ချေပဂိုး ပေးခဲ့ရပြီးကတည်းက ပွဲကို ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်သွားခဲ့ကြောင်း မာရက်စကာ သုံးသပ်ပြောကြား

ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာက အတ္တလန်တာအသင်းကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ချေပဂိုးပေးခဲ့ရပြီးကတည်းက ပွဲကို ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်သွားခဲ့တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်(၆)အဖြစ် အီတလီမြေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဒီပွဲမှာ ချယ်လ်ဆီးအသင်းက ဂျော်အိုပတ်ဒရိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရတာပါ။
ဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်အဝေးကွင်း(၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို၊ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ(၄)ပွဲဆက် နိုင်ပွဲပျောက်တဲ့အခြေအနေလည်း ဖြစ်သွားခဲ့ပါတယ်။
''ဂိုးပေးလိုက်ရတဲ့နောက် ပွဲကို ထိန်းချုပ်နိုင်စွမ်းမရှိ ဖြစ်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒုတိယဂိုးရနိုင်တဲ့ အခွင့်အရေးကောင်းနှစ်ကြိမ် ရရှိခဲ့ပါတယ်။ (၁-၁)ဂိုးဖြစ်သွားတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုတချို့လည်း ပျောက်ဆုံးခဲ့ပါတယ်။ ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးကို ကျွန်တော်တို့ တားဆီးနိုင်ခဲ့သင့်ပါတယ်။ လွယ်ကူတဲ့ဂိုးတွေပါ'' လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။
ဒီပွဲကို ရှုံးနိမ့်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိဖို့ ရုန်းကန်ရတော့မှာဖြစ်ပြီး မာရက်စကာက လက်ကျန်နှစ်ပွဲစလုံး အနိုင်ရရှိဖို့ လိုအပ်သွားပြီဖြစ်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။

image

လူစားလဲခံရချိန် ယမားလ် စိတ်ပျက်ခဲ့ခြင်းကို မိမိနားလည်လက်ခံတယ်လို့ ဟန်ဆီဖလစ်ခ် ပြောကြား

ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က လူစားလဲခံရချိန် ယမားလ် စိတ်ပျက်ခဲ့ခြင်းကို မိမိနားလည်လက်ခံကြောင်းနဲ့ ဒီအတွက် ဘာပြဿနာမှမရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဖရန့်ဖတ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ယမားလ်က (၈၉)မိနစ်မှာမှ လူစားလဲခံခဲ့ရတာဖြစ်ပေမဲ့ စိတ်ပျက်တဲ့အမူအရာ ပြခဲ့တာကြောင့် သတင်းသမားတွေရဲ့ မေးမြန်းမှုကို ဟန်ဆီဖလစ်ခ်က ရှင်းလင်းဖြေကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။
''ပွဲချိန်မိနစ်အနည်းငယ်သာ ကျန်ရှိချိန်မှာ ယမားလ်ကို ကျွန်တော်တို့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အဝါကတ်ပြခံထားရပြီး အချိန်ကလည်း နောက်ကျနေပြီဖြစ်တာကြောင့်ပါ။ ဒီအတွက် သူ နည်းနည်းလောက် မခံမရပ်နိုင်ဖြစ်တယ်ဆိုရင် ဒါကို ကျွန်တော် အပြည့်အဝနားလည်ပါတယ်။ သဘောလည်း ကျပါတယ်။ ကျွန်တော်လည်း ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ ဒီအတွက် အပြည့်အဝလက်ခံပြီး ဘာပြဿနာမှ မရှိပါဘူး'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။
ယမားလ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝါကတ်သုံးကြိမ်ပြသခံခဲ့ရပြီဖြစ်တာကြောင့် ဆလားဗီးယားပရပ်ဂ်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကို ပွဲပယ်ခံရတော့မှာဖြစ်ကြောင်းလည်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ အဆင့်(၁၄)နေရာ ရောက်ရှိနေပေမဲ့ လက်ကျန်နှစ်ပွဲမှာ ဆလားဗီးယားပရပ်ဂ်၊ ကိုပင်ဟေဂင်တို့နဲ့သာ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ အခြေအနေကောင်းနေပါတယ်။

image

ယနေ့ည အတ္တလန္တာနှင့်ပွဲအား ကိုးလ်ပါလ်မာ လွဲချော်လာရမယ့် အကြောင်းရင်းကို ချဲလ်ဆီးနည်းပြမာရက်စ်ကာ ဖွင့်ဟလာ
=================

အန်ဇိုမာရက်စ်ကာဟာ ယနေ့ည အတ္တလန္တာနှင့် ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အား ဘယ်လိုအကြောင်းကြောင့် ကိုးလ်ပါလ်မာ လွဲချော်လာမလဲဆိုတာ ဖွင့်ဟ ပြောကြားလာပါတယ်။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်တိုက်စစ်သမားဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်လာခဲ့ရသူ ဖြစ်ပြီး စက်တင်ဘာလနောက်ပိုင်း ပထမဆုံးပွဲထွက်ကစားမှုအဖြစ် ဘုန်းမောက်နှင့် သရေကျတဲ့ပွဲတွင် ပွဲထွက်ကစားခဲ့ပါတယ်။
ဒါပေမယ့် အန်ဇိုမာရက်စ်ကာဟာ ကိးလ်ပါလ်မာအား အထူးသတိထား အသုံးပြုရန် စီစဉ်ထားမှုနှင့်အတူ ယနေ့ည အတ္တလန္တာနှင့်ပွဲတွင် အနားပေးမှု ပြုလုပ်လာပါမယ်။
အန်ဇိုမာရက်စ်ကာက "ကိုးလ်ကို ကာကွယ်ရမယ်။ ရာနှုန်းပြည့်လုပ်ရမယ်။ ကိုးလ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကလပ်ကမ္ဘာ့ဖလားကတည်းက ဆက်တိုက် ကစားလာခဲ့ရတော့ အခြားကစားသမားတွေကိုလည်း အကာအကွယ်ပေးရမယ်။ ကိုးလ်အတွက် အဖြေက ဘာလဲဆိုတာ မသိပါဘူး။ ဆေးအဖွဲ့နဲ့ ဆွေးနွေးပြီးတဲ့နောက် သူ့အတွက် အကောင်းဆုံးဖြစ်မယ့် အဖြေရှာခဲ့တယ်။ ဒါပေမယ့် ဒီလို ဒဏ်ရာမျိုးက အဖြူအမည်းသဲကွဲတဲ့ ဒဏ်ရာမဟုတ်ပါဘူး။ တချို့ အလျှင်အမြန်ပျောက်တတ်တဲ ဒဏ်ရာမျိုးပါ။ အခုနာပြီး နောက်နေ့ ပျောက်သွားတာမျိုးလည်း ဖြစ်တတ်တယ်။ တခါတလေ ကောင်းတတ်သလို တခါတလေ ဆိုးနေတတ်တယ်။ ဒီတော့ တစ်နေ့ချင်းစီ စီမံခန့်ခွဲရမယ်"လို့ ပြောကြားသွားပါတယ်။
ကိုးလ်ပါလ်မာဟာ ပရီးမီးယားလိဂ်စတင်တာ ၅ လအထိ ရှိလာပြီ ဖြစ်ပေမယ့်လည်း ဒဏ်ရာပြဿနာများကြောင့် ချဲလ်ဆီးအတွက် ပြိုင်ပွဲအရပ်ရပ် ၆ ပွဲတည်းသာ ကစားထားနိုင်ပါတယ်။
ချဲလ်ဆီးဟာ ယနေ့ညတွင် ဘာဂိုမိုသို့ သွားရောက်ကာ အတ္တလန္တာနှင့် ရင်ဆိုင်ပြီးပါက လာမယ့် စနေနေ့တွင် အကောင်းဆုံးပုံစံ ရရှိနေတဲ့ အဲဗာတန်နှင့် ရင်ဆိုင်ရပါမယ်။ ယင်းပွဲအပြီးတွင် ချဲလ်ဆီးဟာ ခါရာဘောင်ဖလားကွာတားဖိုင်နယ်အဖြစ် လိဂ် ၁ ကလပ် ကာဒစ်ဖ်နှင့် ရင်ဆိုင်ကစားရပါမယ်။

image

ကလပ်ကို အထိနာဆုံးဖြစ်အောင် ချိန်သားကိုက်လုပ်ဆောင်ပြီး ဆလော့ကို အထုတ်ခံရအောင် လုပ်လာတယ်လို့ ဆာလက်အား ကာရေဂါ ဝေဖန်တိုက်ခိုက်လာ
=====================

လီဗာပူးဂန္ထဝင်ဂျေမီကာရေဂါဟာ ကလပ်နှင့် နည်းပြအန်းဆလော့တို့အား အပြင်းအထန် ဝေဖန်ခဲ့တဲ့ မိုဟာမက်ဆာလက်အား အပြင်းအထန် ဝေဖန်တိုက်ခိုက်လာပါတယ်။
အသက် ၃၃ နှစ်ရှိ မိုဟာမက်ဆာလက်ဟာ စနေနေ့တုန်းက လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲတွင် အရန်ခုံတွင် ဆက်လက်ထိုင်ခဲ့ရပြီးနောက် အင်တာဗျူးပြုလုပ်ကာ ကလပ်နှင့် အန်းဆလော့အား အပြင်းအထန် ဝေဖန်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းအင်တာဗျူးတွင် မိုဟာမက်ဆာလက်က လီဗာပူးနောက်ခံလူဟောင်းဂျေမီကာရေဂါကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးစူပါစတားက "စိတ်မကောင်းပါဘူး။ ဒီကလပ်အကြောင်း ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒီမှာ ရှိလာတာလည်း ကြာပါပြီ။ မနက်ဖြန်ကျရင် ကာရေဂါ ကျွန်တော်နဲ့ပတ်သက်ပြီး ဘာပြောလာမလဲ တွေ့ကြမှာပါ။ ထပ်ပြီး တွေ့ရမှာပါ"လို့ ပြောကြားသွားပါတယ်။
ယခုအခါ Sky Sports ပွဲသုံးသပ်သူ ကာရေဂါက "ပွဲကစားပြီးမှာ လုပ်ခဲ့တာ ဖြစ်လို့ လုံးဝ လက်မခံနိုင်ဘူး။ တချို့လူတွေက ခံစားချက်ပွင့်ထွက်သွားတာလို့ ဆိုကြတယ်။ ကျုပ်ကတော့ ဒီလို မထင်ဘူး။ လီဗာပူးမှာ ကစားတဲ့ ရှစ်နှစ်မှာ လေးကြိမ်တိုင်တိုင် သူ မီဒီယာဧရိယာသို့ ရောက်လာပြီး အင်တာဗျူးခဲ့တယ်။ အထိခိုက်ဆုံးဖြစ်အောင် သူ့နေရာအတွက် အသန်မာဆုံးဖြစ်အောင် သူနဲ့ အေးဂျင့် အကွက်ချ စီစဉ်ထားတာ။ လွန်ခဲ့တဲ့ ၁၂ လတုန်းကလည်း လုပ်ခဲ့တယ်။ အဲဒီတုန်းက ကျုပ် ဝေဖန်ခဲ့တယ်။ သူက လီဗာပူးပရိသတ်အသံကို အသုံးချသွားခဲ့တယ်။ လီဗာပူးက လိဂ်ထိပ်ဆုံးသို့ ရောက်နေတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ သူ အနိုင်ဂိုး သွင်းတယ်။ ချိန်သားကိုက်ထွက်လာပြီး အသင်းပိုင်ရှင်ကို ဖိအားပေးတယ်။ ဒီတော့ ရာသီအကုန်အထိ ပရိသတ်တွေလည်း ‘Give Mo his dough’ ဆိုတဲ့ နဖူးစည်းတွေနဲ့ ထွက်လာကြရော။ သူလည်း အခု ဒီလို လုပ်ဖို့ ဒီအပတ်ကို ရွေးလိုက်တယ်။ ရလဒ်ဆိုးတစ်ခု စောင့်နေခဲ့တယ်။ နောက်ဆုံးမိနစ်မှာ ဂိုးပေးခဲ့ရတယ်။ သူက ဒီလို အချိန်ကို အသုံးချပြီး မန်နေဂျာကို လုပ်သွားတာ။ အထုတ်ခံရအောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ကျုပ်ကတော့ ဒီလိုပဲ ခံစားရတယ်"လို့ ပြောကြားသွားပါတယ်။
လိဒ်နှင့်ပွဲအပြီးတွင် အင်တာဗျူးတွင် မိုဟာမက်ဆာလက်က ကလပ်မှာ သူ့ကို ဘတ်စ်ကားအောက်သို့ ပစ်ချကာ အပြစ်အားလုံး စုပြုံခံနေစေကြောင်း ဝေဖန်သွားခဲ့ပါတယ်။
ယင်း ပြောဆိုမှုအပေါ် ကာရေဂါက "ဘတ်စ်ကားအောက်သို့ ပစ်ချတာလား။ သူကပဲ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ကလပ်ကို ၂ ကြိမ်တိုင်တိုင် ဘတ်စ်ကားအောက်သို့ ပစ်ချခဲ့တာလေ။ တကယ်က အခုအချိန်မှာ ၁၉၅၀ နောက်ပိုင်း အဆိးရွားဆုံးအခြေအနေက မန်နေဂျာနဲ့ပူးပေါင်းပြီး လွတ်မြောက်အောင် သူ ကယ်တင်ရမှာလေ။ ဒါပေမယ့် သူ မလုပ်ခဲ့ပါဘူး"လို့ ဝေဖန်သွားပါတယ်။

image

ဗီနီရှပ်စ်နှင့် အာလင်းဟာလန်းတို့ ကမ္ဘာ့ဖလားမတိုင်မီ ထိပ်တိုက်တွေ့လာနိုင်
=====================

ဗီနီရှပ်စ်ဂျူနီယာနှင့် အာလင်းဟာလန်းတို့ဟာ နိုင်ငံတကာပွဲမှာ ထိပ်တိုက်တွေ့ဆုံလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ ပြင်ဆင်တဲ့အနေဖြင့် နော်ဝေနှင့် ခြေစမ်းပွဲကစားရန် စီစဉ်နေပြီ ဖြစ်ပါတယ်။
မန်စီးတီးဂိုးသွင်းစက်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၁၆ ဂိုးအထိ သွင်းယူကာ ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။
ယခုအခါ ဘရာဇီးလက်ရွေးစင်အသင်းအားကစားဒါရိုက်တာရိုဒရီဂိုကာတာနိုက ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ နော်ဝေနှင့် ခြေစမ်းပွဲကစားရန် ဘောလုံးအဖွဲ့ချုပ်နှစ်ခုအကြား ဆွေးနွေးနေကြောင်း အတည်ပြုလာပါတယ်။
ကာတာနိုက "နောက်ဆုံးခြေစမ်းပွဲအတွက် ဆွေးနွေးနေတုန်းပါ။ ဦးစားပေးတစ်ခု ရှိတယ်။ ဒါပေမယ့် ညှိနှိုင်းနေတုန်းပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပထမဦးစားပေးက နော်ဝေလက်ရွေးစင်အသင်းပါ။ သူတို့က အခုအချိန်မှာ တောင့်တင်းတဲ့အသင်းဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
နော်ဝေအသင်းမှာ ဘရာဇီးအသင်း အနိုင်မရဖူးတဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။
ယင်းနှစ်သင်းအကြား ပထမဆုံးအကြိမ်အဖြစ် ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ဆုံခဲ့ပြီး ၁၁ ဂိုးစီသရေကျခဲ့ပါတယ်။ ယင်းနောက် ၁၉၉၇ ခုနှစ်တွင် Ullevaal Stadium မှာ တွေ့ဆုံခဲ့ရာ နော်ဝေက ၄-၂ ဖြင့် အနိုင်ရခဲ့ပါတယ်။ ယင်းနောက် ၁၉၉၈ ကမ္ဘာ့ဖလားတွင် ဆုံတွေ့ခဲ့ရာမှာလည်း နော်ဝေကပင် ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဆင့်တွင် ဘရာဇီးက အုပ်စု (C) တွင် မော်ရိုကို၊ ဟေတီ၊ စကော့တလန်နှင့် တွေ့ဆုံနေပြီး နော်ဝေကလည်း အုပ်စု(I) တွင် ပြင်သစ်၊ ဆီနီဂေါ၊ ဖီဖာပလေးအော့ဖ် ၂ တို့နှင့် တစ်အုပ်စုတည်း ကျနေပါတယ်။

image

လန်ဒန်ဘားတစ်ခုတွင် ပရိသတ်တစ်ဦးကို ခေါင်းဖြင့် ဆောင့်တိုက်မှုကြောင့် အိုင်ဗန်တိုနေး ဖမ်းဆီးခံရ
===================

အင်္ဂလန်တိုက်စစ်မှူးအိုင်ဗန်တိုနေးဟာ လန်ဒန်ရှိ ဘားတစ်ခုတွင် ပရိသတ်တစ်ဦးကို ခေါင်းဖြင့် ဆောင့်တိုက်မှုကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့ အစောပိုင်းတုန်းက လန်ဒန်ဘားတစ်ခုတွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ ယင်းတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ရဲ့ လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။
အသက် ၂၉ နှစ်ရှိ ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟာ သူ့ကို ဖက်ကာ Selfie ရိုက်ကူးရန် ကြိုးပမ်းတဲ့ ပရိသတ်တစ်ဦးကို ခေါင်းဖြင့် ဆောင့်တိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းပရိသတ်ဟာ အိုင်ဗန်တိုနေးရဲ့ တိုက်ခိုက်မှုကြောင့် ဆေးရုံတက်ခဲ့ရပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိပါဘူး။
အထက်ပါအဖြစ်အပျက်ကို မြင်တွေ့လိုက်တဲ့ မျက်မြင်သက်သေတစ်ဦးက "သူက သူငယ်ချင်းအုပ်စုနဲ့အတူ ဖြတ်သွားတာ။ အဲဒီမှာ တစ်ဦးက သူ့ကို မှတ်မိပြီး လည်ပင်းဖက် ဓာတ်ပုံရိုက်ဖို့ ကြိုးစားတယ်။ တိုနီက ထွက်သွားဆိုပြီး တစ်ဦးကို ခေါင်းတိုက်ချလိုက်တယ်"လို့ The Sun သို့ ပြောကြားသွားပါတယ်။
ယင်းမျက်မြင်သက်သေရဲ့ ပြောကြားမှုအရ ယင်းပရိသတ်မှာ အိုင်ဗန်တိုနေးရဲ့ ခေါင်းဖြင့် ဆောင့်မှုကြောင့် နှာခေါင်းမှ သွေးထွက်သွားကြောင်း သိရပါတယ်။
ဒါ့အပြင် ယင်းမျက်မြင်သက်သေက အိုင်ဗန်တိုနေးမှာ ယင်းအချိန်တွင် တန်ဖိုးကြီး လည်ဆွဲနှင့် နာရီဝတ်ဆင်ထားရာ လည်ဆွဲကို လုရန် ကြိုးပမ်းတယ်လို့ ယူဆပြီး တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဆိုသွားပါတယ်။
အခင်းဖြစ်ပွားပြီး မကြာမီမှာ ချက်ချင်းဆိုသလို ရဲတပ်ဖွဲ့ဝင်များ ရောက်ချလာကာ အိုင်ဗန်တိုနေးအား လက်ထပ်ခတ်ကာ ရဲစခန်းသို့ ခေါ်ဆောင်သွားပါတယ်။
ဒါပေမယ့် အိုင်ဗန်တိုနေးဟာ ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှု ခံယူပြီးနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
အိုင်ဗန်တိုနေးဟာ ဆော်ဒီကလပ် Al Ahli တွင် ကစားနေတာ ဖြစ်ပြီး ဘယ်လို အကြောင်းကြောင်းကြောင့် လန်ဒန်သို့ ရောက်ရှိနေတယ်ဆိုတာ မသိပါဘူး။

image

ရီးရဲလ်မက်ဒရစ်နည်းပြဘဝကို ကယ်တင်ရန် တစ်ပွဲတည်းသာ အခွင့်အရေးရရှိလာတဲ့ အလွန်ဆို
=====================

ဇာဘီအလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအား ကယ်တင်ရန် တစ်ပွဲတည်းသာ အခွင့်အရေးပေးခြင်းခံလာရပါတယ်။
အလွန်ဆိုဟာ ဆဲလ်တာဗီဂိုအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် အသင်းရဲ့ ဆိုးရွားလှတဲ့ ခြေစွမ်းကြောင့် အနာဂတ်မရေမရာ ဖြစ်လာတာလည်း ဖြစ်ပါတယ်။
စပိန်မီဒီယာများရဲ့ဖော်ပြမှုအရ ရီးရဲလ်မက်ဒရစ်စီနီယာအရာရှိများဟာ ဆဲလ်တာဗီဂိုနှင့်ပွဲအပြီး တစ်နာရီအကြာတွင်ပင် အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီး လာမယ့်ပွဲရလဒ်အပေါ် မူတည်ပြီး အလွန်ဆိုရဲ့အနာဂတ်ကို ဆုံးဖြတ်လာကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံးလာလီဂါပွဲ ၅ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိထားပြီး ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ရမှတ် ၅ မှတ်အထိ ကွာဟနေပါတယ်။
ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူများဟာ တွေဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် လာမယ့် မန်စီးတီးနှင့်ပွဲတွင် ရလဒ်ကောင်း မရရှိလာပါက အလွန်ဆိုကို ထုတ်ပယ်ရန် ဆုံးဖြတ်လာကြပြီလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အလွန်ဆိုကို ထုတ်ပယ်ပြီးပါက နည်းပြဟောင်းဇီဒန်း (သို့မဟုတ်) လီဗာပူးနည်းပြဟောင်းဂျာဂင်ကလော့ပ်အား ခန့်အပ်ရန်ပါ စဉ်းစားထားကြပြီးလည်း ဖြစ်ပါတယ်။
အလွန်ဆိုဟာ ယခုရာသီ ရီးရဲလ်မက်ဒရစ်အသင်းအဝတ်အစားလဲခန်းကို ထိန်းချုပ်ထားနိုင်ခြင်း မရှိဘဲ ကစားသမားအချို့ရဲ့ ဆန့်ကျင်ခြင်းခံနေရသူလည်း ဖြစ်ပါတယ်။
အလွန်ဆိုကို ဆန့်ကျင်ကြသူများစာရင်တွင် ဗီနီရှပ်စ်ဂျူနီယာ၊ ရိုဒရီဂို၊ ဗယ်ဗာဒီ၊ ကာမာဗန်ဂါ၊ ဖာလန်းမန်ဒီတို့ မပါဝင်နေပါတယ်။
ယခုအခါ ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူများဟာ ဗုဒ္ဓဟူးနေ့ည မန်စီးတီးနှင့်ပွဲတွင် နိုင်ပွဲ ရရှိလာခြင်း မရှိပါက အလွန်ဆိုကို ထုတ်ပယ်လာကြတော့မှာလည်း ဖြစ်ပါတယ်။

image

ဆရာဝန်ရဲ့ အကြံပေးမှုအား ငြင်းပယ်ကာ ဆန်းတို့စ်အား တန်းမဆင်းရအောင် ကယ်တင်ခဲ့ပြီးနောက် ခွဲစိတ်ကုသမှု ခံယူရတော့မယ့် နေမာ
==================

နေမာဟာ ဒူးဒဏ်ရာဖြင့် ဆန်းတို့စ်အသင်း တန်းမဆင်းရရေးအတွက် အရဲစွန့်ကစားကာ ကယ်တင်ခဲ့ပေမယ့်လည်း ယခုအခါ ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ရတော့မှာ ဖြစ်လို့ ကမ္ဘာ့ဖလားနေရာ လက်လွှတ်လာရဖို့ ရှိနေပြီ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ နေမာဟာ ၇၉ ဂိုးဖြင့် ဘရာဇီးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ပီလီရဲ့ စံချိန်ကို ရိုက်ချိုးကာ စံချိန်သစ်ရေးထိုးထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်ရတော့မယ့် အခြေအနေနှင့် ကြုံနေပါတယ်။
နေမာဟာ ဒဏ်ရာပြဿနာရှိနေပေမယ့်လည်း တနင်္ဂနွေနေ့တုန်းက ခရူဇီယိုအား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပွဲချိန်ပြည့် ကစားကာ တန်းမဆင်းရေး ကူညီပေးခဲ့ပါတယ်။
သူဟာ ဆရာဝန်များက ပွဲမကစားရန် အကြံပေးခဲ့ကြပေမယ့်လည်း ငြင်းပယ်ကာ ပါဝင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ သူဟာ ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရတော့မှာလည်း ဖြစ်ပါတယ်။
ယင်းပွဲအပြီးတွင် နေမာဟာ ဒူးထောက်ချခဲ့ပြီး တစ်ကွင်းလုံးကလည်း သူ့အမည်ကို သံပြိုင်အော်ဟစ်ဂုဏ်ပြုခဲ့ကြပါတယ်။
ဆန်းတို့ဟာ ၂၀၂၃ ခုနှစ်တွင် ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရပြီးနောက် ချက်ချင်းတန်းပြန်တက်လာနိုင်ခဲ့တာပါ။
ဆန်းတို့စ်ဟာ နေမာ ပြန် ရောက်လာပေမယ့်လည်း တန်းမဆင်းရရေး ထပ်မံ တိုက်ပွဲဝင်ခဲ့ရပါတယ်။
ဒါပေမယ့် ဆန်းတိုစ်ဟာ နေမာရဲ့ ခြေစွမ်းပြမှုနှင့်အတူ နောက်ဆုံးလိဂ်ပွဲစဉ်များတွင် ရလဒ်ကောင်း ရရှိပြီး တန်းဆင်းရမယ့်အရေးမှ လွတ်မြောက်ခဲ့ပါတယ်။ နေမာဟာ ဆန်းတို့စ်ရဲ့ ရာသီသိမ်းပွဲ ၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရရှိအောင် ၅ ဂိုးသွင်းပြီး ၁ ဂိုးသွင်းကာ ကူညီခဲ့ပါတယ်။
ဒါပေမယ့် နေမာဟာ ဆန်းတို့စ်အသင်း တန်းမဆင်းရရေး အတွက် ဒဏ်ရာရှိနေတဲ့ကြားမှ ပွဲကစားမှုနှင့်အတူ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလာရတော့မှာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဘရာဇီးနည်းပြအန်ဆယ်လော့တီက နေမာအနေဖြင့် ၂၀၂၆ ရာသီသစ်တွင် အကောင်းဆုံးကစားနိုင်ပါက ရွေးချယ်ခွင့် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

image

မူးယစ်ဆေးရောင်းဝယ်တဲ့အကြောင်းကို ရက်ပ်သီချင်းသီဆိုကာ ဗီဒီယိုများ တင်ခဲ့ပြီးနောက် ထောင်ဒဏ်ချမှတ်ခံလာရတဲ့ ဝက်စ်ဟမ်းအကယ်ဒမီကစားသမားဟောင်း
===================

ပရီးမီးယားလိဂ်ကလပ်လူငယ်ကစားသမားဟောင်းတစ်ဦးဟာ အင်စတာဂရမ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့အကြောင်းကို ရက်ပ်သီချင်းလုပ်ကာ သီဆိုပြီး ဗီဒီယိုများ တင်ခဲ့ပြီးတဲ့နောက် ထောင်ဒဏ်ချမှတ်ခံလာရပါတယ်။
အသက် ၂၃ နှစ်ရှိ သီယာရီနီဗားစ်ဟာ ဝက်စ်ဟမ်းအကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး ရီးဒင်း၊ နယူးပေါ့ကောင်တီ၊ ဘရက်ဖို့ဒ်စီးတီးတို့တွင်လည်း ကစားခဲ့သူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက မော်ဒိုဗာစူပါလိဂ်ကလပ် Sheriff Tiraspol သို့ ပြောင်းကစားခဲ့ပြီး ယင်းမှ တဆင့် ခရိုအေးရှားကလပ် NK Varaždin သို့ ပြောင်းခဲ့ပါတယ်။
ဒါပေမယ့် နီဗားစ်ဟာ အေအဆင့်မူးယစ်ဆေးဝါးရောင်းချမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းခံလာရမှုနှင့်အတူ ဘောလုံးကစားသမားဘဝ အဆုံးသတ်လာပြီလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူနှင့်အပေါင်းပါ အသက် ၅၀ နှစ်ရှိ အယ်လန်ဘာရက်စ်မှာလည်း မူးယစ်ဆေးဝါးရောင်းချမှုအပြင် ရှော့ဂန်းလက်ဝယ်ပိုင်ဆိုင်မှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းခံလာရပါတယ်။
Lincoln Crown Court တွင် ကြားနာစစ်ဆေးမှုအရ နီဗားစ်မှာ မူးယစ်ဆေးရောင်းချရန်အတွက် ဒေါ်ရင်တန်မှ ရီးဒင်းဧရိယာသို့ ပုံမှန်ခရီးသွားသူ ဖြစ်ကြောင်း သိရပါတယ်။
တဖက်တွင် နီဗားစ်မှာ မူးယစ်ဆေးဝါးရောင်းချတဲ့အကြောင်းကိုလည်း ရက်ပ်စာသားလုပ်ဆိုကာ အင်စတာဂရမ်တွင် ဗီဒီယိုများ တင်ပါတယ်။
ရဲတပ်ဖွဲ့ဝင်များဟာ အယ်လန်ဘားရက်စ်ရဲ့ လိပ်စာကို ရရှိပြီးနောက် စီးနင်းရှာဖွေရာ ကျည်ဆန်နှစ်ထောင့်ထိုးထားတဲ့ ရှော့ဂါထည့်ထားတဲ့ အိပ်တစ်လုံးကို သိမ်းဆည်း ရရှိခဲ့ပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ဟာ ပေါင် ၅၈၆၀ တန်ဖိုးရှိ ငွေသားနှင့် လက်နက်များ တွေ့ရှိခဲ့သလို ကိုကင်း ၄၀ ဂရမ်လည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ ဘာရက်စ်ရဲ့ အိပ်ခန်းအတွင်းတွင် မောင်းချဓား၊ ဘေ့စ်ဘောတုတ်၊ နံပါတ်တုတ်တို့ကိုလည်း တွေ့ရသလို နေအိမ် ကားဂိုထောင်တွင် စိုက်ပျိုးထားတဲ့ ဆေးခြောက်ပင်ကိုလည်း တွေ့ရပါတယ်။
ရဲတပ်ဖွဲ့များရဲ့ ခန္ဓာကိုယ်တွင် တပ်ဆင်ထားတဲ့ ကင်မရာဖြင့် ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုအရ ဘားရက်စ်ဟာ ဩဂုတ်လ ၆ ရက်နေ့တုန်းက နေအိမ်သို့ ကားမောင်းလာစဉ် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း တွေ့ရပါတယ်။
ရဲတပ်ဖွဲ့ဟာ ဘားရက်စ်ရဲ့ဖုန်းမှ တဆင့် နီဗားစ် ဆက်သွယ်ကာ မူးယစ်ဆေးဝါးရောင်းချထားကြောင်း သက်သေအထောက်အထားအခိုင်အလုံဖြင့် တွေ့ရှိခဲ့ပါတယ်။
နီဗားစ်ဟာ ၂၀၂၁ ခုနှစ်တွင် ဝက်စ်ဟမ်းအကယ်ဒမီနှင့် စာချုပ်ချုပ်ဆိုခဲ့ပေမယ့်လည်း သုံးနှစ်အကြာတွင် ထွက်ခွာခဲ့သူ ဖြစ်ပါတယ်။

image

ပြိင်ဘက်အသင်းကစားသမားကို လျို့ဝှက်ဆေးကုသမှုကြောင့် အသင်းဆရာဝန်ကို ထုတ်ပယ်မှုအတွက် ဝေဖန်ခံနေရတဲ့ ဘွန်ဒက်စ်လီဂါကလပ်
======================

ဂျာမန်ကလပ် ဖရန့်ဖတ်ဟာ ပြိုင်ဘက်အသင်းကစားသမားအား လျို့ဝှက် ဆေးကုသမှု ပြုလုပ်မှုအတွက် အသင်းဆရာဝန်ကို ထုတ်ပယ်လာပါတယ်။
အထက်ပါ မတော်တဆမှုမှာ နိုဝင်ဘာလတုန်းကဟိုင်ဒန်ဟိမ်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲမတိုင်မီ ဖရန့်ဖတ်အသင်းဟိုတယ်တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
အသင်းရဲ့ ဆေးအဖွဲ့ခေါင်းဆောင်ဖေဘီယန်ပလာချယ်ဟာ ကလပ်ရဲ့ ခွင့်ပြုချက်တစုံတရာ ရယူခြင်း မရှိဘဲ ဩစတြီးယားကစားသမားမားသီးယပ်စ်ဟွန်ဆစ်ခ်အား ဆေးကုသခဲ့တာပါ။
ဟိုင်ဒန်ဟိမ်းတောင်ပံကစားသမားကို ဟိုတယ်ကော်ရစ်ဒါမှ ဖြတ်လျှောက်သွားကြောင်း ဖရန့်ဖတ်ကစားသမားများ တွေ့ရှိခဲ့ပါတယ်။
ယခုကဲ့သို့ ပြိုင်ဘက်ကစားသမားကို ဆေးကုသမှုပြုလုပ်ပေးမှုအတွက် ဖရန့်ဖတ်ရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်များက ဝေဖန်လျက်ရှိပါတယ်။ ပရိသတ်များက ဆရာဝန်တစ်ဦးဖြစ်ရာ ဆေးကုသမှုပြုလုပ်မှုက အပြစ်ရှိတယ်လို့ မယုံကြည်နေကြတာလည်း ဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက "ပြဿနာလို့ မမြင်ဘူး။ ဆရာဝန်က ဆရာဝန်ပဲလေ။ သူတို့က လူတွေကို ကူညီဖို့ ကတိသစ္စာပြုထားကြတာ။ ပြဿနာလို့ မမြင်ပါဘူး"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "ဒါက သူ့မလုပ်ပဲလေ။ အခြားကလပ်က ကစားသမားတစ်ဦး၊ ပြိုင်ဘက်တစ်ဦးဆိုရင်တောင် ဒါက ကျန်းမာရေးကိစ္စ ဖြစ်တယ်"လို့ ဆိုသွားပါတယ်။
ပလာချယ်ဟာ ယူနီယံဘာလင်တွင် ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဖရန့်ဖတ်သို့ ရောက်လာသူ ဖြစ်ပါတယ်။
ဖရန့်ဖတ်ဟာ ပလာချယ်ကို ထုတ်ပယ်ပြီးနောက် ယာယီအသင်းဆရာဝန်ခေါင်းဆောင်အဖြစ် ဆီဘာစတီယန်ရှနိုက်ဒါအား ခန့်အပ်ထားပါတယ်
ဩစတြီးယားအသင်းအတွက် တစ်ပွဲကစားခွင့်ရထားတဲ့ ဟွန်ဆစ်ခ်ဟာ ဟမ်းစတက်အတွက် ပွဲတစ်ရာကျော်ကစားပြီးနောက် ဟိုင်ဒန်ဟိမ်းသို့ ပြောင်းလာသူ ဖြစ်ပါတယ်။

image