ဧရာမကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဟု အီးယူနှင့် အိန္ဒိယတို့က ထုတ်ပြန်ကြေညာ

အိန္ဒိယနှင့်ဥရောပသမဂ္ဂတို့က ဇန်နဝါရီ ၂၇ ရက်တွင် “သဘောတူညီချက်အားလုံး၏ မိခင် သဘောတူညီချက်”ကို ကြေညာလိုက်ကြပြီး ဧရာမကုန်သွယ်ရေးသဘောတူညီချက်က ပြည်သူသန်းနှစ်ထောင်ရှိသော စျေးကွက်ကို ဖန်တီးပေးမည်ဟု ဆိုခဲ့ကြသည်။
ယခုကုန်သွယ်ရေးသဘောတူညီချက်ကို ရရှိရန် နှစ်ပေါင်းနှစ်ဆယ်ကြာ ဆွေးနွေးခဲ့ရသည်ဟု ဆိုသည်။
ကုန်သွယ်ရေးသဘောတူညီချက်က ကမ္ဘာ့ထိပ်တန်း စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့ထံမှလာမည့် စိန်ခေါ်မှုများကို အကာအကွယ်ပေးရာတွင် အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း အီးယူအကြီးအကဲများနှင့် အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမို ဒီတို့က ပြောကြားခဲ့ကြသည်။
အထက်ပါသဘောတူညီချက်ကြောင့် ဥရောပပို့ကုန် ၉၇ ရာခိုင်နှုန်းနီးပါး၏ကုန်သွယ်ခွန်များကို လျှော့ချပစ်မည် သိို့မဟုတ် ဖယ်ရှားပစ်လိမ့်မည်ဖစ်ရာနှစ်စဉ်အားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၅ ဘီလျံ(ယူရို လေးဘီလျံ အထိ သက်သာသွားမည်ဟု ၂၇ နိုင်ငံပါသော အီးယူက ပြောကြားခဲ့သည်။
“သဘောတူညီချက်အားလုံးရဲ့မိခင်ဖြစ်ပါတယ်”ဟု မိုဒီက ဇန်နဝါရီ ၂၇ ရက်တွင် နယူးဒေလီ၌ ပြောကြားခဲ့သည်။ အိန္ဒိယမြို့တော် နယူးဒေလီတွင် သူသည် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်၊ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာတို့ နှင့် တွေ့ဆုံခဲ့သည်။
“ဒီသဘောတူစာချုပ်က အိန္ဒိယရဲ့ ၁ ဒသမ ၄ ဘီလျံရှိတဲ့ပြည်သူတွေအတွကို ရော အီးယူရဲ့ သန်းပေါင်းများစွာသောပြည်သူတွေအတွက်ပါ များပြားတဲ့အခွင့်အလမ်းတွေကို ယူဆောင်ပေးပါလိမ့်မယ်”ဟု မိုဒီက ပြောကြားခဲ့သည်။

image

NCA စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထွက်ပေါ်လာမည့် အစိုးရအသစ်ကို နိုင်ငံ့တာဝန်များ လွှဲပြောင်းပေးအပ်ပြီး ၎င်းတို့၏ တာဝန်များကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် မန္တလေးတိုင်းဒေသကြီးခရီးစဉ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) ၌ မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုအား လိုက်လံကြည့်ရှုအားပေးရာတွင် ပြည်သူလူထုက လွတ်လပ်စွာ မိမိတို့သဘောဆန္ဒများအလျောက် လာရောက်ဆန္ဒမဲပေးကြသည်ကို တွေ့ရမြင်ရကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများမှာ ပြည်သူလူထုက အစိုးရအပေါ် လိုလားလက်ခံသည့် အပြုအမူများဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
နိုင်ငံတကာစောင့်ကြည့်လေ့လာရေး အဖွဲ့များကလည်း ယခုရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို အနှောင့်အယှက်တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မဲရုံဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး သမာသမတ်ကျစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုခဲ့သည့်အတွက် မဲပေးခြင်း၊ မဲရေတွက်ခြင်း လုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်စေပြီး ပြည့်စုံမှန်ကန်သည့်ရလဒ်များ ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည့်စုံကောင်းမွန်သည့် လုံခြုံရေးဆောင်ရွက်ထားမှုများကြောင့် မဲဆန္ဒရှင်များ မဲရုံတာဝန်ထမ်းဆောင်သူများနှင့် အခြားသက်ဆိုင်သူများအားလုံး လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟု သဘောထားမှတ်ချက်များပြုခဲ့ကြသည်ကို တွေ့ရှိရသဖြင့် လွတ်လပ်၍ တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား NCA သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်လည်း လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများသည် နိုင်ငံတော်လုံခြုံရေး (National Security) ကို ခြိမ်းခြောက်နိုင်သည့်အတွက် ၎င်းကိစ္စရပ်များကို ထိရောက်စွာတိုက်ဖျက်ခြင်းအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူလူထု အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမြစ်ပြတ်သည်အထိ ထိရောက်စွာ တားဆီးကြပ်မတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

image

ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System-ORTP) ဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရောင်းချပေးမည်

ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System-ORTP) ဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System-ORTP) ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစနစ် ရှေ့ပြေးစမ်းသပ်မှုအစီအစဉ် (Pilot Project) အဖြစ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြေးဆွဲပေးမည့် အမှတ် (၁၁) အဆန်/ (၁၂) အစုန် (ရန်ကုန်-မန္တလေး - ရန်ကုန်) လူစီးအမြန်ရထား၊ အမှတ် (၇) အဆန် / (၈) အစုန် (ရန်ကုန်-နေပြည်တော်- ရန်ကုန်) DEMU အမြန်ရထား၊ အမှတ် (၃၁) အဆန်/ (၃၂) အစုန် (ရန်ကုန်-နေပြည်တော်-ရန်ကုန်) DEMU အမြန်ရထားနှင့် အမှတ် (၂၇) အဆန်/ (၂၈) အစုန် (မန္တလေး-နေပြည်တော်-မန္တလေး) လူစီးအမြန်ရထားခရီးစဉ်များ၏ ရထားလက်မှတ်များကို ယခုလာမည့်ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

မလေးရှားတွင် ထိန်းသိမ်းခံခဲ့ ရသည့် မြန်မာ ၆၅ ဦး အပါအဝင် ၁၃၁ ဦးကို နေရပ်ပြန်ပို့

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရသည့်မြန်မာနိုင်ငံသား ၆၅ ဦး အပါအဝင် အကျဉ်းသား၁၃၁ ဦးကို ဇန်နဝါရီ ၂၆ ရက်က ၎င်းတို့ ၏ မိခင်နိုင်ငံများသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ထားသည်။
၎င်းတို့အားလုံးကို ကွာလာလမ်ပူ KLIA (1) နှင့် KLIA (2)အပြည်ပြည်ဆိုင်ရာ လေဆိပ်များအပြင် Rantau Panjang ICQS နယ်စပ်ဂိတ်တို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၅ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၂ ဦး၊
ထိုင်းနိုင်ငံသား ကိုးဦး၊ အိန္ဒိယနိုင်ငံသား ရှစ်ဦး၊ နီပေါနိုင်ငံသား လေးဦး၊အီရတ်နိုင်ငံသား နှစ်ဦးနှင့် ယီမင်နိုင်ငံသား တစ်ဦးတို့အား ပြန်လည်ပို့ဆောင်ခဲ့ခြင်းကြောင်း သိရသည်။
ပြန်လည် ပို့ဆောင်ခံရသူအားလုံးကို လူဝင်မှုကြီးကြပ်ရေးဌာန၏ စနစ်အတွင်း နာမည်ပျက်စာရင်း
(Blacklist) သွင်းထားပြီး သတ်မှတ်ထားသော ကာလအတွင်း မည်သည့်အကြောင်းပြချက်နှင့်မျှ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

image

နောက်ဆုံးဓားစာခံ၏ရုပ်အလောင်း အစ္စရေးစစ်ဘက် ဂါဇာဒေသမှ ပြန်လည်ရယူ

ဂါဇာကမ်းမြောင်ဒေသ၌ ရှိနေသည့် နောက်ဆုံးဓားစာခံ၏ရုပ်လောင်းအကြွင်းအကျန်များကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ဇန်နဝါရီ ၂၆ ရက်တွင်သတင်း ထုတ်ပြန်ထားသည်။
ရန်းဗီလီအမည်ရှိ နောက်ဆုံးဓားစာခံအမျိုးသား၏ ရုပ်အလောင်းကို ပြန်လည်ရယူနိုင်ခဲ့ခြင်းကြောင့်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ဂါဇာငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပထမအဆင့် အပြီးသတ်ခဲ့ပြီဖြစ်သည်။
ရန်းဗီလီ၏ ရုပ်အလောင်းကိုပြန်လည်ရယူနိုင်ချိန်တွင် ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ဒုတိယအဆင့်
လုပ်ငန်းစဉ်အရ ဂါဇာကမ်းမြောင်ဒေသ၏ ရာဖာနယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ပြောကြားထားသည်။
အစ္စရေးနိုင်ငံသား ရဲအရာရှိတစ်ဦးဖြစ်သော ရန်းဗီလီသည်၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံကို ဟားမားစ်အုပ်စုဝင်ရောက်တိုက်ခိုက်စဉ် သေဆုံးခဲ့ရဖွယ်ရှိပြီး ၎င်း၏ ရုပ်အလောင်းကိုဂါဇာကမ်းမြောင်၌ ဟားမားစ်အုပ်စုက မြှုပ်နှံထားခြင်းဖြစ်သည်။
အစ္စရေးစစ်ဘက်သည် ရန်းဗီလီ၏ ရုပ်အလောင်းကို ပြန်လည်ရရှိရေးအတွက် ဇန်နဝါရီ ၂၆ ရက်တွင်
ဂါဇာကမ်းမြောင်ဒေသ၌ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ရသည်။ရန်းဗီလီ၏ ရုပ်အလောင်းမြှုပ်နှံထားသည့် နေရာနှင့်ပတ်သက်၍သတင်းအချက်အလက်များ ဖြည့်ဆည်းပေးခြင်းဖြင့် ရှာဖွေရေးလုပ်ငန်း
ကို အကူအညီပေးခဲ့ကြောင်းဟားမားစ်အုပ်စုက သတင်းထုတ်ပြန်ထားသည်။
ဟားမားစ်အုပ်စုသည် ၂၀၂၃ခုနှစ် အောက်တိုဘာလအတွင်းအစ္စရေး တောင်ပိုင်းမြို့များအားဝင်ရောက် တိုက်ခိုက်ခဲ့စဉ် လူပေါင်း၁၂၀၀ သေဆုံးခဲ့ရပြီး ၂၅၁ ဦး ဓားစာခံအဖြစ် ဂါဇာကမ်းမြောင်ဒေသသို့ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။

image

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားတို့ ဖုန်းခေါ်ဆိုဆွေးနွေး

ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားသည်ဇန်နဝါရီ ၂၆ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ပြီး မကြာမီကာလအတွင်း ဝါရှင်တန်သို့လာရောက်ရန် သဘောတူခဲ့ကြောင်း ဘရာဇီးအစိုးရက သတင်းထုတ်ပြန်ထားသည်။
မိနစ် ၅၀ ကြာမြင့်ခဲ့သော အဆိုပါ ဖုန်းခေါ်ဆိုဆွေးနွေးပွဲအတွင်း သမ္မတဒေါ်နယ်ထရန့်နှင့် သမ္မတ လူလာဒါဆေးလ်ဗားတို့သည် ဗင်နီဇွဲလားနိုင်ငံအခြေအနေ၊ အုပ်စုဖွဲ့ရာဇဝတ်မှုများ နှိမ်နင်းမှုအခြေအနေများအပါအဝင် ကိစ္စအတော်များများဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားသည်အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားနိုင်ငံကို စစ်ရေးအ ရတိုက်ခိုက်၍ သမ္မတမာဒူရိုအား ဖမ်းဆီးခဲ့မှုကို ဝေဖန်ခဲ့သူဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံအား အမေရိကန်ပြည်ထောင်စုက စစ်ရေးအရ တိုက်ခိုက်ခဲ့မှုကို လက်သင့်ခံ၍ မရနိုင်သော စည်းဖောက်မှုအဖြစ် ဘရာဇီးသမ္မတက ဝေဖန်ထားသည်။
ယင်းအပြင် သမ္မတလူလာဒါဆေးလ်ဗားသည် သမ္မတဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဖွဲ့စည်းရေး ကြိုးပမ်းမှုများကိုလည်း အမေရိကန်ပြည်ထောင်စု၏ ကိုယ်ပိုင်ကုလသမဂ္ဂ ဖန်တီး
ရေးကြိုးပမ်းမှုအဖြစ် ဝေဖန်ထားသည်။
ငြိမ်းချမ်းရေးဘုတ်အဖွဲ့၌ ပါဝင်ရေးအတွက်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိတ်ကြားချက်ကို သမ္မတလူလာဒါဆေးလ်ဗားက လက်ခံထားခြင်းရှိ၊ မရှိကို ဘရာဇီးတာဝန်ရှိသူများက ထုတ်ဖော်
ပြောကြားခြင်းမရှိပေ။
ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရန် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းဒေါ်နယ်ထရန့်က ပြောကြားထားသည်။

image

ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးဥပဒေကြမ်း ပြင်သစ်လွှတ်တော်အတည်ပြု

အသက် (၁၅) နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးဥပဒေကြမ်းကို ပြင်သစ်လွှတ်တော်အမတ်များက ဇန်နဝါရီ ၂၇ ရက်တွင်မဲခွဲအတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ပြင်သစ်အောက်လွှတ်တော်က ဇန်နဝါရီ ၂၆ ရက် ညလုံးပေါက် နာရီပေါင်းများစွာ အကြိတ်အနယ်ဆွေးနွေးပြီးနောက် ဇန်နဝါရီ ၂၇ ရက်တွင်ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၂၁ မဲဖြင့် ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်းသည် ပြင်သစ်အထက်လွှတ်တော်က ထပ်မံအတည်ပြုပြီးပါက ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်မည်ဖြစ်သည်။
လူမှုမီဒီယာသုံးစွဲမှု၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုးကျိုးသက်ရောက်မှုများမှ ကလေးများကို အကာအကွယ် ပေးနိုင်ရေးအတွက် အသက် (၁၅) နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးဥပဒေကြမ်း ကို ပြင်သစ်အစိုးရက ရေးဆွဲတင်သွင်းထားခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းအား အောက်လွှတ်တော်က မဲခွဲအတည်ပြုပေးခဲ့ခြင်းသည် ပြင်သစ်ကလေးများနှင့် ဆယ်ကျော်သက်များအား အကာအကွယ်ပေးရေးအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
ပြင်သစ်အစိုးရ၏ ကလေးများ လူမှုမီဒီယာသုံးစွဲမှုပိတ်ပင်ရေး ဥပဒေကြမ်းတွင် အွန်လိုင်းစွယ်စုံ ကျမ်းများနှင့် တခြားပညာရေးဆိုင်ရာ လူမှုမီဒီယာပလက်ဖောင်းများကို ကင်းလွတ်ခွင့်ပေး
ထားသည်။

image

ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲပြုလုပ်

‎ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အမိန့်အမှတ်(၃/၂၀၂၆) ဖြင့် ယမန်နေ့(ဇန်နဝါရီ ၂၇ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

‎အဆိုပါ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အမိန့်အမှတ်(၄/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။

‎ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်ကလည်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး အဆိုပါ​နေရာတွင် ဗိုလ်ချုပ်မင်းသူအား ခန့်အပ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

image

ရန်ကုန်-မန္တ​လေး အမြန်လမ်းတွင် ယာဥ်တစ်စီးလျှင် ခရီးသည်နှင့်ကုန်အပါ(၂၃) တန်အထိသာ ဖြတ်သန်းခွင့်ပြု

ရန်ကုန်-မန္တ​လေး အမြန်လမ်းတွင်ယာဥ်တစ်စီးလျှင် ခရီးသည်နှင့်ကုန်အပါ(၂၃) တန်အထိသာ ဖြတ်သန်းခွင့်ပြုထားကြောင်း အမြန်လမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
အသိပေးချက်တွင် အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းမည့်ယာဉ်ကြီးများအနေ ဖြင့် ဆွာချောင်းတံတားအသစ်တည် ဆောက်ခြင်း ပြီးစီးသည်အထိ လက်ရှိအသုံးပြုနေသော ယာယီဘေလီတံ တား၏ ခံနိုင်ဝန်အား ကန့်သတ်ချက်အရ အမြန်လမ်းတိုးဂိတ်ကတ္တားများ၌ ခရီး သည်တင်မှန်လုံယာဉ်ကြီးများနှင့် ခွင့်ပြုကုန်စည်တင်ယာဉ်များကို ယာဉ်၊ခရီး သည်နှင့်ကုန်ပစ္စည်း စုစုပေါင်း(၂၃) တန် အထိသာအများဆုံး သယ်ဆောင်ခွင့်ပြုထားသည်ဟုဆိုသည်။
အလေးချိန်(၂၃)တန်ထက်ပိုသောယာဉ်များအနေဖြင့် အမြန်လမ်းကို(လုံးဝ)သုံးစွဲခွင့်ပြုမည်မဟုတ်ဘဲ အခြားလမ်းများမှ သွားလာရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ရန်ကုန်-မန္တ​လေးအမြန်လမ်း (၁၆၅)မိုင် (၁) ဖာလုံ နှင့် (၁၆၅)မိုင် (၃)ဖာလုံအတွင်းရှိဆွာ​ချောင်းတံတားမှာ အကြီးစားထိခိုက်ပျက်စီးခဲ့ရပြီး ​နေပြည်​တော်မှရန်ကုန်သို့သွားသည့် လမ်း​ပေါ် ရှိတံတားကို အ သစ်ပြန်လည်တည်​ဆောက်လျက်ရှိကြောင်း သိရသည်။
အလားတူ ရန်ကုန်မှ​နေပြည်​တော်သို့သွား​သောလမ်း​ပေါ်ရှိတံတားမှာလည်း အ​ရေး​ပေါ် ယာယီအသုံးပြုနိုင်ရန် ဘေလီသံ‌ ဘောင်များ တပ်ဆင်၍သုံးစွဲလျက်ရှိရာ တံတားကိုအသစ်ပြန်လည်တည်​ဆောက်လျက်ရှိရာ ၂၀၂၆ မတ်လကုန်အထိ အန္တ ရာယ်ကင်းစွာ​သုံးစွဲနိုင်​ရေးအတွက် (၂၃) တန်အထိသာ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

image

နိုင်ငံအတွက်အဓိကလိုအပ်သောလုပ်ငန်းများလုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၂၀)ကိုခွင့်ပြု

နိုင်ငံအတွက်အဓိကလိုအပ်သောလုပ်ငန်းများလုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၂၀)ကို ဇန်နဝါရီ ၂၆ ရက်ကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးမှခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်(၄)ခု၊ စက်မှု၊ ဟိုတယ်ခရီး၊ လျှပ်စစ်၊ အိမ်ရာ အဆောက်အအုံတည်ဆောက်ခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၁၆)ခုတို့ကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၆၂ ဒသမ ၉၁၁)သန်းနှင့် ငွေကျပ် (၂,၁၂၀,၄၃၆ ဒသမ ၆၅၂)သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း(၃,၃၈၂)ဦးကိုအလုပ်အကိုင်များဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းများ၊ အိမ်ရာအဆောက်အအုံဆောက်လုပ်ခြင်းလုပ် ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ မွေးမြူ ရေးလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများကိုလုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်း နှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသ(၅၃)ခုအနက် ရင်းနှီး မြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ (၁၂)ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၂၈ ဒသမ ၂၉)ရာခိုင်နှုန်း၊ ရေနံနှင့် သဘာ ဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၄ ဒသမ ၆၄)ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်း နှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၆၅)ရာခိုင်နှုန်းဖြင့်အသီးသီးရင်းနှီးမြှုပ်နှံထားကြကြောင်း သိရသည်။

image