နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ NDAA ဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နိုင်ငံတော်သမ္မတကြီးအနေဖြင့် မိုင်းလားဒေသရှိ တိုင်းရင်းသားများ၏ လူ မှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးစေလိုဟု NDAA ဥက္ကဋ္ဌဆွေးနွေး
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့ သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်၌လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် NDAA ဥက္ကဋ္ဌက NDAA မိုင်းလားအဖွဲ့အနေ ဖြင့် နှစ်ပေါင်း (၃၀)ကျော်ကြာ "ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး"ဆိုသည့် လမ်းစဉ်အတိုင်းလျှောက်လှမ်းခဲ့ပြီး နိုင်ငံတော်အစိုးရအဆက်ဆက်နှင့်လည်းကောင်းမွန်သည့် ဆက်ဆံ‌ရေးထိန်းသိမ်းနိုင်ခဲ့မှု၊ NDAA မိုင်းလားအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် အမြဲမပြတ်ထိတွေ့ဆက်ဆံပြီး ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းအောင်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဆွေးနွေးတင်ပြခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတကြီးအနေဖြင့် မိုင်းလားဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ဆောင် ရွက်ပေးစေလိုကာ NDAA အနေဖြင့် NSPNC နှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ ကောင်းမွန်ပြီးအပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်ခဲ့သည်ဟု ဆွေးနွေးတင်ပြခဲ့သည်။
နိုင်ငံတော်သမ္မတကလည်း နိုင်ငံတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီဦးတည်လျှောက်လှမ်းကြိုး ပမ်းလျက်ရှိမှု၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံနှင့်ဒေသအကျိုးအတွက် ပါဝင်ဆောင်ရွက်နိုင်မှု၊ မိုင်းလားဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး နိုင်ငံတော်အစိုးရမှဖြည့်ဆည်းပေးသွားမည်ဟု ပြောသည်။
ထို့ပြင် မိုင်းလားဒေသအတွင်း ပညာ ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆရာ/ဆရာမများနှင့် အခြေခံအဆောက်အဦများဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးက ဏ္ဍတိုးတက်ရေးဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးပစ္စည်းများဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်မှဆောင်ရွက်ပေးမည်ဖြစ်ကာ မိုင်းလားဒေသ၌ လတ်တလောကာလအတွင်း လိုအပ်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများစေလွှတ်ပေးသွားမည်ဟု ပြောသည်။
ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိနိုင်ရေး မိုင်းလားဒေသအတွင်း ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများဖြင့်ဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် NDAA ဥက္ကဋ္ဌတို့သည် မိုင်းလားဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက်များအား မိုင်းလားဒေသရှိ ဒေသခံများကိုချပြဆောင်ရွက်မည်ဖြစ်၍ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အလေးထားပူးပေါင်းဆောင် ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

image

ထိုင်းဝန်ကြီးချုပ်က သေနတ်ဝယ်ယူခွင့်လိုင်စင်ထုတ်‌ပေးခြင်းကို ရပ်ဆိုင်း

၁၄ နှစ်အရွယ် သေနတ်သမားက လူ ကိုးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ပြီး ရက်ပိုင်းအကြာတွင် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က သေနတ်ဝယ်ယူခွင့်လိုင်စင် ထုတ်ပေးခြင်းကို အင်္ဂါနေ့တွင် ရပ်ဆိုင်းလိုက်ပြီး ရှိပြီးသား လိုင်စင်များကို လည်း ပြန်လည်သုံးသပ်မည်ဟု ပြောကြားခဲ့သည်။
ပိုမိုပြင်းထန်သော ထိန်းချုပ်မှုများနှင့် ပိုမိုကြီးလေးသော ပြစ်ဒဏ်များပါဝင်သည့် သေနတ်ထိန်းချုပ်ရေးဥပဒေသစ်ကို အမြန် ပြဋ္ဌာန်းဆောင်ရွက်ရန် ဥပဒေရေးရာကိစ္စရပ်များကို ကြီးကြပ်သည့် ဒုတိယဝန်ကြီးချုပ်ကို အနူတင်က ညွှန်ကြားခဲ့သည်။
လူများ သေနတ်ဝယ်ယူနိုင်စေမည့် ပါမစ်သက်တမ်းတိုးခြင်းကို ရပ်တန့်ရန်လည်း ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့သည်။
မှတ်ပုံတင်ထားသော သေနတ်များကို အိမ်တွင်သာထားရှိရမည်ဖြစ်ပြီး အများ ပြည်သူရှိရာ နေရာများတွင် ကိုင်ဆောင်ခွင့်မရှိကြောင်း အနူတင်က ထပ်လောင်းပြောကြားခဲ့သည်။
တရားမဝင် သေနတ်များအတွက် သတ်မှတ်ထားသောကာလအတွင်း နိုင်ငံတော်သို့ ပြန်လည်အပ်နှံရန်အတွက် လိုအပ်သည့် ဥပဒေပြဋ္ဌာန်းရန် လေ့လာမှုများလုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် အရပ်သားများလက်ဝယ်ထားရှိသည့် သေနတ်အလက်ပေါင်း ၁၀ ဒဿမ ၃ သန်းခန့်ရှိပြီး လူ ၁၀၀ လျှင် သေနတ် ၁၅ လက်ခန့်ရှိနေသည့်သဘောဖြစ်ကာ လက်နက်ငယ်များဆိုင်ရာ စစ်တမ်း ၏ ၂၀၁၇ ခုနှစ် ခန့်မှန်းချက်အရ ဒေသတွင်း အမြင့်ဆုံးနှုန်းထားဖြစ်သည်။
တရားမဝင်ပစ္စည်းများနှင့် လက်နက်များ ပါမပါ သိရှိနိုင်ရန်အတွက် ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်သူတိုင်းကို စစ်ဆေးခြင်းအပါအဝင် ကျောင်းဘေးကင်းလုံခြုံရေး အစီအမံသစ်များကို ပညာရေးဝန်ကြီးက အစိုးရအဖွဲ့ထံ အဆိုပြုတင်ပြခဲ့သည်။

image

အင်ဒိုနီးရှားတွင် တောမီးကြောင့် ကျောင်းများဒါဇင်နှင့်ချီ၍ ပိတ်ထားရ

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပိုမိုဆိုးရွားလာသော ရှည်လျားပြီး ပြင်းထန်သည့် ခြောက်သွေ့ရာသီအစတွင် အင်ဒိုနီးရှားနိုင်ငံကို ဒုက္ခပေးနေသော တောမီးလောင်ကျွမ်းမှုများကြောင့် အင်္ဂါနေ့တွင် ဒါဇင်နှင့်ချီသော ကျောင်းများကို ဒုတိယမြောက်နေ့အဖြစ် ပိတ်ထားရသည်။
မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော ဘော်နီယိုကျွန်းပေါ်ရှိ အနောက်ကာလီမန်တန်ရှိ ပွန်တီယာနက်မြို့တွင် အခြားနေရာများ၌ လောင်ကျွမ်းနေသော တောမီးများမှ မီးခိုးများ မြို့ပေါ်သို့ ပျံ့နှံ့နေသောကြောင့် ကျောင်းများကို ပိတ်ထားရန် မြို့တော်ဝန်က အမိန့်ပေးခဲ့သည်။
လေထုအရည်အသွေးညံ့ဖျင်းနေသေးသရွေ့ ကလေးများသည် နေအိမ်မှသာ သင်ယူကြရမည်ဟု တနင်္လာနေ့ကသတင်း ထုတ်ပြန်ချက်တွင် မြို့တော်ဝန် အီဒီရပ်ဒီ ကမ်တိုနိုက ပြောကြားခဲ့ပြီး စာသင်ကျောင်း မည်မျှပိတ်ထားရသည်ကိုမူ မဖော်ပြခဲ့ပေ။
“ပွန်တီယာနက်မြို့ကို မီးခိုးဖုံးနေပြီဖြစ်တာကြောင့် အဲဒီအခြေအနေကို အထူးသဖြင့် ညနဲ့ မနက်ခင်းတွေမှာ ကျွန်တော်တို့ စခံစားနေရပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
ဂျာဗားကျွန်းတွင် ပြီးခဲ့သည့် သီတင်းပတ် တနင်္လာနေ့မှစတင်ခဲ့ပြီး ဟက်တာ ၉၀၀ ခန့် မီးဝါးမြိုခံလိုက်ရပြီဖြစ်သော အမျိုးသားဥယျာဉ်တစ်ခုတွင် လောင်ကျွမ်းနေသော တောမီးများကို ကိုးရက်မြောက်နေ့အဖြစ် မီးသတ်သမားများ ငြိမ်းသတ်နေခဲ့ရသည်။
စနေနေ့မှစ၍ ခရီးသွားဧည့်သည်များ ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့သော အဓိကခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် Bromo Tengger Semeru အမျိုးသားဥယျာဉ်တွင် မီးလောင်မှုသည် နိုင်ငံတစ်ဝန်းရှိ မီးသတ်သမား ၅၀,၀၀၀ နီးပါးကို အလုပ်ရှုပ်စေခဲ့သော တောမီးများစွာထဲမှ တစ်ခုဖြစ်သည်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင် ပုံမှန်မဟုတ်သော ခြောက်သွေ့ရာသီကို ကြုံတွေ့ရဖွယ်ရှိပြီး မိုးခေါင်မှုနှင့် တောမီးလောင်ကျွမ်းမှုများအတွက် အန္တရာယ်မြင့်မားကြောင်း BMKG မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ယခုနှစ် လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းတွင် ဟက်တာ ၁၀၇,၀၀၀ ကျော် တောမီးလောင်ကျွမ်းခံထားရသည်။

image

သန်လျင်အမှတ်(၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေ လှောင်ကန်)တာပေါက်ခဲ့

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်၊ အမှတ် (၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေလှောင်ကန်) သည် သြဂုတ် ၁၀ ရက်ညနေ ၅ နာရီခွဲခန်ကတာပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့ဝင်များက ရေကန်အနီးနေအိမ်များအတွင်း ရေဝင်ရောက်မှုမရှိစေရေးအတွက် သဲအိတ်များ၊ သစ်သားတိုင်များ၊ စက်ယန္တရားများဖြင့် ရေကန်ပြုပြုင်ထိန်း သိမ်းခြင်းများကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပြုလုပ်နေမှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူကကြည့်ရှုစစ်ဆေးပြီးနောက် ဝိုင်းဝန်းဆောင်ရွက်နေသူများကို ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

image

ရေကြီးရေလျှံနေသည့် ညောင်ဦးမြို့၌ ခရိုင်/မြို့နယ်မီး သတ်တပ်ဖွဲ့က ကူညီမှုများပြုလုပ်ပေးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးဒဏ်ကြုံတွေ့နေရသူများအား ရေဘေးလွတ်ကင်းသောနေရာများနှင့် အိမ်သုံးပစ္စည်းများကိုလည်း ရေဘေးလွတ်ရာသို့ ယနေ့ သြဂုတ် ၁၁ ရက်တွင် ဒုတိယနေ့အဖြစ် ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။

image

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား(၆)ဦးကိုပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံ ခြားသား(၆)ဦးကို ယနေ့ သြဂုတ် ၁၁ ရက်က သက်ဆိုင် ရာ နိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အီသီယိုးပီးယားနိုင်ငံသား(၂)ဦး၊ လိုက်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၁)ဦး၊ ယူဂန်ဒါနိုင်ငံ သား(၁) ဦးနှင့် တိုဂိုနိုင်ငံသား(၁)ဦးတို့အား မြန် မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပ ဒေလုပ်ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးရာ၌ မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံ ပြည်နှင်လွှဲ ပြောင်း လက်ခံရေးဆိုင်ရာ စာရွက်စာတမ်းများကို စ နစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂ဝ၂၆ ခုနှစ်၊ ဩဂုတ် ၁၁ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၄,၇၄၀)ဦးအနက် (၁၃,၈၂ဝ)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၉၂ဝ)ဦးအနက် မြန်မာ နိုင်ငံ လူဝင်မှုကြီးကြပ် ရေး(လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပ ဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား (၇၁၃)ဦးရှိကြောင်း သိရသည်။
ထို့ကြောင့် ကျန်ရှိသော ပြည်ပနိုင်ငံသား(၂၀၇)ဦးမှာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

image

အသက် ၁၂၀ နှစ်အရွယ် အဘိုးဦးစိန်ငွေအား နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၂၀ နှစ်ရှိ အဘိုးဦးစိန်ငွေအား နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ (သြဂုတ် ၁၁ ရက်) က အဆိုပါကျေးရွာရှိ အဘိုး၏နေအိမ်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက သွားရောက်ဂါရဝပြုတွေ့ဆုံကာ နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေများကို လက်
ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီ နှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကိုလည်း ထောက်ပံ့လှူဒါန်းခဲ့ကြပြီး အဘိုး၏ ကျန်းမာရေးနှင့် နေထိုင်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

image

မန္တလေးတက္ကသိုလ် ပင်မဆောင်အား မူလပုံစံမပျက် ပြန်လည်ပြုပြင် တည်ဆောက်နေ
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည် တည်ဆောက်လျက်ရှိ

မန္တလေးတက္ကသိုလ် ပင်မဆောင်အား မူလပုံစံမပျက် ပြန်လည်ပြုပြင် တည်ဆောက်နေပြီး ယင်းသို့ တည်ဆောက်နေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဩဂုတ် ၁၁ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မူလဗိသုကာလက်ရာများ မပျက်စီးစေရန်၊ လက်ရာလက်သား သပ်ရပ်ကောင်းမွန်ရေးနှင့် အရည်အသွေးမီ ပစ္စည်းများ အသုံးပြု၍ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ရတနာပုံတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်နှင့်အတူ ဘွဲ့နှင်းသဘင် ကျင်းပမည့် ပြည်ထောင်စုခန်းမ၏ အပေါ်ဆုံးထပ်တွင် လူဝင်ဆံ့နိုင်မှု အခြေအနေများ၊ တက္ကသိုလ်အတွင်း အဆောက်အအုံများ ဆက်လက်တည်ဆောက်ရန် မြေနေရာများနှင့် တည်ဆောက်ပြီးစီးသွားသည့် Recreation Center အဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ ရေသန့်နှင့် လျှပ်စစ်မီး ရရှိရေးလုပ်ငန်းများကိုပါ တစ်ပါတည်း ပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် အသစ်ပြန်လည် တည်ဆောက်လျက်ရှိသည့် အရာထမ်းကြီး၊ အရာထမ်းနှင့် အမှုထမ်း အိမ်ရာများ စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ဝန်ထမ်းအိမ်ရာ ၂၆ လုံး (စုစုပေါင်း အခန်း ၃၈၆ ခန်း) တည်ဆောက်နေမှု၊ လက်ရှိ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက အဆောက်အအုံများ ဆောက်လုပ်ရာတွင် Myanmar National Building Code 2025 သတ်မှတ်ချက်များနှင့်အညီ ငလျင်ဒဏ်ခံနိုင်ရေး ထည့်သွင်းတည်ဆောက်ရန်၊ စံချိန်စံညွှန်းမီ ပစ္စည်းများ အသုံးပြုရန်၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့များက အဆင့်လိုက် စစ်ဆေးရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် လမ်း၊ ရေ၊ လျှပ်စစ်မီး စသည့် Infrastructure များကိုပါ တစ်ပြိုင်နက်တည်း ပြီးစီးအောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

image

စစ်ကိုင်းတွင် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

စစ်ကိုင်းမြို့နယ်အတွင်း ရေဝင်ရောက်မှုကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ် ၁၁ ရက် က စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးကိုလေးနှင့် တာဝန်ရှိသူများက ရေဘေးသင့်ကျေးရွာများဖြစ်သည့် ညောင်ပင်ဝန်း၊ တလိုင်းကျွန်းနှင့် ညောင်ပင်သာကျေးရွာတို့မှ ပြည်သူများထံ ထောက်ပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဝန်ကြီးချုပ်ဦးကိုလေးက ရေပြန်လည်ကျဆင်းပါက စာသင်ကျောင်းများ သန့်ရှင်းရေး၊ စိုက်ပျိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးတို့ကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့အပြင် နံနက်ပိုင်းကလည်း မူးမြစ်ရေလျှံမှုကြောင့် မုံရွာ-စစ်ကိုင်း ကားလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်းကျေးရွာ ကားလမ်းရေကျော်လွန်မှုနှင့် နေအိမ်များအတွင်း ရေဝင်ရောက်မှု အခြေအနေများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
လမ်းကြောင်းမှန် မောင်းနှင်နိုင်ရေးနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံကာ အနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

image

အမရပူရမြို့နယ်မှ ရေဘေးသင့်သူ(၂)ထောင်ဦးခန့်အား ထောက်ပံ့ပစ္စည်းများပေး

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာ(၁၄)ရွာအတွင်းရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြစ်ပေါ်လျက်ရှိ၍ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာ အုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ဆေးအိုးဘိုကျေးရွာအုပ်စု၊ ဥယျာဉ်တော်ကျေးရွာ အုပ်စု၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာအုပ်စု၊ ရွှေကြက် ယက်ကျေး ရွာအုပ်စုတို့မှ ကျေးရွာ (၁၄)ရွာတွင်နေထိုင်သော ရေဘေးသင့်သူ(၁၉၈၇)ဦးအား ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်သူများကို မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က သြဂုတ် ၁၁ ရက်တွင် မြအင်းကျေးရွာရှိ မြရိပ်စိုဓမ္မာရုံ၌တွေ့ဆုံကာ အားပေးစကား ပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်၊
ထို့ပြင် တိုင်းဝန်ကြီးချုပ်က မြစ်ရေဝင်ရောက်ခဲ့သည့် ကျေးရွာအုပ်စုများအတွင်း ရေပြန်လည်ကျဆင်းနေမှု၊ ရန်ကုန်-မန္တလေးကားလမ်းရှိ မြစ်ငယ်တံတားကြံ့ခိုင်မှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image