ဆွစ်ဇာလန်ကွင်းလယ်လူမန်ဇမ်ဘီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဗီလာ ခေါ်ယူလာ
====================

အက်စတွန်ဗီလာဟာ ဖရိုင်းဘတ်မှ ဆွစ်ဇာလန်အလယ်တန်းကစားသမားဂျိုဟန်မာဇမ်ဘီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၉.၅ သန်းဖြင့် ခေါ်ယူလာပါတယ်။
ဗီလာဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အဲဗာတန်မှ အလယ်တန်းကစားသမားအေမာဒူအိုနာနာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူပြီးနောက် ယခု မန်ဇမ်ဘီကို စံချိန်တင်ကြေးဖြင့် ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ဗီလာဟာ ဝုဗ်မှ ဘရာဇီးကွင်းလယ်လူဂျာအိုဂိုမက်စ်ကိုလည်း ပေါင် ၃၈ သန်းဖြင့် ခေါ်ယူရေး နီးစပ်နေပြီလည်း ဖြစ်ပါတယ်။ ဂိုမက်စ်ဟာ ဝုဗ်ရဲ့ ပေါ်တူဂီရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှ ထွက်ခွာကာ ဗီလာနှင့် ဆေးစစ်ဆေးမှု ခံယူထားပြီး ဖြစ်ပါတယ်။
အသက် ၂၀ နှစ် မန်ဇမ်ဘီဟာ ကမ္ဘာ့ဖလားကွာတားဖိင်နယ်ရောက် ဆွစ်ဇာလန်အသင်းအတွက် ၃ ဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့မေလတုန်းက ဗီလာကို ၃-၀ ဖြင့် ရှုံးနိမ့်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဖရိုင်းဘတ်အတွက် ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။
မန်ဇမ်ဘီဟာ ယူရိုပါလိဂ်ရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖရိုင်းဘတ်အတွက် ၄၇ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဗီလာဟာ ယူရီတီလီမန်းစ်ကို ယူနိုက်တက်သို့ ပေါင် ၃၈ သန်းဖြင့် ရောင်းချထားတဲ့အပြင် ကွင်းလယ်ကစားသမားအိုနာနာမှာ ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရမှာ ဖြစ်လို့ အလယ်တန်းကို အားဖြည့်နေတာလည်း ဖြစ်ပါတယ်။
ဗီလာဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးကန့်သတ်ချက်ကြောင့် ငွေကြေးအကန့်အသတ်ဖြင့် သုံးစွဲနေရတာ ဖြစ်ပြီး ဘယ်နောက်ခံလူလူးကပ်စ်ဒစ်ဂ်နီကိုလည်း ပီအက်စ်ဂျီသို့ ရောင်းချရန် သဘောတူညီထားပါတယ်။
မန်ဇမ်ဘီဟာ အက်စတွန်ဗီလာတွင် ကျောနံပါတ် ၄၄ ကို ဝတ်ဆင်ကစားလာပါမယ်။

image

ဖော့ကလန်နဖူးစည်းနှင့်ပတ်သက်ပြီး အာဂျင်တီးနားကို အိမ်ဖြူတော်ကာကွယ်ပြောဆိုလာ
=====================

အိမ်ဖြူတော်ဟာ အင်္ဂလန်ကို အနိုင်ရရှိကာ ကမ္ဘာ့ဖလားအောင်ပွဲခံစဉ်အတွင်း ဖော့ကလန်ကျွန်းမှာ သူတို့အပိုင်လို့ ဆိုတဲ့အချက် ထောက်ခံအားပေးတဲ့ စာသားပါ နဖူးစည်းကို ကိုင်ဆောင်အောင်ပွဲခံခဲ့ကြတဲ့ အာဂျင်တီးနားကစားသမားများကို ကာကွယ်ပြောဆိုလာပါတယ်။
အာဂျင်တီးနားဟာ ဘောလုံးပွဲတွင် နိုင်ငံရေးထုတ်ပြန်ကြေညာချက် ပြုလုပ်လာမှုနှင့်အတူ ယင်းအဖြစ်အပျက်အတွက် ဖီဖာရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရပြီး အရေးယူခြင်းခံလာရဖို့ရှိနေပါတယ်။
ကစားသမားများရဲ့ လုပ်ရပ်မှားသလားလို့ မေးမြန်းလာချိန်မှာတော့ White House Fifa အကြီးအကဲအင်ဒရူးဂူလီယန်နီက အာဂျင်တီးနားအသင်းအနေဖြင့် အမေရိကန်တွင် ယင်းသို့ ကြေညာချက်မျိုး ထုတ်ပြန်တာ လုပ်ပိုင်ခွင့် ရှိကြောင်း ပြောကြားလာတာပါ။
တဖက်တွင် ဒေါင်းနင်းလမ်းက ဖီဖာရဲ့ ယင်းအဖြစ်အပျက်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်ရေး တောင်းဆိုနေချိန်တွင် အိမ်ဖြူတော်က ယင်းသို့ ပြောဆိုလာမှုနှင့်အတူ ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး နောက်ထပ် ပွတ်တိုက်မှု ရှိလာနိုင်ပြီ ဖြစ်ပါတယ်။
ဖော့ကလန်ကျွန်းမှာ အတ္တလန္တိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းတွင် တည်ရှိပြီး ဗြိတိန်နှင့် အာဂျင်တီးနားအကြား ပိုင်ဆိုင်မှု အငြင်းပွားခြင်းခံနေရတဲ့ကျွန်းပါ။
ဖော့ကလန်ကျွန်းနှင့်ပတ်သက်ပြီး အာဂျင်တီးနားနှင့် အင်္ဂလန်တို့ ၁၉၈၂ ခုနှစ်တုန်းက ၇၄ ရက်တိုင်တိုင် စစ်ပွဲဆင်နွဲခဲ့ပြီး အင်္ဂလန်က အနိုင်ရရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၃ ခုနှစ်တုန်းက ဖော့ကလန်ကျွန်းပြည်သူများအနေဖြင့် အင်္ဂလန်လက်အောက်တွင် ဆက်နေရေးနှင့်ပတ်သက်ပြီး မဲပေး ရွေးချယ်မှု ပြုလုပ်ရာတွင် မဲပေးသူ ၁၅၁၇ ဦး ရှိရာတွင် ၁၅၁၃ ဦးက ထောက်ခံမဲပေးခဲ့ပြီး ၃ ဦးကသာ ကန့်ကွက်မဲပေးခဲ့ပါတယ်။

image

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အဦးများ ပြန်လည်တည်ဆောက်ခြင်းကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖလမ်းမြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဦးဆောင်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေး ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် အတူ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များပါဝင်သည့် စုပေါင်းအင်အား (၃၅၂)ဦးဖြင့် ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ ဒေါက်တာနီခွဲလမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ ချုံနွယ်ပိတ်ပေါင်းများ၊ ရေမြောင်းများ၊ ခရိုင်၊ မြို့နယ်ရုံး ပတ်ဝန်းကျင်နှင့် ပြည်သူ့ဆေးရုံ၊ သူနာပြုသင်တန်းကျေားင်း ပတ်ဝန်းကျင်တို့ကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြခြင်းဖြစ်သည်။
ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ၊ အဆောက် အဦများကို ပြုပြင်ထိန်းသိမ်းခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသည့် ကုတင် (၂၀၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေးရုံဝန်းအတွင်း လူအား၊ စက်အားများဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အဆောက်အဦး အစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့တွင် ယာယီပြည်သူ့ဆေးရုံဖွင့်လှစ်၍ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း (၈၄)ဦးဖြင့် ကျန်းမာရေးစစ်ဆေး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ လူနာပေါင်း (၁၅၅၄)ဦးအား ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ မြို့ပေါ်ရှိ ဒေသခံများသာမက ကျေးရွာများမှ ဒေသခံပြည်သူများပါ လာရောက်၍ ဆေးကုသမှုခံယူလျက်ရှိသည်။

image

နေပြည်တော်တွင် ငလျင်ကြောင့် ပျက်ဆီးသွားသည့် ရုံးအဆောက်အုံများ ပြင်ဆင်ခြင်း နှင့် အသစ်တည်ဆောက်ခြင်းများ လုပ်ဆောင်နေ

နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။
ယမန်နေ့က ယင်းကဲ့သို့ပြင်ဆင်‌ဆောက်လုပ်မှုအခြေအနေများကို အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဆောက်အအုံအသစ်တည်ဆောက်ရေး လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။
ထို့ပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ရုံးသို့ရောက်ရှိပြီး ကော်မတီဥက္ကဋ္ဌက “ ပြန်လည်ပြုပြင်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရေးအတွက် Shear Walls များ ထည့်သွင်းဆောင်ရွက်ရာတွင် နည်းစနစ်မှန်ကန်စေရေး၊ မြို့ပြ/ ရေသန့်/ လျှပ်စစ်လုပ်ငန်းများအပိုင်းလိုက်ပြီးစီးရေး၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ပရိဘောဂများ ကြိုတင်ပြင်ဆင်ခြင်းတို့ကို အလေးထားဆောင်ရွက်သွားရန် “ လည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ အစိုးရရုံးအဆောက်အအုံများ၏ ၇၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်းလည်း သိရသည်။

image

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုဖူလုံရေး အကျုံးဝင် အလုပ်ဌာနများမှ ငွေကြေးအကျိုးခံစားခွင့်အဖြစ် ကျပ်သန်း ၂၈၂၂ ဒသမ ၈၉၉ သန်း ခွင့်ပြုထုတ်ပေးထားပြီး ဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာနများ မှတ်ပုံတင်ခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၄/၂၀၂၆ လမှ ၆/၂၀၂၆ လအထိ ငွေကြေးအကျိုးခံစားခွင့်ငွေပေါင်း ကျပ်သန်း ၂၈၂၂ ဒသမ ၈၉၉ သန်း ခွင့်ပြုထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတစ်ရုံး၊ ခရိုင်လူမှုဖူလုံရေးရုံးနှစ်ရုံးနှင့် မြို့နယ်လူမှုဖူလုံရေးရုံး ၁၅ ရုံး ဖွင့်လှစ်ထားရှိပြီး လုပ်‌ဆောင်ပေးနေခြင်းလည်း ဖြစ်သည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးဝင်းအတွင်းရှိ လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၏ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ယမန်နေ့က
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် အလုံမြို့နယ်ရှိ ပင်မဆေးသိုလှောင်ရေးဌာနသို့ ရောက်ရှိပြီး ဆေးဝါးများ စနစ်တကျသိုလှောင်ထားရှိမှုနှင့် အဆိုပါဝင်းအတွင်းရှိ အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် လိုအပ်သောဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး၊ အလေအလွင့်မရှိစေရေး အစဉ်တစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မှာကြားခဲ့သည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု

ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချကာ ဂုဏ်ပြုအလေးပြုခဲ့ပြီးနောက် အာဇာနည်ခေါင်းဆောင်ကြီးများအား မေတ္တာပို့အမျှဝေသည့်အနေဖြင့် (၂) မိနစ်ငြိမ်သက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်နှင့် တာဝန်ရှိသူများကလည်း ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုအလေးပြုခဲ့ကြသည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို နွေးထွေးဖော်ရွေစွာ တွေ့ဆုံနှုတ်ဆက်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်လာကြသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်များ၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်တို့၏ မိသားစုဝင်များကို တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

image

၇၉ နှစ်မြောက် အာဇာနည်နေ့အတွက် ဝမ်းနည်းကြောင်း ဂျာမနီ၊ ဩစတြေးလျ၊နော်ဝေး နိုင်ငံသံရုံးတို့ ထုတ်ပြန်

ယနေ့ဇူလိုင်(၁၉)ရက်တွင် ကျရောက်သည့် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် အာဇာနည်နေ့အတွက် ဝမ်းနည်းကြောင်း မြန်မာအခြေစိုက် ဂျာမနီ၊ ဩစတြေးလျ၊နော်ဝေး နိုင်ငံသံရုံးတို့မှ ယနေ့တွင် အသီးသီး ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသူများအားလုံးကိုလည်း ဂုဏ်ပြုကြောင်းလည်း Royal Norwegian Embassy in Yangon က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ မြန်မာပြည်သူများနှင့်အတူ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များကို ကျွန်ုပ်တို အောက်မေ့ဂုဏ်ပြုအပ်ပါကြောင်း၊ အာဇာနည်ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ကြိုးပမ်းရင်း အသက်ပေးလှူခဲ့ကြကြောင်းလည်း ဂျာမနီသံရုံးက ထုတ်ပြန်ထားသည်။
ယနေ့ကျရောက်သည့် ၇၉ နှစ်မြောက် အာဇာနည်နေ့တွင် ပိုမိုတောက်ပသည့် အနာဂတ်အတွက် အားထုတ်ကြိုးပမ်းရင်းကျဆုံးခဲ့သည့် ဗိုလ်ချုပ်အောင်းဆန်း နှင့် တကွ အာဇာနည် ပုဂ္ဂိုလ်များကို မြန်မာပြည်သူများနှင့် အတူ ဂါရဝပြုကြောင်းလည်း ဩစတြေးလျ သံရုံးက အသိပေးထုတ်ပြန်ထားသည်။

image

အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ (CPR) အစည်းအဝေး ကျင်းပ

အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ (CPR) ဟာ ဒီနှစ်အတွက် သူတို့ရဲ့ ၇ ကြိမ်မြောက် အစည်းအဝေးကို မနီလာမြို့မှာ ဇူလိုင် ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒါဟာ ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) နဲ့ ဆက်စပ်အစည်းအဝေးတွေကို စတင်လိုက်တာပဲ ဖြစ်ပါတယ်။
​ဒီအစည်းအဝေးမှာ CPR အနေနဲ့ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး၊ အာဆီယံရဲ့ ပြင်ပဆက်ဆံရေးတွေနဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတဲ့ အဓိကကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

image

စုစည်းညီညွတ်သည့်တိုင်းပြည်တစ်ခုဖြစ်ရန် အားလုံးညီညွတ်ဖို့လိုဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

စုစည်းညီညွတ်မှုရှိသည့်တိုင်းပြည်တစ်ခုဖြစ်စေရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်ဂါရဝပြုပြီးနောက် မီဒီယာများအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် အာဇာနည်ခေါင်းဆောင်ကြီးများအပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီးများသည် နိုင်ငံကိုမည်သို့မျှော်မှန်းပြီး နိုင်ငံတော်တည် ဆောက်ခဲ့ကြသလဲ၊ စည်းလုံးညီညွတ်သည့်တိုင်းပြည်တစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုသည်ကို မိမိတို့အနေဖြင့် အမြဲတမ်းလေ့လာပြီးတန်ဖိုးထားရန်လိုသည်ဟု ပြောကြားသည်။
"စုစည်းညီညွတ်တဲ့တိုင်းပြည်တစ်ခုဖြစ်ဖို့အတွက် အားလုံးကညီညွတ်ဖို့လိုတယ်။ ညီညွတ်ရုံနဲ့မရသေးဘူး။ တိုင်းပြည်အတွက်အလုပ်လုပ်ဖို့လိုတယ်။ စည်းကမ်းရှိဖို့လည်းလိုတယ်။ တိုင်းပြည်မှာစည်းကမ်းအရတော့ လိုအပ်ချက်ရှိနေတာအမှန်ပါဘဲ"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် စည်းကမ်းတကျ၊ ညီညီညွတ်ညွတ်နှင့်အလုပ်လုပ်ပါက စွမ်းအားရှိသမျှအလုပ်လုပ်ပါက တိုင်းပြည်မတိုးတက်စရာအကြောင်းမရှိဘဲ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့်နိုင်ငံ ဘယ်လိုနည်းနှင့်မျှမဖြစ်စရာမကြောင်းမရှိဘဲ မြန်မာနိုင်ငံသားအားလုံးခွန်အားရှိကြကာ ကိုယ့်ခွန်အားကိုအသုံးချနိုင်ရန်သာလိုသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image