ရွှေလီရဲ့ နေ့စဉ်ဘဝက ကျွန်တော့်အတွက် မြန်မာပြည်အနာဂတ်အပေါ် မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်။မြန်မာပြည်ရဲ့ အနာဂတ်ကို ဒီလို မြင်နေရလို့… တကယ်ကို ကျေနပ်ပါတယ်။
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၂၇ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်း (၃၆) မျိုးအတွက် ဆေးတက္ကသိုလ် (၁) ရန်ကုန် လျှောက်လွှာခေါ်ယူ
ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်က ၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ဆေးပညာဒီပလိုမာ (Diploma) သင်တန်း (၆) မျိုးနှင့် ဆေးပညာမဟာသိပ္ပံ (M.Med.Sc) သင်တန်း (၃၀) စုစုပေါင်း ဘွဲ့လွန်ဆေးပညာသင်တန်း (၃၆) မျိုးအတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် နိုင်ငံ့ဝန်ထမ်းဆရာဝန်များထံမှ လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
ဖွင့်လှစ်မည့် ဆေးပညာဒီပလိုမာသင်တန်းများတွင် တီဘီနှင့်ရင်ခေါင်းရောဂါကုပညာ၊ ကာလသားရောဂါနှင့် HIV ကူးစက်ရောဂါပညာ၊ သွေးသွင်းကုသခြင်းဆိုင်ရာဆေးပညာ၊ ဆေးလက်တွေ့ဆိုင်ရာဆေးဝါးဗေဒ၊ အထူးကြပ်မတ်ကုသမှုဆိုင်ရာနှင့် အခြေခံအရေးပေါ်ကုသမှု (Online) စသည့် သင်တန်း (၆) မျိုး ပါဝင်ပြီး၊ M.Med.Sc သင်တန်းများတွင် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဆေးဝါးဗေဒ၊ အဏုဇီဝဗေဒ၊ ရောဂါဗေဒ၊ အရေးပေါ်ကုသမှုဆေးပညာ၊ ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့်မီးယပ်ပညာ၊ ကလေးကျန်းမာပညာ၊ ဓာတ်မှန်ပညာ အပါအဝင် သင်တန်း (၃၀) ကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး MBBS ဘွဲ့ (သို့မဟုတ်) မြန်မာနိုင်ငံဆေးကောင်စီက အသိအမှတ်ပြုထားသည့် အလားတူဘွဲ့ ရရှိထားသူဖြစ်ရမည်။ ထို့ပြင် သင်တန်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် လုပ်သက်၊ အသက်နှင့် အခြားလိုအပ်ချက်များကိုလည်း ပြည့်မီရမည်ဖြစ်ကြောင်း ကြေညာထားသည်။
လျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာဌာနအကြီးအမှူး၏ ထောက်ခံချက်ဖြင့် တင်သွင်းရမည်ဖြစ်ပြီး၊ ကြိုတင်မိတ္တူတစ်စောင်ကိုလည်း ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ပါမောက္ခချုပ်ထံ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ဘွဲ့လွန်သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး စာမေးပွဲကြေး ကျပ် ၁,၀၀၀ ကို သတ်မှတ်ထားသည့် မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်တန်းတက်ရောက်နေစဉ် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ် ဖြေဆိုအောင်မြင်ရမည်ဖြစ်ပြီး၊ ယင်းစာမေးပွဲကို အောင်မြင်မှသာ ဘွဲ့ရအောင်စာရင်းတွင် ထည့်သွင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
သင်တန်းဝင်ခွင့်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ဘွဲ့လွန်/စာမေးပွဲဌာနစု၌ ရုံးချိန်အတွင်း စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖောင်းပြင်မြို့နယ်၌ Placement Test ဖြေဆိုပြီးနောက် တစ်ဆင့်မြင့်တန်းတက်ရောက်ခွင့်ရသူ(၅၇)ဦး၊ ဖြေဆိုသည့်အတန်းများ၌တက်ရောက်ခွင့်ရသူ(၁၃၀)ဦးရှိ
ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့်မဆုံး ရှုံးစေရေးအတွက် Placement Test စာမေးပွဲများကို ဇွန် ၁၅ ရက်ကစတင်ဖြေဆိုရာ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှ ကျောင်းသား/သူ(၁၈၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဖြေဆိုပြီးနောက် ယနေ့ ဇူလိုင် ၁ ရက်တွင် တက်ရောက်ခွင့်ရရှိသည့်အတန်းများအား ဖောင်းပြင်မြို့နယ်ပညာရေးမှူးရုံး၌ကြေညာရာ တစ်ဆင့်မြင့်တန်းတက်ရောက်ခွင့်ရသူ(၅၇)ဦး၊ ဖြေဆိုသည့်အတန်းများ၌တက်ရောက်ခွင့်ရသူ(၁၃၀)ဦးရှိခဲ့ကာ ယနေ့ ဇူလိုင် ၁ ရက်မှစတင်ပြီးကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Grade-2 တွင်(၁၅)ဦး၊ Grade-3 တွင်(၁၉)ဦး၊ Grade- 4 တွင်(၁၅)ဦး၊ Grade- 5 တွင်(၄)ဦး၊ Grade- 6 တွင် (၄)ဦးတို့သည် တစ်ဆင့်မြင့်တန်း၌တက်ရောက်ခွင့်ရရှိခဲ့ကြကြောင်း သိရသည်။
ထို့ပြင် Grade-1 တွင်(၄) ဦး၊ Grade-2 တွင်(၁၈)ဦး၊ Grade-3 တွင်(၁၄)ဦး၊ Grade-4 တွင်(၂၉)ဦး၊ Grade -5 တွင်(၂၂) ဦး၊ Grade-6 တွင်(၁၈)ဦး၊ Grade-7 တွင် (၁၉) ဦး၊ Grade-8 တွင်(၆)ဦးတို့သည်လည်း ဖြေဆိုသည့်အတန်းများ၌တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာဖို့ တရုတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်
တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်သလို၊ လျာထားတဲ့ အချိန်ကာလအတွင်းမှာပဲ အမျိုးသားကာကွယ်ရေးနဲ့ စစ်တပ်ကို ခေတ်မီအောင် အပြီးသတ် တည်ဆောက်သွားမယ်လို့ သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်ပါတယ်။
"ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့်မီ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖြစ်လာအောင် အရှိန်အဟုန်မြှင့် တည်ဆောက်ရပါမယ်၊ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ စစ်တပ်တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားတွေကိုလည်း ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်သွားရပါမယ်" လို့ တရုတ်သမ္မတက တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ပြောခဲ့တာပါ။
ဒါ့အပြင် "အင်အားတောင့်တင်းတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ဆိုရင် အင်အားတောင့်တင်းတဲ့ စစ်တပ်ရှိဖို့ လိုတယ်" ဆိုတာကို သူက အလေးအနက် ပြောကြားခဲ့ပြီး၊ အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ မရှိဘဲနဲ့ အမျိုးသားလုံခြုံရေးဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်စစ်တပ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကိုပဲ ခိုင်ခိုင်မာမာ လျှောက်လှမ်းရမှာဖြစ်ပြီး၊ နိုင်ငံရေး၊ နည်းပညာ၊ လူသားအရင်းအမြစ်နဲ့ ဥပဒေပိုင်းဆိုင်ရာ ကဏ္ဍတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရင်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ပိုပြီးတော့ ပံ့ပိုးကူညီသွားရမယ်လို့ ရှီကျင့်ဖိန်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာအပိုင်း(၂)ရှိတိုက်ခန်းများကို Digital Spin မဲစနစ်ဖြင့် မဲနှိုက်နေရာချထား
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းအနောက်ဘက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း(၂)မှ (၄)ခန်းတွဲ (၄)ထပ်(အိပ် ခန်း ၂ ခန်းပါ)တိုက်ခန်းများအားဝယ်ယူရန်လျှောက် ထားသူများကို ယနေ့ ဇူလိုင် ၁ ရက်တွင် Digital Spin မဲစနစ်ဖြင့် မဲနှိုက်နေရာချထားပေးခဲ့ကြောင်း သိရသည်။
တိုက်ခန်းဝယ်ယူရန်လျှောက်ထားသူများကို Digital Spin မဲစနစ်ဖြင့် မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်တိုက်ခန်းများအား အစဉ်လိုက်မဲနှိုက်နေ ရာချထားပေးခဲ့ကာ မနက်ဖြန် ဇူလိုင် ၂ ရက်တွင်လည်း (၄)ခန်းတွဲ (၄)ထပ်(အိပ်ခန်း ၃ ခန်းပါ)တိုက်ခန်းများကို Digital Spin မဲစနစ်ဖြင့် ဆက်လက်နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ အိမ်ရာများကို မြို့နေပြည်သူလူထုအ တွက် အိမ်ရာလိုအပ်ချက်များရရှိရေး၊ မြို့နေပြည်သူ လူထု လူနေမှုဘဝအရည်အသွေး၊ အဆင့်အတန်းမြင့်မားရေးနှင့် နေပြည်တော်ကို Green City , Clean City , Smart City အဖြစ်ဖော်ဆောင်ရာတွင် စနစ်တကျ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်မြို့တော်ဖြစ်စေရန် အိမ်ရာများဖော်ထုတ်ရာတွင် အဆောက်အဦများအပြင် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေ၊ မီးနှင့် စိမ်းလန်းသောဧရိယာများကိုလည်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သုခတော်ဝင်အိမ်ရာအပိုင်း(၂)ရှိတိုက်ခန်းများအား ၂၀၂၇ ခုနှစ်၊ ဇွန်လတွင်အပြီးတည်ဆောက်ကာ ၂၀၂၇ ခုနှစ်၊ ဇူလိုင်လတွင် တိုက်ခန်းဝယ်ယူထားသူ များထံအပ်နှံမည်ဖြစ်ကြောင်း သိရသည်။
တီးတိန်မြို့နယ် ရှောင်စောန်းစံပြကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၉၄ ဦး ပညာသင်ကြားလျက်ရှိ၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး
ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ရှောင်စောန်းစံပြကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လက်ရှိအချိန်၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၄ ဦး တက်ရောက်ကာ စာပေသင်ကြားလျက်ရှိကြောင်း သိရသည်။ အဆိုပါကျောင်းတွင် ပညာရေးကဏ္ဍ မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များ အနှောင့်အယှက်မရှိ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအုပ်ဆရာကြီး (၁) ဦးနှင့် သင်ကြားရေး ဆရာ၊ ဆရာမ (၇) ဦးတို့က စေတနာအပြည့်ဖြင့် သင်ကြားရေးတာဝန်များကို အနီးကပ်ထမ်းဆောင်ပေးနေကြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် တီးတိန်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွင်များဆီသို့ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့နယ်၊ စကောလမ်းရပ်ကွက်ရှိ စည်ပင်သာယာဈေးများနှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကာ ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် ကျောင်းများ၏ အခြေအနေကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှောင်စောန်းစံပြကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ဆက်လက်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကျောင်းအုပ်ကြီးက လက်ရှိကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြခဲ့သည်။ အဆိုပါ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ကျောင်းဆောင်များနှင့် ပညာရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ချက်ချင်းပေါင်းစပ်ညှိနှိုင်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ လမင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့် UID များ ကွင်းဆင်းထုတ်ပေးလျက်ရှိ
အလားတူပင် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ တည်ငြိမ်မှုနှင့် တရားဝင်မှု အခွင့်အရေးများ ရရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိတွင် ရှောင်စောန်းစံပြကျေးရွာအတွင်း၌ "လမင်းစီမံချက်" ဖြင့် ကွင်းဆင်းကာ ဒေသခံပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဒစ်ဂျစ်တယ်စနစ်သုံး သက်သေခံအမှတ်အသား (UID) ကောက်ယူထုတ်ပေးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ၊ ယခုအခါ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁၄) ကတ်အထိ ထုတ်ပေးနိုင်ခဲ့ပြီး UID ကောက်ယူခြင်းလုပ်ငန်းများကိုလည်း စနစ်တကျ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
ယခု ခရီးစဉ်နှင့် လုပ်ငန်းစဉ်များသည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အတိုင်း အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကာ ပြည်သူ့အသံကို နားထောင်၍ ပညာရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခြေခံအခွင့်အရေးများကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ထိရောက်မြန်ဆန်စွာ ပေါင်းစပ်ဖြည့်ဆည်းပေးနေသည့် လုပ်ဆောင်ချက်များပင် ဖြစ်သည်။
အထူးဒေသ (၄) က ငြိမ်းချမ်းရေးလမ်းစဉ်ကို ဦးစားပေးဆက်လက်ကိုင်စွဲမည်ဟု အတည်ပြု၊ အွန်လိုင်းငွေလိမ်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အရှိန်မြှင့်မည်
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ ငြိမ်းချမ်းရေးကို အခြေခံသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ဖြင့်ပင် ၂၀၂၆ ခုနှစ်၏ ဒုတိယနှစ်ဝက် လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ပထမနှစ်ဝက် လုပ်ငန်းချုပ်အစည်းအဝေးတွင် ထည့်သွင်းအတည်ပြု ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းက နှစ်ဆန်းပိုင်းတွင် ချမှတ်ထားခဲ့သည့် "ငြိမ်းချမ်းရေးကို ဦးထိပ်ထား၊ ပြည်သူ့အကျိုးကို အခြေခံထား၊ လက်တွေ့ဆောင်ရွက်ချက်ကို အုတ်မြစ်ထား" ဟူသည့် အုပ်ချုပ်ရေးဆိုင်ရာ မဟာဗျူဟာအတွေးအခေါ်အတိုင်း ပထမနှစ်ဝက်အတွင်း လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း အစီရင်ခံ ပြောကြားခဲ့သည်။
ရှုပ်ထွေးလာနိုင်သည့် မြေပြင်အခြေအနေများနှင့် အနာဂတ်မျှော်မှန်းချက်
ဥက္ကဋ္ဌ ဦးထိန်လင်းက ရှေ့ဆက်လက်ကြုံတွေ့ရမည့် ဒုတိယနှစ်ဝက်ကာလအတွင်း မြေပြင်စစ်ရေး၊ နိုင်ငံရေး အခြေအနေများသည် ယခုထက်ပိုမို ရှုပ်ထွေးလာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ တာဝန်ရှိသူများအနေဖြင့် အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် သတိပြုစောင့်ကြည့်ကြရန် တိုက်တွန်းခဲ့သည်။ ၎င်းအပြင် မိမိတို့ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲညီညီ အတူတကွ ထိန်းသိမ်းသွားရန်၊ ပြင်ပဆက်ဆံရေး ကဏ္ဍများကို ဆက်လက်မြှင့်တင်ရန်နှင့် ပြည်သူလူထု၏ တိုက်ရိုက်အကျိုးစီးပွားကို အခြေခံသည့် လုပ်ငန်းများကိုသာ ဦးစားပေး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒုတိယနှစ်ဝက်တွင် အကောင်အထည်ဖော်မည့် အဓိကလုပ်ငန်းကြီးများ
အထူးဒေသ (၄) အနေဖြင့် လာမည့် ဒုတိယနှစ်ဝက်အတွင်း အဓိကကဏ္ဍကြီးများကို အလေးထား လုပ်ဆောင်သွားရန် အစည်းအဝေး၌ မဟာဗျူဟာမြောက် သတ်မှတ်ခဲ့ကြသည် -
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေး
ဒေသတွင်း လုံခြုံရေးကို အားကောင်းအောင် တည်ဆောက်ပြီး၊ လက်ရှိအချိန်၌ အထူးတုန်လှုပ်စရာဖြစ်နေသော အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများ (ကျားဖြန့်) နှင့် မူးယစ်ဆေးဝါးကဲ့သို့ နယ်စပ်ဖြတ်ကျော် တရားမဝင် ရာဇဝတ်မှုများကို ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်း တိုက်ဖျက်သွားရန်။
ကျေးလက်နှင့် ဂေဟစနစ် ဖွံ့ဖြိုးရေး
မြို့ပြသာမကဘဲ နောက်ကျကျန်ခဲ့သည့် ကျေးလက်ဒေသများအထိ ဟန်ချက်ညီဖွံ့ဖြိုးလာစေရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန်။
အုပ်ချုပ်ရေးယန္တရား မြှင့်တင်ရေး
ဒေသတွင်း အုပ်ချုပ်ရေးစနစ်များ ပိုမိုမြန်ဆန်၊ ထိရောက်ပြီး သန့်ရှင်းမှုရှိစေရေးအတွက် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်။
ခြုံငုံကြည့်ရလျှင် အထူးဒေသ (၄) ၏ ယခုထုတ်ပြန်ချက်သည် လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအောက်တွင် စစ်ရေးပဋိပက္ခများအတွင်း ပါဝင်ပတ်သက်ခြင်းထက် "ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်ရေး" ကိုသာ မမှိတ်မသုန် ဆက်လက်ဆုပ်ကိုင်ထားမည်ကို ပြသခြင်းဖြစ်သည်။
တဖက်တွင်လည်း အိမ်နီးချင်းနိုင်ငံကြီးများနှင့် နိုင်ငံတကာက အထူးအလေးထားစောင့်ကြည့်နေသည့် နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုနှင့် မူးယစ်ဆေးဝါးပြဿနာများကို ဒုတိယနှစ်ဝက်တွင် အဓိက တိုက်ဖျက်မည်ဟု ကတိပြုလိုက်ခြင်းကြောင့် ပြင်ပသံတမန်ရေးရာ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ရာရောက်ကြောင်း လေ့လာသုံးသပ်ရသည်။
မင်္ဂလာဒုံတာဝါတိုင် Connection ပြတ်တောက်မှုကြောင့် မြောက်ဥက္ကလာပရှိ ရပ်ကွက်အများစု လျှပ်စစ်မီး ယာယီပြတ်တောက်
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအား ရွှေပေါက္ကံ - မော်ကျွန်းခွဲရုံမှတစ်ဆင့် 33kV ဓာတ်အားလိုင်းဖြင့် အရေးပေါ်လွှဲပြောင်းပေးထား
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် 33kV လှော်ကား - AaAb ဖီဒါဓာတ်အားလိုင်းတွင် ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ဓာတ်အားပြတ်တောက်မှု (အပြစ်ဖြစ်ပွားမှု) တစ်ခု ဖြစ်ပွားခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အများစုတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ဓာတ်အားလိုင်း၌ အပြစ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းအပိုင်း (၅) ရှိ တာဝါတိုင်တွင် လျှပ်စစ်လိုင်းချိတ်ဆက်မှု (Connection) ပြတ်တောက်သွားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လိုင်းပြတ်တောက်မှုကြောင့် ဓာတ်အားပြတ်တောက်သွားခဲ့ရသည့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန်အတွက် ရွှေပေါက္ကံ - မော်ကျွန်းခွဲရုံမှတစ်ဆင့် 33kV ဓာတ်အားလိုင်းဖြင့် အရေးပေါ်လွှဲပြောင်းကာ ဓာတ်အားပြန်လည်ပေးထားကြောင်း YESC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အပြစ်ဖြစ်ပွားခဲ့သည့် ဓာတ်အားလိုင်းအား မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် ဓာတ်အားဖြန့်ဖြူးရေးဌာန၊ တည်ဆောက်ရေးအဖွဲ့တို့ ပူးပေါင်းကာ အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ယင်းသို့ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်ကာလအတွင်း မြောက်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်နှင့် (ည) ရပ်ကွက်တို့မှအပ ကျန်ရှိသည့် ရပ်ကွက်များအားလုံးတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိမည်ဖြစ်ကြောင်း သိရသည်။
LNG တန်ချိန် (၃)သောင်းကျော်တင်ဆောင်လာသည့် သင်္ဘော(၈)ကြိမ်မြောက်အဖြစ်ဆိုက်ကပ်လာ
LNG တန်ချိန် (၃)သောင်းကျော်တင်ဆောင်လာသော သင်္ဘောသည် (၈)ကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၁ ရက်နေ့လည်ပိုင်းတွင် ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။
အဆိုပါ သင်္ဘောသည် သီလဝါဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော CVE ဘေးကပ်၍ Gas များကိုဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၂၈ ရက်ကလည်း LNG တန်ချိန် (၃) သောင်းကျော်တင်ဆောင်လာသောသင်္ဘောသည် (၇) ကြိမ်မြောက်အဖြစ်ရောက်ရှိလာပြီးနောက် သီလဝါဆိပ် ကမ်းတွင်ဆိုက်ကပ်ထားသော CVE ဘေးကပ်၍ Gas များကိုဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။