ခန့်အပ်ခြင်းခံရပြီး ၁၈ ရက်အကြာတွင်ပင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းနည်းပြ နုတ်ထွက်လာ
===================

ကမ္ဘာ့ဖလားမန်နေဂျာတစ်ဦးဟာ အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီး ၁၈ ရက်အကြာတွင်ပင် နည်းပြရာထူးမှ နုတ်ထွက်လာပါတယ်။
အသက် ၅၇ နှစ်ရှိ နည်းပြဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာရပြီးနောက် ရာထူးမှ နုတ်ထွက်လာတာလည်း ဖြစ်ပါတယ်။
ဟာဗီးရီနတ်ဟာ တူနီးရှားနည်းပြရာထူးမှ နုတ်ထွက်လာတာပါ။
သူဟာ ဆာဘရီလာမိုချီ ထုတ်ပယ်ခြင်းခံရပြီးနောက် ဇွန်လ ၁၆ ရက်နေ့ကမှ တူနီးရှားနည်းပြအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း ခန့်အပ်ခြင်းခံခဲ့ရတာပါ။
သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက မော်ရိုကိုနှင့်လည်းကောင်း၊ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ဆော်ဒီနှင့်လည်းကောင်း ယှဉ်ပြိုင်ပြီးနောက် တတိယမြောက် ကမ္ဘာ့ဖလားကိုင်တွယ်ခွင့်ရလာတာပါ။
ဒါပေမဲ့ တူနီးရှားမှာ ကမ္ဘာ့ဖလားအုပ်စု(F) တွင် ၃ ပွဲလုံး ရှုံးနိမ့်ကာ အုပ်စုအဆင့်မှပင် စောစောစီးစီး ထွက်ခဲ့ရပါတယ်။
လာမူချီဟာ အုပ်စုအဖွင့်ပွဲတွင် ဆွီဒင်ကို ၅-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။
ယင်းနောက် ရီနတ် ခန့်အပ်ခြင်းခံခဲ့ရပြီး ကမ္ဘာ့ဖလားအုပ်စု ၂ ပွဲကို ကိုင်တွယ်ခဲ့ပေမဲ့လည်း ဂျပန်ကို ၄-၀ ဖြင့်လည်းကောင်း၊ နယ်သာလန်ကို ၃-၁ ဖြင့်လည်းကောင်း ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်။
ဂျပန်ကို ရှုံးနိမ့်တဲ့ပွဲအပြီးတွင် ရီနတ်က တူနီးရှားဘောလုံးအဖွဲ့ချုပ်နှင့် ကာလတိုစာချုပ်သာ ချုပ်ဆိုထားခြင်းမျှသာဖြစ်ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

image

အင်္ဂလန်အသင်းသားများ အိပ်ရေးပျက်အောင် ဟိုတယ်ရှေ့တွင် တစ်ညလုံး သံစုံတီးဝိုင်း၊ မီးရှူးများ၊ ကားဟွန်းသံများဖြင့် မက္ကဆီကိုပရိသတ်များ နှောင့်ယှက်ခဲ့
=====================

မက္ကဆီကိုပရိသတ်များဟာ သံစုံတီးဝိုင်း၊ မီးရှူး၊ ကားဟွန်းသံများဖြင့် အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုအား နှောင့်ယှက်လာကြပါတယ်။
အင်္ဂလန်အသင်းဟာ မနက်ဖြန် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မက္ကဆီကိုစီးတီးတွင် ပူးတွဲအိမ်ရှင် မက္ကဆီကိုနှင့် ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ကစားရပါမယ်။
အင်္ဂလန်အသင်းဟာ ဆန်တာဖီရှိ JW Marriott ဟိုတယ်တွင် တည်းခိုမဲ့အကြောင်း လျို့ဝှက်ထားခဲ့ပေမဲ့လည်း နောက်ပိုင်းတွင် ပေါက်ကြားမှု ဖြစ်သွားခဲ့ပါတယ်။
ယင်းနောက်မှာတော့ မက္ဆဆီကိုပရိသတ်များဟာ ဟိုတယ်ရှေ့နားသို့ သံစုံတီးဝိုင်း၊ မီးရှူးမီးပန်းများဖြင့် အင်္ဂလန်အသင်းအား အိပ်ရေးပျက်အောင် လုပ်ကာ နှောင့်ယှက်ရန် ကြိုးပမ်းခဲ့ကြပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်များက မက္ကဆီကိုပရိသတ်များအား ဟိုတယ်အနီးသို့ ကပ်လာနိုင်ခြင်း မရှိစေရန်အတွက် အတားအဆီးများ ချထားကာ အကာအကွယ်ပေးခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်အသင်းလုံခြုံရေးအဖွဲ့ကလည်း အင်္ဂလန်အသင်းသားများ ကောင်းမွန်စွာ အိပ်စက်နိုင်ရေးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ကြပါတယ်။
တဖက်တွင် လမ်းများကို ပိတ်ထားမှုနှင့်အတူ မက္ကဆီကိုပရိသတ်များအနေဖြင့် အင်္ဂလန်အသင်းတည်းခိုရာဟိုတယ်သို့ ကပ်ရန် ခက်ခဲနေခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်အသင်းတည်းခိုရာ ဟိုတယ်တံခါးများတွင် လုံခြုံရေးများ ချထားတဲ့အပြင် ဟိုတယ်ကို စတီးသံကြိုးအတားအဆီးများဖြင့်လည်း ကာကွယ်ထားပါသေးတယ်။
ဒါပေမဲ့လည်း နံနက်မိုးလင်းခါနီးတွင် မက္ကဆီကိုပရိသတ် အရေအတွက် ပိုမိုများပြားလာကာ ကားဟွန်းသံများ၊ ဒရမ်းများ၊ မီဂါဖုန်းများအပါအဝင် သံစုံတီးဝိုင်းသံကြောင့် အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်နေတာလည်း တွေ့ရပါတယ်။
မက္ကဆီကိုပရိသတ်များဟာ အီကွေဒေါနှင့် ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီတုန်းကလည်း ပြိုင်ဘက်အသင်းတည်းခိုရာ ဟိုတယ်အနီးသို့ သွားကာ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

image

ချဲလ်ဆီးတောင်ပံကစားသမားဂျော့ကို ပေါင် ၂၄ သန်းဖြင့် ခေါ်ယူရန် အဲဗာတန် သဘောတူညီမှု ရရှိ
==================

အဲဗာတန်ဟာ ချဲလ်ဆီးတောင်ပံကစားသမားတိုင်ရီကေးဂျော့ကို ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းအထိ မြင့်မားလာနိုင်တဲ့ ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာပါတယ်။
အသက် ၂၀ နှစ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဲဗာတန်တွင် ရာသီဝက်အငှားဖြင့် လာရောက်ကစားခဲ့တာ ဖြစ်ပြီး အငှားစာချုပ်အတွင်းတွင် ပေါင် ၂၅ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မဲ့အချက် ပါဝင်ပါတယ်။
ဒါပေမဲ့ အဲဗာတန်ဟာ ပြောင်းရွှေ့ကြေးအား ပြန်လည်ညှိနှိုင်းမှု ပြုလုပ်ခဲ့ရာ ပေါင် ၁၈ သန်းအပြင် ကျန် ပေါင် ၆ သန်းအား ဥရောပဝင်ခွင့်နှင့် ပွဲကစားခွင့်ရရှိမှုအပေါ် မူတည်ပြီးပေးရန် သဘောတူညီမှု ရရှိလာပါတယ်။
တဖက်တွင် ချဲလ်ဆီးဟာ အဲဗာတန်ဘက်က ဂျော့ကို ပြန်လည်ရောင်းချလာပါက ၁၅ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရရှိမဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုခွင့်ရလာပါတယ်။
ဂျော့ဟာ အဲဗာတန်တွင် အငှားဖြင့် ကစားစဉ်အတွင်း ၁၁ ပွဲကစားခွင့်ရခဲ့ရာမှာ ၁ ပွဲတည်းသာ ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်ဟာ ဂျော့ရဲ့ ခြေစွမ်းနှင့် လုပ်အားနှုန်းကို သဘောကျကာ အပြီးသတ်ခေါ်ယူရန် ဆုံးဖြတ်ခဲ့တာပါ။
ဂျော့ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ရက်ဘူးလ်လိုက်ဇစ်၊ ဖူလ်ဟမ်သို့ ပြောင်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပေမဲ့လည်း ပျက်ပြယ်ခဲ့သူ ဖြစ်ပါတယ်။
အဲဗာတန်ဟာ မစ်ဒယ်ဘရော့မှ ချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင်ဟေဒန်က်နေကို ပေါင် ၁၆ သန်းဖြင့် ခေါ်ယူပြီးနောက် ဂျော့အား ဒုတိယမြောက်ခေါ်ယူမှုအဖြစ် ခေါ်ယူလာမှာလည်း ဖြစ်ပါတယ်။

image

ထရိုဆတ်အား ပေါင် ၁၇ သန်းဖြင့် ရောင်းချရန် အာဆင်နယ်သဘောတူညီမှုရရှိ
=====================

ဘီဆစ်တပ်ဟာ အာဆင်နယ်တောင်ပံကစားသမားလီယန်ဒရိုထရိုဆတ်အား ခေါ်ယူရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ ၂၀၂၃ ခုနှစ်တွင် အာဆင်နယ်သို့ ရောက်လာသူ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၇.၁ သန်းဖြင့် ထွက်ခွာလာပါမယ်။
The Athletic ရဲ့ဖော်ပြလာမှုအရ အာဆင်နယ်ဟာ ထရိုဆတ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅.၄ သန်း ရရှိလာမှာ ဖြစ်ပြီး ကျန်ပေါင် ၁.၇ သန်းကို အောင်မြင်မှုအပေါ် မူတည်ပြီး ရရှိလာမှာ ဖြစ်ကြောင်း သိရပါတယ်။
ဘီဆစ်တပ်ဟာ ထရိုဆတ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိရေး ဆွေးနွေးနေဆဲ ဖြစ်ရာ အပြောင်းအရွှေ့အပြီးသတ်ရေး လုပ်ဆောင်ရန် ကျန်နေပါသေးတယ်။
ထရိုဆတ်ဟာ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့ရာ အာဆင်နယ်အနေဖြင့် ယခုနွေရာသီတွင် ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဖြင့် ရောင်းချလာနိုင်တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လွန်ခဲ့တဲ့သုံးနှစ်ခန့်တုန်းက ထရိုဆတ်ကို ဘရိုက်တန်မှ ပေါင် ၂၇ သန်းအထိ မြင့်မားလာနိုင်တဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ထရိုဆတ်ဟာ အာဆင်နယ်အတွက် ၁၇၄ ပွဲကစားပေးခဲ့ရာမှာ ၃၆ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အား ပရီးမီးယားလိဂ်ဖလား ရရှိအောင် ၆ ဂိုးသွင်းပြီး ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
ထရိုဆတ်ဟာ ဘယ်လ်ဂျီယံနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေပြီး အင်္ဂါနေ့တွင် ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် အမေရိကန်နှင့် ရင်ဆိုင်ကစားရပါမယ်။

image

ကစားသမားများ ခေါ်ယူရန်အတွက် ငွေကြေးအပူတပြင်းလိုအပ်ချက်ရှိနေမှုကြောင့် တစ်သင်းကို အရောင်းစာရင်းတင်လာတဲ့ ဆာဂျမ်ရက်ကလစ်ဖ်
=====================

ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယခုနွေရာသီတွင် ကစားသမားများ ခေါ်ယူအားဖြည့်ရေးအတွက် ငွေကြေးလိုအပ်ချက်များစွာ ရှိနေမှုကြောင့် တစ်သင်းလုံးကို အရောင်းစာရင်းတင်လာကြောင်း သိရပါတယ်။
INEOS ပိုင်ဆိုင်တဲ့ နိုက်စ်ဟာ လီဂူး ၁ တွင် ဆိုးရွားတဲ့ရာသီကြုံခဲ့ရပြီးနောက် အသင်းတွင် ရှိတဲ့ ကစားသမားတိုင်းအတွက် ကမ်းလှမ်းမှုများအား တံခါးဖွင့်ပေးလာပါတယ်။
ပြင်သစ်ကလပ်ဟာ လီဂူး ၁ မှ ဒုတိယတန်းသို့ တန်းဆင်းရလုနီးပါး ဖြစ်ခဲ့ပြီး နွေရာသီတွင် အသင်းကို အပြောင်းအလဲများ ပြုလုပ်လာပါမယ်။
L'Equipe ရဲ့ဖော်ပြမှုအရ နိုက်စ်ဟာ ယခုနွေရာသီတွင် ကစားသမားဝယ်ယူဖြည့်တင်းရန်အတွက် ကစားသမားရောင်းချမှုမှ ပေါင် ၃၄ သန်း ရရှိရန် လိုအပ်နေပါတယ်။
ယင်းသို့ ငွေကြေးလိုအပ်ချက်ရှိနေမှုနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့ကမှ ပူပူနွေးနွေး ခန့်အပ်ခြင်းခံခဲ့ရတဲ့ အားကစားဒါရိုက်တာသစ်ရိုဂျာရီကော့မှာ ကစားသမားရောင်းချရေး ခေါင်းခြောက်အောင် စဉ်းစားလုပ်ဆောင်နေရပါတယ်။
နိုက်စ်ဟာ ယခုနွေရာသီတွင် တစ်ဦးတည်းသော ခေါ်ယူမှုအဖြစ် လောရင့်အေဘာဂျယ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ နိုက်စ်ရဲ့ လတ်တလော အဓိက လုပ်ဆောင်နေတဲ့အရာက ကစားသမားများကို ရောင်းချနိုင်‌ရေး ဖြစ်ပါတယ်။
တဖက်တွင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ ကလပ်ကို ရောင်းချရေးလည်း ကြိုးပမ်းနေပါသေးတယ်။
ပြီးခဲ့တဲ့လတုန်းက အမေရိကန်ရင်းနှီးမြှပ်နှံသူများထံ ရောင်းချရေး ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ပေမဲ့လည်း နောက်ဆုံးအချိန်တွင်မှ အရောင်းအဝယ်ပျက်ပြယ်သွားခဲ့ပါတယ်။
ရက်ကလစ်ဖ်ဟာ နိုက်စ်ကို ရောင်းချခြင်း (သို့မဟုတ်) ရင်းနှီးမြှပ်နှံမဲ့သူ ခေါ်ယူခြင်း ပြုလုပ်ရေး လုပ်ဆောင်နေချိန်တွင်ပင် အသင်းရှိ ကစားသမားများကို ရောင်းချပြီး ကစားသမားဝယ်ယူအားဖြည့်ရေးအတွက် ငွေရှာနေပါတယ်။

image

ကစားသမား ၅၀ အထိ ပါဝင်ပတ်သက်နေတဲ့ ပြည့်တန်ဆာမှုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းခြင်းခံလာရတဲ့ အာဆင်နယ်စတား
=========================

အာဆင်နယ်စတားရီကာဒိုကာလာဖီအိုရီဟာ ကစားသမား ၅၀ ဦးအထိ ပါဝင်ပတ်သက်နေတဲ့ ပြည့်တန်ဆာမှုနှင့်ပတ်သက်ပြီး အီတလီရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရကြောင်း သိရပါတယ်။
အသက် ၂၄ နှစ်ရှိ အီတလီနောက်ခံလူဟာ မီလန်မှ အစိုးရရှေ့နေက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတဲ့ ပြည့်တန်ဆာမှုတွင် မျက်မြင်သက်သေအဖြစ် ထွက်ဆိုလာရတာလည်း ဖြစ်ပါတယ်။
အီတလီရဲတပ်ဖွဲ့ဟာ အေစီမီလန်ဂန္ထဝင်ပေါ်လိုမာလ်ဒီနီရဲ့သား လာဇီယိုအလယ်တန်းကစားသမားဒါနီရယ်မာလ်ဒီနီ၊ ဘိုလော့ဂ်နာနောက်ခံလူဟောင်းကီဗင်ဘိုနီဖာဇီတို့ကိုလည်း စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း အီတလီမီဒီယာများရဲ့ဖော်ပြမှုအရ သိရပါတယ်။
ယင်းကစားသမား ၃ ဦးတို့ဟာ စုံစစ်ဆေးမှုအောက်တွင် မရှိဘဲ မျက်မြင်သက်သေများအဖြစ်သာ မေးမြန်းခံခဲ့ရတာပါ။
၎င်းတို့ကို အစိုးရရှေ့နေ ရိုဆာရီယာစတာဂနာရိုနှင့် လက်ထောက်ဘရူနာအယ်ဘာတီနီတို့က မေးမြန်းမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းစုံစမ်းစစ်ဆေးမှုတွင် အင်တာမီလန်စတားအလက်ဆန္ဒရိုဘာစတိုနီလည်း ပါဝင်နေပြီး သက်ငယ်ပြည့်တန်ဆာမှုဖြင့် စစ်ဆေးခံနေရတာပါ။
ဒါပေမဲ့ ဘာစတိုနီဘက်က ထိုစဉ်တုန်းက အသက် ၁၇ နှစ်အရွယ်သာ ရှိနေသေးတဲ့ အမျိုးသမီးငယ်နှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပြီး ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်မှုကို မတက်ရောက်ဘဲ ငြင်းဆိုထားပါတယ်။
ထိုစဉ်တုန်းက အသက် ၁၇ နှစ်နှင့် ၈ လအရွယ်ရှိ အမျိုးသမီးငယ်ဟာ ၂၀၂၀ ခုနှစ်တုန်းက ထိုစဉ်တုန်းက အသက် ၂၁ နှစ်အရွယ်ရှိ ဘာစတိုနီနှင့် အတူအိပ်ခဲ့ကြောင်း သတင်းထွက်ထားပါတယ်။
အီတလီအာဏာပိုင်များဟာ ရေမီးစုံ အပြီးအစီး ပါဝင်တဲ့ ပါတီပွဲများ ကျင်းပပေးတဲ့ မီလန်မှ ဖျော်ဖြေရေးအေဂျင်စီတစ်ခုကို ဝင်ရောက် စီးနင်း စစ်ဆေးရာတွင် အီတလီကစားသမားအမြောက်အမြားပါဝင်တဲ့ ကွန်ယက်တစ်ခုကို တွေ့ရှိရာမှ အမှုကို ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

image

ဖီနာဘာချီသို့‌ ပေါင် ၇ သန်းဖြင့် ပြောင်းလာတော့မဲ့ မန်စီးတီးရဲ့အကီ
==================

ဖီနာဘာချီဟာ မန်စီးတီးမှ နယ်သာလန်နောက်ခံလူနာသန်အကီကို ပေါင် ၇ သန်းဖြင့် ခေါ်ယူရေး ဆွေးနွေးနေပါတယ်။
တူရကီကလပ်ဟာ အသက် ၃၁ နှစ်ရှိ နောက်ခံလူနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ မန်စီးတီးနှင့် ပြောင်းရွှေ့ကြေးနှင့်ပတ်သက်တဲ့ အချက်အလက်များ အပြီးသတ်ရေး ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဖီနာဘာချီနှင့် မန်စီးတီးတို့အကြားတွင် မကြာမီ သဘောတူညီမှု ရရှိလာမယ်လို့ ယုံကြည်ရပါတယ်။ မန်စီးတီးဘက်က အကီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈.၅ သန်းအပြင် အပိုဆုကြေးများ ရရှိလိုနေတယ်လို့ ယုံကြည်ရပါတယ်။
အကီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရတဲ့ နယ်သာလန်အတွက် ကမ္ဘာ့ဖလားပွဲ ၃ ပွဲကစားခဲ့သူ ဖြစ်ပါတယ်။
အကီဟာ ၂၀၂၀ ခုနှစ်တွင် ဘုန်းမောက်မှ မန်စီးတီးသို့ ပေါင်သန်း ၄၀ ဖြင့် ရောက်လာပြီးနောက် ၁၇၇ ပွဲကစားပေးထားသူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် ၁၇ ပွဲ ပွဲထွက်ကစားခဲ့သူ ဖြစ်ပြီး စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့မှုနှင့်အတူ ယခုနွေရာသီတွင် ရောင်းချခံရမယ်လို့ ယုံကြည်ရသူလည်း ဖြစ်ပါတယ်။

image

ထရပ်ဇွန်စပေါသို့ အငှားဖြင့် အိုနာနာကို ထပ်မံ အငှားချကာ လုပ်ခ အသုံးစရိတ်များစွာ လျှော့ချလာနိုင်တဲ့ ယူနိုက်တက်
=====================

ယူနိုက်တက်ဂိုးသမားအင်ဒရေအိုနာနာဟာ တူရကီကလပ် ထရပ်ဇွန်စပေါသို့ အငှားဖြင့် ထပ်မံ ပြောင်းရွှေ့လာပါတယ်။
ထရပ်ဇွန်စပေါဟာ အိုနာနာရဲ့ အငှားစာချုပ်အတွင်းတွင် အပြီးသတ် ဝယ်ယူရမဲ့အချက်ကို ထည့်သွင်းလာခြင်း မရှိပေမဲ့လည်း လုပ်ခအားလုံးကို ပေးချေလာရပါမယ်။
ဒါ့အပြင် ထရပ်ဇွန်စပေါဟာ အသက် ၃၀ နှစ်ရှိ ဆီနီဂေါဂိုးသမားအတွက် ယူနိုက်တက်ကို ငှားရမ်းခလည်း ပေးလာရပါမယ်။
အိုနာနာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ထရပ်ဇွန်စပေါအတွက် ၂၉ ပွဲကစားကာ တူရကီရှုံးထွက်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
အိုနာနာဟာ ၂၀၂၃ ခုနှစ်တွင် အင်တာမီလန်မှ ပေါင် ၄၇.၂ သန်းဖြင့် ပြောင်းလာသူဖြစ်ပြီး စာချုပ်သက်တမ်း ၂ နှစ်ကျန်ပါသေးတယ်။
ယူနိုက်တက်ဟာ အိုနာနာအား အငှားချထားနိုင်မှုနှင့်အတူ ငှားရမ်းခ ရရှိလာသလို လုပ်ခ အသုံးစရိတ်များကိုလည်း လျှော့ချလာနိုင်ပါတယ်။
အိုနာနာဟာ ယခုရာသီတွင် ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့်ရလာမှုနှင့်အတူ လုပ်ခ ၂၅ ရာခိုင်နှုန်းတိုးမြှင့်ခံစားခွင့် ရရှိကာ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ ဝန်းကျင်အထိ ရရှိလာသူလည်း ဖြစ်ပါတယ်။
ထရပ်ဇွန်စပေါဟာ အိုနာနာရဲ့ လာမဲ့ ၁၂ လအတွက် လုပ်ခများကို ပေးချေလာရမဲ့အပြင် ငှားရမ်းခ ပေါင် ၁.၃ သန်းကိုလည်း ပေးလာရပါမယ်။
ယူနိုက်တက်ဟာ ကက်စ်မီရိုနှင့် ဂျာဒွန်ဆန်ချိုတို့အား ထွက်ခွာခွင့်ပေးထားကာ တစ်ပတ်လုပ်ခ ပေါင် ၆ သိန်းအထိ လျှော့ထားနိုင်ပါသေးတယ်။

image

ဗင်နီဇွဲလားငလျင်ကြောင့် အားလုံးဆုံးရှုံးခဲ့ရတဲ့ လူငယ်ပရိသတ်လေးအား တွေ့ဆုံခွင့်ပေးလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
=======================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ မကြာသေးမီတုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အရာအားလုံး ဆုံးရှုံးလာတဲ့ ဗင်နီဇွဲလားလူငယ်လေးတစ်ဦးအား အားပေးစကား မက်ဆေ့ချ်ပေးပို့လာပါတယ်။
အသက် ၄၁ နှစ်ရှိ ပေါ်တူဂီစူပါစတားဟာ လူငယ်လေးအင်ဒရေကို အားပေးစကားပြောလာတဲ့အပြင် သူနှင့်ပါ တွေ့ဆုံခွင့်ပေးလာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုက "ငါ့ရဲ့ဘောလုံးပွဲတစ်ပွဲကို မင်းကို လာကြည့်စေချင်တယ်"လို့ ပြောကြားသွားပါတယ်။
ရော်နယ်ဒိုဟာ ယင်းလူငယ်လေးထံမှ မက်ဆေ့ချ်အချို့ ရရှိပြီးနောက် ယခုကဲ့သို့ ရှေ့ထွက်ကာ အားပေးစကားပြောကြားပြီး ပွဲကြည့်ဖို့ ဖိတ်ခေါ်လာတာလို့ ယုံကြည်ရပါတယ်။
ဇွန်လ ၂၄ ရက်နေ့တုန်းက ဗင်နီဇွဲလားတွင် ပြင်းအားမြင့်ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ပြင်းအား ၇.၂ နှင့် ၇.၅ အသီးသီးရှိ ငလျင်လှုပ်ခတ်မှုနှင့်အတူ သေဆုံးသူ ၂၆၄၅ ရှိထားပြီး ၁၂၆၀၀ ကျော် ဒဏ်ရာရရှိထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီကို ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်အောင် ကူညီပေးပြီးနောက် ယခုကဲ့သို့ ယင်းလူငယ်လေးအား အားပေးစကားပြောလာတာပါ။
ယင်းပွဲတွင် ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၁၄၆ ဂိုးမြောက်ဂိုးအား သွင်းနိုင်ခဲ့သလို ကစားသမားဘဝ သွင်းဂိုး ၉၇၆ ဂိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပေါ်တူဂီဟာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်တွင် စပိန်နှင့် ရင်ဆိုင်ကစားရပါမယ်။

image

အာဂျင်တီးနားအတွက် ဂိုးသွင်းနိုင်ပြီးနောက် သမီးနှင့်ပတ်သက်ပြီး ကြေကွဲစရာ ကြေညာချက် ထုတ်ပြန်လာတဲ့ ယူနိုက်တက်စတားလီဆန်ဒရိုမာတီနက်ဇ်
====================

လီဆန်ဒရိုမာတီနက်ဇ်က သမီးသာ မွေးဖွားလာခြင်း မရှိပါက မန်ချက်စတာယူနိုက်တက်တွင် ဒဏ်ရာပြဿနာအား ကျော်ဖြတ်လာနိုင်မည်မဟုတ်ကြောင်း ဖွင့်ဟ‌ပြောကြားလာပါတယ်။
အသက် ၂၈ နှစ်ရှိ နောက်ခံလူဟာ ယနေ့ အစောပိုင်းတုန်းက ကိတ်ဗာဒီကို ၃-၂ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် အာဂျင်တီးနားအတွက် ဂိုးသွင်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပွဲအပြီးတွင် မာတီနက်ဇ်က "ဒဏ်ရာကြောင့် ဖြစ်ပျက်ခဲ့တာတွေကို စတွေးမိတယ်။ ငိုချင်လာသလို ခံစားရတယ်။ ဒီနေရာမှာ ရပ်နေနိုင်မလားတောင် မသိခဲ့ဘူး။ ဒဏ်ရာရနေတုန်းက ကျွန်တော့်သမီးလေးသာ မမွေးလာဘူးဆိုရင် ဒီကနေ့မှာ ဒီမှာ ကစားနေနိုင်မလားဆိုတာတောင် မသိဘူး။ ပြီးတော့ ဒီကနေ့ ကမ္ဘာ့ဖလားပွဲမှာ ဂိုးသွင်းနိုင်သလိုမျိုး လုပ်လာနိုင်မလားဆိုတာတောင် မသိဘူး"လို့ ပြောကြားသွားပါတယ်။
မာတီနက်ဇ်ဟာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာ အနားယူရမှုနှင့်အတူ ကစားသမားဘဝမှ အနားယူရန်အထိ စဉ်းစားခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်တုန်းက ခရစ္စတယ်ပဲလေ့စ်အား ရှုံးနိမ့်တဲ့ပွဲတွင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ သမီးလေး အော်ရိုရာ မွေးဖွားလာမှုက ယူနိုက်တက်အတွက် ပြန်ကစားရေး တွန်းအားဖြစ်လာစေခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းတုန်းက မာတီနက်ဇ်နှင့် ချစ်သူမူရီလိုပက်ဇ်တို့က "မင်း ရောက်လာမှုက ငါတို့ရှင်သန်မှုကို ဘယ်လိုတောင် ပြောင်းလိုက်တာလဲ အော်ရိုရာရေ"လို့ ပို့စ်ရေးသား တင်ခဲ့ပါသေးတယ်။
မာတီနက်ဇ်ဟာ ကိတ်ဗာဒီနှင့်ပွဲစဉ်တွင် ဂိုးသွင်းခဲ့သလို ဖန်တီးမှုလည်း တစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဘောလုံးပေးပို့မှု ၉၈ ရာခိုင်နှုန်းအောင်မြင်ခဲ့သလို တတိယဇုန်တွင် ဘောလုံးပေးပို့မှု ၂၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

image