မြင်းခြံမြို့နယ်မှ မီးဘေးသင့်အိမ်ထောင်စု(၇)စုအ တွက် ထောက်ပံ့ပစ္စည်း(၂၉)မျိုးလှူဒါန်း

ပြီးခဲ့သည့် မတ် ၂၀ ရက်နံနက် ၃ နာရီခွဲကျော်ခန့်က မန္တ လေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ နယ် မြေ(၄)ရှိ နေအိမ်တစ်လုံးမှစတင်ကာမီးလေ-ာင်မှုဖြစ်ပွား၍ အိမ်ထောင်စု(၇)စုမီးဘေးသင့်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တ လေးတိုင်းရုံး)က Myingyan Rescue ရုံးမှတဆင့် အ ဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများပါဝင်သော ထောက်ပံ့ပစ္စည်း(၂၉)မျိုးကိုလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလေ-ာင်မှုအား မြင်းခြံခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်းမှတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် အချိန်တစ်နာရီခန့်အကြာ နံနက် ၄ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image

အောက်စ်ဖို့ဒ်ဆရာတော်ကြီးမှ လူငယ်များအတွက် တိုးတက်စိတ်ထားနှင့် မုဒိတာပွားများခြင်း (growth mindset and mudita) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်ဟောပြောတော်မူ

ရှမ်းပြည်နယ်၊ ဗုဒ္ဓတက္ကသိုလ်ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စ်ဖို့ဒ်ဆရာတော်နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်တို့ကြီးမှူး၍ "တိုးတက်စိတ်ထား၊ မုဒိတာနှင့် ကြံ့ခိုင်စိတ်ထား"ခေါင်းစဥ်ဖြင့် တစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲကို မတ် ၂၂ ရက်က တောင်ကြီးမြို့ရှိ ကမ္ဗောဇသာသနာရင်င်္ကာရ ဓမ္မာရုံတွင်ကျင်းပခဲ့သည်။

အဆိုပါ တစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲအား အသက် (၁၆)နှစ်မှအသက်(၂၅)နှစ်အတွင်းရှိ လူငယ်များ၏ အတွေးအခေါ်မြှင့်တင်ရေးနှင့် အပြုသဘောဆောင်သောစိတ်ဓာတ်များထွန်းကား၊ ကြံ့ခိုင်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကာ အောက်စ်ဖို့ဒ်ဆရာတော်ကြီးမှ ဟောပြောတော်မူခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ၊ ပုဂ္ဂလိကကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသာ(၂၉၅)ဦးတက်ရောက်ခဲ့ကြသည်။

image

အီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အကြိုညှိနှိုင်းမှုများ အမေရိကန် စတင်နေကြောင်း သတင်းထွက်ပေါ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အီရန်နိုင်ငံနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မည်သို့ဖြစ်လာနိုင်သည်ဆိုသည့် အချက်အပေါ် အခြေခံ၍ အကြိုညှိနှိုင်းမှုများ စတင်နေပြီဖြစ်ကြောင်း အမေရိကန်သတင်းဝက်ဘ်ဆိုက် Axios က အစိုးရအရာရှိတစ်ဦးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က Axios ၏ ဖော်ပြချက်အရ ဝါရှင်တန်နှင့် တီဟီရန်အကြား မကြာသေးမီရက်ပိုင်းအတွင်း တိုက်ရိုက်ဆက်သွယ်မှု မရှိသေးသော်လည်း အီဂျစ်၊ ကာတာနှင့် ဗြိတိန် နိုင်ငံတို့မှတစ်ဆင့် နှစ်ဖက်အကြား အမှာစကားများ ပါးလျက်ရှိကြောင်း သိရသည်။

အီဂျစ်နှင့် ကာတာနိုင်ငံတို့၏ အဆိုအရ အီရန်သည် ဆွေးနွေးညှိနှိုင်းရန် စိတ်ဝင်စားသော်လည်း အလွန်တင်းကြပ်သော တောင်းဆိုချက်များကို တင်ပြထားသည်။ ၎င်းတို့အထဲတွင်

- စစ်ပွဲကြောင့် ထိခိုက်မှုများအတွက် လျော်ကြေးပေးရန် နှင့်

- နောင်တွင် စစ်ပွဲပြန်လည်မဖြစ်ပွားစေရန် အာမခံချက်ပေးရန် တို့ ပါဝင်သည်။

အမေရိကန်အစိုးရဘက်ကလည်း အီရန်ဘက်မှ အောက်ပါ အချက် (၆) ချက်ကို လိုက်နာရန် အလိုရှိနေကြောင်း Axios က ဖော်ပြထားသည်။

၁။ လာမည့် ၅ နှစ်အတွင်း ဒုံးကျည်ထုတ်လုပ်မှု အစီအစဉ် မရှိစေရ။

၂။ ယူရေနီယံသန့်စင်မှု လုပ်ငန်းစဉ်များကို သုညအဆင့်ထိ လျှော့ချရန်။

၃။ ပြီးခဲ့သည့်နှစ်က အမေရိကန်နှင့် အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်ခဲ့သော အီရန်အလယ်ပိုင်းရှိ Natanz၊ Isfahan နှင့် Fordow နျူကလီးယားစခန်းများကို အပြီးတိုင် ဖျက်သိမ်းရန်။

၄။ နျူကလီးယားလက်နက် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့်စက်များနှင့် ဆက်စပ်စက်ပစ္စည်းများ ထုတ်လုပ်မှုကို ပြင်ပမှ တင်းကြပ်စွာ စောင့်ကြည့်စစ်ဆေးသည့် လုပ်ထုံးလုပ်နည်းများကို လက်ခံရန်။

၅။ ဒေသတွင်းနိုင်ငံများနှင့် လက်နက်ထိန်းချုပ်ရေးစာချုပ် ချုပ်ဆိုရန် (ဒုံးကျည်ပိုင်ဆိုင်မှု အရေအတွက် ၁,၀၀၀ ထက် မကျော်လွန်စေရ)။

၆။ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ၊ ယီမင်ရှိ ဟူသီ နှင့် ဂါဇာရှိ ဟားမတ်စ်အဖွဲ့များအား ငွေကြေးထောက်ပံ့မှု လုံးဝမပြုလုပ်ရန်။

သမ္မတထရမ့်၏ အကြံပေးများကမူ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ကို အမှန်တကယ် သဘောတူညီချက်ရအောင် လုပ်ဆောင်ပေးနိုင်သူဟု မယူဆဘဲ အမိန့်ပေးချက်ကိုသာ ပြန်လည်ပို့ဆောင်ပေးသည့် "Fax Machine" (ဖက်စ်စက်) တစ်ခုကဲ့သို့သာ မြင်နေကြကြောင်း အမေရိကန်အရာရှိများက ဆိုသည်။

လက်ရှိတွင် ထရမ့်၏ အကြံပေးများသည် အီရန်နိုင်ငံတွင် အမှန်တကယ် ဆုံးဖြတ်ချက်ချနိုင်သူမှာ မည်သူဖြစ်သည်နှင့် ၎င်းတို့နှင့် မည်သို့ဆက်သွယ်ရမည်ကို သိရှိနိုင်ရန် ကြိုးပမ်းနေကြသည်ဟု သိရသည်။

image

အမေရိကန်က အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ပါက အရှေ့အလယ်ပိုင်းရှိ ရေနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးမည်ဟု အီရန် ကတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "နှစ်ရက်အတွင်း ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ပြန်မဖွင့်ပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အမြစ်ပြတ်ချေမှုန်းမည်" ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်၊ အမေရိကန်က ထိုသို့လုပ်ဆောင်လာပါက အရှေ့အလယ်ပိုင်းတစ်ဝှမ်းရှိ အရေးပါသော ရေပေးဝေရေးစနစ်များအပါအဝင် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများကို "ပြန်လည်ပြုပြင်၍မရနိုင်အောင် ဖျက်ဆီးပစ်မည်" ဟု အီရန်အစိုးရက ပြောကြားလိုက်သည်။

စစ်ပွဲ၏ စတုတ္ထပတ်အတွင်းသို့ ရောက်ရှိလာချိန်တွင် အီရန်၏ ဒုံးကျည်များက အစ္စရေးတောင်ပိုင်းရှိ မြို့ကြီးနှစ်မြို့ကို ညတွင်းချင်း ထိမှန်ခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အီရန်သည် အဝေးထိန်းဒုံးကျည်များကို ပထမဆုံးအကြိမ် စတင်အသုံးပြုလာခဲ့ရာ၊ နှစ်ဖက်စလုံးက လူသန်းပေါင်းများစွာ မှီခိုနေရသော အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ခြိမ်းခြောက်နေခြင်းကြောင့် စစ်ပွဲသည် ပို၍အန္တရာယ်ကြီးမားသော အခြေအနေသို့ ကူးစက်လာနေပြီဖြစ်သည်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က တနင်္ဂနွေနေ့တွင် ပြောကြားရာ၌ မိမိတို့နိုင်ငံ၏ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ စွမ်းအင်နှင့် ပင်လယ်ရေချိုထုတ်လုပ်သည့် စက်ရုံများကို တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်ပြီး "ပြန်လည်ပြုပြင်၍မရနိုင်အောင် ဖျက်ဆီးသွားမည်" ဟု ဆိုသည်။

အီရန်စစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကလည်း ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေးတို့ပိုင်ဆိုင်သော "စွမ်းအင်၊ သတင်းအချက်အလက်နည်းပညာ (IT) နှင့် ရေချိုထုတ်လုပ်သည့် အခြေခံအဆောက်အအုံအားလုံး" ကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ထရန့်၏ ခြိမ်းခြောက်မှုကို အကောင်အထည်ဖော်လာပါက "ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင် ပိတ်ပစ်မည်ဖြစ်ပြီး၊ ဖျက်ဆီးခံလိုက်ရသော မိမိတို့၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပြန်လည်တည်ဆောက်ပြီးစီးသည်အထိ ပြန်ဖွင့်ပေးမည်မဟုတ်" ဟုလည်း ဖော်ပြထားသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကမူ လျှပ်စစ်၊ အပူပေးစနစ်နှင့် ရေပေးဝေရေးကဲ့သို့သော မရှိမဖြစ်ဝန်ဆောင်မှုများကို တိုက်ခိုက်ခြင်းသည် အများပြည်သူအပေါ် "ကျယ်ပြန့်ပြီး ကြိုတင်ခန့်မှန်းနိုင်သော ဘေးဒုက္ခများ" ဖြစ်စေနိုင်သည့်အတွက် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ရုံသာမက "အချို့သောဖြစ်ရပ်များတွင် စစ်ရာဇဝတ်မှု မြောက်နိုင်သည်" ဟု ယခုလအစောပိုင်းတွင် သတိပေးခဲ့သည်။

အီရန်သမ္မတ Masoud Pezeshkian ကမူ "ခြိမ်းခြောက်မှုနှင့် ကြောက်လန့်အောင်လုပ်ဆောင်မှုများ" သည် အီရန်ပြည်သူတို့၏ စည်းလုံးမှုကို ပိုမိုခိုင်မာစေကြောင်းနှင့် "အီရန်ကို ကမ္ဘာ့မြေပုံပေါ်မှ ဖျောက်ပစ်မည်ဟူသော စိတ်ကူးယဉ်မှု" သည် သမိုင်းဝင်လူမျိုးတစ်မျိုး၏ စိတ်ဓာတ်ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်ပျက်အားငယ်မှုကိုသာ ပြသနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

image

ရန်သူနှင့်ဆက်နွယ်သောသင်္ဘောများမှအပကျန်အားလုံးအတွက် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ထားသည်--အီရန်

အီရန်၏ ရန်သူများနှင့် ဆက်စပ်သောနေသော သင်္ဘောများမှလွဲ၍ ကျန်သင်္ဘောအားလုံးအတွက် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖွင့်ထားကြောင်း ကုလသမဂ္ဂရေကြောင်းအေဂျင်စီဆိုင်ရာ အီရန်ကိုယ်စားလှယ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ ရေလက်ကြားကို ၄၈ နာရီအတွင်း အပြည့်အဝမဖွင့်ပေးပါက အီရန်ဓာတ်အားပေးစက်ရုံများကို ပ-စ်မှတ်ထားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် ယခုပြောစကားထွက်လာခြင်းဖြစ်သည်။

အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲအတွင်း အီရန်၏ တိုက်ခိုက်မှုများရန်ကြောင့် ကမ္ဘာတစ်ဝန်း ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်ထောက်ပံ့ဖြည့်တင်းမှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ကျဉ်းမြောင်းသောရေလက်ကြားကို သင်္ဘောအများစု ဖြတ်သန်းခွင့်မရတော့သဖြင့် ကမ္ဘာ့စွမ်းအင်ဖူလုံရေးအတွက် အန္တရာယ်ရှိနေသည်။

ပင်လယ်ကွေ့ရှိ ရေကြောင်းဘေးကင်းလုံခြုံရေးတိုးတက်စေရန်နှင့် သင်္ဘောသားများကို ကာကွယ်ရန် နိုင်ငံတကာရေကြောင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ရန် တေရန်က အသင့်ရှိနေကြောင်း အလီမူဆာဗီက ပြောဆိုခဲ့ပြီး အီရန်၏ ရန်သူများနှင့် မသက်ဆိုင်သော သင်္ဘောများသည် လုံခြုံရေး၊ ဘေးကင်းရေးအစီအစဉ်များကို တေရန်နှင့်ညှိနှိုင်း၍ ရေလက်ကြားကို ဖြတ်သန်းနိုင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

"သံတမန်ရေးက အီရန်ရဲ့ ဦးစားပေးအဖြစ်ရှိနေဆဲပါ။ ဒါပေမဲ့ ရန်လိုမှုကို လုံးဝရပ်တန့်တာအပြင် အပြန်အလှန်ယုံကြည်မှုနဲ့ ယုံကြည်စိတ်ချရမှုက ပိုအရေးကြီးပါတယ်" ဟု မူဆာဗီက ပြောကြားခဲ့ပြီး အစ္စရေးနှင့် အမေရိကတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများသည် ဟော်မုဇ်ရေလက်ကြားတွင် လက်ရှိဖြစ်ပေါ်နေသောအခြေအနေ၏ အရင်းအမြစ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref: တီဘီအက်စ်နူးစ်

image

တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး Bar Code နှင့် QR Code စနစ်အတွင်း ထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်မည်

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ဆောင်ရွက်မှုအတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ရန် စစ်ဆေးကြပ်မတ်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် တိကျစွာတိုင်ကြားလာမှုများအပေါ်တွင် သက်ဆိုင်ရာအရောင်းဆိုင်များအား သွားရောက်စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့ကြောင်းလည်း သိရသည်။

စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားမှုများရှိပြီးဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ၍ ဝယ်ယူ မှုမပြုလုပ်ခြင်း၊ စက်သုံးဆီရောင်းချခြင်းနှင့်စပ်လျဉ်း၍ မမှန်ကန်မှုများတွေ့ရှိရပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များသို ဆက်သွယ်၍ တိကျစွာတိုင်ကြားမှုများ ပြုလုပ်ခြင်းတိုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးမေတ္တာရပ်ခံထားသည်။

image

စက်သုံးဆီ သုံးစွဲမှုကို ချွေတာလျှော့ချရန် ရည်ရွယ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ရန် သတ်မှတ်

အပတ်စဉ် ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့် စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။

ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော် အစိုးရအနေဖြင့်လည်း စက်သုံးဆီ တင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် လုံလောက်သော စက်သုံးဆီအရန် ရှိသော် လည်း အနာဂတ်တွင် ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင် သည့် အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာလိုက်သည်။

ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများ မှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန်ဖြစ်သည်။

ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့်လည်း အစိုးရရုံးဌာနများနည်းတူ (work from home) ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်ဖြစ်သည်။

ဤကြေညာချက်သည် နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်သရွေ့ အတည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

image

မတ်လအတွင်း FX Market Online Trading Platform တွင် ဒေါ်လာအပါအဝင် ယွမ်၊ ဘတ်နှင့် ရူပီးသန်းပေါင်းများစွာကို အရောင်းအဝယ်ပြုလုပ်ခဲ့

မတ်လတတိယပတ်အထိ FX Market Online Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြား ငွေလိုအပ်သူများမှ ကန်ဒေါ်လာ(၂၅၇ ဒသမ ၇၈)သန်း၊ ယွမ်(၁၀၃ ဒသမ ၇၀)သန်း၊ ဘတ်(၈၂၆ ဒသမ ၄၂) သန်းနှင့် ရူပီး(၁၁ ဒသမ ၉၉)သန်းတို့ကို အရောင်းအ ဝယ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်း နိုင်ငံခြားငွေကြေးရောင်းဝယ်မှုစျေးကွက်အတွင်းသို့ ဗဟိုဘဏ်မှလည်း ကန်ဒေါ်လာ(၃ ဒသမ ၈၄)သန်း၊ ယွမ်(၀ ဒသမ ၇၇)သန်းနှင့် ဘတ်(၃၇ ဒသမ ၇၆)သန်းတို့ကိုရောင်းချပေးခဲ့ကာ ဗဟိုဘဏ်မှ မတ်လတတိယပတ်အထိ စက်သုံးဆီလုပ်ငန်းရှင်များအား ကန်ဒေါ်လာ (၉၆)သန်းရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဈေးကွက်အတွင်း၌ နိုင်ငံခြားငွေဖြင့် စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများ၊ စက်မှုကုန်ကြမ်း၊ စားသုံးကုန်စည်၊ မုယော၊ တိရိစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်း၊ ဆောက်လုပ်ရေး လုပ် ငန်းသုံးပစ္စည်း၊ ကတ္တရာ၊ မီးဖိုချောင်သုံးဂတ်စ်၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ အင်ဂျင်ဝိုင်၊ စိုက်ပျိုးရေး လုပ် ငန်းသုံးပစ္စည်းများ၊ ပိုးသတ်ဆေး၊ လူသုံးကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အီလက်ထရောနှစ်ပစ္စည်းများ၊ အခြားကုန်ပစ္စည်းများနှင့် Non Trade Transaction များကိုဝယ်ယူခဲ့ကြောင်း သိရသည်။

image

KIP ဆိပ်ကမ်းသို့ဆိုက်ကပ်လာသည့် MT TIRTASARI ဆီတင်သင်္ဘောပေါ်မှ စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများကိုချနေ

ရန်ကုန်မြို့ရှိ K.I.P Port သို့ဆိုက်ကပ်လာခဲ့သော MT TIRTASARI ဆီတင်သင်္ဘောကြီးပေါ်မှတင်ဆောင်လာသော စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများကို မတ် ၂၁ ရက်ည ၁၁ နာရီခန့်မှစတင်ကာ ကုန်ချမှုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့ မတ် ၂၂ ရက်ည ၁၁ နာရီခန့်တွင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောပေါ်တွင်ပါရှိသည့် စားသုံးဆီများ၏ အရည်အသွေးနှင့် အလေးချိန်တိကျမှန်ကန်မှုရှိစေရန် ေစားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးကြီးကြပ်ရေးလုပ်ငန်းကော်မတီမှဦးဆောင်၍ မြန်မာနိုင်ငံဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအဖွဲ့၊ စားသုံးသူ‌ရေးရာ ဦး စီးဌာန၊ ကန်ကြီးကြပ်ရေးအဖွဲ့နှင့် MITS အဖွဲ့တို့မှကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်း MT TIRTASARI သင်္ဘောသည် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအ တွက်လိုအပ်သော ကုန်ကြမ်းများအချိန်မီဖြန့်ဖြူးနိုင်ရန်ရည်ရွယ်၍ ဆိုက်ကပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများ၏ လူပျိုဆောင်/အပျိုဆောင်များအား ရုံးပိတ်ရက်များ၌ ဝန်အားလျော့ချမည်မဟုတ်

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများ၏ လူပျိုဆောင်/အပျိုဆောင်များအား ရုံးပိတ်ရက်များ၌ဝန်အားလျော့ချမည်မဟုတ်ကြောင်း ဇဗ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကအသိပေးခဲ့သည်။

လူပျိုဆောင်/အပျိုဆောင်များအား ဝန်အားလျော့ချခြင်းကို ရုံးဖွင့်ရက်များ၌ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိသာဆောင်ရွက်သွားမည်ဟုလည်း အသိပေးခဲ့သည်။

ယနေ့ မတ် ၂၂ ရက်တွင်လည်း ဇဗ္ဗူသီရိမြို့နယ်ရှိ ဓာတ်အားခွဲရုံအမှတ် (၁) မှ ဓာတ်အားဖြန့်ဖြူးပေးထားသော သပြေကုန်းဖီဒါလိုင်းသည် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ သာယာကုန်းဖီဒါလိုင်းအား နံနက် ၆ နာရီမှ နံနက် ၁၀ နာရီ/ မွန်းလွဲ ၂ နာရီမှ ည ၆ နာရီအထိ၊ ရွှေကြာပင်ကွက်သစ် ဖီဒါလိုင်းသည် နံနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဟုလည်း အသိပေးခဲ့သည်။

ထိုသို့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် ဓာတ် အားရရှိမှုအပေါ်မူတည်၍ အချိန်အပြောင်းအလဲရှိနိုင်ကာ လျှပ်စစ်ဓါတ်အား(MW)ကို မျှတစွာသုံစွဲနိုင်ရေးအတွက် ကြိုးစားစီမံဆောင်ရွက်လျက်ရှိသဖြင့် နားလည်ပေးပါရန်လည်း ဇဗ္ဗူသီရိမြို့နယ်လျှပ်စစ်အင် ဂျင်နီယာရုံးကအသိပေးခဲ့သည်။

image