Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“ လောကကြီးမှာ ချစ်ရုံသက်သက် ရေစက်တွေလည်း ရှိတတ်တာကို လက်ခံပေးပါ ”
“ ဖမ်းမဆုပ်နိုင်ဘဲ လက်ကမ်းခဲ့မိတဲ့အတွက် ခွင့်လွှတ်ပါ ၊ ဒီအချိန်ထိ စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ် “
“ စောင့်နေခဲ့တဲ့ ကာလတစ်လျှောက်လုံးကို အဓိပ္ပါယ်ရှိစေခဲ့တဲ့အတွက် ကျုပ်ကလည်း ကျေးဇူးတင်ပါတယ် ။ ရှေ့မတိုးနိုင်ဘဲ ခြေလှမ်းပြင်ခဲ့မိတဲ့အတွက် ကျုပ်ကိုလည်း ခွင့်လွှတ်ပါ”
" ဘဝအဆက်ဆက် စစ်မက်နဲ့ဝေးပါစေ "
ပထမ-အင်္ဂလိပ်မြန်မာစစ်ပွဲအချိန်ကာလနောက်ခံ လွန်ခဲ့တဲ့နှစ် ၂၀၀ ခန့်ဆီသို့ စိတ်ဝိညာဉ်တို့ကို ပြန်လည်ခေါ်ဆောင်သွားခဲ့တဲ့ ဇာတ်လမ်းတစ်ခု ။
ဗဒုံမင်းနန်းစံစဉ်ကာလ နဲ့ စစ်ကိုင်းမင်းနန်းစံချိန်အထိ ခေတ်တခေတ်ကို ခေါ်ဆောင်သွားပေးပြီး သမိုင်းအမှန်နဲ့ ယှဉ်တွဲပြီး သက်ဝင်လှုပ်ရှားနေတဲ့ စိတ်ကူးထဲကဇာတ်ကောင်တွေ နဲ့ တကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကို မြင်ရ ခံစားရမဲ့ စာအုပ်ပေါ့ ။
ရွှေတိဂုံဘုရားကြီးတည်ရှိရာ ရန်ကုန်မြို့ ဗဒုံမင်းတရားစိုးစံရာ အမရပူရမြို့ ကုန်းဘောင်ခေတ်ကာလ ပတ်ဝန်းကျင်ကို စိတ်ကူးနဲ့ရောက်ခဲ့ရတာ ။
သစ်တောတွေထူထပ်လှသေးတဲ့ ရန်ကုန် ကျားဟိန်းသံကိုပင်ကြားရတဲ့ ရန်ကုန်မြို့ပတ်ဝန်းကျင်ကို အဲမွန်ဆိုတဲ့ မွန်ကောင်လေး တစ်ယောက်နဲ့အတူ မြင်တွေ့ခဲ့ရတယ် ။
မွန်လူမျိုးတို့ရဲ့ နှလုံးသား ဗမာလူမျိုးတို့ရဲ့ နှလုံးသား ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ လှုပ်ရှားခဲ့တဲ့ အရိပ်သုံးခုနဲ့ ရယ်သံတွေ ။ စဥ့်ကူးမင်း ခေါင်းလောင်ကို ညဘက်ကြီးထိုးနေခဲ့တဲ့ကောင်မလေးတစ်ယောက် ။ လှေကားတွေကို
စတက်ဘိုင်စတက်လို့ အော်ပြီး ပြေးတက်ခဲ့တဲ့ ကောင်ကလေး ။
ရန်ကုန်ဆိုတာ ဇနပုဒ်ရွာကလေးပါလို့ ပြောတတ်တဲ့ တစ်ချိန်က ဘုရင့်ထီးနန်းစိုက်ရာ အမရပူရရွှေမြို့တော်မှာနေထိုင်ကြတဲ့သူတွေ ။
ခင်ယွန်းမေဆိုတဲ့ နန်းတွင်းအမှုထမ်းမျိုးနွယ်က သမီးပျိုလေး ။ မြဝတီမင်းကြီးဦးစကို တစ်ဖက်သတ် သဘောကျနေခဲ့တဲ့ ခင်ယွန်းရဲ့ အဒေါ်အပျိုကြီးတစ်ယောက် ။ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဗဒုံမင်း နဲ့ ဦးစတို့ကို ဇာတ်ကောင်တွေနဲ့အတူ မြင်ရတော့ အချိန်ခရီးသွားလိုမျိုး ခံစားခဲ့ရတာ။ ကုန်းဘောင်ခေတ်ကို ပြန်ရောက်သွားခဲ့ရသလိုမျိုး ။
ကုန်လွန်ခဲ့ပြီးသော ကုန်းဘောင်ခေတ်ကို ပြန်လည်ရောက်ရှိခံစားပြီး နှလုံးသားမှာ ခိုအောင်းတွယ်ငြိခဲ့တဲ့ ကြည်နူးလွမ်းဆွတ်ဖွယ် ချစ်ခြင်းမေတ္တာတွေ ။
" ချစ်ခြင်းမေတ္တာဟာ အကြောင်းအရာများများ မသိဘဲလည်း ဖြစ်တည်နိုင်တဲ့အရာမျိုး အဝေးကြီး ဝေးသွားလည်း ဆက်ရှိနေနိုင်တဲ့ အရာ "
ရှေ့လှမ်းလို့လည်းမသာ နောက်ဆုတ်ရလည်း ခက်နေခဲ့တဲ့ အဲမွန် နဲ့ ခင်ယွန်းတို့ရဲ့ ချစ်ခြင်းတစ်ပုဒ် ။
ကိုယ်ကတစ်ယောက်ကိုကြိုက်မိခဲ့ပေမဲ့ အဲ့တစ်ယောက်က ကိုယ့်ကိုမမြင်ခဲ့တဲ့ ဝမ်းနည်းဖွယ် ချစ်ခြင်းနဲ့ ချစ်မိခဲ့ကြ "ချစ်မလောက်" နဲ့ "ရှင်ငြိမ်းသာ" တို့တွေ ။
ဗမာစစ်သားကလေး နဲ့ ယိုးဒယားသူလေး တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဖွဲ့နဲ့ လွဲမှားခဲ့တဲ့ ရှေးရေစက်လို့ပြောကြတဲ့ အများမြင်သာအောင် ချစ်ခွင့်မရရှာတဲ့ ရွှေပိုး နဲ့
သျှင်ထွေးတို့ရဲ့ အချစ်တွေ ။
နူးညံ့လွန်းတဲ့ချစ်ခြင်းမေတ္တာကြိုးမျှင်တွေဟာ နှလုံးအိမ်မှာ ရစ်ပတ်နှောင်တွယ်ပြီးတဲ့အခါ တင်းတင်းကြပ်ကြပ်ထပ်အရစ်ခံခဲ့ရတာဟာ စစ်ဆိုတဲ့ ရက်စက်တဲ့နွယ်မျှင်တွေ ။
စစ်ကြောင့် ခံစားခဲ့ရတဲ့ ဘဝတွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ဟောဒီမြေပေါ်မှာ ခံစားခဲ့ကြရတာ ။ ဒါဟာတကယ်ဖြစ်ခဲ့တဲ့ စစ်ပွဲတစ်ခု သမိုင်းအစစ်တစ်ခုဆိုတာ သိသိရက်နဲ့တောင် ဇာတ်ကောင်တွေရဲ့ ခံစားချက်တွေ ရစ်ပတ်ပြီးတဲ့အခါမှာ ဝမ်းနည်းနာကျင် ထိတ်လန့်ခဲ့ရတယ် ။
ဓနုဖြူတိုက်ပွဲဟာအရင်က နှလုံးသားထဲမှာ မရှိခဲ့ပေမဲ့ ဒီစာအုပ်ဖတ်ပြီးချိန်မှာတော့ ဝမ်းနည်းဖွယ်တိုက်ပွဲတစ်ခုဖြစ်ခဲ့ရတယ် ။
ကိုယ်ကောင်းစားရေးအတွက် တခြားသူမကြည့်ခဲ့သူတစ်ယောက်ရဲ့ နှလုံးသားမှာ ဇာတိသွေး ဇာတိမာန်တွေ ဝင်သွားခဲ့တဲ့အချိန်ဟာ ကြည်နူးစရာ ။
ဓနုဖြူတိုက်ပွဲအပြီး ရှေ့ဆက်မဖတ်နိုင်တော့အောင် နှလုံးအိမ်မှာ ဝမ်းနည်းပူဆွေးခဲ့ရတာ ။ ရက်စက်ပါပေ့ စစ်ပွဲရယ်
ကုန်းဘောင်ခေတ်ရဲ့ အချစ် နဲ့ စစ် ဘဝအဖုံဖုံဟာ နှလုံးအိမ်ဝယ် ရစ်ပတ်ပြီးတဲ့အခါ စိတ်အာရုံဟာနွမ်းလျစွာကျန်ရစ်ခဲ့တော့တယ် ။
" လောကကြီးမှာ ချစ်ရုံသက်သက် ရေစက်တွေလည်း ရှိတတ်တာကို လက်ခံပေးပါ "
#နောက်ဆုံးနက္ခတ် #ပုညခင်
သိကျွမ်းဖူးတဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ
မေ့သွားခဲ့တာမျိုး မရှိခဲ့ဖူးပါဘူး ။
သူစိမ်းဆန်သွားတဲ့ လူတွေကို
သူစိမ်းဆန်သွားတဲ့အတိုင်းပဲ ထားလိုက်တယ် ။
ထပ်ပတ်သက်ဖို့ မကောင်းတဲ့လူတွေကိုတော့
ဝေးဝေးကနေ ရှောင်ပါတယ် ။
ကိုယ်ကလေ တစ်ဖက်တည်း
တည်ဆောက်ရတဲ့ ဆက်ဆံရေးတွေ
တစ်ဖက်တည်း ချည်နှောင်ရတဲ့
သံယောဇဥ်ကြိုးတွေကို လုံးဝ လုံးဝ သဘောမကျဘူး ။
စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရမှာပဲ
ကိုယ့်တန်ဖိုးကို မသိတဲ့ လူတွေကိုတော့
ဘဝထဲကနေ နေရာပေးဖို့
ကိုယ်ကျင့်သိက္ခာက ခွင့်မပြုဘူး ။
သိပ်နွေးထွေးမှုရှိတဲ့ လူတစ်ယောက်က
ထင်ထားတာထက် အေးစက်ပြတတ်ပါတယ် ။
#ဖားစည်ရည်ကျော်
၂.၉.၂၀၂၃
ရှောင်ရှားလို့မရတဲ့ စိတ်ဖိစီးစရာတွေကို ဘယ်လို ရင်ဆိုင် ကျော်လွှားကြမလဲ ။
⚪ နံပါတ်၁ အကောင်းဘက်က မြင်ပေးပါ ။
အဆိုးမြင်တတ်တဲ့သူတွေဟာ ရလာသမျှ အခွင့်အလမ်းတိုင်းကို အခက်အခဲလို့ မြင်တယ် ။ အကောင်းမြင်တတ်တဲ့သူကတော့ ကြုံလာသမျှ အခက်အခဲတိုင်းကို အခွင့်အလမ်းလို့ မြင်ပါတယ် ။
အလုပ်မှာ ဆက်ဆံရ သိပ်ခက်တဲ့လူနဲ့ တွဲလုပ်နေရတာကို စိတ်ညစ်တယ် ။ အမှန်တော့ အဲဒါ စိတ်ညစ်စရာ မဟုတ်ပါဘူး ။ သူ့ကိုတောင် ငါ control မလုပ်နိုင်ရင် ဒီထက် ပိုခက်ခဲတဲ့သူတွေနဲ့ဆို ငါ ဘယ်လိုလုပ်မလဲလို့ တွေး ကြည့်လိုက်ပါ ။
ဘဝမှာ အခက်အခဲတွေနဲ့ ကြုံလာတိုင်း လက်လျှော့ အရှုံးမပေးလိုက်ပါနဲ့ ။ ကိုးတန်း အောင်ပြီးမှ ၁ဝ တန်း တက်လို့ ရပါတယ် ။ ကိုးတန်းက ခက်လို့ ခဏနေဦး ၊ ၁ဝ တန်း အရင် တက်မယ် လုပ်လို့ မရပါဘူး ။ လူငယ်ဘဝ ၊ ဝန်ထမ်းငယ်ဘဝ ၊ ကျောင်းသားဘဝမှာ အောက်သက်ကျေခဲ့မှ ဒီထက် အဆင့်မြင့်တဲ့ နေရာတွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ် ။
ဒါကြောင့် ဖိအားတွေ ၊ စိန်ခေါ်မှုတွေ ကြောက်မနေကြဖို့ လိုပါတယ် ။ အမှန်က ကြောက်စရာ မလိုတဲ့အပြင် မကြုံရဘူး ဆိုရင်တောင် အတင်း မရ မက လိုက်ရှာနေရမှာ ဖြစ်ပါတယ် ။ အသက်သာ ကြီးလာတယ် ရင့်ကျက်မှုနဲ့ အတွေ့အကြုံက လိုက်မတက်လာဘူးဆိုရင် ကိုယ့်အတွက် အချိန်တွေ နှမြောစရာ သိပ်ကောင်းပါတယ် ။
⚪ နံပါတ် (၂) ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ သတိရပေးပါ ။
ကျွန်တော်တို့က လုပ်ငန်း အရှုံးပေါ်လို့ စိတ်ညစ်နေတဲ့အချိန် ထမင်းတောင် နပ်မှန်အောင် မစားရတဲ့သူတွေ ရှိနေပါသေးတယ် ။ ကျွန်တော်တို့က အနာဂတ်တွေ ဝေဝါးနေတယ်လို့ ညည်းနေတဲ့အချိန်မှာ
မနက်ဖြန် ဆိုတာတောင် မသေချာသေးတဲ့သူတွေ အများကြီးပါ ။ ရည်းစားနဲ့ ပြတ်လို့ စိတ်ညစ်မိတော့မယ်ဆို မွေးကတည်းက ချစ်ခြင်းမေတ္တာ ဆိုတာကို မိဘဆီကတောင် မရခဲ့ရှာတဲ့ မိဘမဲ့ကလေးတွေကိုလည်း အားနာပေးပါဦး။
ကိုယ့်ကိုယ်ကိုယ်ပဲ ဗဟိုပြု စဉ်းစားနေမိတဲ့အခါ ကိုယ့်ပြဿနာ တစ်ခုတည်းကိုပဲ ကမ္ဘာကြီးလောက် ထင်နေတတ်ကြတယ် ။ အဲဒီအခါ ပိုပြီး စိတ်ညစ်ရပါတယ် ။
⚪ နံပါတ် (၃) ပြဿနာနဲ့ ခပ်ဝေးဝေး နေပါ ။
ပြဿနာတစ်ခုကို ရှင်းရတာထက် နဂိုကတည်းက မဖြစ်အောင် နေတာက ပိုကောင်းတယ် ဆိုတဲ့ သဘောပါ ။ လောင်းကစား လုပ်မိလို့ ရှုံးတယ် ။ စိတ်ညစ်ရတယ် ။ ရည်းစားနဲ့ အတူနေရင်း ကိုယ်ဝန်ရသွားတယ် ။ သတ်သေချင်စိတ်တွေ ဖြစ်မိတယ် ။ ဒါတွေဟာ မမျှော်လင့်ဘဲ ပေါ်လာတဲ့ ကိစ္စတွေ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ ရွေးချယ်မှု မှားယွင်းခဲ့လို့ ဖြစ်ရတာပါ ။ ဒါကြောင့် ဒီလို ကိစ္စတွေအတွက် စိတ်မညစ်ချင်ဘူးဆို အစကတည်းက ရှောင်ကြဉ်နိုင်ကြဖို့ လိုပါတယ် ။
⚪ နံပါတ်(၄) နောက်ထပ် အကောင်းဆုံးလမ်းကို ရွေးတတ်ပါစေ ။
တကယ်တော့ ဒီလို စာ ရေးရတာ လွယ်ပါတယ် ။ လက်တွေ့သာ ခက်တာပါ ။ အချို့သောလူတွေဟာ ဆက်ဆံရ သိပ်ခက်ပါတယ် ။ အဲဒီလို ဘယ်လိုမှကို ဆက်လျှောက်လို့ မရနိုင်တော့တဲ့လမ်း ဖြစ်နေတယ်ဆိုရင်တော့ နောက်ထပ် အကောင်းဆုံး လမ်းတစ်ခုကို ရွေးချယ်တတ်ကြဖို့လိုပါတယ် ။ ပုံပြင်လေးတစ်ပုဒ် ကြားဖူးပါတယ် ။
တစ်ခါက အာလူးကုန်သည် တစ်ယောက် ရှိတယ် ။ သူက သူ့ခြံထဲက အာလူးတွေကို မြို့တက်ရောင်းတော့မယ် ဆိုရင် သူများတွေလို အကြီး အလတ် အသေး ခွဲမနေဘူး ။ လှည်းကြီးတစ်စီးထဲ အကုန် ပြုံထည့်သွားတယ် ။ ပြီးရင် အရမ်းကို ကြမ်းတမ်းတယ်၊ ချိုင့်တွေ ခွက်တွေ ပေါပါတယ် ဆိုတဲ့ လမ်းကို ဖြတ်ပြီး တွန်းသွားတယ် ။ လမ်းက ကြမ်းတော့ လှည်းက ခုန်တယ် ။
အဲဒီမှာ သေးတဲ့ အာလူးတွေက တဖြည်းဖြည်း အောက်ကို ကျကျသွားပြီးတော့ အလတ်စား အာလူးတွေက အလယ်မှာ ကျန်ခဲ့တယ် ။ အကြီးစား အာလူးတွေကတော့ အပေါ်ဆုံးမှာ ကျန်နေခဲ့တယ် ။
အဲဒါနဲ့ မြို့ကိုလည်း ရောက်ရော အပေါ်ဆုံးက အာလူးတွေကို ဈေးကြီးကြီး နဲ့ ရောင်း ၊ အလယ်က အာလူးတွေကို ဈေးသင့်သင့် ၊ အောက်ဆုံးက အာလူး တွေကိုတော့ ဈေးပေါပေါနဲ့ ရောင်းခဲ့လိုက်တော့တာပဲတဲ့ ။
ဘဝ ဆိုတာလည်း အဲဒီလို လမ်းကြမ်းကြမ်းကို ဖြတ်သွားရတာနဲ့ အတူတူပါပဲ ။ အဲဒီအခါမှာ စိတ်ဖိစီးစရာတွေ ၊ စိတ်ညစ်စရာ ၊ ဝမ်းနည်းစရာတွေကို ဘယ်လောက်အထိ ရင်ဆိုင်ကျော်လွှားနိုင်သလဲ ဆိုတာက အရေးကြီးလာပါတယ် ။
မကျော်လွှားနိုင်တဲ့သူကတော့ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ အောက်ကို ရောက်ရောက်သွားမှာ ဖြစ်ပြီးတော့ ရင်ဆိုင်နိုင်တဲ့သူတွေသာ အပေါ်မှာ ကျန်နေခဲ့မှာ ဖြစ်ပါတယ် ။
ချားလ်စ် ဒါဝင်ရဲ့ စကားယူသုံးရရင်တော့ Survival of the fittest ပါပဲ ။ ဒီလို ရှောင်လွှဲလို့ မရတဲ့ စိတ်ဖိစီးစရာတွေကြားထဲမှာ အကောင်းဆုံး ကြံ့ကြံ့ခံနိုင်တဲ့သူကပဲ နောက်ဆုံးမှာ ရှင်သန်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။
(Daily Eleven သတင်းစာ၊ ၁၉-၆-၂၀၁၆)
#ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ #ဒေါက်တာဖြိုးသီဟ