ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် ကူရာကာအို မှတ်တမ်းဝင်သွားပြီးနောက် ဂျာမေကာနည်းပြရာထူးမှ စတိဗ်မက္ကလာရင် နုတ်ထွက်လာ
==================

စတိဗ်မက္ကလာရင်ဟာ ကူရာကာအိုနှင့် ဂိုးမရှိသရေကျကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခွင့် ဆုံးရှုံးခဲ့ရပြီးနောက် ဂျာမေကာနည်းပြရာထူးမှ နုတ်ထွက်လာပါတယ်။
လူဦးရေ ၁၅၀၀၀၀ ကျော်သာ ရှိတဲ့ ကူရာကာအိုဟာ Kingston တွင် ဂျာမေကာနှင့် ဂိုးမရှိသရေကျပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါတယ်။
အင်္ဂလန်နည်းပြဟောင်းစတိဗ်မက္ကလာရင်ရဲ့ ဂျာမေကာဟာ ယခုပွဲတွင် အနိုင်ရရှိပါက တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်လာမှာ ဖြစ်ပြီး အိမ်ကွင်းမှာ ကစားရတာဖြစ်လို့ ရေပန်းစားခဲ့ပေမယ့်လည်း ဂန္ထဝင်နည်းပြအက်ဗိုကက်ကိုင်တွယ်နေတဲ့အသင်းငယ်လေးကို ဂိုးမသွင်းနိုင်ဘဲ့ ဂိုးမရှိသရေကျမှုနှင့်အတူ ပလေးအော့ဖ်မှ တဆင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရေး ထပ်မံ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။
အသက် ၆၄ နစ်ရှိ ယူနိုက်တက်နည်းပြအဖွဲ့ဝင်ဟောင်းဟာ ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ရာထူးမှ နုတ်ထွက်သွားမယ်လို့ ဆိုသွားပါတယ်။
မက္ကလာရင်က "ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ ဒီရာထူးအတွက် ဒီအလုပ်အတွက် အားလုံး ပေးဆပ်ခဲ့တယ်။ ဒီအလုပ်ရဲ့ ဂုဏ်သိက္ခာနဲ့ ဝန်ထုပ်ဝန်ပိုးကို လေးနက်တဲ့ လေးစားမှုနဲ့ ထပ်ပိုးခဲ့တယ်။ ဒီအသင်းကို ဦးဆောင်ခွင့်ရခဲ့တာ အကြီးကျယ်ဆုံးဂုဏ်ယူမှုတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ရလဒ်က အရေးအကြီးဆုံးပါ။ ဒီည ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဒီအုပ်စုက ခြေစစ်ပွဲအောင်မြင်ရေး မပြည့်လာဘူး။ ကျွန်တော့်အနေနဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ယူရပါမယ်။ အသင်းရှေ့ဆက်ဖို့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချရမယ်။ ကျွန်တော်တို့ ရောက်နေတဲ့ နေရာ၊ သွားရမယ့်နေရာကို အရိုးသားဆုံး ဆန်းစစ်ပြီးတဲ့နောက် ဂျာမေကာနည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဂျာမေကာဟာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံရှစ်ကစားသမားအများစုဖြင့် စုဖွဲ့ထားရာ ခြေစစ်ပွဲအောင်မြင်ရန် ထိပ်ဆုံးမှ ရေပန်းစားခဲ့တာပါ။
ဒါပေမယ့် ကူရာကာအိုကို အဝေးကွင်းတွင် ရှုံးနိမ့်ပြီး ထရီနီဒတ်နှင့် တိုဘာဂိုနှင့် သရေကျပြီးနောက် ခြေစစ်ပွဲအောင်မြင်ရေး အထစ်အငေါ့ဖြစ်ခဲ့ပါတယ်။
၎င်းတို့ဟာ ယနေ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းတွင် တိုင်ထိမှု ၃ ကြိမ်တိုင်တိုင် ဖြစ်ခဲ့တဲ့အပြင် အချိန်ပိုတွင် ပင်နယ်တီ ရရှိပြီးမှ VAR ရဲ့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

image

ဟေတီတွင် တခါမျှခြေမချဖူးဘဲ ဟေတီကို ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်လာတဲ့ နည်းပြ
=====================

ဟေတီနည်းပြဟာ ကာရေဘီယံကျွန်းသို့ တခါမျှတောင် မရောက်ဖူးဘဲ နီကာရာဂွါကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၅၂ နှစ်ရှိ ပြင်သစ်လူမျိုးနည်းပြဆီဘာစတီယန်မီဂနီဟာ ဟေတီနည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရတာ ၁၈ လတိုင်တိုင် ရှိပြီဖြစ်ပေမယ့် ပဋိပက္ခတွေ ဖြစ်နေတဲ့ ဟေတီသို့ ခြေမချခဲ့ဖူးပါဘူး။
ဟေတီတွင် ပြည်တွင်း ပြဿနာပေါင်းများစွာ ကြုံနေရမှုနှင့်အတူ ဟေတီဟာ မိုင် ၅၀၀ ကွာဝေးတဲ့ တောင်အမေရိကနိုင်ငံ ဗင်နီဇွဲလားကမ်းခြေမှ ၃၇ မိုင်အကွာမှာ ရှိတဲ့ ကူရာကာအိုကျွန်းကို အိမ်ကွင်းအဖြစ် ကစားလာခဲ့ရတာလည်း ဖြစ်ပါတယ်။
ဟေတီဟာ ၂၀၁၀ ခုနှစ် အားပြင်း ငလျင် ဒဏ်ခံခဲ့ရသလို လက်နက်ကိုင် ဂိုဏ်းအဖွဲ့တွေက မြို့တော် Port-au-Prince တခုလုံး နီးပါးကို ထိန်းချုပ်ထားမှုကြောင့် လူပေါင်း ၁.၃ သန်း နေအိမ်စွန့်ခွာနေထိုင်ရပါတယ်။
လူဦးရေ ၁၂ သန်းရှိတဲ့ ဟေတီမှာ ပြန်ပေးဆွဲမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ဒုစရိုက်မှုတွေ ထူပြောနေမှုနဲ့အတူ ဘယ်နိုင်ငံခြားသား ခရီးသွားမှ မလာရောက်တော့ပါဘူး။
မီဂနီက "အရမ်း အန္တရာယ်များတော့ အဲဒီမှာ နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပုံမှန်အားဖြင့်ဆို အလုပ်လုပ်တဲ့ နိုင်ငံတွေမှာပဲ နေလေ့ရှိတယ်။ ဒါပေမယ့် ဒီမှာ (ဟေတီ)မှာတော့ မနေဘူး။ နိုင်ငံတကာလေယာဉ်လိုင်းတွေလည်း မပြေးဆွဲတော့ဘူး"လို့ France Football မဂ္ဂဇင်းသို့ ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကင်မရွန်းလက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မီဂနီဟာ ဒေသတွင်း ဘောလုံးသမားတွေနဲ့ပတ်သက်ပြီး ဟေတီဘောလုံးအဖွဲ့ချုပ်နဲ့ တယ်လီဖုန်းနဲ့ပဲ ဆက်သွယ် ပြောကြားပါတယ်။
အခု ဟေတီအသင်းကို နိုင်ငံခြားအခြေစိုက်ကစားသမားတွေနဲ့ပဲ စုဖွဲ့ထားတာပါ။ ဒီအထဲမှာ ဝုဗ်ရဲ့ ပြင်သစ်ဖွားအလယ်တန်းကစားသမားဂျိန်းရစ်နာဘယ်ဒီဂါဒီလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ၎င်းတိုဟာ ဟေတီမိဘတွေက ပြင်သစ်မှာ မွေးဖွားလာတဲ့ ဆန်းဒါးလန်းတိုက်စစ်မှူးဝီလ်ဆင်အိုင်ဒီဒေါ်ကိုလည်း ရွေးချယ်နိုင်ဖို့ ကြိုးစားနေပါတယ်။
လက်ရှိ ဟေတီအသင်းမှ ကစားသမားတစ်ဝက်လောက်က ဟေတီဖွားတွေ ဖြစ်ကြပြီး ကျန်တစ်ဝက်လောက်က ဟေတီမိဘတွေက နိုင်ငံခြားမှာ မွေးဖွားလာကြသူတွေ ဖြစ်ပါတယ်။
ဟေတီဟာ နီကာရာဂွါကို အနိုင်ရပြီးတဲ့နောက် ၁၉၇၄ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာပါတယ်။
ဟေတီနှင့်အတူ ကွန်ကာကပ်ဖ်အသင်းတွေ ဖြစ်ကြတဲ့ ပနားမား၊ ကူရာကာအိုတို့လည်း ခြေစစ်ပွဲ အောင်မြင်ထားကြပါတယ်။
ဟေတီဟာ ၁၉၇၄ ကမ္ဘာ့ဖလားတုန်းက အီတလီ၊ ပိုလန်၊ အာဂျင်တီးနားတို့ကို ရှုံးနိမ့်ခဲ့ပြီး ပထမအဆင့်မှတင် ထွက်ခွာခဲ့ရပါတယ်။

image

အထူးဒေသ(၄)တွင် ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကိုခမ်းနားစွာကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်ကကျင်းပရာ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစန်ပေ့၊ ဦးဆန်လူနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နှစ်သစ်ကူးအခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာပစ္စည်းများပြပွဲကိုလည်း ထည့်သွင်းပြသထားပြီး ယခုနှစ် နှစ်သစ်ကူးအခမ်းအနားအား ရှမ်းစာပေပြိုင်ပွဲ၊ ရိုးရာအားကစားပြိုင်ပွဲများ၊ ဒွေနဂရရွှေစေတီတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားများဖြင့် (၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

image

ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စု(၂,၄၀၄) စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ယာယီတိမ်းရှောင်စခန်း(၁၉)ခုတွင်နေထိုင်လျက်ရှိသော အိမ်ထောင်စု(၂,၄၀၄)စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို နိုဝင်ဘာ ၁၈ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယာယီတိမ်းရှောင်စခန်း(၁၉)မှ အိမ်ထောင်စု(၂,၄၀၄)စု အတွက် ဆန်အိတ်(၅၀၀)၊ ဆီပိဿာ(၅၀၀)နှင့် ကြက်ဥအလုံး(၅,၀၀၀)နှင့်အတူ ကျောင်းသုံးစာရေးကိရိယာအစုံဒါဇင်(၃၀၀)တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယာယီနေအိမ်တန်းလျား တိုးချဲ့/ ပြင်ဆင်တည်ဆောက်နိုင်ရေးအတွက် ဝါးဖိုးအဖြစ်ငွေကျပ်သိန်း (၁၅၀)ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။

image

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ ရုရှား မကြာမီစတင်မည်

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ မကြာမီ စတင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Rostec ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် (CEO) Sergey Chemezov က ဒူဘိုင်းလေကြောင်းပြပွဲ ၂၀၂၅ (Dubai Airshow 2025) တွင် ပြောကြားခဲ့သည်။
"လေယာဉ်အသစ်တစ်စင်းကို တီထွင်ဖန်တီးရာမှာ အချိန်အတော်အတန်ကြာမြင့်ပါတယ်၊ ပျမ်းမျှအားဖြင့် ၁၀ နှစ်ကနေ ၁၅ နှစ်အထိပေါ့။ အခုချိန်အထိဆိုရင် အချိန်အနည်းငယ်သာကုန်သေးတာပါ။ လေယာဉ်တွေဟာ အဲ့ဒီလောက်မြန်မြန် ဆက်ခနဲဖြစ်လာတာမျိုး မဟုတ်ပါဘူး၊ ကလေးတွေကတော့ ကိုးလမှာ မွေးနိုင်တာပေါ့။ ကျွန်တော်တို့ရဲ့ လေယာဉ်ကတော့ ပျံသန်းဖို့အဆင့်ကို လက်တွေ့ကျကျ ရောက်နေပြီဖြစ်ပါတယ်" ဟု သူက ပြောကြားပြီး မကြာမီ စမ်းသပ်မှုများ စတင်တော့မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
Chemezov က Rostec သည် လေယာဉ်အတွက် ဆက်လက်လုပ်ဆောင်နေကြောင်း၊ "ဝယ်လိုအားရှိမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။ "ဒါက ပိုပြီးဈေးသက်သာတယ်၊ အင်ဂျင်တစ်လုံးတည်းနဲ့ ဖြစ်ပြီး လေထဲကရော မြေပြင်ပစ်မှတ်တွေကိုပါ လိုအပ်တဲ့အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လက်နက်အင်အား လုံလောက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ထိရောက်မှု၊ ဈေးနှုန်းနဲ့ အရည်အသွေးပိုင်းအရ ပြောရရင်တော့ တော်တော်လေး ကောင်းမွန်မယ်လို့ ယူဆပါတယ်" ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

image

ဘားအံမြို့နယ်၌ မဲရုံပေါင်း (၂၁၈) ရုံဖွင့်လှစ်မည်

ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်း (၃) ပိုင်းခွဲပြီး ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၈၈) ခု၌ မဲရုံပေါင်း (၂၁၈) ရုံဖွင့်လှစ်၍ ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျင်းပရာ၌ ရွေးကောက်ပွဲ၏ အခြေခံအကျဆုံးအခန်းကဏ္ဍတွင် တာဝန်ယူဆောင်ရွက်မည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းက ဘားအံမြို့ ကရင်ပြည်နယ်လူငယ်စင်တာတွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ ရွေးကောက်ပွဲတွင် မဲပေးမည့်မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သင်တန်း၌ မဲရုံ (၁) ရုံလျှင် မဲရုံမှူး၊ ဒု-မဲရုံမှူး (၂) ဦးစီဖြင့် သင်တန်းသား (၄၃၆) ဦးကို သင်တန်းအပတ်စဉ် (၄) ပတ်ခွဲ၍ (၁) ပတ်စဉ်လျှင် (၂) ရက်နှုန်းဖြင့် မဲပေးစက်များထုတ်ယူခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ မဲရုံအဖွဲ့ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲမကျင်းပမီ (၁) ရက်အလိုဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရုံမဖွင့်မီဆောင်ရွက်ရန်နှင့် မဲပေးနေစဉ်ဆောင်ရွက်ရန်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်ပြီးနောက်ရလဒ်များရေတွက်ခြင်း၊ ပုံစံဖြည့်သွင်းခြင်း၊ ပစ္စည်းများထုတ်ပိုးအပ်နှံခြင်းများကို ပို့ချသရုပ်ပြပြီး လက်တွေ့ဆောင်ရွက်စေမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲများအနေဖြင့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး (၂) ဦးစီဖြင့် သင်တန်းသား (၁၇၆) ဦးကို သင်တန်း (၂) ပတ်စဉ်ဖြင့် မဲပေးစက်ထုတ်ယူခြင်း၊ ထုတ်ပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ မဲစာရင်းကပ်ထားကြေညာခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရုံများပြင်ဆင်ခြင်း၊ မဲရုံများကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာလုပ်ငန်းများကို ပို့ချသရုပ်ပြလက်တွေ့ဆောင်ရွက်စေမည်ဖြစ်ကာ သင်တန်းများအား ယနေ့ နိုဝင်ဘာ ၁၉ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

image

AI နည်းပညာသုံး သတင်းတုများ ပြီးခဲ့သည့် ၂ နှစ်အတွင်း ၄၀၀% အထိ မြင့်တက်လာဟု ထိုင်းသုတေသီပြောကြား

AI နည်းပညာဖြင့် ယခင်ကထက် ပိုမိုမြန်ဆန်လွယ်ကူစွာ ယုံကြည်လောက်ဖွယ်ရာ အတုအယောင်အကြောင်းအရာများကို ဖန်တီးလာနိုင်သည့်အတွက် ပြီးခဲ့သည့် ၂ နှစ် သို့မဟုတ် ၃ နှစ်အတွင်း အတုအယောင်သတင်းဖြစ်စဉ်များသည် ၄၀၀% ခန့်အထိ မြင့်တက်လာကြောင်း ထိုင်းနိုင်ငံ ခွန်ကဲန်တက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောကြားသည်။
အဆိုပါ တက္ကသိုလ်မှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကထိက ဒေါက်တာ ဝမ်ဝီဆာ ဝမ်နာပီပတ် (Dr. Wanwisa Wannapipat) က AI များသည် ယခုအခါ တစ်မိနစ်အောက်အတွင်း အလွန်လက်တွေ့ကျသော ပုံရိပ်များကို ထုတ်လုပ်ပေးနိုင်ပြီး လူတို့၏ အမြင်အာရုံကို လှည့်ဖြားနိုင်သည့် ဗီဒီယိုအတုများကိုပါဖန်တီးနိုင်‌နေပြီဟု ဆိုသည်။
“အရာရှိတစ်ဦးကို ဆဲဆိုနေသည့် အမျိုးသမီး ဗီဒီယိုဖိုင်” နှင့် “လမ်းမပေါ်တွင် ဆင်ထမ်းလာသည့် အမျိုးသား ဗီဒီယိုဖိုင်” တို့သည် မကြာသေးမီက လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့ပြီးနောက် AI မှ ထုတ်လုပ်ထားသော အကြောင်းအရာများအဖြစ် ဆောလျင်စွာဖော်ထုတ်ခဲ့ရခြင်းကိုထောက်ရှုခြင်းအားဖြင့် အတုအယောင်ဖန်တီးထားသည့်အရာများ အွန်လိုင်းတွင် မည်မျှလွယ်ကူစွာ ပျံ့နှံ့သွားသည်ကို မီးမောင်းထိုးပြနေသည်။
ဤသို့ တိုးပွားလာရခြင်း၏ အဓိကအချက် သုံးချက်ရှိကြောင်း ဒေါက်တာ ဝမ်ဝီဆာက ပြောကြားခဲ့သည်။ ၎င်းတို့မှာ နည်းပညာကို ပိုမိုသုံးစွဲနိုင်လာခြင်း၊ AI များ၏ အရည်အသွေးလျင်မြန်စွာ တိုးတက်လာခြင်းနှင့် ဆိုရှယ်မီဒီယာများကြောင့် မည်သူမဆို သတင်းအချက်အလက်များကို လက်ခံသူရော ပေးပို့သူပါ ဖြစ်လာစေခြင်းတို့ဖြစ်သည်။
သမားရိုးကျမီဒီယာမှ မီဒီယာအသစ်သို့ ပြောင်းလဲခြင်းသည် ဆက်သွယ်ရေးကို ပုံမှန်မျဉ်းဖြောင့်ပုံစံမှ စက်ဝိုင်းပုံစံ ဆက်ဆံရေးသို့ ပြောင်းလဲစေခဲ့သည်ဟု ၎င်းက ရှင်းပြသည်။ ဤပြောင်းလဲမှုကြောင့် အတုအယောင်သတင်းများသည် လူများထံ အလျင်အမြန်ရောက်ရှိနိုင်ပြီး၊ တစ်ချိန်တည်းတွင် လက်တွေ့ဆန်လာသည့် AI အကြောင်းအရာများသည် လူသားများ၏ မယုံကြည်မှု သံသယစိတ်ကို လျှော့ချပေးကာ သိမြင်မှုဆိုင်ရာ ဖြတ်လမ်းများကို ဖန်တီးပေးသည်။
“AI ရဲ့ လက်တွေ့ဆန်မှု သဘာဝနဲ့နီးစပ်မှု မြင့်တက်လာတာနဲ့အမျှ လူတွေရဲ့ သံသယစိတ်တွေ လျော့နည်းလာပြီး သူတို့သိရတာကို ယုံကြည်သွားကာ၊ အဲဒါကို ချက်ချင်းမျှဝေဖို့ ဆုံးဖြတ်ချက်တွေ ချလာကြပါတယ်” ဟု ဒေါက်တာ ဝမ်ဝီဆာက ပြောသည်။
AI မှ ထုတ်လုပ်ထားသော အတုအယောင်သတင်းများကို ဖော်ထုတ်နိုင်ရန် နည်းစနစ်လေးမျိုးကို သူက အကြံပြုထားသည်။ ၎င်းတို့မှာ သဘာဝအမူအရာကင်းမဲ့သော အသက်မပါသည့် မျက်လုံးများ၊ လက် သို့မဟုတ် ခြေထောက်တို့၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ၊ နှုတ်ခမ်းလှုပ်ရှားမှုများ ပုံမှန်မဟုတ်ခြင်း သို့မဟုတ် အသံနှင့် မကိုက်ညီခြင်းနှင့် စာသားများတွင် စာလုံးပေါင်းအမှားများ သို့မဟုတ် ပုံပျက်နေသော စာလုံးပုံစံများကို ရှာဖွေကြည့်ရှုရန်တို့ဖြစ်သည်။
သို့သော် ဤညွှန်ပြချက်များသည် AI နည်းပညာ ပိုမိုတိုးတက်လာသည်နှင့်အမျှ လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း အသုံးဝင်တော့မည်မဟုတ်နိုင်ကြောင်းကိုလည်း သူက သတိပေးထားသည်။
လူအများ အွန်လိုင်းတွင် အကြောင်းအရာများကို မမျှဝေမီ “ရပ်ပါ၊ သံသယဝင်ပါ၊ စစ်ဆေးပါ (Stop, Doubt, Verify)” အလေ့အကျင့်ကို လုပ်ဆောင်ရန် ဒေါက်တာ ဝမ်ဝီဆာက တိုက်တွန်းသည်။ "ချက်ချင်းမျှဝေခြင်းကို ရပ်တန့်ရှောင်ကြဉ်ပါ၊ အကြောင်းအရာကို သံသယစိတ်ဖြင့် ချဉ်းကပ်ပါ၊ ရရှိနိုင်သော နည်းလမ်းများကို အသုံးပြု၍သော်လည်းကောင်း၊ သို့မဟုတ် အခြားသူများကို စစ်ဆေးခိုင်းခြင်းဖြင့်သော်လည်းကောင်း မိမိသိရသော သတင်းအချက်အလက်များကို အတည်ပြုပါ"ဟု သူကဆိုသည်။
လှည့်ဖြားသူများသည် ကြောက်စိတ် သို့မဟုတ် လောဘကဲ့သို့သော စိတ်ခံစားချက်များကို ဆွပေးနိုင်သည့် တိုက်တွန်းမှုများနှင့် တွဲဖက်ထားသည့် သတင်းအချက်အလက်များကို ဖန်တီးရန် AI ကို မကြာခဏ အသုံးပြုကြသည်ဟု သူက မှတ်ချက်ပြုသည်။
AI မှ ထုတ်လုပ်ထားသော အတုအယောင်သတင်းများကို ပြည်တွင်း‌နှင့် နိုင်ငံတကာတွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လှည့်စားမှုများအတွက် ပိုမိုအသုံးပြုလာမည်ဟု သူကခန့်မှန်းထားသည်။
သို့သော် AI မှ ထုတ်လုပ်ထားသော အကြောင်းအရာများကို ထောက်လှမ်းနိုင်သည့် ကိရိယာများ အွန်လိုင်းတွင် ရရှိနေပြီဖြစ်သလို၊ အတည်ပြုစစ်ဆေးရေး နည်းပညာများကိုလည်း တီထွင်လျက်ရှိကြောင်း ဒေါက်တာ ဝမ်ဝီဆာက ပြောသည်။
“အဓိကသော့ချက်ကတော့ သုံးစွဲသူရဲ့ အသိအမြင်နဲ့ ဒစ်ဂျစ်တယ်နည်းပညာ ဗဟုသုတမှာ တည်ရှိပါတယ်” ဟု ဒေါက်တာ ဝမ်ဝီဆာက ပြောသည်။ “မမျှဝေခင် သေချာစစ်ဆေးပါ” ဟု သူကထပ်လောင်း သတိပေးသည်။

image

IAEA ၏နည်းပညာများသည် ကင်ဆာရောဂါကုသမှုများ တိုးတက်ရေးအတွက် အကူအညီများရရှိခဲ့

ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ နိုဝင်ဘာ ၁၇ ရက်နှင့် နိုဝင်ဘာ ၁၈ ရက်တို့က အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နည်းပညာပံ့ပိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကိုကျင်းပခဲ့ကြောင်း သိရသည်။
သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းတက်ရောက်၍ မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် IAEA အနေဖြင့် အဆောက်အအုံကြံ့ခိုင်မှု ဆန်းစစ်သည့်နည်းပညာအဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးခဲ့မှုနှင့် ငလျင်ဘေးသင့်ဒေသများရှိ ဆေးရုံများသို့ portable ultrasound နှင့် portable X-ray စက်များပံ့ပိုးပေးခဲ့မှုတို့အပေါ် ကျေးဇူးတင်သည်ဟု မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။
အေဂျင်စီ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များသည် မြန်မာနိုင်ငံ၏ ဦးစားပေးအစီအစဉ်များနှင့်ကိုက်ညီမှုရှိပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုကာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်၏ ၂၀၂၄-၂၀၂၅ ခုနှစ်စက်ဝန်း၌ ဂမ်မာဓာတ်ရောင်ခြည်အသုံးပြုသည့် facility ထူထောင်ရေး၊ အစားအစာများ ဘေးကင်းမှုရှိရန်စမ်းသပ်စစ်ဆေးမှု၊ တိရိစ္ဆာန်မှ ကူးစက်ရောဂါရှာဖွေမှု၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာရောဂါကုသမှုများတိုးတက်ရေးအတွက် အကူအညီများရရှိခဲ့သည်ဟု ပြောကြားသည်။
ထို့ပြင်၂၀၂၆-၂၀၂၇ ခုနှစ်စက်ဝန်း၌လည်း ဆောင်ရွက်ဆဲစီမံကိန်း (၄) ခုအပြင် နျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်းဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ရာသီဥတုနှင့်လိုက်လျောညီထွေသော စိုက်ပျိုးရေးစနစ်အသုံးချရေးဆိုင်ရာ စီမံကိန်းအသစ် (၂) ခုထည့် သွင်းပေးခြင်းအတွက်ကျေးဇူးတင်သည်ဟုလည်း ပြောကြားခဲ့သည်။

image

သံဖြူဇရပ်မြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁၁၆) နေရာကို အကောင်အထည်ဖော်ဆောင်ရွက်နေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁၁၆) နေရာကို သက်ဆိုင်ရာတာဝန်ရှိသူများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အများပြည်သူများအား ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုကြောင့် ကျန်းမာရေးမထိခို-က်စေရန်နှင့် ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ဖန်တီးပေးခြင်းဖြင့် ကျန်းမာရေးထိခို-က်စေသည့်အန္တရာယ်မှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက္ခမီရေလယ်ဘုရား၊ ဓနသဟာရစစ်သင်္ချိုင်း၊ သေမင်းတမန်မီးရထားလမ်းပြတိုက်များကို ၂၀၂၃ ခုနှစ်မှစ၍ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် စတင်သတ်မှတ်ခဲ့ပြီးနောက် သံဖြူဇရပ်မြို့တွင်းရှိ အစိုးရဌာနရုံးများ၊ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများ၊ စာသင်ကျောင်းများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ အားကစားကွင်းများ၊ ကျိုက္ခမီဘုရား၏ ဘုရားပရဝုဏ်၊ အမှတ်တရပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်နေရာများကိုလည်း ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် ထပ်မံသတ်မှတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင် လက်ရှိအချိန်တွင် သံဖြူဇရပ်မြို့နယ်၌ ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁၁၆) သတ်မှတ်ထားပြီး ဆေးလိပ်ငွေ့ကင်းစင်သောမူဝါဒများအား အများပြည်သူအသုံးပြုသောနေရာသစ်များပါဝင်ရန် ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

image

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာအားကစားအဖွဲ့ကို အောင်နိုင်ရေးအလံအပ်နှင်း

ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲကို ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းက နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ကျင်းပရာ နိုင်ငံ တော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် ယခုပြိုင်ပွဲကြီးသည် နိုင် ငံတော်အတွက်ဆုတံဆိပ်များဆွတ်ခူးပြီး အားကစားလူချွန်လူကောင်းများဖြစ်သည်ကို လက်တွေ့ပြသနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်လည်းဖြစ်၍ ယင်း အခွင့် အလမ်းကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်သွားနိုင်ကြမည်ဟု နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးကယုံကြည်မျှော်လင့်လျက်ရှိသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်နှင့် မိဘပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များကို အကောင်အထည်ဖော်ရန် ရေ ကုန်ရေခမ်းအားထုတ်ကြိုးပမ်းသွားကြမည်ကိုလည်း အလေးအနက်ယုံကြည်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတအား (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ဝင်များက အသင်းအလိုက်ဂါရ ဝပြုမိတ်ဆက်ပြီး ယာယီသမ္မတမှ အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ထံအောင်နိုင်ရေးအလံအဖြစ် မြန် မာနိုင်ငံတော်အလံကိုအပ်နှင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ယာယီသမ္မတသည် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား နှုတ်ဆက်အားပေးစကား ပြောကြားပြီးနောက် အားကစားအဖွဲ့များအသုံးပြုမည့် အားကစားနည်းများအလိုက် အသုံးအဆောင်ပစ္စည်းများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image