အက်စတွန်ဗီလာမှ ပီအက်စ်ဂျီသို့ ပြောင်းရေး ဒစ်ဂ်နီ အပြီးသတ် လုပ်ဆောင်လာ
====================

ပြင်သစ်လက်ရွေးစင်နောက်ခံလူလူးကပ်စ်ဒစ်ဂ်နီဟာ အက်စတွန်ဗီလာမှ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရေး အပြီးသတ် လုပ်ဆောင်လာပါတယ်။
အသက် ၃၃ နှစ်ရှိ ပြင်သစ်ဘယ်နောက်ခံလူဟာ ချန်ပီယံလိဂ် ၂ ကြိမ်ဆက် ချန်ပီယံနှင့် ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ်တွင် ဗီလာမှ ဗီလာသို့ ပြောင်းလာခဲ့တဲ့ ဒစ်ဂ်နီဟာ ကစားသမားဘဝ အစောပိုင်းတုန်းက ပီအက်စ်ဂျီတွင် ၃ ရာသီကြာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
သူဟာ အင်္ဂလန်တွင် ၈ နှစ်ကြာ ကျင်လည်ပြီးနောက် ပီအက်စ်ဂျီက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈.၅ သန်းပေးကာ ပဲရစ်သို့ ပြန်လည်ခေါ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
ဒစ်ဂ်နီက "လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက အံ့ဩစရာကောင်းတဲ့ အတွေ့အကြုံပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် ပီအက်စ်ဂျီသို့ တကျော့ပြန်လာရလို့ အရမ်းဂုဏ်ယူပါတယ်။ ဒီနှစ်တွေမှာ ကလပ်ရဲ့ တိုးတက်မှုအပေါ် တကယ်ပဲ အားရကျေနပ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒစ်ဂ်နီဟာ ပီအက်စ်ဂျီတွင် ပွဲထွက် ဘယ်နောက်ခံလူနေရာရရှိရေး ပေါ်တူဂီလက်ရွေးစင်နူနိုမန်ဒက်စ်နှင့် ယှဉ်ပြိုင်ရပါမယ်။
ဒစ်ဂ်နီဟာ ပီအက်စ်ဂျီတွင် ပထမအကြိမ် ကစားစဉ်တုန်းက ပွဲ ၃၀ ကစားခဲ့သူ ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာနှင့်အတူ ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလားအဖြစ် ယူရိုပါလိဂ်ဖလား ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဗီလာဟာ ယခုနွေရာသီတွင် ဒစ်ဂ်နီမတိုင်မီ မော်ဂန်ရော်ဂျာနှင့် ယူရီတီလီမန်းစ်တို့အား ရောင်းချထားပါတယ်။

image

ဂွီမာရေးစ်မှာ အာဆင်နယ်ကို နောက်တစ်ဆင့်သို့ ယူဆောင်ပေးနိုင်သူ ဖြစ်ကြောင်း အာတီတာ ပြောကြားလာ
===================

မီခေးလ်အာတီတာက ဘရူနိုဂွီမာရေးစ်အား ခေါ်ယူနိုင်ခဲ့မှုက အာဆင်နယ်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးလာနိုင်ကြောင်းနှင့် အာဆင်နယ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှုမှာ မပြီးသတ်သေးကြောင်း အရိပ်အမြွက်ပြောကြားလာပါတယ်။
အာဆင်နယ်ဟာ စနေနေ့တုန်းက နယူးကာဆယ်အသင်းခေါင်းဆောင်ဘရူနိုဂွီမာရေးစ်အား ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။
အာဆင်နယ်ဟာ တနင်္ဂနွေနေ့တုန်းက အမ်းမရိတ်ကွင်းတွင် ဒေါ့မွန်နှင့် ကစားတဲ့ ရာသီကြိုခြေစွမ်းပွဲစဉ်အတွင်း ဂွီမာရေးစ်ကို ပရိသတ်များနှင့် မိတ်ဆက်ပေးခဲ့ပါတယ်။
ဂွီမာရေးစ်ဟာ ဒေါ့မွန်ကို ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ပါဝင်ကစားခဲ့ခြင်း မရှိပေမယ့်လည်း ဗုဒ္ဓဟူးနေ့တွင် အာဆင်နယ်ကစားသမားဟောင်းဖာဘရီဂက်စ်ဦးဆောင်နေတဲ့ကိုမိုနှင့် ခြေစမ်းပွဲစဉ်တွင်မူ အာဆင်နယ်အတွက် ပထမဆုံးပွဲအဖြစ် ပါဝင်ကစားလာနိုင်ပါတယ်။
အာတီတာက "သူ့ကို ခေါ်ယူနိုင့်လို့ ပျော်တယ်။ ကျွန်တော်တို့ကတော့ ရှင်းရှင်းလေးပဲ မြင်တယ်။ အထူးသဖြင့် လေ့ကျင့်ရေးကွင်းသို့ သူ ချက်ချင်း ယူဆောင်လာတဲ့ စွမ်းအင်တွေကိုပေါ့။ ဆာလောင်မှုနဲ့ ပြင်းပြတဲ့ဆန္ဒလည်း ရောက်လာပါဦးမယ်။ ပြီးရင် ဒီကလပ်မှာ ကြီးမားတဲ့ သမိုင်းလည်း ဖန်တီးပါဦးမယ်။ ဒါတွေအားလုံးက ကျွန်တော်တို့အားလုံး လိုအပ်နေတဲ့ ရည်မန်းချက်တွေပါ။ ကျွန်တော်တို့ နောက်တစ်ဆင့်မြှင့်ချင်တယ်။ ပုဂ္ဂိုလ်ရေးပိုင်း၊ စိတ်ဆန္ဒပိုင်း၊ စရိုက်ပိုင်းတွေက အားလုံးကို တစ်စုတစ်စည်းတည်းဖြစ်စေတဲ့ ကစားသမားတွေကို ရမှာသာ ပိုမြင့်တဲ့အမြင့်ကို ရောက်နိုင်မယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်"လို့ ပြောကြားသွားပါတယ်။
အာတီတာဟာ ဒီကလန်ရိုက်စ်၊ မာတင်အိုဒီဂတ်၊ မာတင်ဇူဘီမန်ဒီ၊ မိုင်လက်စ်လီဝစ်စကယ်လီ၊ အီသန်နဝမ်နရီ၊ အီဘီရီချီအီးဇီး၊ မီခေးလ်မီရီနိုတို့ကိုလည်း ရှိနေချိန်တွင် ဂွီမာရေးစ် ရောက်လာမှုနှင့်အတူ ကွင်းလယ်ကစားသမားအမြောက်အမြား ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အာတီတာက ပရီးမီးယားလိဂ်ဖလားကို ကာကွယ်ရေးအတွက် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားသစ် ခေါ်ဆောင်နိုင်သေးကြောင်းလည်း ဆိုသွားပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် ဂရိတောင်ပံကစားသမားခရစ္စတော့စ်တီဇိုလစ်နှင့် ဂိုးသမားအီယန်မီစလီယာတို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။

image

ဂွါဒီယိုလာအား ခန့်အပ်ရေး အလွန်နီးစပ်ခဲ့ပုံနှင့် အံ့ဩသင့်ဖွယ်လုပ်ခတောင်းဆိုမှုတို့ကို မာလ်ဒီနီ ဖွင့်ဟလာ
=====================

ပေါ်လိုမာလ်ဒီနီဟာ အီတလီနည်းပြသစ်အဖြစ် ပက်ဂွါဒီယိုလာအား ခန့်အပ်ရေး အလွန်နီးစပ်ခဲ့ပုံကို ဖွ့င်ဟလာပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်နည်းစနစ်ဒါရိုက်တာဟောင်းမာလ်ဒီနီဟာ မန်စီးတီးနှင့် ဘာစီလိုနာဂန္ထဝင်နည်းပြအား အီတလီနည်းပြသစ်အဖြစ် ခန့်အပ်ရေး အလွန်နီးစပ်ခဲ့ပြီးမှ နောက်ဆုံးအဆင့်တွင် ပျက်ပြယ်သွားခဲ့တာလည်း ဖြစ်ပါတယ်။
အေစီမီလန်နှင့် အီတလီဂန္ထဝင်နောက်ခံလူနှင့် အကြံပေးလီယိုနာဒိုတို့ဟာ ကက်တလန်သို့အထိ သွားရောက်ကာ ဂွါဒီယိုလာအား အီတလီနည်းပြအဖြစ် ခန့်အပ်နိုင်ရေး ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။
ဂွါဒီယိုလာအား ခန့်အပ်ရေး ကြိုးပမ်းခဲ့ပုံကို မာလ်ဒီနီက "လက်ရွေးစင်အသင်းတစ်သင်းကို ကိင်တွယ်ချင်တဲ့အကြောင်းကို သူ့သူငယ်ချင်းအချို့ကို ပြောပြထားဖူးတယ်။ ကျွန်တော်တို့ ဘာစီလိုနာသို့ သွားလည်ပတ်ကြတယ်။ နေ့လည်စာအတူစားကြတယ်။ တစ်နေ့ကုန် စကားပြောကြတယ်။ သူလည်း အရမ်း စိတ်ဆန္ဒပြင်းပြနေတယ်။ လက်ခံဖို့ အရမ်း နီးကပ်ခဲ့တယ်။ စာရွက်တချို့မှာ ကစားကွက်တွေတောင် ချရေးသေးတယ်"လို့ ပြောကြားသွားပါတယ်။
အစောပိုင်း ကောလာဟလသတင်းများအရ ဂွါဒီယိုလာဟာ အီတလီနည်းပြရာထူးအတွက် တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀ အထိ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် မာလ်ဒီနီကမူ ဂွါဒီယိုလာမှာ ထိုမျှ များပြားတဲ့ လုပ်ခကို မတောင်းခဲ့ကြောင်း ရှင်းလင်းသွားပါတယ်။
မာလ်ဒီနီက "လုံးဝ မဟုတ်ပါဘူး။ ငွေက ဘယ်တုန်းကမှလည်း ပြဿနာ မဟုတ်ခဲ့ဘူး။ ပက်က ကျွန်တော်တို့ကို သူ့ကို အရင်နည်းပြထက် တစ်ယူရိုလျှော့ပြီး ပေးရင်လည်း အဆင်ပြေတယ်လို့ အဆင်ပြေတယ်လို့ ရှင်းရှင်းလေး ပြောထားခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဟာ အီတလီနည်းပြရာထူးအား လက်ခံရေး အလွန်နီးစပ်ခဲ့ပေမယ့်လည်း မန်စီးတီးကို ၁၀ နှစ်ကြာ ကိုင်တွယ်ခဲ့မှုကြောင့် စိတ်ပန်းလူပန်းဖြစ်နေခဲ့မှုနှင့်အတူ အီတလီအသင်းအား ချက်ချင်း ကိုင်တွယ်ရေး ငြင်းပယ်ခဲ့ပါတယ်။

image

ကမ္ဘာ့စံချိန်တင် ပြည်တွင်းလိဂ်ပွဲ ၁၀၈ ပွဲ ရှုံးပွဲမရှိသေးတဲ့ မလေးရှားချန်ပီယံကို ကံကောင်းပြီး မရှုံးနိမ့်ခဲ့တဲ့ အလွန်ဆိုရဲ့ ချဲလ်ဆီး
===================

ချဲလ်ဆီးဟာ အရှေ့တောင်အာရှရာသီကြိုခရီးစဉ်အား အဆိုးရွားဆုံးပုံစံဖြင့် ကန့်လန့်ကာ ချရမယ့်အရေးမှ ကပ်ပြီး လွတ်မြောက်သွားခဲ့ပါတယ်။
ချဲလ်ဆီးဟာ မလေးရှားချန်ပီယံ Johor Darul Ta’zim နှင့် ၃ ဂိုးစီသရေကျခဲ့တာလည်း ဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ ပွဲချိန်အတွင်း ၃ ဂိုးစီသရေကျနေမှုနှင့်အတူ ပင်နယ်တီ အဆုံးအဖြတ် ဆက်ကန်ဦးမယ်လို့ ယူဆခဲ့ရပေမယ့်လည်း ဆက် မကန်ခဲ့ပါဘူး။
ယခုပွဲစဉ်မှာ Johor Darul Ta’zim ဟာ ပွဲချိန် ၁၄ မိနစ်မှာ အေရစ်ဖ်အေမန်ရဲ့ အနီးကပ် ကန်သွင်းယူတဲ့ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ချက်ချင်းဆိုသလို ချဲလ်ဆီးဟာ လီယမ်ဒီကလပ်ရဲ့ သူ့ကြောင့် ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းပြီး သွင်းယူတဲ့ ဂိုးဖြင့် ချေပဂိုးရခဲ့ပါတယ်။
ယင်းနောက် ဒုတိယပိုင်းမှာ ချဲလ်ဆီးဟာ ဂျေမီဂတ်တီကြောင့် ရရှိတဲ့ ပင်နယ်တီကနေ လီယမ်ဒီလပ်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် Johor Darul Ta’zim ဟာ အော်စကာအာရီဘစ်ရဲ့ ဖရီးကစ်ဂိုးဖြင့် ပြန်လည်ချေပဂိုးရခဲ့ပါတယ်။ ပွဲပြီးဖို့ ၄ မိနစ်အလိုမှာ ဘတ်ဆင်က Johor Darul Ta’zim အတွက် ဦးဆောင်ဂိုးသွင်းခဲ့လို့ အနိုင်ရပြီလို့ ယူဆခဲ့ရပါတယ်။
ဒါပေယ့် ချဲလ်ဆီးဟာ ခရစ္စတီယန်ဂလူဒါရဲ့ OG ဂိုးကြောင့် ကံကောင်းထောက်မစွာ ချေပဂိုး ရခဲ့ပါတယ်။
ချဲလ်ဆီးဟာ အေစီမီလန်နှင့် ရင်ဆိုင်ပြီး ၂၄ နာရီအကြာမှာပင် Johor Darul Ta’zim နှင့် ဆက်လက် ရာသီကြိုခြေစမ်းပွဲ ကစားခဲ့တာ ဖြစ်ပြီး ပွဲထွက်လူစာရင်းကို လုံးဝ အပြောင်းအလဲလုပ် ခင်းကျင်းခဲ့ပါတယ်။
Johor Darul Ta’zim ဟာ ၂၀၂၁ ခုနှစ်ကတည်းက ပြည်တွင်းလိဂ်တွင် ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပြီး ကမ္ဘာ့အရှည်ကြာဆုံးရှုံးပွဲမရှိ မှတ်တမ်းဖြစ်တဲ့ ၁၀၈ ပွဲမှတ်တမ်းကို လိုက်မီထားတဲ့အသင်း ဖြစ်ပါတယ်။
၎င်းတို့ဟာ မကြာမီ မလေးရှားလိဂ်စတင်လာချိန်မှာ ကမ္ဘာ့စံချိန်သစ်ရေးထိုးလာနိုင်ဖို့ ရှိနေတဲ့အသင်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အာရှချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့အထိ တက်ခဲ့တဲ့ ဒီအသင်းမှာ အမှုဆောင်ချုပ်အဖြစ် လီဗာပူးနှင့် စပိန်ကစားသမားဟောင်းဂါစီယာက ဆောင်ရွက်နေပါတယ်။

image

မြောက်အိုင်ယာလန်သမိုင်းတွင် အမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြင့် ဆောက်သမ်တန်ရဲ့ချားလ်ကို ခေါ်ယူရန် ဖူလ်ဟမ် သဘောတူညီမှု ရရှိလာ
=====================

ဖူလ်ဟမ်ဟာ ဆောက်သမ်တန်အလယ်တန်းကစားသမားရှီယာချားလ်ကို ပေါင်သန်း ၃၀ အထိ မြင့်မားလာနိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာပါတယ်။
အသက် ၂၂ နှစ်ရှိ ချားလ်ဟာ ဆေးစစ်ဆေးမှု ခံယူပြီးပါက ဖူလ်ဟမ်သို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ယင်းပြောင်းရွှေ့ကြေးကြောင့် မြောက်အိုင်ယာလန်ဘောလုံးသမိုင်းတွင် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမားဖြစ်လာပါမယ်။
ချားလ်ဟာ မန်စီးတီးတွင် ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပြီး လိဒ်ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့်လည်း အနောက်လန်ဒန်ကလပ်သို့ ပြောင်းရန် ရွေးချယ်ခဲ့တာပါ။
ဖူလ်ဟမ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အစ္စဝှစ်ချ်သို့ ပြောင်းသွားတဲ့ ဆားဘီးယားအလယ်တန်းကစားသမားဆာဆာလူကစ်နေရာတွင် အစားထိုးရန် ချားလ်ကို ခေါ်ယူလာတာပါ။
ဖူလ်ဟမ်နည်းပြအာဘီလိုအာဟာ ရီးရဲလ်မက်ဒရစ်မှ တိုက်စစ်မှူးဂွန်ကာလိုဂွန်ဇာလက်ဇ်နှင့် အလယ်တန်းကစားသမားဆီဇာပလာစီယို့စ်တို့ကို ခေါ်ယူပြီးနောက် ယခုနွေရာသီ တတိယခေါ်ယူမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဂျာမန်ကလပ် စတုဂတ်နှင့် ရာသီသိမ်းခြေစမ်းပွဲကစားကာ ဩဂုတ်လ ၂၄ ရက်နေ့ တနင်္လာနေ့တွင် စတမ်းဖို့ဒ်ဘရစ်ချ်သို့ သွားရောက်ကာ ချဲလ်ဆီးနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲ ကစားရပါမယ်။

image

ဖခင်နာရေးကြောင့် အင်တာမိုင်ယာမီရဲ့ ရှုံးပွဲကို မက်ဆီ လွဲချော်လာ
====================

လီယွန်နယ်မက်ဆီဟာ ဖခင်ဖြစ်သူ နာရေးကြောင့် မွန်တာရေးအား ရှုံးနိမ့်တဲ့ အင်တာမိုင်ယာမီရဲ့ လိဂ်ဖလားပွဲစဉ်ကို လွဲချော်လာပါတယ်။
ဂျော့မက်ဆီဟာ ကာလရှည်ကြာ မကျန်းမမာ ဖြစ်ပြီးနောက် စနေနေ့တုန်းက အသက် ၆၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဂျော့ဟာ မက်ဆီ အသက် ၁၄ နှစ်အရွယ်ကတည်းက အေးဂျင့်အဖြစ် ဆောင်ရွက်လာခဲ့သူ ဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ၊ မွေးရပ်မြေရိုဆာရီယိုရှိ ဆေးရုံတစ်ခုတွင် ကွန်လွန်သွားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းသားတို့ဟာ ပွဲစမတိုင်မီ ဂျော့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့ကြသလို လက်ပတ်အနက် ဝတ်ဆင်ကစားခဲ့ကြပါတယ်။
Nu Stadium ရဲ့ ကြီးမားတဲ့ မျက်နှာပြင်တွင်လည်း ဂျော့ရဲ့အမည်ကို ပြသထားပါတယ်။
အင်တာမိုင်ယာမီဟာ ကလပ်ရဲ့ ဆိုရှယ်မီဒီယာပရိုဖိုင်းများတွက် အနက်ရောင်ဖဲကြိုးတင်သွားပါသေးတယ်။
ယင်းပွဲတွင် အင်တာမိုင်ယာမီအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ရိုဒရီဂိုဟာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် အဖွင့်ဂိုးအား သွင်းယူပြီးနောက် အတွင်းတွင် ဝတ်ဆင်ထားတဲ့ မက်ဆီရဲ့အမည်ပါ အင်္ကျီဖြင့် အောင်ပွဲခံခဲ့ကြပါတယ်။
ဒါ့အပြင် အင်တာမိုင်ယာမီပရိသတ်များဟာလည်း မက်ဆီကို အားပေးတဲ့ ဆိုင်းဘုတ်များ ကိုင်ဆောင်ထားခဲ့ကြသလို ဖခင်ဂျော့ကိုလည်း ဂုဏ်ပြုမှု ပြုလုပ်ခဲ့ကြပါတယ်။
၂၀၀၀ ခုနှစ်တုန်းက ဂျော့ဟာ အသက် ၁၃ နှစ်အရွယ်ရှိ မက်ဆီအား ကာတာလိုနီးယားသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပြီး ဘာစီလိုနာရဲ့ စာချုပ်ချုပ်ဆိုခြင်းခံရအောင် အဓိကနေရာမှ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားပရိသတ်များဟာလည်း မက်ဆီရဲ့ ရိုဆာရီယိုနေအိမ်အပြင်ဘက်သို့ အလံများ၊ ပန်းစည်းများ လာထားခဲ့ကြသလို ရေးဗားပလိတ်နှင့် ဘိုကာဂျူနီယာတို့ကလည်း ဂျော့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပွဲမတိုင်မီ တစ်မိနစ်ငြိမ်သက်ပေးခဲ့ကြပါတယ်။

image

ဂွါဒီယိုလာရဲ့ စနစ်ကို ဖျက်သိမ်းပြီး မန်စီးတီးအသင်းခေါင်းဆောင်သစ် ရွေးချယ်လာမယ့် အန်ဇိုမာရက်စ်ကာ
======================

မန်စီးတီးဟာ ပက်ဂွါဒီယိုလာလက်ထက်တုန်းက အသင်းခေါင်းဆောင်ရွေးချယ်တဲ့ စနစ်ကို ဖျက်သိမ်းပြီး နည်းပြသစ်အန်ဇိုမာရက်စ်ကာလက်ထက်မှာ စနစ်သစ်ဖြင့် အသင်းခေါင်းဆောင်သစ်အား ရွေးချယ်လာတော့မှာ ဖြစ်ပါတယ်။
အီတလီလူမျိုးနည်းပြဟာ အသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗားမှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းသွားပြီးနောက် အသင်းခေါင်းဆောင်သစ် ထပ်မံ ရွေးချယ်လာရမှာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးနှင့် လက်စတာနည်းပြဟောင်းဟာ ဂွါဒီယိုလာလက်ထက်တုန်းက ကစားသမားများရဲ့ မဲဆန္ဒဖြင့် အသင်းခေါင်းဆောင်များကို ရွေးချယ်လာခဲ့ခြင်း ဖြစ်ပေမဲ့လည်း သူ့လက်ထက်မှာတော့ အသင်းခေါင်းဆောင်အား စိတ်ကြိုက် ရွေးချယ်လာမှာလည်း ဖြစ်ပါတယ်။
ဂွါဒီယိုလာလက်ထက်တုန်းက အသင်းခေါင်းဆောင်ကို ကစားသမားများအား မဲပေးစေပြီး စိတ်ကြိုက် ရွေးချယ်ခွင့်ပေးခဲ့ကာ ဖာနန်ဒင်ဟို၊ အိုင်ကေးဂန်ဒိုဂန်၊ ကီဗင်ဒီဘရိုင်းနှင့် ဆေးလ်ဗားတို့က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရာသီမှာတော့ ဂွါဒီယိုလာဟာ အသင်းခေါင်းဆောင်အုပ်စုအဖြစ် သူ့စိတ်ကြိုက် အသင်းခေါင်းဆောင်ဆေးလ်ဗားအပြင် ရူဘင်ဒီယာ့စ်၊ အာလင်းဟာလန်း၊ ရိုဒရီတို့အား စိတ်ကြိုက်ရွေးချယ်ခဲ့ပါတယ်။
လက်ရှိအချိန်တွင် ယခင် အသင်းခေါင်းဆောင်ရွေးချယ်တဲ့ စနစ်အရ ရူဘင်ဒီယာ့စ်က အသင်းခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခြင်းခံရရန် အခြေအနေ အကောင်းဆုံး ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အန်ဇိုမာရက်စ်ကာကတော့ အသင်းခေါင်းဆောင်သစ်အား ကိုယ်တိုင် ရွေးချယ်ရန် စီစဉ်ထားပြီး အင်္ဂလန်ကစားသမားအား ရွေးချယ်ရန် စီစဉ်နေကြောင်း The Athletic က ဖော်ပြသွားပါတယ်။
ဒါကြောင့်လည်း ဖီးလ်ဖိုဒန်၊ မာ့ခ်ဂူဟီတို့က မန်စီးတီးအသင်းခေါင်းဆောင်ဖြစ်လာရေး ရေပန်းအစားဆုံး ဖြစ်လာပါတယ်။
မာ့ခ်ဂူဟီမှာ ယခင်ကလပ် ခရစ္စတယ်ပဲလေ့စ်တွင် ကစားစဉ်တုန်းက အသင်းခေါင်းဆောင်အဖြစ် ၁၈ လတိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို အင်္ဂလန်အသင်းပွဲစဉ်အချို့တို့တွင်လည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဖူးကာ အသင်းခေါင်းဆောင် အတွေ့အကြုံများစွာ ရှိသူ ဖြစ်ပါတယ်။

image

အပျော်စီးလှေတွင် ဘီကီနီဝတ်အမျိုးသမီးများနှင့်အတူ ပါတီပွဲ ပြုလုပ်ခဲ့တဲ့ ရက်ဖို့ဒ်
====================

အင်္ဂလန်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်ဟာ အပျော်စီးဇိမ်ခံသင်္ဘောတွင် ဘီကီနီဝတ်အမျိုးသမီးများနှင့် ပါတီပွဲ ပြုလုပ်ကာ အားလပ်ရက်အပန်းဖြေနေ့ရက်များအား လှပစွာ ကုန်ဆုံးလျက်ရှိနေပါတယ်။
အင်္ဂလန်နှင့် ယူနိုက်တက်တိုက်စစ်မှူးဟာ တစ်ပုလင်းလျှင် ပေါင် ၂၇၀ အထိပေးရတဲ့ Armand de Brignac Brut Gold ရှန်ပိန်ပုလင်းကိုလည်း သူငယ်ချင်းများနှင့်အတူ သောက်ခဲ့တာ တွေ့ရပါတယ်။
သူဟာ တန်ဖိုးကြီး Louise Vuitton ဖိနပ်စီးထားပြီး “Home is where the heart is” ဆိုတဲ့စာသားပါ ငွေရောင်ဆွဲကြိုးဆွဲထားတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် သူဟာ ပေါင် ၂၃၀၀၀ တန်ဖိုးရှိ အနက်ရောင် Hublot Square Bang Unico နာရီပတ်ထားပါသေးတယ်။
တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိနေတဲ့ အသက် ၂၈ နှစ်ရှိ ရက်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီးတွင် French Riviera မှာ သင်္ဘောတစ်စီးငှားရမ်းပြီး အမျိုးသမီး ၁၀ ဦးနှင့်အတူ ပါတီပွဲ ပြုလုပ်နေတာပါ။ ယင်းအမျိုးသမီးအုပ်စုထဲမှာ သူ့ချစ်သူ လူစီယာလွိုင်တော့ ပါဝင်တာ မတွေ့ရပါဘူး။
ရက်ဖို့ဒ်ဟာ ဘာစီလိုနာတွင် တစ်ရာသီကြာ အငှားဖြင့် သွားရောက်ကစားပြီးနောက် မိခင်ကလပ် ယူနိုက်တက်နှင့် ပြန်လည်ပူးပေါင်းလာရတော့မှာလည်း ဖြစ်ပါတယ်။
သူဟာ လာမယ်အပတ်တွင် မိုက်ကယ်ကာရစ်ရဲ့ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းလာရမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ရက်ဖို့ဒ်ကို ထပ်မံ အငှားချထားရန် အစီအစဉ်မရှိတော့ဘဲ အပြီးသတ် ရောင်းချမှုသာ ပြုလုပ်လိုနေပါတယ်။
ရက်ဖို့ဒ်ဟာ ၂၀၁၆ ခုနှစ် အသက် ၁၈ နှစ်အရွယ်တွင် ယူနိုက်တက်အတွက် ပထမဆုံးပွဲ ကစားပြီးနောက် ၄၂၆ ပွဲကစားထားသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက ချက်ကလပ် ဗစ်တိုးရီးယားပါဇန်နှင့် ယူရိုပါလိဂ်တွင် ယူနိုက်တက်အတွက် နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ရူဘင်အမိုရမ်နှင့် ပြဿနာတက်ကာ ဗီလာ၊ ဘာစီလိုနာသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ဒဗ္ဗလင်တွင် လိဒ်နှင့် ကစားရမယ့်ပွဲစဉ်တွင် ယူနိုက်တက်အတွက် ပထမဆုံးပွဲအဖြစ် ပါဝင်ကစားလာနိုင်ပါတယ်။
ပြီးလျှင် ယူနိုက်တက်ဟာ လာမယ့် စနေနေ့မှာ နည်းပြဟောင်းရူဘင်အမိုရမ်ကိုင်တွယ်နေတဲ့ အေစီမီလန်နှင့် ခြေစမ်းပွဲကစားပါဦးမယ်။

image

မည်သည့်ရီးရဲလ်မက်ဒရစ်ကစားသမားဆို မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းကြီး ၃ ရပ်ကို ဂျိုဆေးမော်ရင်ဟို ချမှတ်လာ
=====================

ဂျိုဆေးမော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်သို့ နည်းပြအဖြစ် တကျော့ပြန်ရောက်လာပြီးနောက် ကစားသမားတိုင်း လိုက်နာရမယ့် စည်းကမ်းချက်ကြီး ၃ ရပ်ကို ချမှတ်အသုံးပြုနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကြီးမားတဲ့ သမိုင်းကြောင်းကြီးများ ပိုင်ဆိုင်ထားပေမယ့်လည်း နှစ်ရာသီဆက် အဓိကဆုဖလားလက်မဲ့ ဖြစ်ပြီးနောက် နည်းပြဟောင်းမော်ရင်ဟိုအား ပြန်လည် ခန့်အပ်ကာ ခေတ်သစ် ပြန်လည်ရေးသားရန် လုပ်ဆောင်နေပါတယ်။
မော်ရင်ဟိုဟာ ဘာနေဗျူးသို့ တကျော့ပြန် ရောက်လာပြီးနောက် ဘာနာဒိုဆေးလ်ဗား၊ အီဘရာဟမ်ကိုနာတေးတို့အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသလို ချဲလ်ဆီးနောက်ခံလူမာ့ခ်ကူကူရယ်လာကို ပေါင် ၅၂ သန်းဖြင့်လည်းကောင်း၊ ရက်ဘူးလ်လိုက်ဇစ်မှ ယန်ဒေယိုမန်ဒီကို ပေါင် ၁၂၅ သန်းဖြင့်လည်းကောင်း ခေါ်ယူထားပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ စူပါစတားဗီနီရှပ်စ်ဂျူနီယာကိုလည်း ၆ နှစ်စာချုပ်သစ်ချုပ်ဆိုထားပါသေးတယ်။
ရီးရဲလ်မက်ဒရစ်သို့ တကျော့ပြန် ရောက်လာပြီးနောက် သမိုင်းသစ် ထပ်မံရေးသားရန် ကြံစည်နေတဲ့ မော်ရင်ဟိုဟာ ကစားသမားတိုင်း မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက် ၃ ခုကို ချမှတ် အသုံးပြုနေကြောင်း AS က ဖော်ပြလာပါတယ်။
မော်ရင်ဟိုရဲ့ နံပါတ် ၁ စည်းကမ်းက အဟာရနှင့် သက်ဆိုင်ပါတယ်။ ကွင်းအတွင်း မြင့်မားတဲ့ စွမ်းဆောင်ရည်ပြသနိုင်ဖို့ဆိုတာ မီးဖိုချောင်က စတင်တယ်ဆိုတာနဲ့အညီ မော်ရင်ဟိုဟာ ကစားသမားတိုင်းအနေဖြင့် အသင်းက စီစဉ်ပေးထားတဲ့ အစားအသောက်များကိုသာ ရွေးချယ်စားသောက်ခွင့် ရှိပါတယ်။
နံပါတ် ၂ စည်းမျဉ်းက လေ့ကျင့်ခန်းအစီအစဉ်သို့ နောက်ကျမှ ရောက်လာသူများကို အရေးယူလာမယ့်အချက် ဖြစ်ပါတယ်။ ငွေဒဏ်မဟုတ်ပါဘူး။ အားကစားခန်းမတွင် တစ်နာရီတိတိ တစ်ဦးတည်း ကာယလေ့ကျင့်ခန်းများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
နံပါတ် ၃ စည်းမျဉ်းက ဒဏ်ရာရရှိတဲ့ ကစားသမားတိုင်းက အသင်းရဲ့ ဆေးဌာနတွင်သာ ဆေးကုသမှု ခံယူရမှာ ဖြစ်ပြီး ပြင်ပတွင် စိတ်ကြိုက်ဆရာဝန်ဖြင့် ကုသခွင့် မပေးတော့ပါဘူး။
မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်ကို ပထမအကြိမ် ကိုင်တွယ်တုန်းက တစ်ရာသီတည်းနိုင်ပွဲအများဆုံးစံချိန်၊ အဝေးကွင်းနိုင်ပွဲအများဆုံးစံချိန်တို့ ရရှိခဲ့ဖူးသလို ခရစ္စတီယာနိုရော်နယ်ဒိုကို တောင်ပံကစားသမားအဖြစ်မှ ဗဟိုတိုက်စစ်မှူးအဖြစ် ပြောင်းလဲပစ်ခဲ့ဖူးပါတယ်။

image

မြဝတီမြို့တွင် မူးယစ်​ဆေးဝါး ၊ ဒုစရိုက်မှုများနှင့် ​လောင်းကစားလုပ်ငန်းများ ပ​ပျောက်​စေ​ရေးအတွက် ငါးဂိမ်း​လောင်းကစားရုံများ ဖမ်းဆီး​ရေး အရှိန်အဟုန်မြှင့် ​ဆောင်ရွက်

ကရင်ပြည်နယ်၊မြဝတီ နယ်စပ်မြို့ တွင် မူးယစ်​ဆေးဝါး ၊ ဒုစရိုက်မှုများနှင့် ​လောင်းကစားလုပ်ငန်းများ ပ​ပျောက်​စေ​ရေးအတွက် ငါးဂိမ်း​လောင်းကစား ရုံများ ဖမ်းဆီး​ရေး အရှိန်အဟုန်မြှင့် ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။
မြဝတီမြို့တွင် ငါးဂိမ်းရုံများ၊ ငါးဂိမ်းလောင်းကစားခြင်းများနှင့် ပတ်သက်၍ ထပ်မံလုပ်ကိုင်နေခြင်း မရှိစေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ မိမိအမာခံသတင်းပေးများထံမှ သတင်းရရှိပါက ဖမ်းဆီးရမိရေး အရှိန်အဟုန်တိုးမြှင့်၍ ဆောင်ရွက်လျှက်ရှိသည်ဟု ကရင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း က ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၌ ဖြေကြားခဲ့ကြောင်း သိရသည်။

image