ရုရှားတယ်လီကွန်းအော်ပရေတာများက ဒရုန်းဖျက်မည့် ဆင်းမ်ကတ်စစ်ဆေးခြင်းစနစ်ကို စတင်

ရုရှားတယ်လီကွန်းအော်ပရေတာများသည် ဒရုန်းလှုပ်ရှားမှုကို ကာကွယ်ရန် ယန္တရားအသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တနင်္လာနေ့မှစတင်သည့် စမ်းသပ်ကာလတွင်၊ ဆင်းမ်ကတ်များကို ၇၂ နာရီကြာ အသုံးမပြုပါက ကဒ်ဝယ်ထားသူများသည် မိုဘိုင်းအင်တာနက် သို့မဟုတ် SMS မက်ဆေ့ ဝန်ဆောင်မှုများမပါဘဲ ၂၄ နာရီကြာ "ရပ်ဆိုင်းကာလ" ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တနည်းအားဖြင့်၊ ၎င်းတို့သည် မောင်းသူမဲ့ လေယာဉ်များ (UAVs) များတွင် အသုံးပြု မနေကြောင်းကို အတည်ပြုရန် ၎င်းတို့၏ ဆင်းမ်ကတ်များကို အစစ်ဆေးခံရမည်ဖြစ်သည်။
နိုင်ငံခြားသား အသုံးပြုသူများသည် ၎င်းတို့သည် လူသားဖြစ်ကြောင်း သက်သေပြရန်၊ အလိုအလျောက်စက်ပစ္စည်းမဟုတ်ကြောင်းသက်သေပြရန် အတည်ပြုသည့်လင့်ခ်ဖြင့် SMS မက်ဆေ့ကို လက်ခံရရှိမည်ဖြစ်သည်။ အတည်ပြုမှု မပြီးမချင်း၊ ၎င်းတို့၏ ဆင်းမ်ကတ်များကို မိုဘိုင်းဒေတာ သို့မဟုတ် SMS မက်ဆေ့ ဝန်ဆောင်မှုများသို့ ဝင်ခွင့်မပေးဘဲ ပိတ်ဆို့ထားပါမည်ဖြစ်သည်။
ဩဂုတ်လတွင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မာကဆုတ် ရှဒါယက်ဖ် က ၎င်း၏ဌာနသည် ရုရှားပိုင်နက်အတွင်းသို့ နိုင်ငံခြားဆင်းမ်ကတ်များဖြင့် မိုဘိုင်းအင်တာနက်အသုံးပြုခွင့်ကို နာရီပေါင်းများစွာ ပိတ်ပင်ရန် အဆိုပြုထားကြောင်း ကြေညာခဲ့သည်။ ဤအစီအမံသည် သတ်မှတ်ထားသောနေရာများကို ပစ်မှတ်ထားခြင်းမှ UAV ဒရုန်းများကို တားဆီးနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

image

မြန်မာ့ဒူးရင်းသီးများကို ပြည်ပဈေးကွက်ရရှိနိုင်ရေး ဆောင်ရွက်မည်

မြန်မာနိုင်ငံမှ ထွက်ရှိသော ဒူးရင်းသီးများကို ပြည်ပဈေးကွက်ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကနဦးအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးနှင့် တရုတ်ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်ဘီလျံတန်ဖိုးခန့် တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဒူးရင်းသီးများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်းကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုင်ငံအဆင့် ဖွဲ့စည်းထားကြောင်း သိရသည်။
လာမည့် ၂၀၂၇ ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့ရောင်းချနိုင်သည်အထိ ဈေးကွက်ဖော်ဆောင်နိုင်မည်ဟု ခန့်မှန်းထားပြီး လက်ရှိတွင် ပြည်တွင်းဈေးကွက်ကိုသာ အဓိက အားထားရောင်းချနေရကြောင်း သိရသည်။

image

ချာလိုဘာနဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်တို့ကို အင်္ဂလန်အသင်း ခေါ်ယူ

အင်္ဂလန်လက်ရွေးစင်အသင်းဟာ အသင်းလူစာရင်းကနုတ်ထွက်သွားတဲ့ ကစားသမားတွေရဲ့နေရာမှာ မန်စီးတီးဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်နဲ့ ချယ်လ်ဆီးနောက်ခံလူ ချာလိုဘာတို့ကို အစားထိုးခေါ်ယူခဲ့ကြောင်း သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ဟာ အခုရက်ပိုင်းအတွင်း ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအတွက် ကစားသမား(၂၅)ဦး ရွေးချယ်ခဲ့ပေမဲ့ နယူးကာဆယ် ဂိုးသမား နစ်ပုပ်နဲ့ တိုက်စစ်ကစားသမား ဂေါ်ဒွန်တို့က ဒဏ်ရာပြဿနာတွေကြောင့် နုတ်ထွက်သွားခဲ့ပါတယ်။
ဒါကြောင့် အစားထိုးခေါ်ယူမှု ပြုလုပ်ခဲ့တာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကတော့ ဒဏ်ရာရှိနေပေမဲ့ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့ကြောင်း သိရပါတယ်။
ချာလိုဘာ(၂၆ နှစ်)ဟာ သောမတ်စ်တူဟယ်လ်လက်ထက်မှာမှ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်သလို၊ ချယ်လ်ဆီးအသင်းမှာ စတင်ပွဲထွက်ခွင့်ရခဲ့တာကလည်း သောမတ်စ်တူဟယ်လ် ကိုင်တွယ်စဉ်မှာပဲဖြစ်ကြောင်း သိရပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်ကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ပဏာမလူရွေးချယ်ရာမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်အထိတော့ လက်ရွေးစင်အသင်းအတွက် ကစားခွင့်မရသေးပါဘူး။

image

ဆောက်သမ်တန်နှင့် ရိုးမားနည်းပြဟောင်းဂျူရစ်ကို ထုတ်ပယ်လိုက်ပြီး နည်းပြသစ် ခန့်အပ်လာတဲ့ အတ္တလန္တာ

အတ္တလန္တာဟာ နည်းပြသစ်အဖြစ် ရာဖီလိုပယ်လာဒီနီကို နည်းပြသစ်အဖြစ် ခန့်အပ်လာပါတယ်။
စီးရီးအေကလပ်ဟာ စီးရီးအေ ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက် ဆောက်သမ်တန်နှင့် ရိုးမားနည်းပြဟောင်းအိုင်ဗန်ဂျူရစ်ကို ထုတ်ပယ်ပြီး ပယ်လာဒီနီကို ခန့်အပ်လာတာလည်း ဖြစ်ပါတယ်။
အတ္တလန္တာဟာ ဆက်စ်ဆူလိုကို အိမ်ကွင်းတွင် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ၆ ပွဲဆက် နိုင်ပွဲပျောက်ပြီး အမှတ်ပေးဇယားအဆင့် ၁၃ နေရာတွင် ရပ်တည်ရပြီးနောက် တနင်္လာနေ့တွင် ဂျူရစ်ကို ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပယ်လာဒီနီဟာ အတ္တလန္တာသို့ သူ့နည်းပြအဖွဲ့ဝင်များဖြစ်ကြတဲ့ စတီဖာနိုစစ်တိုရီယို(လက်ထောက်နည်းပြ)၊ ဖီဒီရီကိုပီလူဆို(နည်းစနစ်ပိုင်းလက်ထောက်)၊ ဖေဘီယိုကိုရာဘီ(ကြံ့ခိုင်ရေးနည်းပြ)၊ နီကိုလာရီဗာ(ကြံ့ခိုင်ရေးလက်ထောက်)၊ အင်ဒရီယာရမ်ပိုနီ(ပွဲလေ့လာဆန်းစစ်သူ)၊ မာတီယာကာဆယ်လာ(ပွဲလေ့လာဆန်းစစ်သူ)တို့ကိလည်း တပါတည်း ခေါ်ဆောင်လာပါတယ်။
ပယ်လာဒီနီဟာ မွန်ဇာလူငယ်အသင်းကို ကိုင်တွယ်ပြီး နည်းပြဘဝစတင်ပြီးနောက် အဆင့်ဆင့်တက်လှမ်းကာ ၂၀၂၂ ခုနှစ်တွင် စီနီယာအသင်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ပယ်လာဒီနီဟာ မွန်ဇာကို ကိုင်တွယ်တဲ့ ပထမဆုံးစီးရီးအေပွဲတွင် ဂျူဗင်တပ်ကို အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂ ရာသီဆက် စီးရီးအေတွင် ရပ်တည်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
သူဟာ ၂၀၂၄-၂၅ ရာသီတွင် ဖီအိုရင်တီးနားကို ကိုင်တွယ်ခဲ့ပြီး စီးရီးအေတွင် အဆင့် ၆ တွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့သလို ကွန်ဖရင့်လိဂ်ဆီမီးဖိုင်နယ်သို့လည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ရာသီအကုန်တွင် အသင်းစီမံခန့်ခွဲရေးအဖွဲ့နှင့် ပြဿနာတက်ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။

image

အဲဗာတန်-အာဆင်နယ်ပွဲစဉ်အား ရွှေ့ဆိုင်းလာတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဟာ အာဆင်နယ်ဘက်က တောင်းဆိုလာမှုကြောင့် အဲဗာတန်နှင့် အာဆင်နယ်ပွဲစဉ်အား ရွှေ့ဆိုင်းပေးမှု ပြုလုပ်လာပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ခရစ္စမတ်မတိုင်မီ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲအဖြစ် အဲဗာတန်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရပါမယ်။
ယင်းနှစ်သင်းတို့ရဲ့ ပွဲကို အစောပိုင်းတုန်းက ဒီဇင်ဘာလ ၂၁ ရက်နေ့ တနင်္ဂနွေနေ့တွင် ကစားရန် စီစဉ်ထားတာပါ။
ဒါပေမယ့် အာဆင်နယ်က ယင်းပွဲအပြီးတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ကစားရန် ရှိနေပါတယ်။
ဒါကြောင့်လည်း အာဆင်နယ်ဟာ ကစားသမားများ နားချိန် ပိုမို ရရှိလာစေရန်အတွက် အဲဗာတန်နှင့်ပွဲစဉ်အား ဒီဇင်ဘာလ ၂၀ ရက်နေ့ စနေနေ့သို့ ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှု ပြုလုပ်လာပါတယ်။
ယခုအခါ ပရီးမီးယားလိဂ်က အဲဗာတန်နှင့် အာဆင်နယ်ပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့သို့ ရွှေ့ဆိုင်းပေးလာပါတယ်။ ယင်းပွဲကို စနေနေ့ ညနေ၈ နာရီမှာ ကစားလာမှာ ဖြစ်ပြီး Sky Sports က ယင်းနေ့တွင် ထုတ်လွှင့်မယ့် နောက်ဆုံးပွဲလည်း ဖြစ်လာမယ်။
တဖက်တွင် ခရစ္စတယ်ပဲလေ့စ်ကလည်း လိဒ်နှင့် ကစားရမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ပွဲအား ဒီဇင်ဘာလ ၂၀ ရက်နေ့သို့ ရွှေ့ဆိုင်းပေးရန် တောင်းဆိုလာခဲ့ရာ ပရီးမီးယားလိဂ်ဘက်က လက်ခံလာပါတယ်။ ယင်းပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၈ နာရီအချိန်တွင်ပင် ကစားလာပါမယ်။
အဲဗာတန်နှင့် လိဒ်တို့ကလည်း ပြိုင်ဘက်ကလပ်တို့ရဲ့ ရက်ပြောင်းရွှေ့ကစားပေရန် တောင်းဆိုမှုကို လက်ခံခဲ့ကြပါတယ်။
ယခုကဲ့သို့ အဲဗာတန်နှင့် အာဆင်နယ်ပွဲ၊ ပဲလေ့စ်နှင့်လိဒ်ပွဲစဉ်တို့အား ရွှေ့ဆိုင်းလာမှုနှင့်အတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ တနင်္ဂနွေနေ့တွင် အက်စတွန်ဗီလာနှင့် ယူနိုက်တက်ပွဲတစ်ပွဲတည်းသာ ကစားလာပါမယ်။
အာဆင်နယ်ဟာ ပွဲတော်ရက်ကာလအတွင်း ဘရိုက်တန်၊ ဗီလာ၊ ဘုန်းမောက်တို့နှင့်လည်း ရင်ဆိုင်ရမှာ ဖြစ်ပြီး ၁၃ ရက်အတွင်း ၅ ပွဲကစားရပါမယ်။

image

မန်ယူအသင်းကို တရားစွဲထားတဲ့ တွမ်ဇီဘီရဲ့ အမှုမှာ အသေးစိတ်အချက်အလက်အသစ်များ ထွက်ပေါ်လာ

မန်ယူအသင်းကို နစ်နာကြေး ပေါင်တစ်သန်းကျော် ရရှိလိုမှုနဲ့ တရားစွဲဆိုထားတဲ့ ကစားသမားဟောင်း တွမ်ဇီဘီရဲ့အမှုမှာ အသေးစိတ်အချက်အလက်အသစ်များ ထပ်မံထွက်ပေါ်လာကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဘန်လေအသင်းရဲ့ ကစားသမားဖြစ်နေတဲ့ DR ကွန်ဂိုနောက်ခံလူ တွမ်ဇီဘီဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းမှာတော့ ပြိုင်ပွဲစုံ (၃၇)ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။
တွမ်ဇီဘီဟာ မန်ယူကစားသမားဘဝ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ ဒဏ်ရာပြဿနာကြောင့် (၁၉၅)ရက်ကြာ အနားယူခဲ့ရပြီး အဲဒီလို ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဟာ မန်ယူအသင်းရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးမှုမှာ ပေါ့ဆခဲ့တာကြောင့်လို့ ယူဆခဲ့ပါတယ်။
ဒါကြောင့် သူ့ရဲ့ ကစားသမားဘဝတက်လမ်းနဲ့ ဝင်ငွေအပေါ် ထိခိုက်မှုရှိစေခဲ့တဲ့အတွက် နစ်နာကြေး ပေါင်တစ်သန်းကျော်(ဒေါ်လာ ၁.၃ သန်း)ပေးအပ်ဖို့ ၂၀၂၅ ဇူလိုင်လမှာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အခု အထက်တရားရုံးမှာ ထွက်ပေါ်လာတဲ့ အသေးစိတ်အချက်အလက်အသစ်တွေအရ တွမ်ဇီဘီရဲ့ ဒဏ်ရာဟာ ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာအပေါ်မှာ အခြေခံခြင်းဖြစ်ပြီး မန်ယူအသင်းက လုံလောက်တဲ့ အနားယူချိန်မပေးခဲ့တာ၊ ခွဲစိတ်အထူးကုနဲ့ ပြသဖို့ ပျက်ကွက်ခဲ့တာတွေကြောင့်ဖြစ်ကြောင်း သိရပါတယ်။
တွမ်ဇီဘီ(၂၇ နှစ်)ဟာ မန်ယူအသင်းအတွက် အနာဂတ်ကြယ်ပွင့်ဖြစ်လာမယ့်သူအဖြစ် ထင်ကြေးပေးခံခဲ့ရဖူးပေမဲ့ အငှားချခံရခြင်းနဲ့သာ အများဆုံးအချိန်ကုန်ခဲ့ရပြီး ၂၀၂၃ နွေရာသီမှာ လမ်းခွဲခဲ့ရပါတယ်။

image

နေအိမ်ဖောက်ထွင်းခံရစဉ် ဖောက်ထွင်းသမားအား တိုက်ခိုက်ကာ မိသားစုကို ကာကွယ်ခဲ့တဲ့ ရာဟမ်းစတာလင်း

ရာဟမ်းစတာလင်းဟာ နေအိမ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ မျက်နှာဖုံးစွပ် ဖောက်ထွင်းသမားအား ဓားကိုင်ကာ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
သတ္တိရှိတဲ့ ရာဟမ်းစတာလင်းဟာ မျက်နှာဖုံးစွပ် ဖောက်ထွင်းသမားများ နေအိမ်သို့ ဖောက်ထွင်းဝင်ရောက်လာချိန်တွင် ဓားကိုင်ကာ မိသားစုဝင်များအား ကာကွယ်ခဲ့တာလည်း ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟာ စနေနေ့တုန်းက နေအိမ်တွင် ရှိနေစဉ် ဒုတိယအကြိမ်မြောက် ဖောက်ထွင်းမှုနှင့်ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
စတာလင်းနှင့် နီးစပ်သူတစ်ဦးက "သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ မိသားစုကို ချစ်တဲ့ ဘယ်လို အဖေမျိုးမဆို လုပ်တဲ့အရာတစ်ခုကို လုပ်ပြီး မိသားစုကို ကာကွယ်ခဲ့တယ်။ သူဟာ မျက်နှာဖုံးစွပ်လူတွေကို တိုက်ခိုက်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ရာဟမ်းစတာလင်းရဲ့ နေအိမ်ဟာ ဒုတိယအကြိမ်မြောက် ဖောက်ထွင်းမှုနှင့် ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။
ပထမအကြိမ် ဖောက်ထွင်းမှုမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားနေစဉ် ဖြစ်ပါတယ်။ ထိုစဉ်တုန်းက စတာလင်းဟာ အင်္ဂလန်အသင်းနှင့် ကာတာသို့ ရောက်နေချိန် ဖြစ်ပါတယ်။
ထိုစဉ်တုန်းက ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်တွင် မျက်နှာဖုံးစွပ် ဖောက်ထွင်းသမားများ နေအိမ်သို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဖောက်ထွင်းခံရချိန်တွင် စတာလင်းရဲ့ မိသားစုဝင်များ နေအိမ်တွင် ရှိနေခဲ့ပေမယ့် တစုံတရာ အန္တရာယ်မဖြစ်ခဲ့ပါဘူး။
စတာလင်းဟာ မိသားစုနေအိမ်ဖောက်ထွင်းခံရကြောင်း သိရှိရပြီးနောက် ချက်ချင်းပင် ဆီနီဂေါနှင့် ကမ္ဘာ့ဖလား ၁၆ သင်းကစားရမယ့် အင်္ဂလန်အသင်းမှာ နုတ်ထွက်ကာ အင်္ဂလန်သို့ ပြန်ခဲ့ပါတယ်။
အင်္ဂလန်ရဲတပ်ဖွဲ့ဟာ စတာလင်းရဲ့ နေအိမ်ကို ဖောက်ထွင်းမှု ပါဝင်တဲ့ ဖောက်ထွင်းသမား ၃၃ ဦးထဲမှ အီမီလီယာနိုခရိုဆီဆိုသူအား ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ယင်းဖောက်ထွင်းသမားတို့ဟာ လှေကားကို အသုံးပြုပြီး အပေါ်သို့ တက်ကာ မှန်တံခါးကို ရိုက်ခွဲပြီးနောက် Rolex နာရီ ၁၀ လုံးကို ရယူသွားခဲ့ပါတယ်။
၎င်းတို့ဟာ စတာလင်းရဲ့ ပေါင် ၇ သန်းတန် ဆာရေးရှိ အောက်ရှော့နေအိမ်မှ ပေါင် ၃ သိန်းတန်ဖိုးရှိ ပစ္စည်းများကို ရယူသွားခဲ့ပါတယ်။
အယ်ဘေးနီးယားနိုင်ငံသားခရိုဆီဟာ ဗြိတိန်တွင် တရားမဝင် နေထိုင်နေစဉ်အတွင်း ဖောက်ထွင်းမှု ၁၅ ကြိမ်တို့တွင် ပါဝင်ခဲ့ပါတယ်။
သူဟာ ထောင်ဒဏ် ၁၂ နှစ်နှင့် ၁၀ လ ချမှတ်ခြင်းခံခဲ့ရပါတယ်။

image

၄၆ ရက်သာလိုတော့သည့်ရွေးကောက်ပွဲ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကိုကျင်းပရန် ၄၆ ရက်သာ လိုတော့သဖြင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည် တက်ကြွစွာလှုပ်ရှားနေသကဲ့သို့ ရွေးကောက်ပွဲအတွက် အသိပေးနှိုးဆော်မှုများကိုလည်း အားသွန်ခွန်စိုက်လုပ်ဆောင်နေရာ အနုပညာရှင်များကလည်း ပါဝင်လှုပ်ရှားလျှက်ရှိကြသည်။
ရွေးကောက်ပွဲ အောင်မြင်ခြင်းကသာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပိုကောင်းမွန်‌စေမည်ဟု အများကယူဆကြသည်။ တည်ဆဲဥပဒေများပါ အချက်အလက်များကို ပြင်ဆင်ခြင်းသည် လွှတ်တော်က အတည်ပြုပေးမှသာ အသက်ဝင်နိုင်မည်ဖြစ်သည်။ ယခုဆွေးနွေးထားသော ပြင်ဆင်လိုသည့် ပုဒ်မများအပြင် လွှတ်‌တော်ပေါ်ပေါက်လာသောအခါ၌ နိုင်ငံသားများက ပြင်ဆင်စေလိုသည့် ဥပဒေပုဒ်မများကို ကိုယ်စားလှယ်များက လွှတ်တော်တွင်းဆွေးနွေးကာ ပြင်ဆင်နိုင်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနှင့်သာ အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲကြီးတွင် ပါဝင်မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွဖော်ဆောင်ကြရန်အတွက် ပြည်သူချစ်သော ရုပ်ရှင်အနုပညာရှင်များကလည်း တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ အနုပညာရပ်ဝန်း၌ ရုပ်ရှင်ဒါရို-က်တာများနှင့် အနုပညာရှင်များ ပူးပေါင်း၍ အသိပညာပေးနှိုးဆော်‌သော ဇာတ်လမ်းတိုများကို ရို-က်ကူးထုတ်လွှင့်‌နေကြသည်။
အဆိုပါလှုပ်ရှားဆောင်ရွက်မှု၌ ရုပ်ရှင်အနုပညာရှင်များဖြစ်ကြသည့် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ အလင်းရောင်၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထူးအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီ အေးမြတ်သူ၊ အကယ်ဒမီ ရွှေမှုန်ရတီ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သဉ္ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုညိမ်း၊ မေမီကိုကိုနှင့် ရွှေသမီးတို့က ရွေးကောက်ပွဲဆိုင်ရာနှိုးဆော်‌ရေး ဇာတ်လမ်းများကို ပါဝင်သရုပ်ဆောင်ပေးခဲ့ကြသည်။
လာမည့်ရွေးကောက်ပွဲတွင် အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်တွင် မြို့နယ် (၁၀၂) မြို့နယ်၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း (၂) ကို ၂၀၂၆ ဇန်နဝါရီ (၁၁) ရက်နေ့၌ မြို့နယ် (၁၀၀) တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

image

မန္တလေးနေပြည်တော် RBE အစား BEL စက်ခေါင်းဖြင့် ပြေးဆွဲပေးရန်စီစဉ်နေဟုဆို။

မန္တလေး မှ နေပြည်တော်သို့ နေ့စဥ် နံက် ၆း၀၀ နာရီထွက်ခွာသော RBE အစားBEL စက်ခေါင်းဖြင့် ပြေးဆွဲပေးရန်စီစဉ်နေကြောင်းမီးရထားအသိုင်းအဝိုင်းမှသိရသည်။
မန္တလေး မှ နေပြည်တော် သို့ နေ့စဥ် နံက် ၆း၀၀ နာရီထွက်ခွာသော RBE အစားBEL စက်ခေါင်းနဲ့ အဆင့်မြင့် လေအိတ်ရထားဖြင့် ပြောင်းလဲပြေးစွဲပေးမှာဖြစ်ပါတယ်ရထားတွဲဆိုင်း ဖွဲ့စည်းပုံမှာ အထက်တန်းအဲကွန်းပါ ၂ တွဲ ရိုးရိုးတန်း ၂ တွဲ ဘရိတ် ၁ တွဲဖြင့် BEL စက်ခေါင်းဖြင့် ဒီလအတွင်း ပြောင်းလဲပြေးဆွဲပေးမှာမို့ ရထားစီးခရီးသည်များအနေဖြင့် စိတ်ချမ်းသာစွာဖြင့် သက်သောင့်သက်သာပိုဖြစ်စေတော့မှာ အမှန်ပါဟု မီးရ ထားနီစပ်သူတစ်ဦးမှပြောပါသည်။
ယခင်ကမန္တလေး နေပြည်တော်အား RBE စက်ခေါင်းဖြင့် ပြေးဆွဲပေးလျက်ရှိပြီးနေပြည်တော် -ရန်ကုန်ကို BEL စက်ခေါင်းနှင့်အဆင့်မြင့် လေအိတ်ရထားဖြင့်ပြေးဆွဲပေးလျက်ရှိကာယခုလအတွင်း မန္တလေး-နေပြည်တော်အား BEL စက်ခေါင်းနှင့်အဆင့်မြင့်လေအိတ်ရထားဖြင့်ပြေးဆွဲသွားမည်ဟုသိရသည်။

image

ဖလိုရီယန်ဝါ့ဇ် ခြေစွမ်းမပြနိုင်မှုအတွက် လီဗာပူးကစားဖော်များကို အပြစ်တင်လာတဲ့ ဂျာမနီနည်းပြ

ဂျာမနီနည်းပြဂျူလီယန်နာဂျယ်မန်းဟာ လီဗာပူးတွင် ဖလိုရီယန်ဝါ့ဇ် ခြေစွမ်းမပြနိုင်မှုမှာ ကစားဖော်များကြောင့် ဖြစ်ကြောင်း အပြစ်တင်လာပါတယ်။
ဂျာမနီကွင်းလယ်ဖန်တီးရှင်ဖလိုရီယန်ဝါ့ဇ်ဟာ နွေရာသီတွင် လေဗာကူဆင်မှ ပေါင် ၁၁၆ သန်းဖြင့် ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲကစားထားရာမှာ ဂိုး (သို့မဟုတ်) ဖန်တီးမှု ပြုလုပ်ထားနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမယ့် ဂျာမန်နည်းပြနာဂျယ်မန်းကမူ ယင်းသို့ ဂိုး သို့မဟုတ် ဖန်တီးမှု မရရှိမှုမှာ ဖလိုရီယန်ဝါ့ဇ် ဖန်တီးလိုက်မှုများကို လီဗာပူးကစားဖော်များက အဆုံးမသတ်နိုင်မှုကြောင့်လို့ ဆိုသွားပါတယ်။
အသက် ၂၂ နှစ်ရှိဝါ့ဇ်ဟာ လူဇင်ဘတ်၊ ဆလိုဗက်ကီးယားတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမယ့် ဂျာမနီအသင်းမှာ ရွေးချယ်ခြင်းခံထားရပါတယ်။
နာဂျယ်မန်းက "သူဘာလုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးသားပါ။ သူ့အသက်အရွယ် ကစားသမားတစ်ယောက်အနေနဲ့ ခြေစွမ်းအနည်းငယ်ကျတယ်ဆိုတာ ပုံမှန်ဖြစ်လေ့ရှိတဲ့အရာပါ။ သူ့ ခြေစွမ်း သုံးနှစ်ဆက်တိုက် တသမတ်တည်းကောင်းနေဖို့ မျှော်လင့်မထားပါဘူး။ သူ့ ခေါင်းကြည်သွားဖို့ ကျွန်တော်တို့ အနည်းငယ်အကူအညီပေးဖို့ လိုတယ်။ ပြီးတော့ လီဗာပူးကလည်း သူ ဖန်တီးတဲ့ အခွင့်အရေးအချို့ကို ဂိုးသွင်းပြီး အကူအညီပေးဖို့ လိုတယ်။ ဒါကလည်း စိတ်ကူးကောင်းတစ်ခုပါ။ သူ ဘာအခွင့်အရေးမှ မဖန်တီးပေးနိုင်သေးလို့ပါ။ သူတို့က ဘောလုံးကို ကန်သွင်းရတာ မကြိုက်တဲ့သူတွေပါ"လို့ ပြောကြားသွားပါတယ်။
ဖလိုရီယန်ဝါ့ဇ်ဟာ ပရီးမီးယားလိဂ်တွင် ဂိုး သို့မဟုတ် ဖန်တီးမှု မပြုလုပ်ထားနိုင်ပေမယ့်လည်း ကန်ချက် ၁၂ ကြိမ် ပြုလုပ်ထားပြီး အခွင့်အရေး ဖန်တီးနိုင်မှု ၁၆ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

image