ဆာလီဘာ ဒဏ်ရာရရှိနေမှုကြောင့် ဂျွန်စတုန်းကို ခေါ်ယူပြီး ယာယီပြဿနာဖြေရှင်းရန် အာဆင်နယ် ကြိုးပမ်းလာ
=======================

အာဆင်နယ်ဟာ ဝီလီယမ်ဆာလီဘာရဲ့ ဒဏ်ရာသာ ပြင်းထန်နေမည်ဆိုပါက ဂျွန်စတုန်းအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူပြီး ခံစစ်ပြဿနာအား ယာယီဖြေရှင်းရန် အလေးအနက်ထား စဉ်းစားနေပါတယ်။
ဆာလီဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကျောဒဏ်ရာထပ်မံ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဒဏ်ရာအတိမ်အနက်ကို မစစ်ဆေးရသေးပါဘူး။ ဒါပေမဲ့ ဒဏ်ရာအခြေအနေမှာ ဆိုးရွားနေမည်ဆိုပါက ဆာလီဘာမှာ ၅ လအထိ အနားယူရနိုင်ခြေ ရှိနေပါတယ်။
အသက် ၂၅ နှစ်ရှိ ဆာလီဘာဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်တွင် ကစားစဉ်ကတည်းက ဒဏ်ရာပြဿနာ ကြုံလာတာ ဖြစ်ပြီး စပိန်ကို ရှုံးနိမ့်တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ လူစားလဲခဲ့ရပါတယ်။
ဒါကြောင့်လည်း ပရီးမီးယားလိဂ်ချန်ပီယံဟာ ကလပ်လက်မဲ့ ဖြစ်နေတဲ့ ဂျွန်စတုန်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မှုနှင့်အတူ ခံစစ်ပြဿနာကို ယာယီဖြေရှင်းရန် စဉ်းစားနေပါတယ်။
အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာ မန်စီးတီးတွင် ဂွါဒီယိုလာလက်အောက်တွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်စဉ်တုန်းက အသက် ၃၂ နှစ်ရှိ ဂျွန်စတုန်းနှင့် အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။
ဂျွန်စတုန်းဟာ မန်စီးတီးတွင် ၁၀ နှစ်ကြာ ကစားပြီးနောက် ဇွန်လအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာခဲ့ပါတယ်။
ဂျွန်စတုန်းဟာ နိုဝင်ဘာလနောက်ပိုင်းတွင် မန်စီးတီးအတွက် ၄ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရလာခဲ့ပေမဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲရှုံးထွက်အဆင့်ပွဲစဉ်များတွင် အင်္ဂလန်ရဲ့အရေးပါတဲ့ ခံစစ်သမားအဖြစ် ကစားခွင့်ရခဲ့ပါတယ်။

image

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကျည်ကာမှန်နောက်ကွယ်တွင် အင်ဖန်တီနိုနှင့်အတူ ကြည့်ရှုအားပေးခဲ့တဲ့ ဒေါ်နယ်ထရမ့်
======================

ဒေါ်နယ်ထရမ့်ဟာ အမေရိကန်တွင် နောက်ထပ် တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ အမြန်ဆုံးကျင်းပခွင့် ရရှိရေး တောင်းဆိုမှုများ ပြုလုပ်နေပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပထမဆုံး ကိုယ်တိုင်တက်ရောက် ကြည့်ရှုတဲ့ပွဲအဖြစ် မနေ့ညတုန်းက အာဂျင်တီးနားနှင့် စပိန်တို့ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအား တက်ရောက်ကြည့်ရှုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ကျည်ကာမှန်နောက်ကွယ်တွင် ဇနီးသည်မီလီနီယာထရမ့်၊ ဘာရန်ထရမ့်၊ ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုတို့နှင့်အတူ ကြည့်ရှုခဲ့တာလည်း ဖြစ်ပါတယ်။
ထရမ့်ဟာ ပွဲမတိုင်မီ Fox Sports နှင့် အင်တာဗျူးတွင် အင်ဖန်တီနိုအား အမေရိကန်တွင် အမြန်ဆုံး နောက်ထပ် တစ်ကြိမ် ကမ္ဘာ့ဖလားကျင်းပရန်လည်း တောင်းဆိုမှု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
ထရမ့်က "ကိန်းဂဏန်းတွေကို အခြေခံပြီး နောက်ထပ် ချက်ချင်း ဒါမျိုး လုပ်ပေးဖို့ တောင်းဆိုပါမယ်။ ဒါထပ် ဒါမျိုး လုပ်ဖို့ လိုတယ်။ ကျွန်တော် ရှိနေစဉ်အတွင်း နောက်ထပ်တစ်ကြိမ် ဒါမျိုး လုပ်ဖို့ လိုတယ်။ ဂျီယန်နီ ငါပြောတာ ကြားလား"လို့ ပြောဆိုသွားပါတယ်။
ဒါပေမဲ့ ဖီဖာရဲ့ စည်းမျဉ်းအရ အမေရိကန်အနေဖြင့် ၂၀၃၈ ကမ္ဘာ့ဖလားအထိ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိမှာ မဟုတ်ပါဘူး။
ပွဲမတိုင်မီ အင်တာဗျူးတွင် ဒေါ်နယ်ထရမ့်က မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားက ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ တကယ်တမ်းတွင်တော့ စပိန်က အချိန်ပိုတွင် ဖာရန်တောရက်စ် သွင်းယူတဲ့ ဂိုးဖြင့် ၁-၀ ဖြင့် အနိုင်ရရှိကာ ချန်ပီယံဖြစ်သွားပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဗိုလ်လုပွဲအပြီးတွင် စပိန်ကစားသမားများကို ကမ္ဘာ့ဖလားချီးမြှင့်မှု ပြုလပ်ခဲ့ပါသေးတယ်။
မနေ့ညက ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ဒေါ်နယ်ထရမ့် တက်ရောက် ကြည့်ရှုလာမှုနှင့်အတူ ကွင်းအား လေဆိပ်ပုံစံ လုံခြုံရေး တင်းကြပ်မှုများ ပြုလုပ်ခဲ့ပြီး ပရိသတ်များမှာ ကွင်းအတွင်း ဝင်ရောက်ရေး အချိန်ကြာမြင့်စွာ တန်းစီခဲ့ရပါတယ်။
ဒေါ်နယ်ထရမ့်က အမေရိကန်တွင် ကမ္ဘာ့ဖလားကျင်းပရေး တောင်းဆိုနေပေမဲ့လည်း ဖီဖာက လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ခုအတွက် အိမ်ရှင်ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။
၂၀၃၀ ကမ္ဘာဖ့လားကို စပိန်၊ ပေါ်တူဂီ၊ မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေးတို့ကလည်း ကမ္ဘာဖ့လားနှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် အဖွင့်ပွဲများကို လက်ခံကစားသွားပါမယ်။
၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ဆော်ဒီက ကျင်းပလာပါမယ်။
ဖီဖာရဲ့ စည်းမျဉ်းအရ အမေရိကန်အနေဖြင့် ၂၀၃၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မှ အိမ်ရှင်အဖြစ် လျှောက်ထားနိုင်ပါမယ်။

image

ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် အနာဂတ်နှင့်ပတ်သက်ပြီး ပြောကြားနေစဉ် မျက်ရည်စများဖြင့် သတင်းစာရှင်းလင်းပွဲမှ ထွက်ခွာသွားတဲ့ အာဂျင်တီးနားနည်းပြစကာလိုနီ
===================

အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီဟာ တနင်္ဂနွေနေ့ညတုန်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်ကို ရှုံးနိမ့်ပြီးနောက် အနာဂတ်နှင့်ပတ်သက်ပြီး ပြောကြားနေစဉ် မျက်ရည်ကျလာကာ သတင်းစာရှင်းလင်းပွဲမှ ထွက်ခွာသွားခဲ့ပါတယ်။
အသက် ၄၈ နှစ်ရှိ စကာလိုနီဟာ ကာတာတွင် ကျင်းပတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် ကမ္ဘာ့ဖလားဆုကို ကာကွယ်နိုင်တဲ့ ဒုတိယမြောက်နည်းပြဖြစ်လာနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ယူရိုချန်ပီယံစပိန်မှာ အလွန်ကောင်းမွန်ခဲ့ပြီး အချိန်ပိုတွင် ဖာရန်တောရက်စ် သွင်းယူတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံ ဖြစ်သွားပါတယ်။
စကာလိုနီရဲ့ အာဂျင်တီးနားနှင့်စာချုပ်က ဒီဇင်ဘာလတွင် ကုန်ဆုံးမှာ ဖြစ်ပြီး အနာဂတ်နှင့်ပတ်သက်ပြီး ပြောနေချိန် ခံစားချက် မြင့်တက်လာကာ မျက်ရည်ကျခဲ့ပါတယ်။
စကာလိုနီက "ဥက္ကဌနဲ့ စကားပြောရဦးမယ်။ ကျွန်တော် ဘာလုပ်ချင်လဲဆိုတာနဲ့ပတ်သက်ပြီး စိတ်ကူးရှိထားပြီးသားပါ။ စာချုပ်သက်တမ်းကုန်အောင် နေမယ်။ တစ်ခုခု ကြီးကျယ်တာ လုပ်နိုင်ခဲ့ပြီလား မသိပါဘူး။ ကျွန်တော်တို့ စကားပြောဖို့ လိုသေးတယ်။ ကျွန်တော့်ကို ဒီနေရာကို ခေါ်ဆောင်လာပေးပြီး ဒီအခိုက်အတန့် ပိုင်ဆိုင်ခွင့်ပေးတဲ့ ဥက္ကဌကို ကျေးဇူးတင်ပါတယ်။ ဒီနေရာက လူတိုင်းအတွက် အိပ်မက်နေရာပါ။ ကျွန်တော်တို့ နောက်ဆုံးအချိန်အထိ အစွမ်းကုန်ကြိုးပမ်းခဲ့ကြတယ်။ နည်းပြအဖွဲ့တွေရော ကစားသမားတွေရောပါ။ ဒီကာလကို ဖြတ်သန်းဖို့ ကိုယ့်အတွက် အချိန်ယူရမယ်လို့ ထင်တယ်"လို့ ပြောကြားသွားပါတယ်။
စကာလိုနီဟာ စကားပြောနေရင်း မျက်ရည်များ ကျဆင်းလာပြီးနောက် "ကျွန်တော် ဆက်ပြီးတော့ လုပ်နိုင်ဦးမလား မသိပါဘူး။ ဒီနေရာက အရမ်းအံ့ဩစရာကောင်းတယ်။ အိပ်မက်နေရာပါ။ ကျွန်တော့်နည်းပြအဖွဲ့တွေလည်း ဘယ်တုန်းကမှ အိပ်မက်မက်ခဲ့တဲ့နေရာပါ။ ဆက်ပြီး လုပ်ဖို့အတွက် ကိုယ့်စိတ်ကို အစက ပြန်စရမယ်၊ ခန္ဓာကိုယ်ကို အစက ပြန်စရမယ်။ နောက်ထပ် အုပ်စုထပ်ဖွဲ့ရမယ်။ ဒါမျိုး နောက်ထပ်ဖန်တီးဖို့ ခက်ခဲတယ်"လို့ ပြောကြားသွားပါတယ်။
သူဟာ ယင်းသို့ ပြောနေရင်း စားပွဲမှ ထကာ သတင်းစာရှင်းလင်းပွဲအခန်းမှ မထွက်ခွာမီ တောင်းပန်သွားပါတယ်။
"တကယ် နာကျင်ရပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်"

image

အက်စတွန်ဗီလာရဲ့ စိတ်ဝင်စားခြင်းခံနေရပေမဲ့ ချဲလ်ဆီးအနာဂတ်ကို ဆုံးဖြတ်လာပြီဖြစ်တဲ့ နီကိုလပ်စ်ဂျက်ဆင်
=====================

ချဲလ်ဆီးတိုက်စစ်မှူးနီကိုလပ်စ်ဂျက်ဆင်ဟာ အက်စတွန်ဗီလာရဲ့ စိတ်ဝင်စားခြင်းခံရပေမဲ့လည်း ချဲလ်ဆီးအသင်းတွင်ပင် ဆက်လက်ကစားလိုနေပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် အားလပ်ရက်အပန်းဖြေနေသူ ဖြစ်ပြီး အူနိုင်းအမ်မရီရဲ့ဗီလာအပါအဝင် ပရီးမီးယားလိဂ်ကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။
ဂျက်ဆင်ဟာ ပြီးခဲ့တဲ့‌နွေရာသီတုန်းက ဘိုင်ယန်မြူးနစ်သို့ အငှားဖြင့် သွားရောက် မကစားမီ ဗီလာနည်းပြအူနိုင်းအမ်မရီရဲ့ ဆက်သွယ်ခြင်းခံခဲ့ရပြီး ယခုနွေရာသီတွင်လည်း ထပ်မံဆက်သွယ်ခြင်းခံနေရတုန်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်တွင် အငှားဖြင့် ကစားစဉ် ၃၄ ပွဲကစားကာ ၁၁ ဂိုးသွင်းခဲ့တဲ့ ဂျက်ဆင်ဟာ နည်းပြဇာဘီးအလွန်ဆို လက်အောက်တွင် ချဲလ်ဆီးအသင်းတွင် အခွင့် ရရှိလာဦးမယ်လို့ အသိပေးခြင်းခံရပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်တွင်ပင် ဆက်လက်ကစားရန် ဆုံးဖြတ်လာပါတယ်။
နီကိုလပ်စ်ဂျက်ဆင်ဟာ လက်ရှိအချိန်တွင် အပန်းဖြေခရီးထွက်နေဆဲ ဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်မဲ့ ချဲလ်ဆီးရဲ့ အာရှခရီးစဉ်နှင့် ပူးပေါင်းလာပါမယ်။ ချဲလ်ဆီးဟာ ဇူလိုင်လ ၂၈ ရက်နေ့တွင် အာရှခရီးစဉ် စတင်မှာ ဖြစ်ပြီး ဩဂုတ်လ ၉ ရက်နေ့တွင် မလေးရှားမှာလည်း အဆုံးသတ်လာပါမယ်။ ၎င်းတို့ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီသို့လည်း သွားရောက်လာပါမယ်။
ဂျက်ဆင်ဟာ ချဲလ်ဆီးပထမဆုံးနှစ်ရာသီတုန်းက ဦးစားပေးတိုက်စစ်မှူးဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာတော့ လီယမ်ဒါလက်နှင့် ဂျိုအာပီဒရိုတို့ရောက်လာပြီးနောက် တတိယဦးစားပေးကစားသမားဖြစ်လာခဲ့တာပါ။ S

image

ချစ်သူဟောင်းနှစ်ဦးကို ကလေးစရိတ်မထောက်ပံ့ရအောင် ပိုင်ဆိုင်မှု ဝှက်ထားခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း
======================

ပရီးမီးယားလိဂ်ချန်ပီယံအသင်းခေါင်းဆောင်ဟောင်းဝက်စ်မော်ဂန်ဟာ ကလေး ၂ ဦးရဲ့ အမေများအား ကလေးစရိတ်ထောက်ပံ့ရခြင်း မရှိအောင် ပိုင်ဆိုင်မှုနှင့် ဝင်ငွေကို ဝှက်ထားခဲ့ကြောင်း တရားရုံးကြားနာမှု အရ သိရပါတယ်။
လက်စတာစံပြကစားသမားဟာ လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၁၆ ခုနှစ်တုန်းက လက်စတာကို အသင်းခေါင်းဆောင်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
၎င်းတို့ရဲ့ ချစ်သူဟောင်းနှစ်ဦးတို့က မော်ဂန်မှာ ကလေးစရိတ်မပေးဆောင်ရအောင် ဝင်ငွေနှင့် ပိုင်ဆိုင်မှုအား ဝက်ထားခဲ့ကြောင်း စွပ်စွဲခဲ့ကြပါတယ်။
လေလာအန်တိုနီယူနှင့် ကာလာမော်ရဲလ်တို့ဟာ မော်ဂန်နှင့် လက်တွဲခဲ့ကြဖူးပြီး ကလေးတစ်ဦးစီ ရရှိခဲ့ကြဖူးပါတယ်။
မော်ဂန်ဟာ ၂၀၂၁ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် အလုပ်လက်မဲ့ ဖြစ်နေကြောင်း အကြောင်းပြကာ Child Maintenance Service (CMS) အား လိမ်ညာပြီး ကလေးစရိတ်မထောက်ပံ့ရအောင် ရှောင်လွဲခဲ့ပါတယ်။
တရားရုံးကြားနာမှုအရ မော်ဂန်ဟာ ပေါ်တူဂီတွင် အိမ်တစ်လုံးပိုင်ဆိုင်တဲ့အပြင် အိမ်ငှားရမ်းခများအဖြစ် WM5 အမည်ရှိ ကုမ္ပဏီမှ တဆင့် အကျိုးအမြတ်များ ရရှိနေကြောင်း တွေ့ရှိခဲ့ရာ ယင်းပိုင်ဆိုင်မှုများအား ပေါင် ၅ သန်း သတ်မှတ်လာပါတယ်။
၂၀၂၅ ခုနှစ်မတ်လတုန်းက တရားသူကြီးတစ်ဦးက မော်ဂန်ဟာ အလုပ်လက်မဲ့အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကာလအတွက် ကလေးစရိတ် ပေါင် ၁၅၆၀၀၀ ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။
မော်ဂန်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက Child Maintenance Service (CMS) ရဲ့စုံစမ်းစစ်ဆေးမှုများနှင့် ကြုံတွေ့လာသူလည်း ဖြစ်ပါတယ်။ Child Maintenance Service (CMS) ဟာ မော်ဂန်ရဲ့ ဝင်ငွေနှင့် ပိုင်ဆိုင်မှု အချက်အလက်အမှားပေးမှုအတွက် စုံစမ်းစစ်ဆေးခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်တုန်းက ရှီနန်ဖစ်ရှာနှင့် လက်ထပ်ကာ နောက်ထပ် ကလေး ၂ ဦး ရရှိထားတဲ့ မော်ဂန်ဟာ တရားရုံးဆုံးဖြတ်ချက်အား အယူခံဝင်ခဲ့ပါတယ်။
ယင်းအယူခံကို အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တုန်းက လန်ဒန်ရှိ အယူခံတရားရုံးတွင် ကြားနာရာ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအား သိုဝှက်ထားကာ ကလေးစရိတ်မပေးရရေး ရှောင်လွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြန်ပါတယ်။
မော်ဂန်ဟာ ပရီးမီးယားလိဂ်ကစားသမားဘဝတုန်းက တစ်နှစ်လုပ်ခ ပေါင် ၃ သန်း ရရှိခဲ့တဲ့အပြင် ကစားသမားဘဝ နှောင်းပိုင်းတွင်လည်း အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုများမှ ဝင်ငွေများ ရရှိနေတုန်းလည်း ဖြစ်ပါတယ်။
ဒါအပြင် သူဟာ BBC နှင့် Sky Sports တို့တွင်လည်း ဘောလုံးဝေဖန်ရေးသမားအဖြစ် အလုပ်လုပ်နေသလို နော်တင်ဟမ်ဖောရက်စ်တွင်လည်း ကင်းထောက်အဖြစ် အလုပ်လုပ်နေပါသေးတယ်။

image

နိုင်ငံခြားကလပ်တစ်ခုရဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များအား လက်ခံကျင်းပရေး ချဲလ်ဆီး ဆွေးနွေးနေ
======================

ရှက်တာဒိုးနက်စ်ဟာ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များအား လက်ခံကစားရေး ချဲလ်ဆီးနှင့် ဆွေးနွေးလာမှုနှင့်အတူ စတမ်းဖို့ဒ်ဘရစ်ချ်မှာ လာမဲ့ ရာသီတွင် ချန်ပီယံလိဂ်ပွဲစဉ်များကို လက်ခံကစားလာဖို့ ရှိနေပါတယ်။
ယူကရိန်းဟာ ရုရှားက ၂၀၁၄ ခုနှစ်တုန်းက ခရိုင်းမီးယားအား ကျူးကျော်တိုက်ခိုက်မှုပြုလုပ်ခဲ့ကတည်းက Donbas Arena တွင် လက်ခံကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
၎င်းတို့ဟာ ပြီးခဲ့တဲ့ သုံးရာသီအတွင်းတွင် ဂျာမန်ကလပ်များဖြစ်ကြတဲ့ ဟမ်းဘတ်၊ ရှော်လ်ကေး၊ ပိုလန်ကလပ် ဝစ္စလာခရာကောတို့ရဲ့ အိမ်ကွင်းများကို အသုံးပြုခဲ့ရပါတယ်။
ရှက်တာဒိုးနက်စ်ဟာ လွန်ခဲ့တဲ့ ၁၂ လတုန်းက ယူရိုပါလိဂ်ခြေစစ်ပွဲစဉ်အား ဆလိုဗေးနီးယားတွင် လက်ခံကစားခဲ့ဖူးပါသေးတယ်။
၎င်းတို့ဟာ လာမဲ့ရာသီမှာတော့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များကို လန်ဒန်တွင် လက်ခံကစားလိုနေပြီး ဖူလ်ဟမ်၊ ဘရန့်ဖို့ဒ်တို့နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ယခုအခါ ရှက်တာဒိုးနက်စ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအား ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်အဖြစ် လက်ခံကစားရေး ချဲလ်ဆီးနှင့်ပါ ဆွေးနွေးလာပါတယ်။
ချဲလ်ဆီး၊ ဖူလ်ဟမ်နှင့် ဘရန့်ဖို့ဒ်တို့ဟာ လာမဲ့ရာသီတွင် ဥရောပဝင်ခွင့် ရရှိထားကြခြင်း မရှိရာ ရှက်တာဒိုးနက်စ်အနေဖြင့် အိမ်ကွင်းအဖြစ် အသုံးပြုရန် စိတ်ဝင်စားနေတာပါ။
တဖက်တွင် ကလပ်များအနေဖြင့် ရှက်တာဒိုးနက်စ်သာ ကွင်းကို ငှားရမ်း အသုံးပြုလာပါက ကွင်းငှားရမ်းခ အပိုဝင်ငွေလည်း ရရှိလာပါဦးမယ်။
ရှက်တာဒိုးနက်စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ပြီး ပဲလေ့စ်ကို ရှုံးနိမ့်ကာ ထွက်ခဲ့ရပါတယ်။
၎င်းတို့ဟာ ယခုရာသီတွင် ချန်ပီယံလိဂ်အား လိဂ်အဆင့်မှ တိုက်ရိုက်ဝင်ခွင့်ရထားပါတယ်။

image

အင်္ဂလန်အား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်နေတဲ့ ပထမပိုင်းအပြီးတွင် အင်္ဂလန်စတားနှင့် အင်္ကျီလဲလှယ်ခဲ့တဲ့ ဘက်ပေး
====================

ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးဟာ အင်္ဂလန်အား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်နေတဲ့ ကမ္ဘာ့ဖလားတတိယနေရာလုပွဲ ပထမပိုင်းအပြီးတွင် အင်္ဂလန်စတားဒီကလန်ရိုက်စ်နှင့် အမှတ်တရအင်္ကျီလဲလှယ်မှု ပြုလုပ်ခဲ့ပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟာ ပထမပိုင်းအပြီးတွင် ကွင်းအတွင်းမှ ထွက်ခွာလာချိန်တွင် အင်္ကျီမဲ့ဖြင့် သောမတ်စ်တူချယ်နှင့် ပြုံးရွှင်စွာ စကားပြောရင်း ဥမင်လှိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်ခဲ့ပါတယ်။
ဘက်ပေးဟာ ပြင်သစ်တို့ အင်္ဂလန်အား ပထမပိုင်းမှာ ၄-၀ ဂိုးဖြင့် ရှုံးနိမ့်နေပေမဲ့လည်း ပွဲအပေါ် အာရုံမထားဘဲ ပြုံးရွှင်နေခဲ့တာလည်း ဖြစ်ပါတယ်။
ဘက်ပေး ဥမင်လှိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် နောက်မှ ဒီကလန်ရိုက်စ်ကလည်း အင်္ကျီမဲ့ ဖြစ်နေပြီး ပြင်သစ်အင်္ကျီတစ်ထည်ကိုင်ထားမှုနှင့်အတူ ၎င်းတို့အကြား အမှတ်တရ အင်္ကျီလဲလှယ်မှု ပြုလုပ်ခဲ့တာလို့ ယုံကြည်ရပါတယ်။
ဘက်ပေးနှင့် တူချယ်တို့ဟာ ပီအက်စ်ဂျီတွင် ၂ ရာသီကြာ လက်တွဲခဲ့ကြဖူးပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားကြသူများ ဖြစ်ပါတယ်။
၎င်းတို့အကြား စကားပြောဆိုနေပုံအရ ကမ္ဘာ့ဖလားကြေးတံဆိပ်ဆုအပေါ် စိတ်ဝင်စားပုံ မပြကြောင်း တွေ့ရပါတယ်။
ပထမပိုင်းတွင် ပြင်သစ်ဟာ ၄-၀ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပေမဲ့လည်း ဒုတိယပိုင်းတွင် ဂိုးများ ပြန်လည်သွင်းယူနိုင်ကာ ၆-၄ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ဘက်ပေးမှာလည်း ၂ ဂိုးသွင်းယူလာနိုင်မှုနှင့်အတူ ကမ္ဘာ့ဖလားသွင်းဂိုး ၂၂ ဂိုးဖြင့် ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာသလို ၁၀ ဂိုးဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်နေရာမှာလည်း ရပ်တည်လာပါတယ်။

image

အာဆင်နယ်ရဲ့နံပါတ်တစ်ပစ်မှတ် ရိုဂျာကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းဖြင့် သဘောတူညီမှု ရရှိလာတဲ့ ချဲလ်ဆီး
=====================

ချဲလ်ဆီးဟာ အင်္ဂလန်အလယ်တန်းကစားသမားမော်ဂန်ရိုဂျာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းဖြင့် ခေါ်ယူရန် အက်စတွန်ဗီလာနှင့် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ ရိုဂျာဟာ ချဲလ်ဆီးနှင့် ၁၂ လသက်တမ်းတိုးနိုင်မဲ့အချက်ပါ ၆ နှစ်စာချုပ်ချုပ်ဆိုလာပါမယ်။
ရိုဂျာဟာ အင်္ဂလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု ရယူပြီးနောက် ပြန်ရောက်လာချိန် တနင်္လာနေ့မှာ ဆေးစစ်ဆေးမှု ခံယူလာပါမယ်။
ရိုဂျာရဲ့အပြောင်းအရွှေ့မှာ အင်္ဂလိပ်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာမှာ ဖြစ်ပြီး မန်စီးတီးရဲ့ နော်တင်ဟမ်ဖောရက်စ်မှ အင်္ဂလန်ကစားသမားအီးလီးယော့အန်ဒါဆင်ရဲ့ပြောင်းရွှေ့ကြေးကို ကျော်ဖြတ်လာပါမယ်။
ဒါ့အပြင် ချဲလ်ဆီးရဲ့ ၂၀၂၃ ခုနှစ်တုန်းက ဘင်ဖီကာမှ အန်ဇိုဖာနန်ဒက်ဇ်အား ပေါင် ၁၀၇ သန်းဖြင့် ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးကိုလည်း ကျော်ဖြတ်ကာ ကလပ်သမိုင်းတွင် အမြင့်မားဆုံးပြောင်းရွှေ့ကြေး ဖြစ်လာပါမယ်။
ချဲလ်ဆီးနည်းပြသစ်ဇာဘီးအလွန်ဆိုဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်မီ အရေးပါတဲ့ ခေါ်ယူမှုအဖြစ် ရိုဂျာကို ခေါ်ယူလိုက်တာပါ။
ရိုဂျာဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတုန်းက မစ်ဒယ်ဘရော့မှ ပေါင် ၁၅ သန်းအထိ မြင့်မားလာနိုင်တဲ့ ပေါင် ၈ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
အသင်းဟောင်းမစ်ဒယ်ဘရော့ဟာ ရိုဂျာအား ဗီလာသို့ ရောင်းချစဉ်တုန်းက ထပ်ဆင့် ရောင်းချလာချိန်တွင် ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကို ခံစားခွင့် ရရှိမဲ့အချက်အား ရေးထိုးခဲ့ရာ အနည်းဆုံး ပေါင် ၂၀.၄ သန်း ရရှိလာပါဦးမယ်။
ဒါကြောင့် ရိုဂျာရဲ့ အပြောင်းအရွှေ့မှာ မစ်ဒယ်ဘရော့ကလပ်သမိုင်းတွင် အင်္ဂလိပ်ကစားသမားတစ်ဦးအား ရောင်းချမှုမှ အမြင့်မားဆုံးပြောင်းရွှေ့ကြေး ရရှိလာပါမယ်။
အင်္ဂလန်အတွက် ၂၃ ပွဲကစားထားတဲ့ ရိုဂျာဟာ အက်စတွန်ဗီလာအတွက် ပရီးမီးယားလိဂ်ပွဲ ၈၅ ပွဲကစားထားပေးထားရာမှာ ၂၁ ဂိုးသွင်းယူထားနိုင်သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက ရိုဂျာအား ခေါ်ယူရေး ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပြီး ယခုနွေရာသီတွင် လန်ဒန်ပြိုင်ဘက် အာဆင်နယ်က နံပါတ်တစ် ပစ်မှတ်အဖြစ် ခေါ်ယူရေး ကြိုးပမ်းလာချိန်တွင် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေးကာ ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ချဲလ်ဆီးနည်းပြအလွန်ဆိုအနေဖြင့် ချဲလ်ဆီးအလယ်တန်းတိုက်စစ်တွင် ရိုဂျာကို ကိုးလ်ပါလ်မာနှင့် ဘယ်လို တွဲဖက် အသုံးပြုလာမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
ရိုဂျာ ရောက်လာမှုက ကိုးလ်ပါလ်မာရဲ့ ပွဲထွက်ကစားခွင့် နေရာကိုပါ မတည်မငြိမ် ဖြစ်လာနိုင်စေပါတယ်။
ကိုးလ်ပါလ်မာဟာ ရိုဂျာ၊ ဘယ်လင်ဂမ်တို့နှင့် ကစားပေါက်တူနေမှုနှင့်အတူ တူချယ်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ရိုဂျာနှင့် ကိုးလ်ပါလ်မာတို့ဟာ အလယ်တန်းတိုက်စစ်တွင် နေရာစုံမှာ ကစားနိုင်မှုနှင့်အတူ အလွန်ဆိုအနေဖြင့် ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် အသင်းကို အကောင်းဆုံးတည်ဆောက်လာဖို့ ရှိနေပါတယ်။

image

ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူဖြစ်လာသလို ၂၀၂၆ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုကိုလည်း ဦးဆောင်လာတဲ့ ကိုင်လီယန်ဘက်ပေး
======================

ကိုင်လီယန်ဘက်ပေးဟာ အင်္ဂလန်အား ၆-၄ ဖြင့် ရှုံးနိမ့်တဲ့ ကမ္ဘာ့ဖလားတတိယနေရာလုပွဲတွင် ၂ ဂိုးသွင်းယူပြီးနောက် ကမ္ဘာ့ဖလားရွှေဖိနပ်ဆုအား ဆက်လက်ဦးဆောင်လာသလို ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ်လည်း သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟာ မိုင်ယာမီတွင် ကစားတဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ပြီးနောက် ၂၂ ဂိုးဖြင့် လီယွန်နယ်မက်ဆီအား တစ်ဂိုးအသာဖြင့် ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာခဲ့တာပါ။
ဒါ့အပြင် သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုစာရင်းကိုလည်း ၁၀ ဂိုးဖြင့် ဦးဆောင်လာပြီး ဒုတိယနေရာမှ လီယွန်နယ်မက်ဆီအား ၂ ဂိုးဖြတ်ထားနိုင်ခဲပါတယ်။
အာဂျင်တီးနားဂန္ထဝင်လီယွန်နယ်မက်ဆီဟာ ယနေ့ည စပိန်နှင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂိုးသွင်းယူနိုင်ရေး ကြိုးပမ်းကာ ဂိုးသွင်းဘုရင်နေရာကို ပြန်လည် ရယူနိုင်ရေး ကြိုးပမ်းရပါမယ်။
ဒါအပြင် ဘက်ပေးကတော့ အသက်အရွယ်ကြောင့် နောက်ထပ် ကမ္ဘာ့ဖလားစံချိန်သစ် ရေးထိုးနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်နေတုန်း ဖြစ်ပါတယ်။
တဖက်တွင် ဘက်ပေးရဲ့ ပြင်သစ်ကစားဖော်မိုက်ကယ်အိုလီဆီမှာလည်း သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
ဘိုင်ယန်မြူးနစ်စူပါစတားဟာ အင်္ဂလန်နှင့် တတိယနေရာလုပွဲတွင် ၂ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားနိုင်ကာ ပီလီရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ရပ်တည်းတွင် ဖန်တီးမှုအများဆုံးလုပ်ထားနိုင်တဲ့စံချိန်လိုက်မီလာပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇူလိုင် ၂၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၄၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၁၉၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၅၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၇၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၁၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၀၇၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၂၀ ကျပ်
ဝယ်ဈေး - ၄၃၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၀၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၈၀ ကျပ်
ဝယ်ဈေး - ၄၉၅၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၈ ကျပ်
ဝယ်ဈေး - ၁၀၆၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၈ ကျပ်
ဝယ်ဈေး - ၆၄၁ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၃၉ ကျပ်
ဝယ်ဈေး - ၂၆.၆၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၁၇ ကျပ်
ဝယ်ဈေး - ၄၄.၉၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၁ ကျပ်
ဝယ်ဈေး - ၂.၉၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၈၀ ကျပ်
ဝယ်ဈေး - ၅၈၂၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၁၅ ကျပ်
ဝယ်ဈေး - ၃၀၃၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၀ ကျပ်
ဝယ်ဈေး - ၁၁၈၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image