ကျွဲကောပင် စိုက်ပျိုးနည်း
၁။ မူရင်းဒေသ
အမေရိက၊ တောင်အာဖရိကနှင့် သြစတြေးလျ ဟူ၍ သိရပါသည်။ ကျွဲကောပင်ကို အင်္ဂလိပ်လို pummelo၊ ရုက္ခဗေဒအမည်မှာ Citrus Grandis၊ မျိုးရင်းမှာ Rutaceae မျိုးရင်းတွင် ပါဝင်ပါသည်။
၂။ ရာသီဉတု
နေ့အပူချိန်တွင် ပူနွေးပြီး ညအချိန်တွင် အေးမြခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သင့်တော်သောအပူချိန်မှာ ၁၅ - ၃၀ ဒီဂရီ စင်တီဂရိတ်ဖြစ်ပါသည်။ အပူချိန်နိမ့်လွန်းပါက အသီးမှည့်ရန်အချိန်ကြာခြင်း၊ အသီးအရည်မရွှမ်းခြင်း၊ အသီးအရွယ်အစားငယ်ခြင်းနှင့် အရောင်မလှခြင်းများ ဖြစ်ပါသည်။
အထူးသဖြင့် နံနက်ပိုင်းတွင် စိုထိုင်းဆမြင့်ပါက အသီးအရွယ်အစားကြီးခြင်း၊ အခွံပါးပြီးအရည်ရွှမ်းခြင်းကို ဖြစ်စေပါသည်။ အသီးဆွတ်ခူးချိန်ရှိ အသီးအရည်အသွေးကို အလင်းရောင်အားပြင်းက အကျိုးသက်ရောက် မှုရှိသည်။
အလင်းပြင်းအား အသင့်အတင့်ရှိပါက တောက်ပသောအဝါရောင်အသီးခွံကို ဖြစ်စေပြီး အလင်းပြင်း အားများခြင်းက အဝါဖျော့ရောင် အသီးခွံကိုဖြစ်စေပါသည်။ မှည့်ခါနီးအသီးကို အိတ်စွပ်ပေးခြင်းက အသီး၏အသားကို နူးညံ့စေပြီး အရည်ရွှမ်းစေပါသည်။
လေတိုက်ခြင်းက အကိုင်းမကြီးများကို ကျိုးစေနိုင်ပြီး အသီးကြွေကျခြင်းကိုဖြစ်စေပါသည်။ ထိုကြောင့် အပင်များနှင့် ၁၀ မီတာအကွာတွင် လေကာပင်များ စိုက်ပျိုးသင့်ပါသည်။
နှစ်စဉ်မိုးရေချိန် ၁၅၀-၂၀၀ စင်တီမီတာရှိသင့်ပါသည်။ အမြစ်စဉ် အင်အား(အမြစ်ဖွဲ့စည်းပုံ) တိမ်သဖြင့် မိုးများခြင်းက အမြစ်ပုပ်ခြင်းကိုဖြစ်စေပါသည်။ အသီးမဆွတ်ခူးမီ ခုနစ်ရက်အလိုတွင် အပင်ခြေရေဝပ်ကျင်းမှ ရေများကိုထုတ်ပါ။
အပင်များရေများလွန်းပါက အသီးအရည်အသွေးကို ထိခိုက်စေပါသည်။
၃။ မြေအမျိုးအစား
ကျွဲကောကို သစ်ဆွေးဓာတ်များပါဝင်သော နုန်းမြေများတွင် စိုက်ပျိုးသင့်ပါသည်။ မြေစေးပါက ရေထုတ်ကောင်းရန် လိုအပ်ပါသည်။
မြေအောက်ရေမျက်နှာပြင် လေးပေထက် ပိုမမြင့်သင့်ပါ။ ပေးသွင်းသည့်ရေသည် ဆားဓာတ်ပါဝင်မှုများသောရေ မဖြစ်ရပါ။ pH ၅.၅ မှ ၆.၀ အတွင်းဖြစ်ရပါမည်။
၄။ ပေါင်းမြက် နှိမ်နင်းခြင်း
စက်အားဖြင့်လည်းကောင်း၊ ကြားသီးနှံစိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ဓာထုဗေဒဆေး (Glyphosate, Paraquet, Diuron) ဖြင့်လည်းကောင်း နှိမ်နင်းနိုင်ပါသည်။
၅။ အနည်းလို အာဟာရဓာတ်များ
မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းဖြင့် အရွက်များ အညိုရောင်ဖြစ်လာခြင်းနှင့် အသီးအရွယ်အစား သေးငယ်ခြင်းနှင့် အထွက်နှုန်း လျော့နည်းစေပါသည်။
သွပ်ဓာတ်ချို့တဲ့မှုကို အများအပြားတွေ့ရှိနိုင်ပါသည်။ သွပ်ဓာတ်ချို့တဲ့သည့် လက္ခာဏာများမှာ အရွက်သေးငယ်ခြင်း၊ အရွက်ကျားခြင်း၊ အရွက်၏ အစိမ်းရောင်နောက်ခံတွင် အရွက်အကြောများ အဝါရောင် ဖြစ်နေခြင်းနှင့် သစ်ကိုင်းများအားနည်းလာခြင်းများ တွေ့ရပါသည်။
သွပ်ဓာတ်ချို့တဲ့မှုကို ကာကွယ်ကုသရန်မှာ Zinc sulphate ၁ ပိဿာခွဲမှ ၃ ပိဿာကို ရေ ၂၀၀ လီတာတွင် ဖျော်၍ အရွက်သစ်ထွက်ချိန်တွင် ပက်ဖျန်းအသုံးပြုရပါသည်။
Zin ကို ပန်းပွင့်နေစဉ် ထည့်သွင်းပါက အပွင့်ကြွေတတ်ပါသည်။
မြေချဉ်ကို ပြုပြင်ရန် ထုံးအသုံးပြုမှုလွန်ကဲပါက ရှောက်မျိုးနွယ်ဝင် အပင်များအား မြေကြီးရှိ မင်းဂနိဓာတ်ကို စားသုံးနိုင်မှုကိုဟန့်တားစေသဖြင့် မင်းဂနိချို့တဲ့မှုလက္ခာဏာများ ဖြစ်ပေါ်လာပါသည်။
အစိမ်းဖျော့ရောင်အရွက် နောက်ခံပေါ်တွင် အစိမ်းရောင်ရွက်ကြောများ ကွန်ရက်ဖြစ်ပေါ်ပြီး အသီးအရောင်ဖျော့ မှိန်ပါသည်။
သံဓာတ်ချို့တဲ့မှုလက္ခာဏာမှာ မင်းဂနိချို့တဲ့မှုနှင့်ဆင်တူပါသည်။ သို့ရာတွင် အရွက်များပိုမိုပါးပြီး ရွက်ကြောများနှင့် ရွက်ကြောကြားဧရိယာများမှာ အစိမ်းဖျော့ရောင်ရှိကြသည်။
အရွက်များမရင့်မီ ကြွေကြသည်။ အရွက်နုများ အားနည်းလာသည်။
ဘိုရွန်ဓာတ်ချို့တဲ့ပါက ပုံမမှန်အရွက်များ ဖြစ်လာသည်။ အရွက်များ ဝါညိုရောင်ပြောင်းလာသည်။ ရွက်ကြောများပွရောင်းရောင်းဖြစ်လာသည်။
သစ်ကိုင်းများမှာ အစေးများစိမ့်ထွက်လာသည်။ အသီးခွံထူလာသည်။ ဘိုရွမ်ဓာတ်ချို့တဲ့မှုကို ဘိုရက် (လက်ချား) ကို အသုံးပြုနိုင်ပါသည်။
၆။ ရေသွင်းခြင်း
မိုးရာသီတွင် ကြားကာလ မိုးပြတ်၍ ခြောက်သွေ့မှသာ ရေပေးသွင်းရန်ဖြစ်ပါသည်။ ပန်းပွင့်ကြွေကျ ခြင်းကို ကာကွယ်ရန် ပန်းမပွင့်မီ စပွင့်သည့် အဆင့်တွင် အနည်းဆုံး သုံးရက်တစ်ကြိမ်ရေသွင်းပါ။
အသီးကင်း အဆင့် (သံပုရာသီးအရွယ်) ရေသွင်းပေးသွင်းသည့် အကြိမ်ကို လျှော့ချနိုင်ပါသည်။ သီးထွက်ပုံမှန်အချိန် (In-season) တွင် ယူမည်ဆိုပါက အောက်ပါအတိုင်း ရေပေးသွင်းပါ။
၁။ အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကာလအတွင်း သစ်သီးပင်များ ရေအမြောက်အမြားလိုအပ်ပါသည်။ သို့ရာတွင် ဤကာလမှာ မိုးတွင်းကာလတွင် ဖြစ်သဖြင့် မိုးခေါင်မှသာ သို့မဟုတ် မိုးရွာ ရက်ခြား ကြာမှသာ ရေပေးသွင်းပါ။
၂။ ပန်းပွင့်ချိန်ကာလမတိုင်မီ အနည်းငယ်အလို (Just prior to the flowering stage) ရေလိုအပ်မှုနည်းပါသည်။ သို့မဟုတ် ရေလုံးဝမလိုအပ်ပါ။ သို့မှသာ ပွင့်ဖူးများဖြစ်လာမည်ဖြစ်သည်။
ဤအဆင့်တွင် ရေရရှိမှုများလွန်းပါက ပန်းပွင့်အစား အရွက်သစ်များထွက်လာပါမည်။ ထိုကာလတွင် ၁၅-၂၀ ရက်ခန့် ရေဖြတ်ပေးပါ။
#ဆက်ရန်ရှိ
