မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံထိန်းသိမ်း၊ တစ်နှစ်ခွဲကျော်အတွင်း ပြည်ပနိုင်ငံသား ၁၄,၇၆၀ ဦး ထိန်းသိမ်းနိုင်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုဒ်များ၌ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် တရားမဝင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပါကစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကင်မရွန်းနှင့် ကင်ညာနိုင်ငံတို့မှ ပြည်ပနိုင်ငံသား ၁၁ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသား ၁၁ ဦးကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းဖေ-ာက်ဖျ-က်မှုဖြင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) အရ တရားစွဲဆိုအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်အထိ မြဝတီမြို့နယ်အတွင်း တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၇၆၀ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းတို့အနက် ၁၃,၈၂၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လွှဲပြောင်းပေးရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၄၀ ဦးအနက် ၇၂၄ ဦးမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတို့အရ အပြစ်ပေးအရေးယူခံထားရသူများဖြစ်သည်။ ကျန်ရှိသည့် ၂၁၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဒုက္ခရောက်နေသူများနှင့် လူကုန်ကူးခံရသူများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

YBS ကားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို ပယ်ဖျ-က်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို စက်တင်ဘာလ ၁ ရက်မှစတင်၍ ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံမည်ဆိုသည့် အစီအစဉ်ကို ပြန်လည်ပယ်ဖျ-က်လိုက်ကြောင်း YRTC ထံမှ သိရသည်။
ယခင်က ယာဉ်ပြင်ဆင်စရိတ်များ မြင့်တက်လာမှုကြောင့် ယာဉ်စီးခများကို ယခင် ၄၀၀ ကျပ်မှ ကျပ် ၆၀၀ သို့ တိုးမြှင့်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ အဆိုပါ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
“YBS ယာဉ်စီးခတိုးမြှင့် ရန်ကြေညာခြင်းအား ပယ်ဖျ-က်ထားသည်” ဟု YRTC တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန် က ဆိုသည်။
ကုန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် YBS ယာဉ်စီးခ တိုးမြှင့်ပါက အခြေခံလူတန်းစား ခရီးသည်များအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိခဲ့သည်။
လက်ရှိတွင် YRTC လက်အောက်ရှိ YBS ယာဉ်အစီးရေ ၆,၀၀၀ ကျော်အနက် နေ့စဉ် ယာဉ်အစီးရေ ၃,၀၀၀ ကျော်ဖြင့် မူလသတ်မှတ် ယာဉ်စီးခနှုန်းထားများအတိုင်း ဆက်လက် ပြေးဆွဲပေးလျက် ရှိသည်။

image

MWEA နှင့် ICIB တို့အကြား နှစ်နိုင်ငံအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရေး MoU ရေးထိုးနိုင်ရန် ဆွေးနွေး

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) နှင့် အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများအသင်းချုပ် (ICI တို့အကြား စီးပွားရေးအခွင့်အလမ်းများ ရှာဖွေဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၃ ရက်က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MyanTrade) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ MWEA ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ICIB ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအပြင် ICIB အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် MWEA နှင့် ICIB တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးကာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ရန်၊ ICIB ၏ Global Women Forum တွင် MWEA အသင်းဝင်အဖြစ် ပါဝင်နိုင်ရေးနှင့် နှစ်စဉ်ကျင်းပသည့် ဖိုရမ်သို့ တက်ရောက်နိုင်ရေး ဖိတ်ခေါ်မှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အိန္ဒိယနိုင်ငံမှ အမျိုးသမီးစီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ကာ စီးပွားရေးချိတ်ဆက်မှုများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လေ့လာနိုင်ရေးအတွက်လည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူဆွေးနွေးခဲ့ကြောင်း သိရသည်။
MWEA သည် ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏ ဦးဆောင်အမျိုးသမီးစီးပွားရေးအသင်းဖြစ်ပြီး ပြည်တွင်းပြည်ပ အမျိုးသမီးစီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

အောင်လံမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်နှင့် စားသောက်ကုန်များထောက်ပံ့

မကွေးတိုင်း၊ အောင်လံမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်ကြသည့် ရေဘေးသင့်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များမှ သြဂုတ် ၁၅ ရက်နံနက်ပိုင်းတွင် အောင်လံမြို့၊ သရက်တောရပ်ကွက်၊ လယ်ပြင်ဘုန်းတော်ကြီးကျောင်း၌ ဆန်အိတ်များ၊ စားသုံးဆီများ၊၊ ခေါက်ဆွဲခြောက်များ၊ ရေသန့်ဗူးများနှင့် ထမင်းဗူးများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မြို့နယ်အတွင်းရှိ ရေဝင်ရောက်နေသော ရပ်ကွက်/ကျေးရွာများ၌ ရေတက်ရောက်နေမှုကိုကြည့်ရှုပြီး ရေဘေးသင့်သူများကို ဘေးကင်းလုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းနိုင်ရေး၊ ၎င်းတို့၏ အိမ်ထောင်စုပစ္စည်းများကို လုံခြုံစွာရွှေ့ပြောင်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

image

မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များ၌ပြန်လည်နေထိုင်ချိန်တွင် အိမ်၏ကြံ့ခိုင်ရေးစစ်ဆေးခြင်းအပြင် လိုက်နာဆောင်ရွက်သင့်သည်များကို အသိပညာပေး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ ရပ်ကွက်/ကျေးရွာများအတွင်း ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်သူများမှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေ ထိုင်ရလျက်ရှိကြောင်း သိရသည်။
ထိုသို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေထိုင်နေကြရသည့် ရေဘေးသင့်သူများအား ညောင်ဦးမြို့မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များတွင်ပြန်လည်နေထိုင်ရာ၌ အိမ်၏ကြံ့ခိုင်ရေးစစ်ဆေးခြင်း၊ ပိုးမွှားအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သောက်သုံးရေများသန့်ရှင်းမှုရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်အန္တရယ်ကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်းတို့‌ပြုလုပ်၍ အန္တရာယ်ကင်းရှင်းမှုရှိမှသာပြန်လည်နေထိုင်ကြရေး ဆောင်ရန်/ရှောင်ရန်များ၊ အသက်ကယ်ဝတ်စုံ Life Jacket ဝတ်ဆင်နည်းတို့အား အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းကို ယနေ့ သြဂုတ် ၁၆ ရက်တွင် ညောင်ဦးမြို့၊ အမှတ်(၇)ရပ်ကွက်၊ မြသိန်းတန်ဘုရား၊ အမှတ်(၂)ရပ်ကွက်၊ ယွန်းတန်းဓမ္မာ ရုံ၊ အမှတ်(၁)ရပ်ကွက်၊ ဆုတောင်းပြည့်ဘုရား(ယာယီရေဘေးရှောင်စခန်း)များတွင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

image

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များတွေ့ဆုံ

SME ယာယီမှတ်ပုံတင်လက်မှတ်များကို One Stop Service စနစ်ဖြင့်ဆောင်ရွက်ပေးခဲ့
ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များ သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက သန်လျင်မြို့နယ်ရှိ သာသနာ့ဗိမ္မာန် ခန်းမတွင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များကကြုံတွေ့နေရသည့်အခက်အခဲများကိုမေးမြန်းရာ MSME အေဂျင်စီ ဥက္ကဋ္ဌနှင့် သန်လျင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်ဌာန၊ စီးပွားးကူးသန်းဌာန၊ မြန်မာ့စီးပွာရေးဘဏ်၊ SMEDB Bank၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်း (YESC)၊ မြေစာရင်းဦးစီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ် ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ MSME ဌာနဝန်ထမ်းများက သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များကို SME ယာယီမှတ်ပုံတင်လက်မှတ်များအား One Stop Service ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

image

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀)ကျပ်သို့လျော့ချပေး

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများပြားသည့် ရန် ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အချက်များနှင့် ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှ နောက်နေ့ နံနက် ၅ နာ ရီအထိ အချိန်ကာလအတွင်း တစ်ယူနစ်လျှင် မူလကောက်ခံသော ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျှော့ချ၍ ဓာတ်အားရယူသုံးစွဲခွင့်ပေးခြင်းကို ပထမအဆင့်အနေဖြင့်ဆောင်ရွက်သွားမည်ဟု အသိပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် မိုးရာသီ၌အချိန်နှင့်အမျှ ဆုံးရှုံးနေသည့် ရေများမှ နိုင်ငံတော်အတွက် ဝင်ငွေရရှိလာခြင်း၊ ဓာတ်အားစနစ်တည်ငြိမ်မှုရှိလာခြင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီပြီး ဆန္ဒရှိသည့် စက်မှုလုပ်ငန်းကြီးများသည် ညဘက်သို့ပြောင်းရွှေ့လုပ်ငန်းဆောင် ရွက်ခြင်းကြောင့် နေ့ပိုင်းတွင် လျှပ်စစ်မီးသုံးစွဲသူများသို့ ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်း၊ စက်မှုလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်ခြင်းအကျိုးကျေးဇူးများရရှိစေမည်ဟုလည်း အသိပေးခဲ့သည်။
အဆိုပါ အစီအစဥ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လက်ရှိအခြေအနေပေါ်မူတည်၍ ပထမအဆင့်အနေဖြင့် စတင်စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ရာ မိဘပြည်သူများအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပြုသဘောဖြင့် အကြံဉာဏ်များပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်ကူညီကြရန်လည်း မေတ္တာရပ်ခံအပ်ခဲ့သည်။
သိရှိလိုသည်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးချုပ် ဖုန်း ၀၉-၄၅၀၅၄၁၂၀၀ နှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဖုန်း ၀၉-၄၂၈၃၀၄၂၀၃ နှင့် Hot Line ၁၇၁၇ တို့သို့ ဆက်သွယ်မေးမြန်းနိုင်သည်ဟု အသိပေးခဲ့သည်။

image

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်-- ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့် ပင်တဂွန်၏ မူဝါဒရေးရာ ထိပ်တန်းအရာရှိ အယ်လ်ဘရစ်ချ်တို့ တွေ့ဆုံခဲ့ပြီးနောက်တွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။
အန်ကော ဆန်တီနယ် စစ်ရေးလေ့ကျင့်မှုကို ၂၀၂၇ ခုနှစ်တွင် ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံတပ်မတော်များအကြား ရင်းနှီးသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် တံတားတစ်စင်း ဖြစ်လိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့သည်။
နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယား-အမေရိကန်ဆက်ဆံရေးတွင် အပြုသဘောဆောင်သော တိုးတက်မှု အဖြစ် ၎င်းက ချီးကျူးပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားသည် အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ခုနစ်နှစ်ကြာ လုပ်ဆောင်ခဲ့သော်လည်း တရုတ်စစ်တပ်နှင့် ပထမဆုံးအကြိမ် ရွှေနဂါးစစ်ရေးလေ့ကျင့်မှုများလုပ်အပြီး လပိုင်းအကြာ ၂၀၁၇ ခုနှစ်အစောပိုင်းတွင် အဆိုပါပူးတွဲလေ့ကျင့်မှုများကို ဖနွန်းပင်က ဖျ-က်သိမ်းခဲ့သည်။
ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ပြီးခဲ့သည့်နှစ်က အမြောက်တပ်၊ စစ်သင်္ဘောများနှင့် တိုက်ခိုက်ရေးစက်ရုပ်ခွေးများအပါအဝင် အဆင့်မြင့် တရုတ်စစ်ဘက်ပစ္စည်းများ ပါဝင်သည့် ၎င်းတို့၏ အကြီးမားဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။
ဖနွန်းပင်သည် အရှေ့တောင်အာရှတွင် ပေကျင်း၏ အခိုင်မာဆုံး မဟာမိတ်များထဲမှ တစ်နိုင်ငံဖြစ်ပြီး ဒေါ်လာဘီလျံများစွာသော ရင်းနှီးမြှုပ်နှံမှုများ ရရှိထားသည်။

image

တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19 ကူးစက်ခံရသူသစ် ၅၂၂,၀၀၀ ဦးရှိခဲ့

တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19 ကူးစက်ခံရသူသစ် ၅၂၂,၀၀၀ ဦး၊ ပြင်းထန်လူနာ ၄၈၇ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိခဲ့ပြီး ကူးစက်မှုနှုန်း အတက်အကျဖြစ်ရင်း မြင့်တက်နေတယ်လို့ အမျိုးသား ရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
​အခုလို ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဖြစ်ပွားခဲ့ဖူးတဲ့ ရာသီအလိုက် ပုံမှန်ကူးစက်မှုလှိုင်း တစ်ခုသာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကူးစက်မှုနှုန်း တက်တာ နှေးကွေးသွားပြီဖြစ်လို့ ရောဂါဖြစ်ပွားမှုရဲ့ အမြင့်ဆုံးအဆင့်(plateau phase) သို့ ရောက်ရှိနေပြီလို့ တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(Chinese CDC) က ဆိုပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ ဗိုင်းရပ်စ်အားလုံးဟာ အိုမီခရွန်(Omicron) ဗီဇပြောင်းအမျိုးအစားများဖြစ်ပြီး၊ အများစုမှာ NB.1.8.1 မျိုးစိတ်နဲ့ ယင်းရဲ့ မျိုးစိတ်ခွဲများ ဖြစ်ကြပါတယ်။
​ပေကျင်း ယိုအန် ဆေးရုံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် လီထုန်းဇိ (Li Tongzeng) ရဲ့ အဆိုအရ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာရတဲ့ အဓိက အကြောင်းရင်းတွေကတော့
​- လူထု၏ ခုခံအား လျော့ကျလာခြင်း။
- ​ဗိုင်းရပ်စ်၏ အဆက်မပြတ် ဗီဇပြောင်းနေမှုကြောင့် ရှိပြီးသား ခုခံအား ပဋိပစ္စည်းများ၏ ကာကွယ်နိုင်စွမ်း နိမ့်ကျသွားခြင်း။
- တရုတ်နိုင်ငံနွေရာသီ ကျောင်းပိတ်ရက်အတွင်း ခရီးသွားလာမှုနှင့် လူထု သွားလာလှုပ်ရှားမှု များပြားလာခြင်း တို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
​ဗိုင်းရပ်စ်ဟာ ဆက်လက် ဗီဇပြောင်းနေပေမဲ့ ပိုမိုပြင်းထန်လာတဲ့လက္ခဏာ မရှိသေးပါဘူး။ ကူးစက်ခံရသူ အများစုမှာ လက္ခဏာ ပေါ့ပါးပြီး အဆုတ်ရောင်ခြင်း သို့မဟုတ် ဆေးရုံတက်ရခြင်း အလွန်နည်းပါးပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေရဲ့ စာရင်း‌တွေအရ ကိုဗစ်-၁၉ ဟာ ခုခံအား လျော့ကျချိန်ဖြစ်တဲ့ ၆ လမှ ၈ လ လျှင် တစ်ကြိမ် ကူးစက်မှု ပြန်လည် မြင့်တက်လေ့ ရှိပါတယ်။
​တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19ကြောင့် သေဆုံးသူ ၁ ဦးသာ ရှိခဲ့ခြင်းက လက်ရှိ သေဆုံးမှုနှုန်း အလွန်နည်းပါးနေသေးကြောင်း ပြသနေပြီး၊ ဩဂုတ်လနှောင်းပိုင်းတွင် ကူးစက်မှုတွေ ပြန်လည်ကျဆင်းသွားမည်ဟု ခန့်မှန်းထားပါတယ်။ တရုတ် CDC အနေဖြင့်လည်း အများပြည်သူ ကျန်းမာရေးကို စိုးရိမ်ရလောက်တဲ့ ဗီဇပြောင်းမျိုးစိတ်သစ်များ မတွေ့ရှိရသေးသလို ကျန်းမာရေးစနစ်အပေါ် လွှမ်းမိုးထိခိုက်မှု မရှိကြောင်း အတည်ပြုထားပါတယ်။
​အများပြည်သူအနေနဲ့ လိုအပ်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ဖို့၊ တကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ဖို့နဲ့ ညွှန်ကြားထားတဲ့ ကာကွယ်ဆေးတွေ ထိုးနှံကြဖို့ အကြံပြုထားပါတယ်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ
နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း ကျင်းပမည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ် သို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

image