ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်၌ရေကျော်နေ လမ်းမပိတ်စေရန်ကူညီပေးနေကြ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ယနေ့ ဇူလိုင် ၁၂ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန် -မော်လမြိုင်သွားကားလမ်းပေါ်၌ ရေကျော်လျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်မှစတင်ကာ ပေါင်မြို့နယ်၊ ဥတ္တားကျေးရွာရှိ ရန်ကုန်-မော်လမြိုင်ကားလမ်း၏ မိုင်တိုင်အမှတ် ၁၀၉/၄ နှင့် ၁၀၉/၅ ကြားကားလမ်းပေါ်သို့ရေကျော်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖြတ်သန်းသွားလာသူများအဆင်ပြေစေရေးနှင့် လမ်းပိတ်ဆို့မှုမဖြစ်စေရေးတို့အတွက် ပေါင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းနှင့် လူမှုကူညီရေးအသင်းဝင်များကကူညီပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် လက်ရှိအချိန်၌ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသော ဘီးလင်းမြို့တွင်လည်း ယနေ့ ဇူလိုင် ၁၂ ရက်နံနက်ပိုင်းကတိုင်းထွာချက်များအရ ဘီးလင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက် (၁)လက်မခန့်တွင် ရောက်ရှိနေရာမှ ၂၄ နာရီအတွင် ပေဝက်ခန့်ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။

image

စိုက်ပျိုးရေးနှင့်နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မလေးနှင့် ထိုင်း မြှင့်တင်မည်

မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် နယ်ပယ်များစွာတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နှင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်တို့က ပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ်၏ မလေးရှားသို့ နှစ်ရက်ကြာ အလုပ်သဘောခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦး ဆွေးနွေးမှုများလုပ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန်အတွက် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု၊ စွမ်းရည်မြှင့်တင်မှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ပြည့်စုံသော မူဘောင်တစ်ခုကို ပံ့ပိုးပေးကြောင်း နှစ်ရက်ကြာ နှစ်နိုင်ငံ ဆွေးနွေးပွဲများတွင် ၎င်းတို့က ပြောကြားခဲ့သည်။
အွန်လိုင်းလိမ်လည်မှုများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုအပြင် တောရိုင်းတိရိစ္ဆာန်နှင့် သစ်ကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တို-က်ဖျ-က်ရာတွင် နယ်စပ်စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အားကောင်းစေရန် ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
တိုးမြင့်လာသော နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိုလည်း ၎င်းတို့ ထောက်ရှု၍ ၂၀၂၇ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ယူအက်စ်ဒေါ်လာ ဘီလျံ ၃၀ ရောက်ရှိရေး ရည်မှန်းချက်အောင်မြင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကတိပြုခဲ့ကြသည်။

image

ဘီးလင်းမြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၉)ခုဖွင့်လှစ်ကာ ရေဘေးသင့်သူ(၁,၅၀၀)ဦးကျော်ကိုနေရာချထားပေးရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၂)စုမှ မြေနိမ့်ပိုင်းနေရာရှိ နေအိမ်များ၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု(၆)ခုမှ ရေဘေးသင့်အိမ်ထောင်စု(၄၂၇)စုမှ လူဦးရေ(၁,၆၂၆)ဦးတို့ကို လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ယာယီရေ ဘေးကယ်ဆယ်ရေးစခန်း(၉)ခုသို့ ရွှေ့ပြောင်းနေရာချထားပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရေဘေးသင့်သူများအတွက် ဆန်၊ ရေသန့်၊ ကြက်ဥ၊ မုန့်ခြောက်နှင့် ခေါက်ဆွဲခြောက်များပေးအပ်ကူညီနိုင်ရေးတို့ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြစ်ရေသည် ယနေ့ ဇူလိုင် ၁၂ ရက်မွန်းလွဲပိုင်းတွင် မြို့၏စိုးရိမ်ရေမှတ်အထက်(၁၀၂၉)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။

image

ကျောက်တံခါးမြို့ကိုဗဟိုပြု၍ ယနေ့ ဇူလိုင် ၁၂ ရက်အတွက် ဒုတိယမြောက်ငလျင်လှုပ်ခတ်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ကိုဗဟိုပြု၍ ယနေ့ ဇူလိုင် ၁၂ ရက်အတွက် ဒုတိယမြောက်ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ပဲခူးမြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ မွန်းလွဲ ၂ နာရီ ၃၇ မိနစ် ၃၆ စက္ကန့်က ကျောက်တံခါးမြို့၏ အနောက်တောင်ဘက်(၂၈)မိုင်ခန့်အကွာ၊ အနက်(၁၂)ကီ လိုမီတာကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့(၃ ဒသမ ၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image
4 ပတ် - ဘာသာပြန်ပါ။

ဝင်းသိင်္ဂီထွန်းကို ပင်နယ်တီဘေးကန်ခဲ့မှုကြောင့် တစ်ပွဲပယ်၊ ဒဏ်ကြေး ကျပ်နှစ်သိန်းချမှတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၄) တွင် ပင်နယ်တီကို ရည်ရွယ်ချက်ရှိရှိ ဘေးကန်ခဲ့သည့် ရတနာပုံအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းအား အနီးဆုံးတစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ကျပ်နှစ်သိန်း ချမှတ်လိုက်ကြောင်း ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်မှာ ရတနာပုံအသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝင်းသိင်္ဂီထွန်းက ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း ဂိုးသွင်းရန် မကြိုးစားဘဲ ဘေးသို့ကန်ထုတ်ခဲ့ခြင်း ဖြစ်သည်။
MFF ၏ ထုတ်ပြန်ချက်အရ ဝင်းသိင်္ဂီထွန်းသည် အဆိုပါလုပ်ရပ်မှာ မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝန်ခံကာ အသင်းအား တောင်းပန်ထားသည်ဟု ဆိုသည်။
သို့သော် ယင်းလုပ်ရပ်သည် ပြိုင်ပွဲစည်း မျဉ်းစည်းကမ်းများနှင့် အားကစားပြိုင်ဆိုင်မှုဆိုင်ရာ စံနှုန်းများကို ထိခိုက်စေသည့်အပြင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ် ချက်ကို ကစားသမားတစ်ဦး၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပြင်ဆင်သကဲ့ သို့ အဓိပ္ပာယ်သက်ရောက်စေနိုင်သော ကြောင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပွဲအပြီး မီဒီယာအင်တာဗျူးတွင် ဒိုင်လူကြီးများနှင့်ပတ်သက်၍ မှတ်ချက်ပေးပြောဆိုခဲ့သည့် ရတနာပုံအသင်းနည်းပြချုပ် ဦးဘိုဘိုအောင်ကိုလည်း ဒဏ်ကြေး ကျပ်ခုနှစ်သိန်း ချမှတ်ခဲ့သည်။
တစ်ဖက်တွင်လည်း ဒိုင်ဆုံးဖြတ်ချက်အ ပေါ် မကျေနပ်သည့်သဘောဖြင့် ကွင်းအတွင်းမှ ထွက်ခွာမည့် ကိုယ်ဟန်အမူအရာ ပြသခဲ့သည့် မြဝတီအသင်းအား နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးထားကြောင်း MFF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image

ပြန်သုံးလို့ရတဲ့ ဒုံးပျံပုံစံငယ်ကို ဂျပန်အောင်မြင်စွာ လွှတ်တင်၊ ပြန်လည်ဆင်းသက်နိုင်ခဲ့

ဂျပန်အာကာသအေဂျင်စီက စမ်းသပ်နေတဲ့ အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်မယ့် ဒုံးပျံရှေ့ပြေးပုံစံငယ်တစ်ခုဟာ အမြင့် ၁၀ မီတာလောက်အထိ တက်သွားခဲ့ပြီးနောက်မှာ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီပျံသန်းမှုဟာ စက္ကန့် ၄၀ လောက် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိမှာ SpaceX ကုမ္ပဏီကပဲ လွှမ်းမိုးထားတဲ့၊ ကုန်ကျစရိတ်တွေ အများကြီးလျှော့ချပေးနိုင်တဲ့ နည်းပညာနယ်ပယ်မှာ ခြေလှမ်းသစ်တစ်ရပ်အနေနဲ့ သူတို့ရဲ့ ပြန်သုံးနိုင်တဲ့ ဒုံးပျံရှေ့ပြေးပုံစံငယ်ဟာ ပထမဆုံးအကြိမ် လွှတ်တင်တာရော၊ ပြန်ဆင်းသက်တဲ့ စမ်းသပ်မှုမှာပါ အောင်မြင်သွားပြီလို့ ဂျပန်အာကာသအေဂျင်စီက စနေနေ့ (ဇူလိုင် ၁၁ ရက်) မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံကလည်း သူတို့ရဲ့ ပထမဆုံး အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ ဒုံးပျံ ပြန်လည်ဆင်းသက်နိုင်မှုကို သောကြာနေ့ကပဲ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ဒီနယ်ပယ်မှာ အမေရိကန်ရဲ့ လွှမ်းမိုးထားနိုင်မှုကို စိန်ခေါ်လာနိုင်တဲ့ အရေးပါတဲ့ တိုးတက်မှုတစ်ခုပါပဲ။
အခုရှေ့ပြေးပုံစံငယ်ဒုံးပျံကို ဂျပန်နိုင်သံ အကီတာ(Akita) ဒေသ၊ နိုရှီရို(Noshiro) မြို့မှာရှိတဲ့ ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ(JAXA) ရဲ့ စမ်းသပ်ကွင်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး အမြင့် ၁၀ မီတာလောက်အရောက်မှာ အောင်မြင်စွာ ပြန်လည်ဆင်းသက်ခဲ့တာပါ။
JAXA ရဲ့ အဆိုအရတော့ ပျံသန်းချိန် စက္ကန့် ၄၀ လောက် ကြာခဲ့တယ်လို့ သိရပါတယ်။
"ဒီအတွက် ကျွန်တော်တို့ အချိန်တွေ၊ အားထုတ်မှုတွေ အများကြီး ပေးဆပ်ခဲ့ရပါတယ်။ အခုတော့ ဒီရှေ့ပြေးပုံစံလေးက ပြဿနာမရှိဘဲ လွှတ်တင်နိုင်ခဲ့သလို ပြန်လည်း ဆင်းသက်နိုင်ခဲ့ပြီဆိုတော့ တော်တော်လေးကို စိတ်သက်သာရာရသွားတယ်လို့ ပြောရမှာပဲ" လို့ စမ်းသပ်မှုကို ဦးဆောင်ခဲ့တဲ့ JAXA က တာကာရှီ အီတို(Takashi Ito) က သတင်းထောက်တွေကို ပြောပါတယ်။
ဒုံးပျံအများစုဟာ တစ်ခါသုံးအနေနဲ့ပဲ တည်ဆောက်ထားကြတာပါ။ အစိတ်အပိုင်းတွေက ပင်လယ်ထဲ ပြုတ်ကျတာ၊ လေထုထဲမှာ လောင်ကျွမ်းသွားတာ ဒါမှမဟုတ် ပတ်လမ်းထဲမှာ အာကာသအမှိုက်တွေအနေနဲ့ ကျန်ရစ်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒုံးပျံကို တွန်းတင်‌ပေးတဲ့ ပထမအဆင့်(First launch stage) ဟာဆိုရင် ကုန်ကျစရိတ် အကြီးမားဆုံး အစိတ်အပိုင်းလို့ သတ်မှတ်ထားကြတာပါ။ ဒါပေမဲ့ အခုလို တချို့အစိတ်အပိုင်းတွေကို ပြန်သုံးလို့ရတဲ့ ဒုံးပျံတွေသာ အသုံးပြုလာနိုင်ရင် လွှတ်တင်စရိတ်တွေကို အများကြီး လျှော့ချပစ်နိုင်မှာ ဖြစ်ပါတယ်။ S

image

မိုးသည်းထန်စွာရွာသွန်း၍ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်ခဲ့မှု ယနေ့ ဇူလိုင် ၁၂ ရက်ညနေ ၄ နာရီ ၂၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်မြို့ရှိ ပုသိမ် -ကြံခင်းသွားရထားလမ်းပိုင်းအတိုင်း ပုသိမ်မြို့ဘက်မှ ကြံခင်းမြို့ဘက်သို့မောင်းနှင်လာသောအမြန်ရထားသည် ရထားလမ်းမိုင်တိုင်အမှတ် ၁၈၇/၂ နှင့် ၁၈၇/၃ ကြားအရောက်ရထားဘီးသံလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပုသိမ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်အတူ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

ဝယ်ယူပြီး စားအုန်းဆီကိုအသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများကိုစိစစ်အရေးယူနေ

ဝယ်ယူထားသည့် စားအုန်းဆီကို အမှန်တကယ်အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူလျက်ရှိသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင် ၁၁ ရက်က အသိပေးကြေညာခဲ့သည်။
ထို့ပြင် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီကို ဇူလိုင်လအတွက် ပြည်သူများထံဖြန့်ဖြူးရာ၌ တိုင်း/ပြည်နယ်အလိုက် လူဦးရေနှင့် စားသုံးမှုနှုန်းပေါ်မူတည်၍ ယခင်လများ၏ ဖြန့်ဖြူးမှုအပေါ်အခြေခံကာလျာထားချက်အတိုင်းအပြည့်အဝရောက်ရှိစေရန် အသုတ်လိုက် ဖြန့်ခွဲပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် စားအုန်းဆီအား စားသုံးသူများထံအပြည့် အဝရောက်ရှိရေးအတွက် သက်ဆိုင်ရာဒေသများတွင်ဖွဲ့စည်းထားသော စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ပြင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများထံ အပြည့်အဝရောက်ရှိစေရေးအတွက်လည်း စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူရရှိရန် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ကဆောင်ရွက်ပေးလျက်ရှိကာ စက်မှုလုပ်ငန်းသုံးစားအုန်းဆီကိုလည်း အမှန်တကယ်လိုအပ်သည့် လုပ်ငန်းအရေအတွက်ပေါ်အခြေခံစိစစ်တွက်ချက်ပြီးဖြန့်ဖြူးရောင်းချရန် စီစဉ်ပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်လို အပ်သည့်အရေအတွက်ကိုသာလျှောက်ထားဝယ်ယူအသုံးပြုကြရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာခဲ့သည်။

image
4 ပတ် - ဘာသာပြန်ပါ။

နိုင်ငံခြားထုတ်ဖိနပ်များနှင့် စျေးကွက်ယှဉ်ပြိုင်နေရသည့် ပြည်တွင်းဖိနပ်ချုပ်လုပ်ငန်းများ

ပြည်တွင်းထုတ်ဖိနပ်စျေးကွက်အတွင်း နိုင်ငံခြားထုတ်ဖိနပ်များနှင့် ယှဉ်ပြိုင်နေရပြီး ပြည်တွင်းထုတ်ဖိနပ်များသည် ၂၅ ရာခိုင်နှုန်းခန့်သာစျေးကွက်အတွင်း လွှမ်းမိုးမှုရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကံညွန့်ကပြောသည်။
ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာသီရိစာသင်တိုက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာဖိနပ်လုပ်ငန်းရှင်များ (MSME Cluster) ဗဟိုအဖွဲ့ချုပ်၏ တိုင်းနှင့် ပြည်နယ်လုံး ဆိုင်ရာ (၁/၂ဝ၂၆)အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဖိနပ်ဈေးကွက် (၇၅)ရာခိုင်နှုန်းကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ အခြားပြည်ပနိုင်ငံတို့ကနေ တင်သွင်းတဲ့ ဖိနပ်တွေက ကြီးစိုးနေပြီး ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ ပြည်တွင်းဈေးကွက်မှာကျတော့ (၂၅)ရာခိုင်နှုန်းသာ လက်ရှိရောင်းချနေရတယ်။ နိုင်ငံတော်က ပြည်ပနိုင်ငံကနေ ဖိနပ်တင်သွင်းခွင့်ကို တားမြစ်ထားပေမယ့် နည်းအမျိုးမျိုးနဲ့ လက်ရှိအချိန်အထိကို ထိုးဖောက်ဝင်ရောက်လျက်ရှိပါတယ်။ ဒါကြောင့် ပြည်တွင်းဝယ်လိုအား ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် (၂)နှစ်အတွင်း (၅ဝ)ရာခိုင်နှုန်း ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ထားပြီးဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကံညွန့်ကပြောသည်။
လက်ရှိတွင် ပြည်တွင်းထုတ်ဖိနပ်လုပ်ငန်းများသည် ပြည်တွင်းတွင် ထွက်ရှိသော ရော်ဘာနှင့် ကုန်ကြမ်း ၈၅ ရာခိုင်နှုန်းကို အသုံးချ၍ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး ဖိနပ်လုပ်ငန်းများ ပိုမိုတိုးတက်ဖွံဖြိုးရေး အတွက် ဖိနပ်စက်မှုရပ်ကွက် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ယင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

‎အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်နာယကချုပ် ဦးကြည်သိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းအောင်မှလည်း အမှာစကားပြောကြားခဲ့သည်။

image
4 ပတ် - ဘာသာပြန်ပါ။

ပြင်ဦးလွင်မြို့၌ပြုလုပ်သည့် မိုးရာသီ နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃,၀၀၀)ပင်စိုက်ပျိုး
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စိန်ပန်းပြာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့

၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇူလိုင် ၁၂ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းရှိ အကွက် အမှတ်(၂)၌ ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် နိုင်ငံတော်သမ္မတက သစ်ပင်စိုက်ပျိုးပွဲများကို ပြည်သူများကြား သစ်တောသစ်ပင်များ၏တန်ဖိုးကိုနားလည်မြတ်နိုးသည့်စိတ်ဓာတ်ဖြစ်ပေါ်လာပြီး သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာပူးပေါင်းပါဝင်လာစေရေးအတွက် နိုင်ငံတော်ကဦးဆောင်၍ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့်ပြုလုပ်ခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် သစ်တောသစ်ပင်များသည် လူသားများအပါအဝင် သက်ရှိအားလုံးရှင်သန်ရပ်တည်နိုင်‌ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေသည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတက စိန်ပန်းပြာပျိုးပင်အား သတ်မှတ်နေရာတွင်ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး တက်ရောက်လာကြသူများ၏ ပျိုးပင်များစိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယနေ့ ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲတွင် ပန်းပွင့်သောသစ်မျိုးများ ဖြစ်သည့် ချယ်ရီ၊ ခရေ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ရတနာတန်းဝင်သစ်မျိုးများဖြစ်သည့် ပျဉ်းကတိုး၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများဖြစ်သည့် ဆီသပြေ၊ ခါတော် မီစသည့် သစ်မျိုး(၈)မျိုး၏ ပျိုးပင်ပေါင်း(၃,၀၀၀)ပင် ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

image