တနင်္သာရီတိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း(၇)ခုကိုမေးမြန်းဆွေးနွေး

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့ ဇွန် ၁၉ ရက်နံနက် ၁၀ နာရီကကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လွှန်တော်ကိုယ်စားလှယ်များမေးမြန်းဆွေးနွေးသည့် ကြယ်ပွင့်ပြမေးခွန်း(၇)ခုအား သက်ဆိုင်ရာ တိုင်းဒေ သကြီးအဆင့် အဖွဲ့အစည်းဝင်များကပြန်လည်ဖြေ ကြားခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးအဖွဲ့၏ အတွင်းရေးမှူးနေရာ၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့၊ အဖွဲ့ဝင်နှစ်နေရာတို့ကို အစားထိုးတာဝန်ပေးအပ်ခြင်းကိုလည်း လွှတ်တော်ကအတည်ပြုပေးခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် တနင်္သာရီတိုင်းလွှတ်တော်အစည်းအဝေးအား တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦးလုံးတက်ရောက်ခဲ့ရာ (၁၀၀)ရာခိုင်နှုန်းအပြည့်ရှိခဲ့ကြောင်း သိရသည်။

image

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ခိုင်မာသည့် အခြေခံကောင်းများ ရရှိခဲ့သည့် တရုတ်ခရီးစဉ်

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇွန် ၁၅ ရက်မှ စတင်သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇွန် ၁၉ ရက် ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကြိုဆိုရေးအဖွဲ့များက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
တရုတ်နိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျီတို့အပါအဝင် တရုတ်နိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့ပြင် ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့နှင့် ဟန်ကျိုးမြို့တို့ရှိ အထင်ကရနေရာများ၊ စက်မှုနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုစက်ရုံများသို့ သွားရောက်လေ့လာခဲ့ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစည်းအဝေးများသို့လည်း တက်ရောက်ခဲ့သည်။
ခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက် သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာ (၁၈) စောင်ကို နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အရေးပါသော ခရီးစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။

image

ကယားပြည်နယ်အစိုးရအဖွဲ့က ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကယားပြည်နယ်အစိုးရအဖွဲ့က ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့မှု၌ ဖားဆောင်းမြို့နယ်မှ ပြည်သူ ၅၅၀ ဦးနှင့် မော်ချီးဒေသမှ ပြည်သူ ၂၉၅ ဦး၊ စုစုပေါင်း ပြည်သူ ၈၄၅ ဦးအတွက် တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သားနှုန်းဖြင့် ဆန် ၂၈၂ အိတ်၊ ဆီ ၄၂၃ ပိဿာကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအခမ်းအနားကို ယနေ့(ဇွန် ၁၉ ရက်)တွင် လွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

image

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ 2nd International Forum of the Union State "Great Heritage - Common Future" ဖိုရန်တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံထွက်ခွာ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လာရုစ်နိုင် ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့၏ဖိတ်ကြားချက်အ ရ 2nd International Forum of the Union State "Great Heritage - Common Future" ဖိုရန်တက်ရောက်ရန် ယနေ့ ဇွန် ၁၉ ရက်နံနက် ၇ နာရီခွဲက ဘယ်လာရုစ်နိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေတ္တဥက္ကဋ္ဌဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်လေဆိပ်၌ပို့ဆောင်နှုတ် ဆက်ခဲ့ကြသည်။

image

NSPNC နှင့် UWSP တို့ငြိမ်းချမ်းရေးအတွက်တွေ့ဆုံ

လက်ရှိအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် နိုင်ငံရေးရည်မှန်းချက်များထားရှိဖော်ဆောင်နိုင်ရေးဆွေးနွေး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒု-ဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့တို့ ဇွန် ၁၈ ရက်က ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့၌ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ငြိမ်းချမ်းရေးကော်မတီ(၃)ရပ်ဖွဲ့စည်းထားမှု၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့မှု၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ UWSP ဒု-ဥက္ကဋ္ဌမှလည်း အဖွဲ့အစည်း၏ ရပ် တည်ချက်နှင့် သဘောထားများ၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို အစဉ်တစိုက်ထိန်းသိမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်သ မ္မတ ဦးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုအစိုးရသစ်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြည်သူ့နေထိုင်မှုဘဝတည်ဆောက်ရေးကို ရှေ့ဆက် တိုးမြှင့်ဆောင်ရွက်လိုမှု၊ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုဖြင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်းနိုင်ရေး၊ ဒေသဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်အဖွဲ့များက လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်နေမှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ရှိအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် နိုင်ငံရေးရည်မှန်းချက်များထားရှိဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

image

ဖိုင်ဘာကေဘယ်များ ရှုပ်ထွေးမှုကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတွင် ဦးစားပေးရှင်းလင်းမည်

နိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆက်သွယ်ရေးနှင့် အင်တာနက်ဖိုင်ဘာကေဘယ်များ ရှုပ်ထွေးစွာ သွယ်တန်းထားမှုများကို အစီအစဉ်တကျ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားသည်။
ဇွန် ၁၉ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ အချို့သော ကုမ္ပဏီများ၏ ဖိုင်ဘာကေဘယ် သွယ်တန်းမှုများကြောင့် မြို့ပြအလှအပနှင့် လုံခြုံရေးကို ထိခိုက်စေသည့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ကို စံပြမြို့များအဖြစ် သတ်မှတ်ကာ ပထမဦးစွာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဖိုင်ဘာကေဘယ်များ ရှင်းလင်းခြင်း၊ ဆက်သွယ်ရေးတိုင်များ များပြားရှုပ်ထွေးနေမှုကို Port Sharing စနစ်ဖြင့် လျှော့ချခြင်းနှင့် မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီသည့် အမြင်တင့်တယ်သော ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
အလားတူ မြေပေါ်တွင် သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်များကို မြေအောက် ဖိုင်ဘာကေဘယ် (Underground Fiber Cable) စနစ်သို့ အဆင့်ဆင့် ပြောင်းရွှေ့တည်ဆောက်သွားမည်ဖြစ်ပြီး မြို့နယ်အလိုက် ဦးစားပေးအစီအစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်က မြို့နယ်အသီးသီးတွင် အသုံးပြုနေသော အင်တာနက်နှင့် ဝိုင်ဖိုင်ကြိုးများကို စနစ်တကျ သွယ်တန်းအသုံးပြုနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်မည့် အစီအစဉ်များကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ပြီး အစီအမံများဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

image

စားသုံးဆီတင်သွင်းကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းကျော် ဗဟိုဘဏ် ရောင်းချပေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူရရှိထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းကျော် (၂,၈၈၄,၃၄၂.၅၀ ဒေါ်လာ) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် အမေရိကန်ဒေါ်လာ ၈၄,၂၄၅.၈၄ ကိုလည်း CMP ကုမ္ပဏီများထံသို့ ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပပြုလုပ်သည့် FX Trading အစီအစဉ်တွင် နိုင်ငံခြားငွေဝယ်ယူရရှိမှု အချိုးအစားအရ ကားနှင့် ဆိုင်ကယ် အပိုပစ္စည်းကဏ္ဍက ၄၂ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ပြီး အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များက ၁၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် စားသုံးဆီနှင့် စက်မှုကုန်ကြမ်းကဏ္ဍများက ၉ ရာခိုင်နှုန်းစီ၊ ဆိုလာစွမ်းအင်ကဏ္ဍက ၇ ရာခိုင်နှုန်း၊ မျိုးစေ့ကဏ္ဍက ၆ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြသည်။
စားသုံးကုန်စည်နှင့် ကား/ဆိုင်ကယ် အပိုပစ္စည်းကဏ္ဍများက ၄ ရာခိုင်နှုန်းစီ ရရှိခဲ့ပြီး စက်သုံးဆီနှင့် ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍများက ၃ ရာခိုင်နှုန်းစီ ရရှိခဲ့ကြောင်း သိရသည်။ ထုတ်ပိုးမှုဆိုင်ရာ ပစ္စည်းများကလည်း ၂ ရာခိုင်နှုန်း ရရှိခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလိုအပ်ချက်ရှိသည့် အခြေခံစားသုံးကုန်များ၊ စက်မှုကုန်ကြမ်းများနှင့် ထုတ်လုပ်မှုကဏ္ဍများအတွက် နိုင်ငံခြားငွေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးကို ရည်ရွယ်၍ FX Trading အစီအစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

image

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အဖွဲ့ဝင် ၃၇၆ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၃၇၆ ဦးကို ဇွန် ၁၉ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးက အလင်းဝင်ရောက်လာသူများ လွှဲပြောင်းအပ်နှံခဲ့သည့် လက်နက်ခဲယမ်းများကို လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်ခဲယမ်းများ အပ်နှံခဲ့ခြင်းအတွက် ချီးမြှင့်သည့် ဆုကြေးငွေများနှင့် ထောက်ပံ့ငွေများကို အလင်းဝင်လာသူများထံ ပေးအပ်ခဲ့ကြသည်။
အလင်းဝင်ရောက်လာသူများတွင် အမျိုးသား ၃၃၈ ဦးနှင့် အမျိုးသမီး ၃၈ ဦး ပါဝင်ပြီး စုစုပေါင်း ၃၇၆ ဦးရှိကြောင်း သိရသည်။ ၎င်းတို့အား ခံဝန်ကတိလက်မှတ်များ ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသူများမှာ မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေသာစံ၊ ချမ်းမြသာစည်၊ အမရပူရ၊ ပြင်ဦးလွင်၊ သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူး၊ မိုးမိတ်၊ မတ္တရာ၊ မြင်းခြံ၊ ညောင်ဦး၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်နှင့် မြစ်သားမြို့နယ်များအပါအဝင် မကွေးတိုင်းဒေသကြီးရှိ ငဖဲ၊ စလင်း၊ စေတ္တရာ၊ ပွင့်ဖြူ၊ သရက်၊ မင်းတုန်း၊ တောင်တွင်းကြီး၊ ပခုက္ကူနှင့် ကျောမြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်သည် လက်နက်စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို မိသားစုများနှင့် ပြန်လည်ပေါင်းစည်းနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

image

လိုက်ဇစ်တောင်ပံကစားသမားယန်ဒေယိုမန်ဒီအား ယူရိုသန်း ၁၀၀ ဖြင့် လီဗာပူး ကမ်းလှမ်းလာ
====================

လီဗာပူးဟာ ရက်ဘူးလ်လိုက်ဇစ်တောင်ပံကစားသမားယန်ဒေယိုမန်ဒီအား ခေါ်ယူရေး ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းမှု ပြုလုပ်လာပါတယ်။
လီဗာပူးဟာ ပီအက်စ်ဂျီထက် လက်ဦးမှု ရယူနိုင်ရန်အတွက် ယခုကဲ့သို့ ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းလာခဲ့တာ ဖြစ်ပြီး လိုက်ဇစ်ဘက်ကတော့ ကစားသမားကို ဆက်ထိန်းထားနိုင်ရေး ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
Sky Sports ရဲ့ဖော်ပြလာမှုအရ အန်ဒိုနီအိုင်ရာအိုလာကိုင်တွယ်နေတဲ့ လီဗာပူးဟာ ဒေယိုမန်ဒီအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၉၀ အပြင် ကျန် ယူရို ၁၀ သန်းအား အောင်မြင်မှုအပေါ် မူတည်ပြီး ထပ်မံပေးမဲ့အချက်ဖြင့် ကမ်းလှမ်းလာခဲ့တာပါ။
တဖက်တွင် လိုက်ဇ်ဟာ လီဗာပူးဘက်က ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းမှုအား ပယ်ချလာပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ အထိ ရရှိလိုနေကြောင်းလည်း သတင်းထွက်နေပါတယ်။
ဒါ့အပြင် လိုက်ဇစ်ဟာ ဒေယိုမန်ဒီကို လုပ်ခတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရေး ကြိုးပမ်းနေပါတယ်။
ပီအက်စ်ဂျီနှင့် အခြားဥရောပကလပ်များဟာလည်း ယခုကဲ့သို့ လီဗာပူးဘက်က ယူရိုသန်း ၁၀၀ ဖြင့် အဖွင့်ကမ်းလှမ်းမှု ပြုလုပ်လာမှုနှင့်အတူ လာမဲ့ရက်များအတွင်းတွင် အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်လာမယ်လို့ ယုံကြည်ရပါတယ်။ ဒါကြောင့်လည်း ဥရောပထိပ်သီးကလပ်များအကြား အပြိုင်ကမ်းလှမ်းမှုနှင့်အတူ ဒေယိုမန်ဒီရဲ့ ပြောင်းရွှေ့ကြေးက တဖြည်းဖြည်းမြင့်မားလာဖို့ ရှိနေပါတယ်။
အသက် ၁၉ နှစ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိုက်ဇစ်ရဲ့ ဘွန်ဒက်စ်လီဂါပွဲ ၁ ပွဲတည်းသာ လွဲချော်ခဲ့သူ ဖြစ်ပြီး လိဂ်ပွဲ ၃၃ ပွဲတွင် ၁၂ ဂိုးသွင်းကာ ၉ ကြိမ်အထိ ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

image

၂၀၂၆ ကမ္ဘာ့ဖလားအပြီးတွင် ဂျာမနီအသင်းမှ ထပ်မံ အနားယူမယ်လို့ နူအာ အတည်ပြုလာ
=====================

မန်နူရယ်နူအာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်ကစားသမားဘဝမှ ဒုတိယအကြိမ်မြောက် အနားယူမယ်လို့ အတည်ပြုလာပါတယ်။
ဘိုင်ယန်မြူးနစ်ဂန္ထဝင်ဂိုးသမားဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့ပေမဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီအသင်း ဂိုးသမားပြဿနာကြုံလာရချိန်တွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူထားရာကနေ ပြန်လည် ကစားပေးလာခဲ့တာလည်း ဖြစ်ပါတယ်။
ဂျာမနီနှင့်အတူ ၂၀၁၄ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ နူအာက "ကောင်းမွန်တဲ့ ယူရိုအိမ်ရှင်ကြုံပြီးတဲ့နောက် ကောင်းမွန်တဲ့ အကြောင်းပြချက်တဲ့ ၂၀၂၄ မှာ အနားယူခဲ့တယ်။ ကျွန်တော့်အတွက် ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ မှန်တယ်လို့လည်း ထင်တယ်။ နောက်ဆုံး နှစ်နှစ်မှာ လက်ရွေးစင်အတွက် ကစားရတာ အရမ်း ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့တယ်လို့ ခံစားခဲ့ရတယ်"လို့ ပြောကြားသွားပါတယ်။
နူအာဟာ ပြီးခဲ့တဲ့ ရာသီနှောင်းပိုင်းမှာ ဂျာမနီနည်းပြဂျူလီယန်နာဂျယ်မန်းရဲ့ ဖျောင်းဖျပြောဆိုမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြန်လည်ကစားရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆက်လက်ပြီး နူအာက "ကျွန်တော့်အတွက် ဒါက နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဆိုတာ ရှင်းရှင်းလေးပါ။ နောက်နှစ်နှစ်မှာ ကစားမဲ့ ယူရိုမှာ ကစားဖို့ အစီအစဉ် မရှိပါဘူး။ ဂျာမနီအတွက် ကျွန်တော် ကစားတဲ့ နောက်ဆုံးနေ့ရက်တွေ ဖြစ်ပါတယ်။ ပွဲတိုင်းအတွက် စိတ်လှုပ်ရှားနေတယ်။ နှုတ်ဆက်အင်္ကျီဖြစ်မလာဖို့ ကြိုးစားသွားမယ်"လို့ ပြောကြားသွားပါတယ်။
နအာပြန်ကစားလာမှုနှင့်အတူ ဟော်ဖန်ဟိမ်းဂိုးသမားအိုလီဗာဘူးမန်းမှာ အရန်ခုံတွင် ပြန်လည်ထိုင်လာရပါတယ်။
နူအာဟာ ၂ နှစ်အတွင်း ဂျာမနီအတွက် ပထမဆုံးကစားတဲ့ ကူရာအာအိုအား ၇-၁ ဖြင့် အနိုင်ရတဲ့ ကမ္ယာဖ့လားပွဲတွင်လည်း ဆက်လက် လက်စွမ်းပြကစားနိုင်ခဲ့ပါတယ်။
ဂျာမနီဟာ စနေနေ့မှာ ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ် အိုင်ဗရီကို့စ်နှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရတဲ့အသင်းက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ပါမယ်။
တဖက်တွင် နူအာဟာ ဂျာမနီနှင့်အတူ ကမ္ဘာ့ဖလား ၂ ကြိမ် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူရန်လည်း စိတ်အားထက်သန်နေပါတယ်။
နူအာက "ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။ ကိုယ့်လက်ထဲမှာ အခွင့်အရေး အားလုံး ရှိနေတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတွေကို ပြန်အမှတ်မရချင်ဘူး။ အခု လာမဲ့ အိုင်ဗရီကို့စ်အတွက်ပဲ စဉ်းစားနေတယ်။ ဒုတိဘပွဲအပြီးမှာ ရှုံးထွက်အဆင့်သို့ တက်နိုင်ရင်တော့ စပါယ်ရှယ်ပေါ့။ ဒါဆိုရင် ကျွန်တော်တို့ အနာဂတ်ကို အနည်းငယ်မျှော်ကြည့်လို့ရပြီ။ နောက်ထပ်တစ်ကြိမ် လုပ်နိုင်မဲ့ အခွင့်အ‌ရေး ရလာမယ်။ ဒုတိယတစ်ကြိမ် ထပ်ရနိုင်မယ်ဆိုရင်တော့ တကယ့်ကို စပယ်ရှယ်ပေါ့။ ဒီလို ဖြစ်နိုင်မဲ့ အခွင့်အရေး မရှိဘူးဆိုရင်လည်း ဒီနေရာမှာ ကျွန်တော် ထိုင်နေမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

image