကြာ တိုက်ခိုက်မှုများ နောက်ပိုင်း အပြင်းထန်ဆုံး ပြန်လည် တိုက်ခိုက်နေကြသည်။
ဒေါ်နယ်ထရန့် က နှစ်နိုင်ငံ ခေါင်းဆောင်များထံ ဖုန်းပြောခဲ့ပြီးနောက် ဇူလိုင် တိုက်ခိုက်မှုများ အဆုံးသတ်သွားခဲ့သည်။
ယခု အသစ်ဖြစ်ပေါ်လာသော လက်နက်ကြီးများ ‌ဒုံးကျည် အသေးစားများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂၀ ဦးသေဆုံးခဲ့ကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

image

မင်းဘူးမြို့သည် ၂၀၂၄ ခုနှစ်က ကမ္ဘာတစ်ဝှမ်း အပူချိန်အမြင့်မာဆုံး ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့

၂၀၂၆ ခုနှစ်တွင် အပင်ပေါင်း နှစ်သိန်းကျော် စိုက်ပျိုးရန် လျာထား
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့သည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အပူချိန်အမြင့်မားဆုံး ၁၅ မြို့စာရင်းများတွင် ပါဝင်ခဲ့ပြီး နှစ်စဉ်ပျှမ်းမျှမိုးရေချိန်မှာ လက်မ(၄၀)အောက်သာ ရှိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။
ယမန်နေ့က မင်းဘူးမြို့ သို့ သွားရောက်ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများကို ဒေသခံများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ထိ နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၁၂၁ ဒဿမ ၈၇ သန်း စိုက်ပျိုးပေးခဲ့သည့်အပြင် မင်းဘူးခရိုင်တွင် ၂ ဒဿမ ၇၅ သန်းကျော် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်၌ အပင်ပေါင်း နှစ်သိန်းကျော် စိုက်ပျိုးနိုင်ရန်လည်း လျာထားဆောင်ရွက်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
လက်ရှိ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် သစ်ပင်စိုက်ပွဲများ ဆောင်ရွက်ခြင်း၊သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်း ၊သဘာဝတောများ ထိန်းသိမ်းခြင်း၊ကျေးရွာသုံးထင်းစိုက်ခင်းနှင့်တစ်ရွာ နှစ်ဧက ဘက်စုံသုံးစိုက်ခင်းတည်ထောင်ခြင်းတို့ကိုလည်း အလေးထားဆောင်ရွက်နေကြောင်း သိရသည်။

image

ပြင်ဦးလွင်ဘူတာအနီး 3 Star အဆင့်ရှိ မီးရထားဟိုတယ်နှင့်အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည်

ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာအနီး 3 Star အဆင့်ရှိ မီးရထားဟိုတယ်နှင့်အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာအနီး မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည့် မြေနေရာ၊ ဘောလုံးကွင်းတည်ဆောက်မည့် မြေနေရာ၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံ Cyber City စီမံကိန်းအဆောက်အအုံများနှင့် အိမ်ရာစီမံကိန်းနေရာများ၊ ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ် ရပ်ကွက် ကြီး (၈) နှင့် ရပ်ကွက်ကြီး (၁၀)တို့ရှိ လမ်းများ တိုးချဲ့၊ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ပန်းပွဲတော်ကျင်းပလျက်ရှိသည့် အမျိုးသားကန်တော်ကြီးဥယျာဉ်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ယခုတည်ဆောက်မည့် အဆောက်အအုံသည် အဆင့်မြင့်လေးထပ် အဆောက်အအုံဖြစ်သဖြင့် ငလျင်ဒဏ်ခံနိုင် အောင် Pile Foundation ဖြင့် တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ အဆောက်အအုံကို သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်သော၊ လက်ရှိရှေးဟောင်းအဆောင်အအုံဖြစ်သည့် ပြင်ဦးလွင်ဘူတာ၏ Design ပုံစံနှင့် လိုက်လျောညီထွေရှိစေမည့် ဗိသုကာဒီဇိုင်းပုံစံဖြင့် Conceptual Plan ပုံစံအား ရေးဆွဲတင်ပြသွားရန်ဖြစ်ကြောင်း၊ Landscaping နှင့် Drainage System မှအစ စနစ်တကျတွက်ချက် ရေးဆွဲရန်၊3 Stars အဆင့်ရှိသည့် ဟိုတယ်ဖြစ်သဖြင့် ဟိုတယ်အခန်းများသည် အဆင့်နှင့် လျော်ညီသော အကျယ်အဝန်းနှင့် Facility ရှိသည့် Design ပုံစံရှိရန် လိုအပ်ကြောင်း၊ အဆင့်မြင့် ဈေးကိုပါ ထည့်သွင်းတည်ဆောက်ရမည့် Design ပုံစံဖြစ်သဖြင့် ဟိုတယ်တွင် လာရောက်တည်းခိုမည့် ဧည့်သည်များနှင့် ဈေးဝယ်လာရောက်ကြမည့် ဧည့်သည်များအတွက် စံနှုန်းနှင့်ကိုက်ညီသော Facility ရှိရန်လိုကြောင်းပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။
ထို့နောက် ယာယီသမ္မတ၏လမ်းညွှန်ချက်အရ တည်ဆောက်ရန်လျာထားသည့် ပြင်ဦးလွင်မီးရထား ရိပ်သာနှင့် စက်ခေါင်းစက်ရုံအကြား ဘောလုံးကွင်း အသစ်တည်ဆောက်မည့်မြေနေရာသို့ လည်းကောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း၏ ရတနာပုံ Cyber City အဆောက်အအုံများ၊ အိမ်ရာအဆောက်အအုံများ၊ လမ်းများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

ဘင်္ဂလားဒေ့ရှ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများ ဖေ‌ဖော်ဝါရီမှာကျင်းပမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲအသစ်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲမင်းကြီးချုပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ လူရာနှင့်ချီ ‌ေ-သဆုံးကာ ထောင်နှင့်ချီ၍ ဒ-ဏ်ရာရရှိခဲ့သော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ပြုတ်ကျစေခဲ့သည့် သီတင်းပတ်ချီကြာသော လူထုအုံကြွမှုများဖြစ်ပြီးနောက် ၁၈ လအကြာတွင် ရွေးကောက်ပွဲအသစ်အတွက် အချိန်ဇယားထွက်ပေါ်လာခြင်းဖြစ်သည်။
ရွေးကော်မင်းကြီးချုပ်အေအမ်အမ် နာဆီရ်အူဒင်က နိုင်ငံတော်သို့ ပြောကြားသောမိန့်ခွန်းတွင် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို အတည်ပြုသွားခဲ့ပြီး ဥပဒေပြုအမတ် ၃၀၀ ကို ရွေးကောက်တင်မြှောက်ရမည့် ရွေးကောက်ပွဲနေ့တွင်ပင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပသွားမည်ဟုလည်း ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၁၂ ရက် နေ့မှ ၁၉ ရက်နေ့အထိ ရွေးကောက်ခံကိုယ်စားလှယ်လောင်းအမည်စာရင်း မှတ်ပုံတင်ခြင်းဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်စတင်မည်ဖြစ်ကာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက် နေ့အထိ ကိုယ်စားလှယ်လောင်းများကို စိစစ်သွားမည်ဖြစ်သည်။ ဇန်နဝါရီ လ၂၀ ရက်နေ့ကို အမည်စာရင်းတင်သွင်းမှုများကို ရုပ်သိမ်းရမည့် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည်။
နိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက နောက်ဆုံးရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ဟာစီနာသည် လေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရယူနိုင်ခဲ့သည်။ အဆိုပါရွေးကောက်ပွဲကို သူ၏ အဓိကပြိုင်ဘက်များက သပိတ်မှောက်ခဲ့ပြီး မဲမသမာမှုများလုပ်ခဲ့ကြောင်း သူ့အစိုးရကို စွပ်စွဲခဲ့ကြသည်။
ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ၁၉၇၁ ခုနှစ်စစ်ပွဲအပြီး ပါကစ္စတန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်သည်။
ပါတီကို ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းပေးရန် ဟာစီနာ၏ ပါတီက တောင်းဆိုထားသကဲ့သို့ ဟာစီနာ၏ သားဖြစ်သူကလည်း အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်ပါက ဘင်္ဂလားဒေ့ရှ်သည် တည်တည်ငြိမ်ငြိမ်ဖြစ်နိုင်ကြောင်း အေပီသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားခဲ့သည်။

image

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် (၇၅၀၀) တင်ပို့မည်

ပုသိမ်စက်မှုဇုန်စီမံကိန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G စနစ်ဖြင့် ဧည့်မထ ၅ မှတ်ဆန်တန်ချိန် ၇၅၀၀ တင်ပို့နိုင်ရန်အတွက် ကြိတ်ခွဲထုတ်လုပ်နေကြောင်း သိရသည်။
ကြိတ်ခွဲထုတ်လုပ်မှုများကို ၄၀၀ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်အသုံးပြုပြီး ဆန်များအရည်အသွေးပြည့်မီအောင် စနစ်တကျကြိတ်ခွဲနေကြောင်း သိရသည်။
ပထမအကြိမ်အနေဖြင့် ဆန်တန်ချိန် (၂၅၀၀) ကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း တင်ပို့သည့်ဆန်များ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း တင်ဆောင်နိုင်ရေးနှင့် ပို့ကုန်တင်ပို့ရာတွင် ကုန်သွယ်မှုဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်ကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်ကြမ်းအုပ်စုဝင် ၅ မှတ်ဆန်ဖြူ တန်ချိန် ၅၃,၅၀၀ ကို တင်ပို့သွားမည်ဖြစ်ပြီး MRF နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ချုပ်ဆိုခဲ့သည့် စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သိုလှောင်ရုံထဲအရောက် CIF ဈေး ဆန်ဖြူတစ်တန်ကို အမေရိကန်ဒေါ်လာ ၃၇၆.၅ နှင့် ရောင်းချရန်သဘောတူထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနှင့်ဆန်တင်သွင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပြီး သဘောတူညီချက်တွေက ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိကြောင်း သိရသည်။

image