နိုင်ငံကျော် တေးရေး/တေးဆို ကိုင်ဇာ၏ စျာပနအခမ်းအနား ရေဝေးသုသာန်၌ ပြုလုပ်ပြီးစီး

မြန်မာ့တေးဂီတလောကတွင် ဆယ်စုနှစ်များစွာ ထင်ရှားကျော်ကြားခဲ့သည့် နိုင်ငံကျော် တေးရေး/တေးဆို ကိုင်ဇာ (ခ) ဦးညီညီဝင်း၏ စျာပနအခမ်းအနားကို ယနေ့ (ဩဂုတ် ၂၄ ရက်) ရန်ကုန်မြို့၊ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ပြီး ဂူသွင်းသင်္ဂြိုဟ်ခြင်း အစီအစဉ်များ ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကိုင်ဇာ၏ နောက်ဆုံးခရီးကို ကျန်ရစ်သူမိသားစုဝင်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ တေးဂီတနှင့် အနုပညာနယ်ပယ်မှ လုပ်ဖော်ကိုင်ဖက်များ၊ အနုပညာရှင်များနှင့် ၎င်းကို ချစ်ခင်အားပေးခဲ့ကြသည့် ပရိသတ်များက လာရောက်၍ ဝမ်းနည်းစွာ နောက်ဆုံးဂါရဝပြု ပို့ဆောင်ခဲ့ကြသည်။
နိုင်ငံကျော် တေးရေး/တေးဆို ကိုင်ဇာသည် အဆုတ်အတွင်း ပိုးဝင်ရောက်မှုကြောင့် ဝိတိုရိယဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေစဉ် ဩဂုတ် ၂၂ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ်ရှိပြီဖြစ်သည်။
ကိုင်ဇာသည် ၁၉၇၇ ခုနှစ်တွင် “အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ” တေးစီးရီးဖြင့် တေးဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး “အနမ်းပန်း”၊ “သီချင်းရှင်ကိုကြင်နာပါ”၊ “မနိုးပါစေနဲ့မိုးရယ်” နှင့် “တူနှစ်ကိုယ်တိုင်းပြည်” အပါအဝင် ကိုယ်ပိုင်သံစဉ် တေးစီးရီးပေါင်းများစွာကို ရေးသားသီဆိုခဲ့သူဖြစ်သည်။
မျိုးဆက်အဆက်ဆက် ပရိသတ်များ၏ ချစ်ခင်အားပေးမှုကို ရရှိခဲ့သည့် နိုင်ငံကျော် တေးရေး/တေးဆို ကိုင်ဇာ၏ နောက်ဆုံးခရီးကို ယနေ့တွင် ပို့ဆောင်ခဲ့ကြပြီး ၎င်း၏ တေးသီချင်းများနှင့် အနုပညာလက်ရာများမှာ မြန်မာ့တေးဂီတလောကနှင့် ပရိသတ်များ၏ အမှတ်တရများထဲတွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

image