နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ (၄၈)နာ ရီအတွင်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်ရောက်ရှိနိုင် သတိပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေသည် ယနေ့ ဇွန် ၁၈ ရက်မွန်းတည့်ပိုင်းကတိုင်းထွာချက်အရ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁) ပေခွဲကျော်တွင်ရောက်ရှိနေကြောင်း သိရသည်။
ထို့ပြင် နန့်ကောင်းချောင်းရေသည်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၂)ပေခန့်တွင်ရောက်ရှိနေကြောင်း သိရသည်။
ယင်း ချောင်းရေများသည် လာမည့် (၄၈)နာရီအတွင်း၌ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်၍ မိုး ကောင်းမြို့နယ်ရှိ ချောင်းကမ်းအနီး၊ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် ချောင်းရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

image

ပြည်သူ့လွှတ်တော်၌ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း၊ လွှတ်တော်လုပ်ငန်းစဉ်များကို မီဒီယာများသို့ ပုံမှန်ရှင်းလင်းမည်

ပြည်သူ့လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုများကို သတင်းမီဒီယာများနှင့် ပြည်သူလူထုထံ တိကျမြန်ဆန်စွာ အသိပေးနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆) ဦးပါဝင်သည့် သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဇွန် ၁၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှ သိရသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ် ကလောမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒာလှမြင့်၊ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးတို့ကို တာဝန်ပေးအပ်ထားပြီး အဖွဲ့ဝင်များအဖြစ် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးကျော်ဆွေ၊ သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံ၊ ပင်းလောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းရီရီဝင်းနှင့် ရေးမဲဆန္ဒနယ်မှ ဒေါ်မြင့်သန်းတို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ ဖွဲ့စည်းလိုက်ခြင်းဖြင့် ပြည်သူ့လွှတ်တော်၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပြည်သူများ ပိုမိုသိရှိနားလည်လာစေရန်နှင့် လွှတ်တော်နှင့်ပတ်သက်သည့် သတင်းတု၊ သတင်းမှားများကို အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းတုံ့ပြန်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့ပြင် လွှတ်တော်အစည်းအဝေး ကျင်းပသည့်နေ့များတွင် ပြည်သူ့လွှတ်တော် Media Corner ၌ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် (၂) ဦးစီက အလှည့်ကျ တစ်နေ့တာ လွှတ်တော်ဆွေးနွေးမှုများနှင့် ဆောင်ရွက်ချက်များကို သတင်းမီဒီယာများအား အကျဉ်းချုပ် ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် တယ်လီဖုန်းဖြင့် မေးမြန်းချက်များကို ဖြေကြားပေးသွားမည်မဟုတ်သေးဘဲ လွှတ်တော်အစည်းအဝေး ကျင်းပသည့်ရက်များ၌သာ Media Corner မှတစ်ဆင့် တရားဝင် ရှင်းလင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

၂၀၂၇ အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ

၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းများအတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများသို့ မြန်မာနိုင်ငံသားဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားသူများ လျှောက်ထားနိုင်ကာ ၂၀၂၆ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများသာ လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လျှောက်ထားသူသည် လျှောက်လွှာပိတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် အသက် (၂၅) နှစ်ထက် မကျော်လွန်သူ၊ ပြစ်မှုကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ အိမ်ထောင်မရှိသူဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံး အရပ် (၅) ပေရှိကာ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်ဟု သိရသည်။
သင်တန်းဝင်ခွင့်ရွေးချယ်ရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် (၃) ခု၏ စုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ဝက်ဘ်ဆိုက်များမှ ရယူနိုင်ပြီး လိုအပ်သော အထောက်အထားစာရွက်စာတမ်းများနှင့်အတူ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် စာစစ်ဌာနတည်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ သင်တန်းကျောင်းများ၌ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (သူနာပြုဌာန) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

image

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌ မေးမြန်း

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား
မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို အစိုးရအနေဖြင့် မည်သို့တားဆီးနှိမ်နင်းဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) တွင် မေးမြန်းခဲ့သည်။
ဦးကျော်မြင့်နိုင်က Facebook၊ YouTube၊ TikTok၊ Telegram နှင့် Viber ကဲ့သို့သော လူမှုကွန်ရက်ပလက်ဖောင်းများတွင် အွန်လိုင်းလောင်းကစားကြော်ငြာများ နေ့စဉ်တွေ့မြင်နေရပြီး ဝင်ရောက်ဆော့ကစားသူများလည်း များပြားလာကြောင်း ထောက်ပြပြောကြားခဲ့သည်။
“ဥပဒေအားနည်းချက်များကြောင့် လောင်းကစားလုပ်ငန်းများ ပိုမိုပျံ့နှံ့လာပြီး လူကြီး၊ လူငယ်မရွေး၊ နိုင်ငံဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြေခံလူတန်းစားများပါ ပါဝင်လာကြသည်။ ယင်းကြောင့် ဒုစရိုက်မှုများ တိုးပွားလာခြင်း၊ မိသားစုပြဿနာများ ဖြစ်ပေါ်လာခြင်းတို့ရှိနေသဖြင့် အစိုးရအနေဖြင့် မည်သို့တားဆီးနှိမ်နင်းမည်ကို သိရှိလိုပါသည်” ဟု ၎င်းက မေးမြန်းခဲ့သည်။
ယင်းမေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ဖြင့် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ” ကို ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့သည်။
အွန်လိုင်းလောင်းကစားမှုများနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ်တွင် အမှု ၂၆ မှု၊ တရားခံ ၁၂၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် အမှု ၄၄ မှု၊ တရားခံ ၃၇၀ ဦးနှင့် ၂၀၂၆ ခုနှစ်တွင် အမှု ၁၀၂ မှု၊ တရားခံ ၁၅၂ ဦးတို့ကို အရေးယူဆောင်ရွက်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ တရားမဝင် အွန်လိုင်းလောင်းကစား Website နှင့် Application ၁၀၂ ခုကို ပိတ်ပင်ခဲ့ပြီး လူမှုကွန်ရက်ပလက်ဖောင်းများပေါ်ရှိ လောင်းကစားနှင့် ဆက်စပ်သည့် Channel ၈၇၈ ခုနှင့် Account ၄၉၈ ခုကိုလည်း ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ လောင်းကစားလုပ်ငန်းများနှင့် ဆက်စပ်အသုံးပြုနေသည့် SIM Card ၁၄၀,၄၀၉ ခုကိုလည်း ပိတ်သိမ်းခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
လက်ရှိတွင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို ဥပဒေအရ ပိုမိုထိရောက်စွာ အရေးယူနိုင်ရန် “အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်း” ကို လွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ကြောင်းနှင့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

image

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ခြင်းကို ဇွန် ၁၇ ရက်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်၍ ကြီးကြပ်ရေးအဖွဲ့(၅)ဦးကို ရပ်ကွက်နေသူများ၏ ဆန္ဒမဲဖြင့်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များအား ဇွန် ၂၅ ရက်အပြီး ရွေးချယ်သွားမည်ဖြစ်ကာ ရွေးချယ်ခံရသည့် အုပ်ချုပ်ရေးမှူးများအား ဇူ လိုင် ၁ ရက်မှစ၍ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာရမည့်ကျင့်ဝတ်များအား စာတွေ့၊ လက်တွေ့ (၁)လကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေ ကြား

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel တွင် တရုတ်နိုင် ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေကြားခဲ့သည်။
နိုင်ငံတော်သမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ စီးပွားရေးနှင့် ကုန်သွယ် ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ၊ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအပေါ် မြန်မာနိုင်ငံ၏သဘောထားများအပါအဝင် Phoenix သတင်းဌာနမှသိရှိလိုသည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာဖြေကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် ဇွန် ၁၇ ရက်ကလည်း ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၊ ဧည့်ခန်းမဆောင်၌ တ ရုတ်နိုင်ငံ၊ CCTV သတင်းဌာနမှ တွေ့ဆုံမေးမြန်းမှုများကိုလည်း ပြည့်စုံစွာလက်ခံဖြေကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသို့ရောက်ရှိစဉ်အ တွင်း နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခမ်းအ နားများတက်ရောက်ခြင်း၊ ဒေသအသီးသီးရှိ ဖွံ့ဖြိုးတိုး တက်မှုအခြေအနေများကို လေ့လာခြင်းတို့ကိုဆောင် ရွက်လျက်ရှိသည်။

image

ကားတင်မက အိမ်ပါမီးလင်းစေမည့် LEAPMOTOR ၏ အိမ်သုံးစမတ်စွမ်းအင်စနစ်များ မကြာမီခေတ်စားလာဖွယ်ရှိ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့ရှိ LEAPMOTOR ကုမ္ပဏီကို ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုလေ့လာခဲ့သည်။
လက်ရှိကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လျှပ်စစ်ကား (EV) ထုတ်လုပ်သည့် ကုမ္ပဏီများသည် ကားထုတ်လုပ်ရုံတင်မကဘဲ ၎င်းတို့၏ အဆင့်မြင့်ဘက်ထရီနည်းပညာများကို အခြေခံကာ အိမ်သုံးစွမ်းအင်သိုလှောင်မှုစနစ် (Home Energy Storage) ကဏ္ဍထဲအထိ စီးပွားရေးနယ်ပယ် ချဲ့ထွင်လာကြသည်ကို တွေ့ရသည်။
အထူးသဖြင့် တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်သည့် LEAPMOTOR က ပြသထားသည့် အိမ်သုံးအဆင့်မြင့် စမတ်စွမ်းအင်နှင့် ဘက်ထရီသိုလှောင်မှုစနစ်သည် နည်းပညာလောကတွင် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။
အဆိုပါစနစ်သည် နေရောင်ခြည်စွမ်းအင် (Solar)၊ အိမ်သုံးဘက်ထရီ၊ အစိုးရမီးလိုင်း (Grid) နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို စမတ်ကျကျ အလိုအလျောက် ချိတ်ဆက်ထိန်းချုပ်ပေးသည့် စနစ်မျိုးဖြစ်သည်။
ယင်းစနစ်တွင် အဓိကအားဖြင့် အလယ်တွင်ရှိသော အဖြူရောင်သေတ္တာကြီးဖြစ်သည့် LEAPMOTOR ဘက်ထရီ ပါဝင်ပြီး ၎င်းသည် Solar မှရရှိသောမီး သို့မဟုတ် လိုင်းမီးလာချိန်တွင် အရန်မီးအဖြစ် သိုလှောင်ထားပေးမည့် အိမ်သုံးဧရာမ Powerbank ကြီးပင် ဖြစ်သည်။
၎င်း၏ဘေးတွင် တစ်အိမ်လုံး၏ မီးအားကို အလိုအလျောက် စီမံခန့်ခွဲပေးပြီး လျှပ်စစ်စီးကြောင်း ပြောင်းလဲပေးသည့် နှလုံးသားသဖွယ်ဖြစ်သော Inverter စက်အသေးလေး တပ်ဆင်ထားသည်။ ထို့အပြင် အစိုးရမီးလိုင်း (Grid)၊ မီးသုံးစွဲမှုတိုင်းတာသည့် မီတာ (Meter) နှင့် အိမ်တွင်းမီးလိုင်းများကို ဖြန့်ဝေပေးသည့် မိန်းဘုတ် (Distribution Box) တို့နှင့် စနစ်တကျ ချိတ်ဆက်ထားခြင်းဖြစ်သည်။

image

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ လေ့လာ၊ Leapmotor နှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများ ဆွေးနွေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Leapmotor ကုမ္ပဏီသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကုမ္ပဏီတာဝန်ရှိသူများက EV မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နောက်ဆုံးပေါ် မောင်းနှင်မှုနည်းပညာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုခဲ့သည်။
Leapmotor ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ EV စက်မှုလုပ်ငန်းတွင် လျင်မြန်စွာ ကြီးထွားလာသည့် နည်းပညာအခြေပြုကုမ္ပဏီတစ်ခုဖြစ်ပြီး အရည်အသွေးမြင့် လျှပ်စစ်မော်တော်ယာဉ်များနှင့် စမတ်မောင်းနှင်မှုနည်းပညာများကို ဖွံ့ဖြိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ကုမ္ပဏီ၏ e-Drive စနစ်နှင့် Torque Vectoring Control (TVC) နည်းပညာပါဝင်သည့် EDS စနစ်များသည် ယာဉ်၏ မောင်းနှင်နိုင်စွမ်း၊ တည်ငြိမ်မှုနှင့် လုံခြုံရေးစွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် Leapmotor ကုမ္ပဏီသည် EV ထုတ်လုပ်ရေးလုပ်ငန်းများအပြင် ဘက်ထရီနည်းပညာကို အခြေခံသည့် Smart Energy Storage System များကိုပါ ဖွံ့ဖြိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါစနစ်များသည် နေရောင်ခြည်စွမ်းအင် (Solar Energy) နှင့် ချိတ်ဆက်အသုံးပြုနိုင်ပြီး လျှပ်စစ်ဓာတ်အားကို ကြိုတင်သိုလှောင်ထားကာ လိုအပ်သည့်အချိန်တွင် အရန်ဓာတ်အားအဖြစ် အသုံးပြုနိုင်သည့် စမတ်စွမ်းအင်စနစ်များဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ယင်းစနစ်များတွင် ဘက်ထရီသိုလှောင်မှုယူနစ်များ၊ Inverter စနစ်များနှင့် Cloud Platform အခြေပြု စီမံခန့်ခွဲမှုနည်းပညာများ ပါဝင်ပြီး ဓာတ်အားထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် သုံးစွဲမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်နိုင်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် အဆိုပါ EV နည်းပညာများနှင့် Smart Energy Storage စနစ်များကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်မည့် အတွေ့အကြုံများရရှိစေရေး ရည်ရွယ်၍ လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းသည့် အဆင့်မြင့်ကုန်ကြမ်းနည်းပညာများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ Zhejiang Qingshi New Material Technology Co., Ltd. သို့ သွားရောက်၍ နည်းပညာမြင့်ကုန်ကြမ်းပစ္စည်းများ သုတေသနပြုထုတ်လုပ်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအား ကုမ္ပဏီတာဝန်ရှိသူများက နည်းပညာမြင့်ကုန်ကြမ်းပစ္စည်းများ သုတေသနပြုထုတ်လုပ်နေမှု၊ စက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်နေသည့် Green Industry နည်းပညာများကို ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
Zhejiang Qingshi New Material Technology Co., Ltd. သည် နည်းပညာမြင့်ပစ္စည်းအသစ်များကို သုတေသနပြုထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ခေတ်မီစက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် အင်ဂျင်နီယာသုံး ပလတ်စတစ်ကုန်ကြမ်းများ၊ အဆင့်မြင့်အစိုဓာတ်ကာကွယ်ပစ္စည်းများ၊ အီလက်ထရွန်နစ်လုပ်ငန်းနှင့် မော်တော်ယာဉ်လုပ်ငန်းများတွင် အသုံးပြုသည့် နည်းပညာမြင့်ကုန်ကြမ်းများကို အဓိကထုတ်လုပ်လျက်ရှိသည်။
ကုမ္ပဏီ၏ ထူးခြားသော သုတေသနလုပ်ငန်းများအနက် သဘာဝဝါးကုန်ကြမ်းများမှ အဆင့်မြင့်အမျှင်ကုန်ကြမ်းများ ထုတ်လုပ်နိုင်ရေး နည်းပညာလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါနည်းပညာဖြင့် ဝါးကုန်ကြမ်း တန်ချိန် ၂၀၀ မှ ဝါးမျှင်ကုန်ကြမ်း တန်ချိန် ၂၀ ခန့် ထုတ်ယူနိုင်ပြီး အဆိုပါဝါးမျှင်များကို အဆင့်မြင့်အထည်အလိပ်များ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းသည့် ထုတ်ကုန်များတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ဝါးမျှင်အခြေပြု ထုတ်ကုန်များသည် ပြန်လည်ဖြစ်ထွန်းနိုင်သော သဘာဝအရင်းအမြစ်များကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနှင့် ရေရှည်တည်တံ့သော စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် Green Industry နည်းပညာတစ်ရပ်အဖြစ် အသိအမှတ်ပြုခံထားရကြောင်း သိရသည်။
ထို့အပြင် သဘာဝဝါးမျှင်နှင့် ဂွမ်းစစ်စစ်တို့ကို ပေါင်းစပ်အသုံးပြုထားသော အဆင့်မြင့်အထည်အလိပ်များ၊ အိပ်ရာဝင်ဝတ်စုံများနှင့် ကျန်းမာရေးအထောက်အကူပြု အဝတ်အထည်များကိုလည်း ထုတ်လုပ်လျက်ရှိပြီး ယင်းထုတ်ကုန်များသည် လေဝင်လေထွက်ကောင်းမွန်ခြင်း၊ စိုထိုင်းဆစုပ်ယူနိုင်ခြင်းနှင့် သက်တောင့်သက်သာ ဝတ်ဆင်နိုင်ခြင်းတို့ကြောင့် နိုင်ငံတကာဈေးကွက်များတွင် လူကြိုက်များလာလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် လေ့လာရေးခရီးစဉ်အတွင်း နည်းပညာမြင့်ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍတွင် နည်းပညာအသုံးချဆောင်ရွက်နေမှုများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ပြီး မြန်မာနိုင်ငံ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးချနိုင်မည့် အတွေ့အကြုံများကို ရယူခဲ့ကြောင်း သိရသည်။

image

ပြင်းအား ၃.၄ အဆင့်ငလျင် သြစတြေးလျ ရွှေတွင်းကြီးတွင် လှုပ်

သောကြာနေ့အစောပိုင်းက ပြင်းအား ၃.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် သြစတြေးလျနိုင်ငံ ဆစ်(ဒ)နီမြို့အနောက်ဘက်ရှိ အဓိကရွှေတွင်းတစ်ခုတွင် လုပ်ငန်းများ ခေတ္တရပ်နားထားသည်။
နူးဆော့သ်ဝေးလ်ပြည်နယ် ဆစ်(ဒ)နီမြို့အနောက်ဘက် ၂၁၀ ကီလိုမီတာအကွာ ကာဒီရာ ရွှေတူးဖော်မှုဇုံ အတွင်းရှိ အနက် ၁ ကီလိုမီတာတွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဂျီအိုဆိုင်းယင့်စ် ဩစတြေးလျက ပြောကြားခဲ့ပါသည်။
သတ္တုတွင်း ပိုင်ရှင်နှင့် အော်ပရေတာဖြစ်သော နူးမောင့်တ်ကော်ပိုရေးရှင်းက မြေအောက်ဝန်ထမ်းများအားလုံးကို မြေပြင်ပေါ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ မြေအောက်လုပ်ငန်းတွေကို ခေတ္တရပ်ထားပါတယ်” ဟု ၎င်းကဆိုသည်။
ကာဒီရာ သည် သြစတြေးလျနိုင်ငံ၏ အကြီးဆုံးရွှေတူးဖော်ရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၄ တွင် ၄၆၄,၀၀၀ အောင်စနှင့် ၂၀၂၅ တွင် ၃၈၅,၀၀၀ အောင်စရှိသည်။
ဧပြီလ ၁၄ ရက် နေ့က လှုပ်ခတ်ခဲ့သော ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်ကြောင့် ပျက်စီးမှုများကြောင့် ဧပြီလနှင့် မေလတို့တွင် မိုင်းတွင်းလုပ်ငန်းများကို ရက်သတ္တပတ်များစွာ ဆိုင်းငံ့ထားခဲ့သည်။
ဆစ်(ဒ)နီမြို့၏အနောက်ဘက် ၇၅၀ ကီလိုမီတာအကွာရှိ ဝေးလံခေါင်သီသော ဝီလ်ကာန်နီရာ အနီး၌ ပြင်းအား ၃.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် သောကြာနေ့တွင် NSW တွင် မှတ်တမ်းတင်ထားသော ကာဒီရာ မြေငလျင်သည် ဒုတိယမြောက် လှုပ်ခတ်မှုဖြစ်သည်။

image