မြဝတီတောင်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်နေ

ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား အခုရက်ပိုင်းအတွင်း တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရပြီး မနေ့ ဇန်နဝါရီ ၂၈ ရက်၊ မနက် ၉ နာရီကျော်လောက်မှာတော့ လေကြောင်းကနေ ပစ်ကူပေးရတဲ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲ ဖြစ်နေတာကတော့ ဇန်နဝါရီ ၁၉ ရက်နေ့ နောက်ပိုင်းကတည်းက ဖြစ်နေတာ။ ဟိုအရင်ရက်တွေကတော့ နှစ်ဖက် ပစ်ခတ်တာတွေပဲ ရှိပေမယ့် မနေ့ မနက်ပိုင်းကတော့ လေကြောင်း တိုက်ခိုက်တာပါ ပါလာတယ်။ မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်နေတယ်။ ဒရုန်းတွေလည်း ကျတယ်။ အစိုးရတပ်ရဲ့ ထိုးစစ်က မင်းလက်ပံဘက်ကို အဓိက ဦးတည်နေတာ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
သောင်ရင်းမြစ်ဘေးရှိ မင်းလက်ပံကျေးရွာကို KNLA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီကျေးရွာဟာ မြဝတီမြို့ တောင်ပိုင်းဒေသအတွက် အဓိက ခံစစ်စည်းတခု ဖြစ်သလို ဒေသ စိုးမိုးရေးအတွက်လည်း ဗျူဟာအရ အရေးကြီးတဲ့နေရာတခု ဖြစ်တာကြောင့် အစိုးရတပ်က ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီနားမှာ ကျားဖြန့်ဆိုဒ်တခုလည်း ရှိနေတယ်။ မနေ့က မနက်ကတော့ အဲဒီဘက်ကနေ ပေါက်ကွဲသံတွေ ဆက်တိုက်ပဲ ကြားရတယ်။ မီးခိုးလုံးတွေ တက်လာတာလည်း တွေ့ရတယ်။ အစိုးရတပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့် မင်းလက်ပံနားကနေ ရှေ့တိုးလို့မရသေးဘူး။ ဒါကြောင့် လေကြောင်းပစ်ကူတွေ တရစပ်သုံးလာတာ” လို့ သူက ပြောပါတယ်။
မနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မင်းလက်ပံကျေးရွာ၊ ရသေ့ဂူကျေးရွာ၊ ဖလူးသုသာန်၊ ဘုရားကုန်း အစရှိတဲ့ နေရာတွေနဲ့ လေးကေ့ကော်ရှိ ဗျူဟာစွယ်တော်ကုန်းတို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အပြင် မြဝတီ လက်ခတ်တောင်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အစိုးရတပ် စစ်ရေးသတင်းရင်းမြစ် တယောက်ရဲ့ ရေးသား ဖော်ပြချက်မှာတော့ တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်တပ်မတော် (DKBA) တပ်တွေဟာ မြဝတီ မြို့တွင်း၊ မြို့ပြင် ဧရိယာတွေထဲ ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့ စတဲ့ လမ်းအသီးသီးကနေ ထိုးဖောက်နေကြပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
“အဓိက ကတော့ မြဝတီတောင်ခြမ်း ရှင်းလင်းရေးပါ။ မိုင်းကွင်းထဲ ဖြတ်ကျော်ထိုးဖောက်ပြီး တိုက်ပွဲ ပြင်းထန်နေတယ်။ ထိုင်းဘက်ခြမ်း မယ်ကုရွာထဲအထိ ကျည်ကျော် ကျရောက်နေတာကြောင့် ထိုင်းဘက်ခြမ်းက လူတွလည်း ဘေးလွတ်ရာကို ရှောင်ရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အစိုးရတပ် သတင်းပြန်ကြားရေး တာဝန်ရှိသူတွေဘက်ကရော KNLA ဘက်ကပါ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
အစိုးရတပ်ဟာ မြဝတီမြို့တောင်ဘက်က လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည် ရရှိနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကစပြီး စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
လနဲ့ချီ ကြာရှည်လာတဲ့ မြဝတီ တောင်ပိုင်းဒေသ တကျော့ပြန် တိုက်ပွဲတွေကြောင့် အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ ထီးမယ်ဝါးခီး၊ ရ‌သေ့ဂူ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

image

ဇော်လေးနိုင် ဇာတ်အဖွဲ့ကား ချောက်ထဲကျလို့ ၁၂ ယောက်သေ ၊ ဒဏ်ရာရသူများပြား

နေပြည်တော် ၊ တပ်ကုန်းကို ဇာတ်ကဖို့သွားတဲ့ " ဇော်လေးနိုင် " ဇာတ်သဘင်အဖွဲ့ကား တိမ်းမှောက်ပြီး ၁၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့ ၊ ညနေ ၆ နာရီကျော်လောက်မှာ ဇာတ်အဖွဲ့ကားဟာ တောင်ညိုလမ်းပိုင်းမှာ ချောက်ထဲကျကာ တိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိမှာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ကာ ကုသမှု ပေးနေတယ်လို့ သိရပါတယ်။
" နေပြည်တော် အမြန်လမ်းမိုင်တိုင် ၂၂၀ လမ်းခွဲကနေ ၁၀ မိုင်ကျော်ပဲရှိတယ်။ ဖြစ်တာက အဲဒီနားမှာ ဖြစ်တာ။ ၁၂ ယောက်ဆုံးတယ်။ အခြေအနေ အရမ်းဆိုးတယ်။ ဒီမနက်မှ ထပ်သိရတာ နောက်ထပ် သုံးယောက်ထပ်ဆုံးတယ် သတင်းကြားလို့ အတည်ပြုဖို့ စုံစမ်းနေတယ် ။ အဲဒီ တောင်ညို လမ်းပိုင်းကလည်း ဆိုးတယ်။ " လို့ နေပြည်တော်အခြေစိုက် သဗ္ဗသုခအသင်း တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ဇာတ်အဖွဲ့ကားပေါ်မှာ လူ ၂၇ ယောက်လိုက်ပါလာတာ ဖြစ်ကြောင်း ၊ တောင်တွင်းကြီးမြို့ကနေ တပ်ကုန်းမြို့နယ်ကို ဇာတ်ကဖို့ သွားရောက်စဥ် လမ်းမှာ တိမ်းမှောက်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဇော်လေးနိုင် ဇာတ်အဖွဲ့ တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး သေဆုံးသူ ၁၂ ယောက်ရှိကြောင်း နဲ့ လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟိုကလည်း သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ‘ပွင့်နေခြည်’ ဇာတ်အဖွဲ့ကား တိမ်းမှောက်ခဲ့ပြီး ၁၁ ယောက် သေဆုံးကာ အယောက် ၂၀ ကျော်.ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

image

မြိတ်မှာ အုပ်ချုပ်ရေးမှူးရုံးဘေး အဆောက်အဦ မီးလောင်လို့ ယာယီချုပ်ထားတဲ့ အချုပ်သားသေဆုံး

တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ အဏ္ဏဝါရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးဘေးမှာရှိတဲ့ သမဝါယမ နှစ်ထပ်အဆောင် မီးလောင်မှု ဖြစ်ပွားပြီး ယာယီချုပ်ထားတဲ့ အချုပ်သား တယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
"သမအဆောင် အောက်ထပ်မှာက ဆိုင်နှစ်ဆိုင်ရှိပါတယ် ။အပေါ်ထပ်မှာက ဘာမှမရှိလို့ အချုပ်သားထားတာ ။ အချုပ်သားက ပိန္နဲတောင် ရွာသားလို့ ပြောသံကြားတယ် ။ဘာအမှုလဲတော့သေချာမသိဘူး ။အဲဒီနေရာက အနီးနားက အချုပ်သားတွေကို ယာယီထားတဲ့နေရာပါ။ " လို့ ဖြစ်စဥ်သိတဲ့ ဒေသခံကပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ ၊ မွန်းလွဲပိုင်း ၂ နာရီ ၈ မိနစ်လောက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ၊ မီးလောင်မှုကြောင့် အပေါ်ထပ်မှာ အချုပ်ချထားတဲ့ အမျိုးသား တယောက် မီးလောင်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ် ။
" ကျွန်တော်တို့ ရောက်တော့ မီးကလောင်နေပြီ ။မီးလောင်မှုမှာ အမျိုးသားတယောက်သေတယ် ။ အုပ်ချုပ်ရေးမှူးရုံးဘေးက အဆောက်အဦ လောင်တာပါ ။ သမဝါယဆောင်ပါ ။ ဘာပစ္စည်းတွေ ထားလဲတော့ မသိပါဘူး ။ " လို့ ဒေသခံ ပရဟိတ အဖွဲ့ဝင်တယောက်က ပြောပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်ကို နယ်မြေခံပရဟတိအဖွဲ့တွေနဲ့ သက်ဆိုင်ရာ နယ်မြေခံ မီးသတ်ဌာနတို့ ပူးပေါင်း ငြိမ်းသတ်ခဲ့တာ ဖြစ်ကြောင်း ၊ မီးလောင်ချိန်က ၁၀ မိနစ်လောက်သာ ကြာမြင့်တယ်လို့ သိရပါတယ်။

image

ခရီးသွားဒေသ အများစု အားလပ်ရက်အတွက် ဟိုတယ်ဘိုကင် ထင်သ​လောက် မရသေး

လာမယ့် ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့နဲ့ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည် ကလအတွက် ခရီးသွားဒေသ အများစုမှာ ဟိုတယ်ဘိုကင်တွေ မပြည့်သေးဘူးလို့ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ကစပြီး ဖေဖော်ဝါရီ ၁၇ ရက် (တရုတ်နှစ်သစ်ကူးနေ့) အထိ ခြောက်ရက်တာ တဆက်တည်း ပိတ်ရက်တွေ ရှိနေတာဖြစ်ပြီး အဲဒီ ပိတ်ရက်တွေအတွက် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ပြင်ဦးလွင်၊ ကလော၊ အင်းလေး အစရှိတဲ့ ခရီးသွားဒေသတွေက ဟိုတယ်တွေမှာ လက်ရှိအချိန်အထိ အခန်းတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူတယောက်က “ဟိုတယ် တော်တော်များများကတော့ အခုအချိန်အထိ ဘိုကင် မပြည့်သေးပါဘူး။ အခန်းတွေ ရှိနေပါသေးတယ်။ ပြည့်လုနီးပါးလို့တောင် ပြောလို့မရသေးတဲ့ အခြေအနေပါ” လို့ ပြောပါတယ်။
အဲဒီလိုပဲ ပုဂံဒေသအတွင်းရှိ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ ဟိုတယ်တွေနဲ့ တည်းခိုရိပ်သာတွေမှာလည်း အခန်းတွေ များစွာ ကျန်ရှိနေသေးတယ်လို့ နောက်ထပ် ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
VOM က ရရှိထားတဲ့ အချက်အလက်‌တွေအရ ဧရာဝတီတိုင်းအတွင်းရှိ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ ကမ်းခြေရှိ ဟိုတယ်တွေမှာတော့ ၇၀ ရာခိုင်နှုန်းနီးပါး အခန်းကြိုတင် မှာယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ကြည့်မယ်ဆိုရင်တော့ ကမ်းခြေဒေသနဲ့ ပတ်သက်လို့ ပြည်တွင်း ခရီးသွားလာမှု ကျဆင်းနေသေးတယ်လို့ ဟိုတယ်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“ပြည်တွင်းက ခရီးသွားတွေ အများဆုံး သွားကြတာက ကမ်းခြေဒေသတွေ ဖြစ်တယ်။ အရင်ကဆို ပွင့်လင်းရာသီ ရောက်ပြီဆိုတာနဲ့ ဟိုတယ်နေရာ တော်တော်များများက ဘိုကင်တွေ ပြည့်နေပြီ။ အခုလို ရုံးပိတ်ရက်ရှည် ရှိနေတာမျိုးဆို ပုံမှန်ဆို ဒီလိုအချိန်ကတည်းက ဘိုကင်အားလုံး ပြည့်နေရမှာ။ လက်ရှိ တွေ့နေရတဲ့ အနေအထားကတော့ အားရစရာ မရှိဘူး” လို့ သူက ပြောပါတယ်။
ဒါအပြင် ပြင်ဦးလွင်၊ ကလောနဲ့ အင်းလေးဒေသတွေက ဟိုတယ်တွေမှာလည်း လာမယ့် ရုံးပိတ်ရက်ရှည် ကာလအတွက် အခန်းကြိုတင် မှာယူမှုတွေ နည်းပါးနေသေးတယ်လို့ သိရပါတယ်။
“ပုံမှန်ဆိုရင်တော့ ဒီအချိန် အခန်းမကျန်တော့ဘူးပေါ့။ တချို့ နေရာတွေ၊ ဟိုတယ်တွေတော့ အခန်းပြည့်တာ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အားလုံး ခြုံကြည့်မယ် ဆိုရင်တော့ ဘိုကင်အပြည့်မရသေးတဲ့ နေရာတွေ များပါတယ်။ ဘာလို့ နည်းနေတာလဲဆို အဓိက လမ်းခရီး အခြေအနေကြောင့် ဖြစ်မယ်။ လမ်းခရီး လုံခြုံစိတ်ချရမှုအပိုင်းပေါ့။ အဲဒါကြောင့်ပဲ တော်ရုံ မသွားချင်၊ မလာချင်ကြတော့ဘူး။ ဒီရုံးပိတ်ရက်မှာလည်း ကမ်းခြေဒေသတွေလောက်ပဲ လူစည်ကားနိုင်တယ်” လို့ သူက ပြောပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ကျဆင်းလျက်ရှိနေပြီး လက်ရှိကာလဟာ ခရီးသွားရာသီ စတင်တဲ့ ကာလဖြစ်ပေမယ့် ပြည်တွင်းခရီးသွား ဧည့်သည်တွေကိုသာ အဓိက ဝန်ဆောင်မှု ပေးနေကြရကာ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုနှုန်း နည်းပါးတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

image

ရွှေပြည်သာ အထက ၁ ကျောင်းမှာ ကျောင်းသားချင်းရန်ဖြစ်ရာက Grade7 ကျောင်းသား သေဆုံး

ရန်ကုန် ၊ ရွှေပြည်သာမြို့နယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်စကားများပြီး ထိုးကြိတ်ရာကနေ Grade 7 ကျောင်းသားသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံဆီက စုံစမ်းသိရှိရ ပါတယ်။
မနေ့က ဇန်နဝါရီ ၂၇ ရက်နေ့ ၊ နေ့လယ် မုန့်စားကျောင်းဆင်းချိန်မှာ Grade 8 ကျောင်းသားနဲ့ Grade 7 ကျောင်းသားတို့ ကျောင်းဝန်းအတွင်း ရန်ဖြစ်ရင်းကနေ G7 ကျောင်းသားမှာ လက်သီးနဲ့ ထိုးခံရပြီးနောက် နေရာမှာပဲ လဲကျသေဆုံးသွားတာ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
" မနေ့က နေ့လယ်က သတင်းကြားတယ် ။ နည်းနည်းလေး ထပ်အစ်လိုက်တော့မှ ထိုးကြတာလို့ ပြောတယ်။ ပထမ တယောက် အရွယ်မမျှလို့ဆိုပြီး လူချိန်းပြီး ထိုးခိုင်းတာ။ အဲဒီမှာ လည်ပင်းကိုထိုးမိသွားတယ် ။အထိုးခံရပြီး ကောင်လေးက အကြောတွေကပ် ၊ ဆီးတွေထွက်ပြီးဆုံးသွားတယ်။ ကလေးက နှလုံရောဂါ အခံလည်း ရှိတယ်သိရတယ်။ " လို့ ဖြစ်စဥ်သိတဲ့ ကျောင်းပတ်ဝန်းကျင်မှာ နေထိုင်သူ ဒေသခံကပြောပါတယ်။
ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာကနေ သေဆုံးတဲ့ကလေးမှာ Grade 7 ကျောင်းသားဖြစ်သား မောင်မိုးသူရိန် ဆိုသူဖြစ်ကြောင်း သိရှိရပါတယ်။
" ကိုယ်တွေ မျက်စိရှေ့ တင်ကြီးလာတဲ့ ကလေးလေး။ စိတ်ထဲ မကောင်းဘူးဗျာ ။ သူအမေဆို ငိုနေတုန်းပဲ ။ " လို့ သေဆုံးတဲ့ ကလေးငယ်နဲ့ တရပ်ကွက်တည်း နေထိုင်သူတယောက်က လူမှုကွန်ယက်မှာ ရေးသားထားတာ တွေ့ရပါတယ်။
လက်ရှိအထိတော့ အဆိုပါ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးတဲ့အတွက် ဖြစ်စဥ်အခြေအနေကို သိရှိနိုင်ဖို့ ရွှေပြည်သာမြို့နယ် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး ။ ပြည်​ထောင်စုအဆင့် သတင်းမှန်ပြန်ကြား​ရေးအဖွဲ့ကို သတင်းမီဒီယာက​မေးထား​ပေမယ့် ပြန်​ဖြေမ​ပေး​သေးပါဘူး။
၂၀၂၅ ခုနှစ် ၊ အောက်တိုဘာ ၂၃ ရက်ကလည်း
မန္တလေးတိုင်း၊ အမရပူရမြိုနယ်၊မြစ်ငယ်မြို့ အ.ထ.က ကျောင်းမှာ ဓားထိုးမှုဖြစ်ပွားပြီး ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသူတယောက်တို့ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အလားတူ စက်တင်ဘာလတုန်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ တုန်းကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ကျောင်းသားအချင်းချင်း ချိန်းဆို ရန်ဖြစ်ရာမှ နှစ်ယောက် ဓားထိုးခံရတယ်လို့ သိရတယ်။
အလားတူ ဇန်နဝါရီလမှာလည်း မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ ၊ ပြည်သာယာ (မြောက်) ရပ်ကွက် မှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်းမှာ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးမှုဖြစ်ကာ ကျောင်းသား တယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယခုနောက်ပိုင်း အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရိုက်နှက်ခြင်း ၊ ဓားထိုးမှု ဖြစ်ပွားတာတွေ များလာနေတယ်လို့သိရပါတယ်။
ဒါကြောင့် ကျောင်းသားအချင်းချင်း ပြဿနာဖြစ်ပွားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ညွှန်ကြား ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်​ပြန်ချက်ကတော့ " ကျောင်းချိန် သို့မဟုတ် ကျောင်းချိန်ပြင်ပမှာ အချင်းချင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ လူကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းကိရိယာဖြင့် သော်လည်းကောင်း ခိုက်ရန်ဖြစ်ပွားနေကြတဲ့ ဖြစ်စဉ်များ များပြားလာတဲ့အတွက် ကျောင်းတွင်းပညာပေး ဆွေးနွေးပွဲများဆောင်ရွက်သွားရန်နှင့် ကျောင်းချိန် သို့မဟုတ် ကျောင်းချိန် ပြင်ပခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်လာပါက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားခြင်း ပြစ်မှုမှာ ပါဝင်သူအားလုံးကို “ကျောင်းပြောင်းလက်မှတ်ထုတ်ပေးသည့် ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း” အခြေခံပညာကျောင်းအုပ်ကြီးများက ကျောင်းသား ကျောင်းသူများနှင့် မိဘများသို့ အသိပေးဆောင်ရွက်သွားရန် " ပြောဆိုထားပါတယ်။

image

လားရှိုးမှာ ဆရာတော်တပါး လုပ်ကြံခံရပြီး ပျံလွန်တော်မူ

လားရှိုးမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မဟာဗောဓါရုံကျောင်းတိုက်က ဆရာတော်တပါး လုပ်ကြံခံရပြီး ပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်း ၆ နာရီလောက်မှာ ဆွမ်းကပ်မယ်ဆိုပြီး အမျိုးသားနှစ်ယောက် ရောက်လာပြီး လုပ်ကြံသတ်ဖြတ်သွားတာလို့ သိရပါတယ်။
“မနက်ပိုင်း ဆရာတော် လမ်းလျှောက်နေတုန်း ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ယောက် ရောက်လာတယ်။ ဆွမ်းကပ်မယ်ဆိုပြီး ချိုင့်နဲ့လာတာ။ ဆရာတော်က လမ်းလျှောက်နေတာဆိုတော့ ကျောင်းမှာ မရှိဘူး။ အဲ့ဒါနဲ့ ကျောင်းက ဆရာ တော် တပါးက ဖုန်းဆက်ပေးလိုက်တော့ ဆရာတော် ပြန်ရောက်လာတယ်။ ဖုန်းဆက် ပေးတဲ့ ဆရာတော်လည်း သူ့ဒကာတွေပါပဲဆိုပြီး ထားခဲ့တယ်။ နောက်မှ မနက်ဆွမ်းကပ်နေကြ ဒကာတစ်ယောက် ထပ်ရောက်လာတဲ့အချိန် မှ ဆရာတော် အသတ်ခံထားရတာ သိရတာ”လို့ ဖြစ်စဉ်အခြေအနေသိရှိတဲ့ လားရှိုးမြို့ခံတ​ေယာက်ကပြောပါတယ်။
ဆရာတော်ရဲ့ ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ ဓားဒဏ်ရာ ၁၃ချက်နဲ့ ပျံ​တော်မူနေတာကို တွေ့ရတယ်လို့မြို့ခံတွေကပြောပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်က သက်တော် ၅၆ နှစ်အရွယ် ဥူးကေသရ ဖြစ်ပြီး မဟာဗောဓရုံကျောင်းရဲ့ စာချဆရာတော်တစ်ပါးလည်းဖြစ်တယ်လို့ သိရပါတယ်။
“ဆရာတော်က ထေကြီးဝါကြီး ဆရာတော်တပါးပါ။ လားရှိုးမှာ တိုက်ပွဲတွေ ဖြစ်တုန်းကလည်း ဒကာ ဒကာမတွေကို ကူညီပေးခဲ့တဲ့ ဆရာ တော်ပါ။ ဒီလိုဖြစ်သွားတာကို စိတ်မကောင်းဖြစ်ရတယ်” လို့ ဆရာတော်နဲ့ ရင်းနှီးတဲ့ ဒကာတယောက်ကပြောပါတယ်။
လုပ်ကြံသွားသူ အမျိုးသားနှစ်ယောက်ကို ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေက လိုက်လံစုံစမ်းနေပြီး လားရှိုးအမှတ် (၁) ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၀၂) နဲ့ အမှုဖွင့်ထားတယ်လို့ တရားစွဲအဖွဲ့အစည်းနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက​နေ သိရပါတယ်။

image

Mytel ၊အင်းဝဘဏ်၊ မြဝတီဘဏ် အပါအဝင် လူမှုကွန်ရက်စာမျက်နှာ အကောင့် စုစုပေါင်း ၂၇၀ ကို Facebook ကနေ ဖယ်ရှား

Mytel အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေ ၊ ဂရုတွေနဲ့ ပရိုဖိုင်း အကောင့် စုစုပေါင်း ၂၇၀ ကို Facebook ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ဇန်နဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်မှု အရသိရပါတယ်။
Facebook ကနေ ဖယ်ရှားခံလိုက်ရတဲ့ အကောင့်အများစုဟာ မိုင်တဲလ်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့ အကောင့်တွေ ဖြစ်ပြီး၊ ကျန်အကောင့်တွေကတော့ အစိုးရတပ် စီးပွားရေးလုပ်ငန်းစုကြီးတွေ ဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ရဲ့ ကုမ္ပဏီခွဲတွေ ၊ လုပ်ငန်းအမှတ်တံဆိပ်တွေနဲ့ ဆက်စပ်အကောင့်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နဲ့ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ နဲ့ ဒဂုန်ဘီယာ အမှတ်တံဆိပ်တွေ ၊ နန်းမြိုင်ကဖီး ၊ Indoor Skydiving တို့နဲ့ ဆက်စပ်အကောင့်တွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါအပြင် a Light for Justice 3၊ News Service Station နဲ့ Myanmar Information Community တို့ကိုလည်း ဖယ်ရှားခဲ့တယ်လို့ ထုတ်ပြန်မှုအရ သိရပါတယ်။
လက်ရှိ အစိုးရတပ် နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ ဆိုပြီး အဆိုပါ လူမှုကွန်ယက်စာမျက်နှာပေါင်း ၂၇၀ ကို Facebook ကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်တယောက်က " ဘွိုင်းကောက်ဆိုပြီး လုပ်တဲ့သူလည်း ရှိသလို သုံးတဲ့သူလည်းရှိတာပဲ။ သုံးသူရှိလို့သာ ဒီပစ္စည်းတွေလည်း ထုတ်လုပ်မှုမရပ်ဘဲ ခုချိန်ထိ ရပ်တည်နေတာပေါ့လေ ။ မိုင်တဲဆင်းကဒ်ဆိုလည်း တော်တော်များများ သုံးနေကြတာ အားလုံးအသိပဲ ။ခုပိတ်လိုက်တဲ့ မြဝတီတို့ အင်းဝ ဘဏ်တို့ဘာတို့ကတော့ နဂိုထဲက ပြည်သူတွေ အသုံးနည်းပါတယ်။ ခုလည်း လူမှုကွန်ယက်ကနေ ဖယ်ရှားလိုက်တယ်ဆိုပေမယ့် မြေပြင်မှာ သုံးတဲ့သူက ဆက်သုံးနေမှာပဲ ။ဒါကို မသုံးဖို့ အတင်းအကျပ်လုပ်မှမရတာ ။ မသုံးသူကိုလည်း သုံးကို သုံးရမယ်လို့ ပြောမှမရတာ ။ အားလုံးက ကိုယ်ကြိုက်တာကိုယ်လုပ်ကြတာပါဘဲ ။ " လို့ မှတ်ချက်ပြု ပြောပါတယ်။
အစိုးရတပ်နဲ ​ဆက်စပ်နေတဲ့ လူမှုကွန်ယက် အကောင့်တွေ ကို ပိတ်ပေးဖို့အတွက် Justice For Myanmar က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တိုင်ကြားခဲ့ခြင်း ဖြစ်တယ်လို့လည်း.ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့ကလည်း Mytel နဲ့ ဆက်စပ်နေတဲ့ လူမှုကွန်ယက် စာမျက်နှာ၊ Group နဲ့ အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Facebook ကနေ ဖယ်ရှားမှု ရှိခဲ့တယ်လို့ JFM ထုတ်ပြန်ထားမှုအရ သိရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကလည်း အစိုးရရဲ့ သတင်းဌာနဖြစ်တဲ့ မြဝတီသတင်းစာမျက်နှာကို Tik Tok ကနေ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။

image

အမြန်လမ်းမှာ ယာဥ်တစီးကို ခရီးသည်နဲ့ ကုန်ပစ္စည်း (၂၃) တန်အထိသာ ဖြတ်သန်းခွင့်ပြု

ဆွာချောင်း ယာယီဘေလီတံတားရဲ့ ခံနိုင်ဝန်အား ကန့်သတ်ချက်ကြောင့် အမြန်လမ်း အသုံးပြုနေတဲ့ ယာဉ်တွေကို ၂၃ တန်အထိသာ အများဆုံး သယ်ဆောင်ဖို့ ခွင့်ပြုထားတယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က ဆွာချောင်းတံတား အသစ်တည်ဆောက်ခြင်း ပြီးစီးတဲ့အထိ အမြန်လမ်းတိုးဂိတ် ကတ္တားတွေမှာ ခရီးသည်တင် မှန်လုံယာဉ်ကြီးတွေနဲ့ ခွင့်ပြု ကုန်စည်တင်ယာဉ်တွေကို ယာဥ်၊ ခရီးသည်နဲ့ ကုန်ပစ္စည်း စုစုပေါင်း ၂၃ တန် အထိသာ အများဆုံး သယ်ဆောင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။
အဲဒီလမ်းပိုင်း အခြေအနေနဲ့ ပတ်သက်လို့ ယာဉ်မောင်းတယောက်က “အမြန်လမ်းမှာ ၁၁၅ မိုင်ကျော်ရင် လမ်းမကောင်းပါဘူး။ ဆွာချောင်းတံတား ဝန်းကျင်က တော်တော်ကို ဆိုးပါတယ်။ လမ်းတခြမ်း ပိတ်ပြင်နေတဲ့ နေရာတွေရှိသလို၊ လမ်းတခုလုံး ပြင်နေတဲ့ နေရာတွေလည်း ရှိတယ်။ လမ်းလွှဲက မောင်းရတာတွေလည်း ရှိတာဆိုတော့ သတိထားစေချင်တယ်။ မောင်းချိန်က တနာရီခွဲကျော်ဝန်းကျင် ရှိတယ်။ နောက်တခု ပြောချင်တာက လမ်းပြင်‌နေတဲ့သူတွေက ရေသန့်ဘူးလေးတွေ တောင်းတတ်တယ်။ အပိုပါသွားရင် လှူပေးကြစေချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံနဲ့ ၁၆၅ မိုင် ၃ ဖာလုံအတွင်းရှိ ဆွာချောင်းတံတားဟာ အကြီးစား ထိခိုက် ပျက်စီးခဲ့ရတာဖြစ်ပြီး လက်ရှိမှာ နေပြည်တော်ကနေ ရန်ကုန်ကိုသွားတဲ့ လမ်းပေါ် ရှိ တံတားကို အသစ်ပြန်လည် တည်ဆောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တည်ဆောက်နေဆဲ ကာလမှာ ရန်ကုန်ကနေ နေပြည်တော်ကိုသွားတဲ့ လမ်းပေါ်ရှိ တံတားကို အရေးပေါ် ယာယီ အသုံးပြုနိုင်ဖို့ တံတားအောက်ကနေ ဒေါက်တွေ ထောက်ခြင်း၊ တံတားအပေါ်မှာ ဘေလီသံပေါင် တပ်ဆင်ခြင်းတွေ ပြုလုပ်ပြီး သုံးစွဲနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် တံတားအသစ် ပြန်လည်တည်ဆောက် ပြီးစီးမယ့် အခု ၂၀၂၆ ခုနှစ်၊ မတ်လကုန်အထိ စုစုပေါင်း အလေးချိန် ၂၃ တန်ထက်ပိုတဲ့ ယာဥ်တွေကို အမြန်လမ်း (လုံးဝ) သုံးစွဲခွင့်ပြုမှာ မဟုတ်ဘဲ တခြားလမ်းတွေကနေ သွားလာရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က ခွင့်ပြုထားတဲ့ ယာဥ်အမျိုးအစားအလိုက် သယ်ဆောင်ခွင့် ပြုထားတဲ့ ယာဥ်နဲ့ ခရီးသည်၊ ကုန်သတ်မှတ် တန်ချိန်တွေကို အသိပေး ကြေညာထားတယ်လို့ သိရပါတယ်။

image

ပြည်တွင်းရွှေဈေး တရက်တည်း ကျပ် ခုနစ်သိန်းနီးပါး ခုန်တက်

ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး မြင့်တက်လာမှုနဲ့အတူ လက်ရှိမှာ ပြည်တွင်းရှိ ပြင်ပ ရွှေဈေးဟာလည်း တရက်အတွင်း ကျပ် ခုနစ်သိန်းနီးပါး ခုန်တက်လာပြီး ကျပ် တရာတဆယ့်နှစ်သိန်း လေးသောင်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၂၇၄ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၂၀၀ ကျော် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။
“ကမ္ဘာ့ရွှေဈေးက ဆက်တက်နိုင်ခြေ ရှိနေသေးတယ်။ လက်ထဲ ရှိတဲ့သူတွေကတော့ ဒီအချိန်မှာ အရောင်းအဝယ် မလုပ်တော့ဘဲ ရေရှည် စုဆောင်းနိုင်ရင် အကောင်းဆုံးလို့သာ မြင်ပါတယ်။ ဈေးကွက်က အတက်ဘက်ကို အားကောင်းနေတဲ့အတွက် အရောင်းအဝယ် လုပ်မယ့်သူတွေ အထူးသတိထားရမယ့် အချိန်ပါ” လို့ ရွှေကုန်သည် တယောက်က ပြောပါတယ်။
ပြည်တွင်းမှာ အခေါက်ရွှေဈေး သိန်း ၁၀၀ ကျော်ကို စတင်မြင့်တက် ရောက်ရှိစဉ်က ရွှေအတုံး အရောင်းအဝယ်ဈေးကွက် တခုလုံး ရပ်တန့်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာတော့ ရွှေဆိုင်ကြီးတချို့ အရောင်းအဝယ်တွေ ပြန်ဖွင့်ပေးလာပြီး ဆိုင်တချို့ကတော့ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) လို ကမ္ဘာအဆင့် အဖွဲ့အစည်းတွေတောင် ဒေါ်လာနဲ့ ဆက်စပ်နဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ရောင်းရမလား စဥ်းစားနေပြီဆိုပါတယ်။ IMF ရဲ့ မန်နေဂျင်း ဒါရိုက်တာ Kristalina Georgieva ကိုယ်တိုင် ထုတ်ပြောလာပါပြီ။ ဒါဆိုရင် ကမ္ဘာ့ရွှေစျေးကတော့ အမြင့်မှာဆက်ပြီး မဖြစ်မနေ ရှိကို ရှိနေတော့မှာပါ” လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၀၀၀ ကျော်ကနေ စံချိန်တင် အတက်ကြမ်းနေဆဲ ဖြစ်တာကြောင့် နိုင်ငံတကာ ဈေးကွက်အတွင်းမှာလည်း ရိုက်ခတ်မှုတွေ ရှိနေပြီး ဈေးမငြိမ်သက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းမှာလည်း ရွှေဈေး ဘတ် ခုနစ်သောင်း ကျော်လာတဲ့အတွက် နိုင်ငံအတွင်းက ရွှေဆိုင်တချို့ ပိတ်သိမ်းရဖွယ် ရှိနေတယ်လို့ ထိုင်းနိုင်ငံ ရွှေကူးသန်း ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ Jitti Tangsitpakdee က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က ပြောကြားထားပါတယ်။
အခုလို ထင်မှတ်မထားလောက်အောင် ရွှေဈေး မြင့်တက်လာတဲ့အတွက် အခု ၂၀၂၆ ခုနှစ်အတွင်း ရွှေဆိုင်‌ ဒါဇင်ပေါင်းများစွာ ပိတ်သိမ်းရနိုင်ခြေ ရှိနေတယ်လို့ ဥက္ကဋ္ဌ က ဆိုပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်မှာ ထိုင်းရွှေဈေးဟာ ဘတ် ခုနစ်သောင်း ခုနစ်ထောင်ကျော် ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ကာ ဇန်နဝါရီ ၂၀ ရက်နေ့ နောက်ပိုင်းကစပြီး ဘတ် ခုနစ်သောင်း ကျော်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းရွှေဈေးကွက်အတွင်း လက်ရှိမှာ အခေါက်ရွှေဝယ်ယူမှု ပိုမို များပြားလာပြီး ရွှေထည်ပစ္စည်း ဝယ်လိုအား ကျဆင်းလာခြင်း၊ ရွှေစျေး ကောင်းနေတဲ့အတွက် ပေါင်နှံခြင်းထက် ပြန်လည်ရောင်းချသူ ပိုများလာတာကြောင့် ရွှေအပေါင် လုပ်ငန်းတွေရဲ့ ဝင်ငွေနည်းလာခြင်းတို့ကို ရွှေဆိုင်တွေ ကြုံတွေ့နေရတယ်လို့ ထိုင်းနိုင်ငံ ရွှေကူးသန်း ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌက ပြောပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံက ရွှေဆိုင်တွေ ပိတ်သိမ်းရခြင်းဟာ ဈေးကွက်အတွင်း အရှုံးပေါ်နေလို့ မဟုတ်ဘဲ ရွှေဈေး အတက်ကြမ်းနေတဲ့အချိန် အကျိုးအမြတ် ရယူနိုင်ဖို့အတွက် လုပ်ငန်းရပ်နားဖို့ ဆုံးဖြတ်ကြခြင်းမျိုး ဖြစ်တယ်လို့ ဥက္ကဋ္ဌက အသိပေး ပြောကြားထားပါတယ်။
နိုင်ငံတကာ သတင်းတချို့ရဲ့ ဖော်ပြချက်အရ ဂရင်းလန်းကျွန်းအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ မသေချာ၊ မရေရာမှုတွေနဲ့ ရင်ဆိုင်လာရတဲ့အတွက် ရွှေဝယ်လိုအား မြင့်တက်ခဲ့ကာ ကမ္ဘာ့ရွှေဈေးလည်း တအောင်စ ဒေါ်လာ ၅၀၀၀ ကျော်ကို ပထမဦးဆုံးအကြိမ် စံချိန်တင် မြင့်တက်သွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

image

ကမ္ဘာနှစ်ပတ်ခရီးထက်ပိုပြီး ခရီးသွားထားရတဲ့ ချန်ပီယံလိဂ်ကလပ်
==================

ကိုင်ရက်အယ်မာတီဟာ ယနေ့ည အမ်းမရိတ်ကွင်းပွဲစဉ်တွင် အာဆင်နယ်နှင့် ချန်ပီယံလိဂ်ကစားရန် လာရောက်ခဲ့ရပြီး‌နောက် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကမ္ဘာနှစ်ပတ်ကျော်ခရီးသွားလာခဲ့ရပါတယ်။
ကာဇက်စတန်ကလပ် မြောက်လန်ဒန်သို့ ချန်ပီယံလိဂ်ကစားရန် ၃၅၀၄ မိုင် ခရီးနှင်လာကာ အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ရင်ဆိုင်ကစားရပါမယ်။
ကိုင်ရက်အယ်မာတီဟာ မြောက်လန်ဒန်ခရီးကြောင့် ယခုရာသီ ချန်ပီယံလိဂ်တွင် စုစုပေါင်း ၅၂၉၃၈ မိုင်အထိ ခရီးသွားလာခဲ့ရကာ ကမ္ဘာနှစ်ပတ်ကျော် ခရီးသွားလာခဲ့ရတာလည်း ဖြစ်ပါတယ်။
ကာဇက်စတန်ကလပ်ဟာ ချန်ပီယံလိဂ်တွင် ခရီးများစွာ သွားလာရမှုနှင့်အတူ ရမှတ် ၁ မှတ်တည်းသာ ရရှိကာ အမှတ်ပေးဇယားကြမ်းခင်းမှာ ရပ်တည်နေပါတယ်။
တကယ်တော့ ကာဇက်စတန်ဟာ အာရှတွင် တည်ရှိတာ ဖြစ်ပြီး လန်ဒန်ထက် တရုတ်နိုင်ငံ ဘေဂျင်းနှင့် ပိုနီးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာ ၂၀၀၂ ခုနှစ်ကတည်းက ယူအီးအက်ဖ်အေအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့တာပါ။
အာရှတိုက်တွင် ရှိနေပမယ့် ယူအီးအက်ဖ်အေအဖွဲ့ဝင် နိုင်ငံ ဖြစ်မှုနှင့်အတူ ကာဇက်စတန်ကလပ် ကိုင်ရက်အယ်မာတီတို့ ခရီးများစွာ သွားလာရတာ အံ့ဩစရာတော့ ဖြစ်မနေပါဘူး။

image