ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၆) ကျောင်းပါဝင်သည့် အခမဲ့ (၁၁)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ ရန်ကုန်မြို့တွင်ကျင်းပမည်

ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၆) ကျောင်းပါဝင်သည့် အခမဲ့ (၁၁)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကို ဧပြီ ၄ ရက်နံနက် ၉ နာရီမှ ည နေ ၄ နာရီအထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေးပြပွဲကို ‎ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း(AMAUT)ကကြီးမှူးကျင်းပခြင်းဖြစ်ကာ မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များ၊ ပညာရေးအဖွဲ့အ စည်းများ၏ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များ၊ ထိုင်းတက္ကသိုလ်များနှင့်တိုက်ရိုက်ဆွေးနွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကာ ထိုင်းတက္ကသိုလ်မှ ဘွဲ့ရထားသူများမှလည်း အတွေ့အကြုံများကိုမျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အပြည့်အ၀ပညာသင်ဆုများ၊ တစ်စိတ်တစ်ပိုင်းထောက်ပံ့ကြေးများအကြောင်းကို တစ်နေရာတည်းတွင်မေးမြန်းနိုင်ခြင်း၊ ဘာသာရပ်ရွေးချယ်ခြင်း၊ ကျောင်းဝင်ခွင့်လိုအပ်ချက်များမေးမြန်းနိုင်ခြင်း၊ Business ၊ Engineering ၊ Medical Sciences ၊IT၊ Hospitality နှင့် အခြား ခေတ်မီဘာသာရပ်ပေါင်းစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း၊ ကျောင်းလခ၊ နယ်မြေအခြေအနေ၊ အင်္ဂလိပ်စာလိုအပ်ချက်နှင့် ဘွဲ့ရပြီးနာက် အလုပ်အကိုင်အခွင့်အလမ်းများကိုအသေးစိတ်သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လာရောက်လေ့လာစုံစမ်းမေးမြန်းလိုသူများအနေဖြင့် https://forms.gle/GUdGm8vJV1rdEAma7 တွင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

‎ ‎

image

ဂုဏ်ပြုအလှူငွေကျပ်သိန်း(၄)သောင်းခွဲကျော်ကို အလှူ ရှင်များက (၈၁)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုလှူဒါန်း

လာမည့် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁)နှစ် မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် စေတနာရှင်၊ အလှူရှင်များမှ ဂုဏ်ပြုအလှူငွေကျပ်သိန်း (၄)သောင်းခွဲကျော်ကို ယနေ့ မတ် ၂၀ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စေတနာရှင်အလှူရှင်များလှူဒါန်းသည့် ဂုဏ်ပြုအလှူငွေကျပ်သိန်း(၄)သောင်းခွဲကျော်ကို တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်း၊ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ တပ်မတော် နေ့ကျင်းပရေးစစ်ရေးပြလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒု-တပ်မ တော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်စန်းယုနိုင်၊ တပ်မတော်နေ့စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်မင်းမင်းစိုးတို့ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်းက ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင်များနှင့် တက်ရောက်လာကြသူများကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်း နှင့်တာဝန်ရှိသူများကနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

image

LNG တန်(၃)သောင်းကျော်တင်လာသည့်သင်္ဘော (၅) ကြိမ်မြောက်အဖြစ် သီလဝါဆိပ်ကမ်းဆိုက်ကပ်လာ

သဘာဝဓာတ်ငွေ့ရည်(LNG ၃၃,၈၀၀ တန်)တင်ဆောင်လာသော MT DAPENG PRINCESS သင်္ဘောသည် ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက (၅)ကြိမ်မြောက်အ ဖြစ် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းရှိ CVE ဘေးတွင်ကပ်ပြီး သဘာဝဓာတ်ငွေ့ရည်(LNG)များကိုဖြည့်တင်းပေးခဲ့သည်။

ထို့ပြင် မြန်မာ့နှစ်သစ်ကူးကာလဖြစ်သည့် သင်္ကြန်ပွဲ တော်မတိုင်မှီတွင်လည်း သဘာဝဓာတ်ငွေ့ရည်(LNG) များကိုဖြည့်တင်းပေးနိုင်ရန် (၆)ကြိမ်မြောက်အဖြစ် ထပ်မံရောက်ရှိလာမည်ဖြစ်သည်။

အဆိုပါ သဘာဝဓာတ်ငွေ့ရည်(LNG)မှ လျှပ်စစ်ဓာတ်အား(၅၀၀)မဂ္ဂါဝပ်ထုတ်လွှတ်ပြီး သီလဝါစက်မှုဇုန်အ ပါအဝင် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များနှင့် အရေးကြီးနေရာများကို (၁)ယူနစ်လျင် (၉၀၀)ကျပ်ဖြင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ မဟာဓာတ်အားလိုင်းမှ အခြားနေရာများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

image

PDF နှင့် AA အဖွဲ့ဝင်(၂၂)ဦး လက်နက်ခဲယမ်းများနှင့်အတူထပ်မံအလင်းဝင်လာ

PDF နှင့် AA အဖွဲ့ဝင်(၂၂)ဦးသည် လက်နက်ခဲယမ်းများနှင့်အတူထပ်မံအလင်းဝင်လာသဖြင့် ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမတွင် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

တိုင်းမှူးနှင့် တာဝန်ရှိသူများက မောင်းပြန်ရိုင် ဖယ်သေနတ်(၁၀)လက်အတွက် ငွေကျပ်သိန်း(၅၀၀)၊ ပစ္စတို(၂)လက်အတွက် ဆုကြေးငွေကျပ်သိန်း(၆၀)၊ လေသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ်(၅) သိန်း၊ လက်ပစ်ဗုံး(၄)လုံးအတွက် ဆုကြေးငွေကျပ် (၁၂)သိန်းနှင့် ထောက်ပံ့ပစ္စည်းများကိုထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးပြီးနောက် အလင်းဝင်လာသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

ယနေ့ မတ် ၂၀ ရက်တွင် PDF နှင့် AA အဖွဲ့ဝင်များဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှအမျိုးသား(၅) ဦး၊ အမျိုးသမီး(၁)ဦး၊ ရွှေကျင်မြို့မှအမျိုးသား(၁)ဦး၊ ရွှေတောင်မြို့မှအမျိုးသား(၁)ဦး၊ ရေတာရှည်မြို့မှအမျိုးသား(၃)ဦး၊ ပန်တောင်းမြို့မှအမျိုးသား(၆)ဦး၊ အုတ်ဖိုမြို့မှအမျိုးသား(၂)ဦး၊ မင်းလှမြို့မှအမျိုးသား (၁)ဦး၊ ဖြူးမြို့မှအမျိုးသား(၁)ဦး၊ ပေါက်ခေါင်းမြို့မှအမျိုးသား(၁)ဦးတို့အား ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ် ၁၉ ရက်ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၅၀၆)ဦးအား ဆုကြေးငွေကျပ်သိန်း(၂၀၀၀)ခန့်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

image

ပုသိမ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်ပြည်သူ့ဆေးရုံကြီး၏ အမျိုးသားသွေးလှူဘဏ်ခွဲတွင် လာမည့် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် သွေးလှူရှင်(၁၀၀)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သွေးလှူရှင်များအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများကကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

image

ပူတာအိုမြို့အား ASEAN ESC Award နှင့် Certificate of Recognition ဆုများအတွက်ထည့်သွင်းယှဉ်ပြိုင်မည်

မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ်၊ ပူတာအိုမြို့အား အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့များဆု(7th ASEAN ESC Award) နှင့် (6th Certificate of Recognition)ဆုများတွင်ထည့်သွင်းယှဉ်ပြိုင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထည့်သွင်းယှဥ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းဝေးကို မတ် ၁၇ ရက်ကကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ပူတာအိုမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး အေးချမ်းသာယာသည့် ရာသီဥတု၊ ရေခဲဖုံးလွှမ်းသည့် တောင်တန်းကြီးများဖြင့်ဝန်းရံနေပြီး ရေမြေတောတောင်သဘာဝအလှတရားများနှင့် ပြည့်စုံသဖြင့် ပူတာအိုမြို့၏ သန့်ရှင်းသာယာလှပမှု၊ ပတ်ဝန်းကျင်နှင့် ညီညွတ်မှုကို အာဆီယံနိုင်ငံများကြားပြသနိုင်ပြီး နိုင်ငံ၏ ပုံရိပ်ကိုမြှင့်တင်‌ပေးရာရောက်သည့်အပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုစေမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုး သောမြို့များဆုအစီအစဉ်ကို ၂၀၀၈ ခုနှစ်ကစတင်ပြီး (၃)နှစ်တစ်ကြိမ်ကျင်းပပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် မြို့များကို အမည်စာရင်းတင်သွင်းကာ ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်တွင် တောင်ကြီးမြို့၊ ၂၀၁၁ ခုနှစ်တွင် ပြင်ဦးလွင်မြို့၊ ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၊ ၂၀၁၇ ခုနှစ်တွင် နေပြည်တော်၊ ၂၀၂၁ ခုနှစ်တွင် ညောင်ဦးမြို့နှင့် ၂၀၂၅ ခုနှစ်တွင် ဘားအံ့မြို့တို့ကဆုများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုအစီအစဉ်တွင်ပါဝင်ခြင်းဖြင့် သန့်ရှင်းသည့်ရေ၊ မြေ၊ လေရရှိရေးအတွက် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ရေဆိုးသန့်စင်မှု၊ သန့်ရှင်းသည့် သောက်သုံးရေရရှိနိုင်မှုစသည့် ရေသယံဇာတထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုများ၊ လေထုအရည်အသွေးတိုင်းတာစစ်ဆေးမှုနှင့် သန့်ရှင်းအောင်စီမံဆောင်ရွက်မှုများ၊ သစ်တောထိန်းသိမ်းမှုများအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ဆောင်မှုတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

image

ရင်းနှီးမြှုပ်နှံမှုများကို USD နှင့် CNY ဖြင့် လက်ခံဆောင်ရွ က်မည်ဟု MIC ကြေညာ

၂၀၂၆ ခုနှစ် မတ်လ (၁၆) ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင် (MIC) မှ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် သတင်းလွှာ (၁/၂၀၂၆) ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်ကာ နိုင်ငံခြားမတည်ငွေရင်းများကို အမေရိကန်ဒေါ်လာ (U SD) သာမက တရုတ်ငွေကြေးယွမ် (CNY) ဖြင့်လည်း လက် ခံဆောင်ရွက်နေကြောင်း အသိပေးကြေညာခဲ့သည်။

MIC ၏ ထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံသူများသည် အဆို ပြုချက်များနှင့် အတည်ပြုလျှောက်ထားလွှာများ တင်သွင်းရာတွင် မိမိတို့ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို USD သို့မဟုတ် CNY ဖြင့် တင်ပြနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှု ပ်နှံမှုအတွက် လိုအပ်သော ငွေလွှဲပြောင်းပေးချေမှုများကိုလည်း မိမိယူဆောင်လာသည့် ငွေကြေးအမျိုးအစား အလိုက် ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် USD သို့မဟုတ် CNY ဖြင့် ယူဆောင်လာသည့် နိုင်ငံခြားသုံးငွေများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားခွင့်ရှိသော (AD) လိုင်စင်ရဘဏ်များမှတဆင့် လွှဲပြောင်းပေးချေမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်း MIC က အသိပေးထားသည်။

ယခု အစီအစဉ်သည် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို ဆွဲဆောင်ရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

image

ဦးစန်းကိုအား ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဦးအေးမင်းထွေးအား ဒု-ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင် မြှောက်

ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းကကျင်းပသည့် ကရင် ပြည်နယ်၏ တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့တွင် သံတောင်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးစန်းကိုအား ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးအေးမင်းထွေးအား ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌတို့အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့သည် လွှတ် တော်သဘာပတိဖြစ်သူ ဘားအံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးစောမြင့်ဦးရှေ့မှောက်တွင် ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်တွင်လက်မှတ်ရေးထိုးပြီး သဘာပတိမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား လွှတ်တော်အစည်းအဝေးဆိုင်ရာလုပ်ငန်းတာဝန်များကိုလွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများလည်းပြုလုပ်ခဲ့ကြသည်။

image

ဦးရားဝမ်ဂျုံးအား ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဦးသန်းထွန်းအေးအား ဒု-ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်

ကချင်ပြည်နယ်၏ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့အား ယနေ့ မတ် ၂၀ ရက်ကကျင်းပရာ မချမ်းဘောမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးရားဝမ်ဂျုံးအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မိုးညှင်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးသန်းထွန်းအေးအား ဒု-ဥက္ကဋ္ဌတို့အဖြစ် ရွေးကောက်တင်မြောက်ခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ မိမိအနေ ဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အဂတိတရားကင်းရှင်းစွာဖြင့် ပေးအပ်ထားသည့် လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို သမာသမတ်ကျကျဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

ထို့ပြင် ကိုယ်စားလှယ်များနှင့်အတူ ကချင်ပြည်နယ်အတွင်း ဒီမိုကရေစီအခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ရွေးကောက်တင်မြှောက်ခြင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများကိုလည်းပြုလုပ်ခဲ့ကြသည်။

image

မလေးရှားတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များထုတ်ပေးခြင်းကို ပုံမှန်ရုံးဖွင့်ရက်အပြင် ရက်တိုးသတ်မှတ်ထုတ်ပေး

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များထုတ်ပေးခြင်းကို ပုံမှန်ရုံးဖွင့်ရက်အပြင် ရက်တိုးသတ်မှတ်လိုက်ကြောင်း ယနေ့ မတ်လ (၂၀)ရက်တွင် အသိပေးကြေညာသည်။

ထပ်တိုးဖွင့်လှစ်ဆောင်ရွက်ပေးသွားမည့် ရက်များမှာ မတ်လ(၂၈)ရက်၊ ဧပြီ (၄)ရက်၊ ဧပြီ (၁၁)ရက်နှင့် ဧပြီ (၁၉)ရက်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုံးဖွင့်ရက်များအတွင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်များ လာရောက်လျှောက်ထားရာတွင် မြန်မာသံရုံး၏ website “https://www. mekl.org"၌ ကြိုတင်ရက်ချိန်းလျှောက်ထားရန်လိုအပ်ပြီး သတ်မှတ်ရက်ချိန်းရရှိသည့်သူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးထားသည်။

image