Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံး တပ်ဆင်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ နာတာရှည်ကျောက်ကပ်ရောဂါအတွက် ငွေကြေးစိုက်ထုတ်ကုန်ကျမှုမရှိဘဲ ကျောက်ကပ်သွေးသန့်စင်ကုသမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေး လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံးနှင့် ရေသန့်စက်များ တပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောက်ကပ်သွေးသန့်စင်စက်များ တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယမန်နေ့တွင် သွားရောက်ကြည့်ရှုခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ပေးအပ်လျက်ရှိသည်။
လက်ရှိတွင် အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ ကျောက်ကပ်သွေးသန့်စင်စက် ၄ လုံးဖြင့် တစ်လလျှင် ပျမ်းမျှလူနာ ၁၂၆ ဦးအား ၁၃၀ ကြိမ် ကျောက်ကပ်သွေးသန့်စင်ဝန်ဆောင်မှု ပေးလျက်ရှိသည်။
အလားတူ အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင်လည်း တစ်လလျှင် ပျမ်းမျှလူနာ ၁၄ ဦးအား ၁၀၁ ကြိမ် ကျောက်ကပ်သွေးသန့်စင်ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆေးရုံ၊ ဆေးခန်းနှင့် စာချုပ်ဆေးခန်းများ ဖွင့်လှစ်ထားပြီး အကျုံးဝင်အာမခံအလုပ်သမားများအတွက် ဆေးကုသမှုဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်ရှိ ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁၆၉၄ စုအတွက် ဆန်အိတ်များ ထောက်ပံ့
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁၆၉၄ စုအတွက် တန်ဖိုးငွေကျပ် ၁၁၈ ဒသမ ၅၈ သန်းရှိ ဆန်အိတ် ၁၆၉၄ အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
ထောက်ပံ့ပေးအပ်ပွဲကို မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အောင်ဇေရန်အောင်ဘုရားဝင်းအတွင်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းမြေနေရာများနှင့် အလှူရှင်များ၏ မြေနေရာများတွင် ခိုလှုံနေထိုင်လျက်ရှိသည့် ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁၆၉၄ စုအတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အိမ်ထောင်စုများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန် ၁၂ ပြည်ပါအိတ် ၉၅၄ အိတ်နှင့် အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်က ဆန် ၁၂ ပြည်ပါအိတ် ၇၄၀ အိတ် ထောက်ပံ့ခဲ့ရာ စုစုပေါင်း ဆန်အိတ် ၁၆၉၄ အိတ်ဖြစ်ပြီး တန်ဖိုးငွေကျပ် ၁၁၈,၅၈၀,၀၀၀ ရှိကြောင်း သိရသည်။ S
မကွေးမြို့ ကမ်းနားလမ်း၌ River View Point Pavilion အပန်းဖြေစခန်း တည်ဆောက်နေ
မကွေးမြို့တွင် ဧရာဝတီမြစ်ကမ်းအလှကို အခြေခံ၍ အများပြည်သူ စိတ်အပန်းဖြေနိုင်မည့် River View Point Pavilion အပန်းဖြေစခန်းကို ကမ်းနားလမ်း၌ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
မကွေးမြို့၏ မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး ဘေးကင်းလုံခြုံသည့် အများပြည်သူအပန်းဖြေရာ နေရာသစ်တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
စီမံကိန်းလုပ်ငန်းခွင်သို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအတွက် စနစ်ကျသည့် စိတ်အပန်းဖြေရာနေရာတစ်ခု ဖြစ်ပေါ်လာစေရေး၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးတို့ကို မှာကြားခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နတ်မောက်လမ်းနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် လမ်းဘေးပလက်ဖောင်းများ ပြုလုပ်နေမှု၊ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် မကွေးမြို့ရှိ အဓိကလမ်းဆုံများတွင် မီးပွိုင့်များ အဆင့်မြှင့်တင်တပ်ဆင်နေမှုတို့ကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းနှင့် ဒလမြို့နယ်တို့တွင် ဆိုင်ကယ်စီးနင်းခွင့်ပြုရေး ယနေ့ ရန်ကုန်တိုင်းလွှတ်တော်၌ မေးမြန်းမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွမ်းခြံကုန်းနှင့် ဒလမြို့နယ်တို့တွင် ဆိုင်ကယ်စီးနင်းခွင့်ပြုရေးအပါအဝင် ကြယ်ပွင့်ပြမေးခွန်း ၂၀ ကျော်ကို ယနေ့ ဩဂုတ် ၃၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့၌ လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဒေါ်စန္ဒာဝင်းက ကွမ်းခြံကုန်းမြို့နယ်အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုရေးနှင့် ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးသန်းဦးက ဒလမြို့နယ်အတွင်း ဆိုင်ကယ်များ စီးနင်းခွင့်ပြုပေးရေးတို့ကို ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မေးမြန်းသွားမည်ဖြစ်သည်။
ထို့ပြင် ကျောက်တံတား၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ သန်လျင်၊ တောင်ဥက္ကလာပ၊ သာကေတ၊ ကမာရွတ်၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ဗိုလ်တထောင်၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ လှည်းကူး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့်နှင့် အလုံမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များက ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မေးမြန်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၂၃/၅ တွင် ပေ ၅၀၀ ခန့် ရေကျော်နေ၊ အရှိန်လျှော့မောင်းနှင်ရန် သတိပေး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၂၃/၅ တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းပေါ်သို့ အလျားပေ ၅၀၀ ခန့် ရေကျော်လျက်ရှိသဖြင့် ယာဉ်မောင်းများ အရှိန်လျှော့၍ သတိထားမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ယနေ့ (ဩဂုတ် ၃၁ ရက်) တွင် အထူးသတိပေးထားသည်။
အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၃/၄ နှင့် ၁၂၃/၆ ကြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်မှစတင်ကာ မိုင်တိုင်အမှတ် ၁၂၃/၅ နေရာ၌ လမ်းအနောက်ဘက်မှ အရှေ့ဘက်သို့ဖြတ်၍ အမြန်လမ်းပေါ်သို့ အလျားပေ ၅၀၀ ခန့် ရေကျော်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ သွားသည့်လမ်း၌ ယာဉ်များ ကောင်းမွန်စွာသွားလာနိုင်ပြီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ပြန်သည့်လမ်း၏ ညာဘက်အစွန်ယာဉ်ကြော၌ ရေအနက် ပျမ်းမျှ ၆ လက်မခန့် ကျန်ရှိနေကြောင်း အသိပေးထားသည်။
ထို့ကြောင့် ယင်းနေရာကို ဖြတ်သန်းမည့် ယာဉ်မောင်းများအနေဖြင့် အရှိန်လျှော့၍ ဘယ်ဘက်ကပ်မောင်းနှင်ရန်၊ လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း လိုက်နာရန်နှင့် မိုင်တိုင် ၁၂၃/၅ သို့ မရောက်မီ ကြိုတင်အရှိန်လျှော့မောင်းနှင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အထူးသတိပေးထားသည်။
(၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံသို့ ထွက်ခွာ
ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ (ဩဂုတ် ၃၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရုရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ဒုတိယသမ္မတနှင့်အဖွဲ့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
သံလွင်မြစ်ရေ ဘားအံမြို့၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန်အသိပေး
ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေသည် ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် ဘားအံမြို့၏စိုးရိမ်ရေမှတ်အ ထက်(၈၇)စင်တီမီတာကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
ဘားအံမြို့၏စိုးရိမ်ရေမှတ်မှာ (၇၅၀)စင်တာမီတာဖြစ်ပြီး လက်ရှိအချိန်၌ (၈၃၇)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီးအနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများစတင်ဖြစ်ပေါ်လာလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မြစ်ကမ်းအနီးနှင့် ရေဝင်နိုင်သည့်နေရာများတွင် နေထိုင်သူများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ သတိပေးချက်များကို အလေးထားလိုက်နာကာ လိုအပ်သောကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ရေကျသွား၍ အ.ထ.က(အိုင်သပြု)ကျောင်းအတွင်း ရှင်းလင်းမှုများပြုလုပ်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ရေကြီးရေလျှံမှုမှာပြန်လည်ကျဆင်းလာပြီဖြစ်၍ သန့်ရှင်းရေးပြုလုပ်ခြင်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့ သြဂုတ် ၃၁ ရက်တွင် အ.ထ.က(အိုင်သပြု)ကျောင်းရှိ စာသင်ခန်းများနှင့် ကျောင်းဝင်းအတွင်းတို့၌တင်ကျန်ခဲ့သည့် ရွှံ့နွံများ၊ အမှိုက်သရိုက်များကို မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြစ်ရေမြင့်တက်လာ၍ ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါ်၌ ရေကျော်မှုများစတင်ဖြစ်ပေါ်
မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေမြင့်တက်လာသဖြင့် ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းမှစတင်ကာ ရန်ကုန်-မော်လမြိုင်သွားရထားလမ်းပေါ်သို့ ရေကျော်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
" လတ်တလော ရထားလမ်းပေါ်ကိုရေတွေအများကြီးတော့မတက်သေးဘူး။ ဒုံဝန်းဘူတာနဲ့ သိမ်ဆိပ်ဘူတာကြားက ရထားလမ်းပေါ်ကိုရေတက်နေတာပါ။ ဂရုစိုက်တာကတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၇)လက်မခန့်အလိုတွင်ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလကအသိပေးထားကြောင်း သိရသည်။
ထို့ကြောင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလကအသိပေးနှိုးဆော်ထားသည်။