လက်ရွေးစင်ဟောင်း နောက်ခံလူ ဇော်မင်းထွန်းထိုင်းလိဂ်-၃ ကလပ် ဖူတီရာယူနိုက်တက်အသင်းမှာ ကစားမယ်

မြန်မာ့လက်ရွေးစင်ဟောင်း နောက်ခံလူ ဇော်မင်းထွန်းဟာ ထိုင်းလိဂ်-၃ ကလပ် ဖူတီရာယူနိုက်တက်အသင်းမှာ ကစားသွားမယ်လို့သိရပါတယ်။
ထိုင်းလိဂ်-၃ ကလပ် ဖူတီရာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက မြန်မာ့လက်ရွေးစင်ဟောင်း နောက်ခံလူ ဇော်မင်းထွန်းကို စာချုပ်ချုပ်ဆို ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ဖူတီရာယူနိုက်တက်အသင်းဟာ ဇော်မင်းထွန်းရဲ့ စာချုပ်သက်တမ်းကို ထည့်သွင်းဖော်ပြခြင်းမရှိတာကြောင့် တစ်ရာသီသက်တမ်းသာ ဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။
ဖူတီရာယူနိုက်တက်အသင်းဟာ ထိုင်းလိဂ်-၃ Central Region ပြိုင်ပွမှာ ယှဉ်ပြိုင်နေတဲ့ အသင်းဖြစ်ပါတယ်။ ဖူတီရာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ထိုင်းလိဂ်-၃ Central Region ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းယှဉ်ပြိုင်ရာ အဆင့် ၈ နေရာရခဲ့ပါတယ်။
ဇော်မင်းထွန်းဟာ ဖူတီရာယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၃ ဝတ်ဆင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ဖူတီရာယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲများ ကစားနေလျက်ရှိပြီး ဖော်မင်းထွန်းမှာလည်း ဝင်ရောက်ကစားနေကြောင်း သိရပါတယ်။ လာမယ့်ရာသီ ထိုင်းလိဂ်-၃ ပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှာ စတင်မှာပါ။

image

ဧရာဝတီအမျိုးသမီးအသင်း အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ မြောက်ကိုရီးယား၊ ဂျပန်၊ အီရန်ကလပ်အသင်းတို့နဲ့ ကျရောက်

ဧရာဝတီအမျိုးသမီးအသင်းဟာ ၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု(A)မှာ လက်ရှိချန်ပီယံမြောက်ကိုရီးယား၊ ဂျပန်၊ အီရန်အမျိုးသမီးကလပ်အသင်းတို့နဲ့ ကျရောက်ခဲ့ပါတယ်။
၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို စက်တင်ဘာ ၃ ရက် (ယနေ့)မှာ အာရှဘောလုံးအဖွဲ့ ချုပ် (AFC) ရုံးစိုက်ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
AFC အနေနဲ့ ၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကို လာမယ့်အောက်တိုဘာကနေ ၂၀၂၇ ခုနှစ် မေလအထိ ကျင်းပပြုလုပ်သွားရန် လျာထားလျက်ရှိကြောင်း သိရပါတယ်။ ပြိုင်ပွဲကို ခြေစစ်ပွဲအောင် အသင်း ၆ သင်းနဲ့ တိုက်ရိုက်ဝင်ခွင့်ရ အသင်း ၆ သင်း၊ စုစုပေါင်း အသင်း ၁၂ သင်းနဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းကို လေးသင်း သုံးအုပ်စုခွဲ ကျင်းပသွားမှာဖြစ်ပြီး အုပ်စုတစ်ခုစီကနေ ထိပ်ဆုံးရပ်တည်မှုအရ အသင်းနှစ်သင်းစီနဲ့ အကောင်းဆုံးအုပ်စုတတိယရ အသင်းနှစ်သင်း၊ စုစုပေါင်း အသင်း ရှစ်သင်းမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်ကစားခွင့် ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ပွဲကို မြောက်ကိုရီးယားကလပ် အသင်းနှစ်သင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ အီရန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဥဇဘက်ကစ္စတန်၊ မြန်မာတို့မှ ကလပ်အသင်းတစ်သင်းစီ ပါဝင်ယှဉ် ပြိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိအုပ်စုခွဲဝေထားမှုအရ အုပ်စု(A)မှာ လက်ရှိချန်ပီယံ မြောက်ကိုရီးယားကလပ် နေဂိုယန်း၊ ဂျပန်ကလပ် ကိုဘေး၊ အီရန်ကလပ် ဘမ်ခါတွန်း၊ မြန်မာကလပ် ဧရာဝတီ၊ အုပ်စု(မှာ တောင်ကိုရီးယားကလပ် ဟွာချွန်း၊ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး၊ အိန္ဒိယကလပ် အရှေ့ဘင်ဂေါ၊ မြောက်ကိုရီးယားကလပ် ၄.၂၅ စပေါ့စ်၊ အုပ်စု(C)မှာ သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီး၊ တရုတ်ကလပ် ဘေဂျင်းဂျင်တန်၊ ဖိလစ်ပိုင်ကလပ် ကာယာ၊ ဥဇဘက်ကစ္စတန်ကလပ် PFC အသင်းတို့ ကျရောက်နေလျက်ရှိပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲအဆင့်ကို ရှုံးပွဲမရှိ၊ ပေးဂိုးမရှိဖြင့် အောင်မြင်ထားခြင်းဖြစ်ပါတယ်။ ဧရာဝတီအမျိုးသမီး အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ စင်ကာပူကလပ် ဂျူရောင်းအသင်းကို (၄-ဝ) ဂိုး၊ လက်ဘနွန်ကလပ် နိုးလစ်မစ်အသင်းကို (၈-ဝ) ဂိုး၊ တိုင်ပေကလပ် နယူးတိုင်ပေစီးတီးအသင်းကို (၁-ဝ) ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ပါတယ်။

image

ထိုင်း၊ အင်ဒိုနီးရှား ၊ကမ္ဘောဒီးယား ဖူဆယ်ကလပ်နဲ့ မြန်မာဖူဆယ်ကလပ်တွေ ပါဝင်မယ့် Fire Dragon International Futsal Cup 2026 ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်မှာ စတင်မယ်

ထိုင်း၊ အင်ဒိုနီးရှား ၊ကမ္ဘောဒီးယား ဖူဆယ်ကလပ်နဲ့ မြန်မာဖူဆယ်ကလပ်တွေ ပါဝင်မယ့် Fire Dragon International Futsal Cup 2026 ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်မှာ စတင်ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
Fire Dragon International Futsal Cup 2026 ပြိုင်ပွဲမှာ ပြည်ပကလပ်တွေဖြစ်တဲ့ ထိုင်းဖူဆယ်ကလပ် Black Pearl United ၊ အင်ဒိုနီးရှားကလပ် Black Steel Fc Papua နဲ့ ကမ္ဘောဒီးယားဖူဆယ်ကလပ် Lucky Fc တို့ ပါဝင်မှာဖြစ်ပြီး မြန်မာကလပ်တွေအနေနဲ့ YCDC DREAM TEAM FC၊ YRG FC၊ MIU FC၊ M 2 K FC နဲ့ TG UNITED တို့ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမှာပါ။
Group A မှာ အင်ဒိုနီးရှားကလပ် Black Steel Fc Papua ၊ ကမ္ဘောဒီးယားဖူဆယ်ကလပ် Lucky Fc ၊ မြန်မာဖူဆယ်ကလပ်နှစ်သင်းဖြစ်တဲ့ YCDC DREAM TEAM FC နဲ့ TG UNITED တို့ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဥ်မှာ YCDC DREAM TEAM FC နဲ့ TG UNITED ၊ Black Steel Fc Papua နဲ့ Lucky Fc တို့ တွေ့ဆုံနေပါတယ်။
Group B မှာ ထိုင်းဖူဆယ်ကလပ် Black Pearl United၊ YRG FC၊ MIU FC နဲ့ M 2 K FC အသင်းတို့ ကျရောက်နေပြီး အုပ်စုအဆင့်ပထမပွဲစဥ်မှာ Black Pearl United နဲ့ MIU FC ၊ YRG FC နဲ့ M 2 K FC အသင်းတို့ယှဥ်ပြိုင်ကစားရမှာပါ။
အုပ်စု ပထမရအသင်း၊ ဒုတိယရအသင်းတွေအနေနဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်‌တွေကို ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲနဲ့ တတိယလုပွဲတွေ ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

image

လာမယ့်နိုဝင်ဘာအတွင်း ဘရာဇီးလ်အသင်း စင်ကာပူနိုင်ငံမှာ ခြေစမ်းပွဲ (၂)ပွဲကစားမယ်

တောင်အမေရိကထိပ်သီး ဘရာဇီးလ်အသင်းအနေနဲ့ လာမယ့်နိုဝင်ဘာအတွင်း စင်ကာပူနိုင်ငံမှာ ခြေစမ်းပွဲ (၂)ပွဲကစားမှာဖြစ်ကြောင်း သိရပါတယ်။
ဘရာဇီးလ်အသင်းဟာ နိုဝင်ဘာ (၁၄)ရက်မှာ ဂျပန်အသင်း၊ နိုဝင်ဘာ (၁၇)ရက်မှာ အိမ်ရှင် စင်ကာပူအသင်းတို့နဲ့ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အဲဒီပွဲ (၂)ပွဲစလုံးကို စင်ကာပူနိုင်ငံရှိ ပရိသတ် (၅)သောင်းခွဲကြည့်ရှုနိုင်တဲ့ National Stadium မှာ ကျင်းပသွားမှာပါ။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက် (၁၆)သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရတဲ့ ဘရာဇီးလ်အသင်းအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း ခြေစမ်းပွဲ (၅)ပွဲအထိကစားရန် စီစဉ်ထားကြောင်း သိရပါတယ်။
ဘရာဇီးလ်အသင်းအနေနဲ့ အခုစက်တင်ဘာ နှောင်းပိုင်းနဲ့ အောက်တိုဘာအစောပိုင်းရက်တွေမှာ ခြေစမ်းပွဲအဖြစ် ဩစတြေးလျနဲ့ (၂)ပွဲ၊ အိန္ဒိယနဲ့ (၁)ပွဲ စတင်ကစားသွားမှာပါ။

image

စပါးအသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းကနေ ရစ်ချာလီဆန် ချန်လှပ်ခံခဲ့ရပြီး တူရကီကို ပြောင်းရွှေ့ဖွယ်ရှိနေ

ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ စပါးအသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရကြောင်း သိရပါတယ်။
နွေရာသီအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းပြီးနောက် အသစ်တင်သွင်းရတဲ့ ကစားသမား(၂၅)ဦးစာရင်းမှာ စပါးအသင်းက ရစ်ချာလီဆန်ကို ချန်လှပ်ထားခဲ့တာပါ။
ရစ်ချာလီဆန်က ပရီးမီးယားလိဂ်အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အသင်းဟောင်း အဲဗာတန်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမဲ့ မဖြစ်မြောက်ခဲ့ဘဲ စပါးအသင်းမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ တူရကီလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်က စက်တင်ဘာ(၄)ရက် ဒီနေ့မှ ပိတ်သိမ်းမှာဖြစ်ပြီး ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်ကလည်း စက်တင်ဘာ(၆)ရက်မှ ပိတ်သိမ်းမှာဖြစ်တာကြောင့် ရစ်ချာလီဆန်အနေနဲ့ အသင်းပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေးရှိနေပါသေးတယ်။
သတင်းတွေအရ တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းက ရစ်ချာလီဆန်ကို စျေးကွက်မပိတ်ခင် ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရပါတယ်။
ထရက်ဇွန်စပေါ်အသင်းက ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီး စပါးမှာ ရရှိနေတဲ့လစာရဲ့ (၃)ဆအထိ ပေးအပ်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြမှုတွေ ရှိနေပါတယ်။

image

အယ်လ်ဟီလာကို ရောက်ရှိတဲ့ ပထမဆုံးနေ့မှာပဲ မာတင်နယ်လီ လေ့ကျင့်မှုပြုလုပ်

အာဆင်နယ်အသင်းကနေ အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီဟာ အသင်းသစ်ကို ရောက်ရှိတဲ့ ပထမဆုံးနေ့မှာပဲ လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အယ်လ်ဟီလာအသင်းက မာတင်နယ်လီကို ပေါင်သန်း(၆၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တခြားအသင်းဆီ ပြန်လည်ရောင်းထုတ်ခဲ့မယ်ဆိုရင် အကျိုးအမြတ်ကို အာဆင်နယ်အသင်းဆီ ရာခိုင်နှုန်းနဲ့ ပေးချေရမယ်လို့ သိရပါတယ်။
အယ်လ်ဟီလာအသင်းက မာတင်နယ်လီကို မနေ့က စာချုပ်ချုပ်ဆိုမှုပြုလုပ်ခဲ့ပြီး စာချုပ်သက်တမ်းက (၄)နှစ်ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို ဆယ်ကျော်သက်အရွယ်ကတည်းက ရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ(၂၇၈)ပွဲကစားကာ (၆၂)ဂိုး သွင်းယူပေးထားတဲ့ မာတင်နယ်လီက အသင်းမှာ ဆက်ကစားဖို့ ဆန္ဒရှိခဲ့ပေမဲ့ အရောင်းစာရင်း တင်သွင်းခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲမှာ အသင်းလူစာရင်းထဲ ထည့်သွင်းမခံခဲ့ရတဲ့နောက် မာတင်နယ်လီက အယ်လ်ဟီလာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ပါတယ်။
မာတင်နယ်လီ(၂၅ နှစ်)က အယ်လ်ဟီလာအသင်းနဲ့ ချက်ချင်းလေ့ကျင့်မှုပြုလုပ်ခဲ့တာကြောင့် ဒီနေ့ည ယှဉ်ပြိုင်ရမယ့် အယ်လ်ရှာဘတ်နဲ့ပွဲမှာ စတင်ပွဲထွက်ကစားဖွယ်ရှိကြောင်း သိရပါတယ်။

image

စပိန်နောက်ခံလူ မားကို့စ်လော်ရန်တေး လက်ရွေးစင်ကစားသမားဘဝက အနားယူ

အက်သလက်တီကိုအသင်းရဲ့ စပိန်နောက်ခံလူ မားကို့စ်လော်ရန်တေးဟာ အသက်(၃၁)နှစ်အရွယ်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူလိုက်ကြောင်း သိရပါတယ်။
မားကို့စ်လော်ရန်တေးက နည်းပြ အန်နရီကေးလက်ထက် ၂၀၂၀ ခုနှစ်မှာ စပိန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင်သက်တမ်း(၆)နှစ်အတွင်းမှာ (၂၇)ပွဲ ကစားပေးခဲ့ပါတယ်။
ယူရို-၂၀၂၀၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး ချန်ပီယံဆုရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းအတွက် (၃)ပွဲကစားခွင့်ရခဲ့ပါတယ်။
''ကျွန်တော် အများကြီးစဉ်းစားပြီးမှ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကမ္ဘာ့ဖလားရရ၊ မရရ အနားယူဖို့ ဆုံးဖြတ်ထားခဲ့ပြီးသားပါ'' လို့ မားကို့စ်လော်ရန်တေးက ပြောကြားခဲ့ပါတယ်။
မားကို့စ်လော်ရန်တေးက လက်ရှိအချိန်မှာ သူ့အတွက် တစ်ခုတည်းသော စိတ်လှုပ်ရှားစရာက အက်သလက်တီကိုအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ရေးပဲ ရှိတော့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မားကို့စ်လော်ရန်တေးက ရီးယဲလ်မက်ဒရစ်အသင်းကနေ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖလား၊ အက်သလက်တီကိုနဲ့ လာလီဂါချန်ပီယံဆုတွေ ရယူနိုင်ခဲ့ပါတယ်။

image

နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် စတင်ထွက်ခွာခဲ့သည်။
အဆိုပါခရီးစဉ်သည် ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေစဉ် ဗီယက်နမ်နိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့အတူ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်နိုင်ငံအစိုးရများနှင့် လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးအပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် အခြားအလားအလာရှိသည့် ကဏ္ဍများ၌ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရေးတို့ကို အလေးထားဆွေးနွေးသွားမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ နှစ်နိုင်ငံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းများကို ဖော်ဆောင်သွားမည်ဖြစ်သည်။
ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ဒီဂျစ်တယ်နည်းပညာနှင့် ခေတ်မီစက်မှုလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို သွားရောက်လေ့လာမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား နည်းပညာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း လေ့လာဖော်ထုတ်သွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြကြောင်း သိရသည်။

image

မန္တလေးငလျင်ကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိရှိ သင်တန်းကျောင်းနှင့် ကျောက်မျက်ပြတိုက်ကို အကြီးစား ပြန်လည်ပြုပြင်နေ

မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိမြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သင်တန်းကျောင်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) တို့ကို အကြီးစား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကျောင်း ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီးတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးက လာမည့်ဘဏ္ဍာနှစ်တွင် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဝန်ထမ်းများ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် စည်းမျဉ်းစည်းကမ်းများ နားလည်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် အကြီးစား ပြုပြင်တည်ဆောက်နေမှု၊ မဏိရတနာကျောက်စိမ်းခန်းမ အဝင်ပိုင်း ပြင်ဆင်ထားရှိမှု၊ ကျောက်မျက်ရတနာပြပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ကျောက်စိမ်းဥယျာဉ် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကိုပါ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

မြန်မာနိုင်ငံအလယ်ပိုင်းတွင် Cyber City တည်ဆောက်ရန် စီစဉ်နေ၊ ရုရှားနှင့် အာဆီယံနိုင်ငံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပထမဆုံးသော Cyber City တစ်ခု တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ရုရှားနှင့် အာဆီယံနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ဖိတ်ခေါ်လိုက်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်၏ ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်စဉ် ဒုတိယဝန်ကြီးက ထိုသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်များ၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦ၊ ဒစ်ဂျစ်တယ်လုံခြုံရေး၊ Smart City ဆိုင်ရာ အခြေခံအဆောက်အဦများ၊ ဒစ်ဂျစ်တယ်အစိုးရ၊ ပြည်သူဗဟိုပြု ဝန်ဆောင်မှုများနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ၌ ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲကို ရုရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Sergey Katyrin က ဦးဆောင်ခဲ့ပြီး ရုရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image