ကျွန်တော့်စက်ရုံက တရုတ်မိတ်ဆွေတွေကို ကျွန်တော်တို့ရဲ့ စက်ရုံတွေကို လာရောက်ကြည့်ရှုစစ်ဆေးဖို့ ကြိုဆိုပါတယ်။ ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံဖို့ လာရောက်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အကျိုးအမြတ်ရရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ထို့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလည်ပတ်နေစဉ်မှာ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရရင် အစိုးရထံ အကူအညီနဲ့ ပံ့ပိုးမှုတွေ ရယူဖို့ တင်ပြနိုင်ပါတယ်။

image

ဖလမ်းနေရပ်ပြန်များကို ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုးထောက်ပံ့ပေး

စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်နေရသော ချင်းပြည်နယ်၊ ဖလမ်းဒေသခံများသည် တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာပြီဖြစ်သော ဖလမ်းမြို့သို့ အသီးသီးပြန်လည်ဝင်ရောက်နေထိုင်လာကြကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများကို လူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦး စီးဌာနမှပေးပို့သော ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား အိမ်ထောင်စု(၇၃)စုကို ဇွန် ၁၃ ရက်ကထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးမှုသည် မေ ၆ ရက်မှ မေ ၂၅ ရက်အထိ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံအိမ်ထောင်စု(၇၃)စုအတွက် ပထမအကြိမ်အဖြစ်ထောက်ပံ့ပေးခြင်းဖြစ်ပြီး မေ ၂၅ ရက်နောက်ပိုင်းတွင်ပြန်လည်ဝင်ရောက်လာသူများကိုလည်း ကယ်ဆယ်ရေးပစ္စည်းများဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ဖြင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး စတင်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
ဆင်ဟွာသတင်းဌာန၏ အဆိုအရ သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်းနှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ချိတ်ဆက်ဆောင်ရွက်ရေးနှင့် အခြားကဏ္ဍများ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
သမ္မတ ဦးမင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ မွေးဖွားခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် စစ်တက္ကသိုလ် (DSA) မှ ဘွဲ့ရရှိခဲ့သူဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် သြဂုတ်လတွင် ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် မြန်မာနိုင်ငံ သမ္မတအဖြစ် တရားဝင် စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
မြန်မာနှင့် တရုတ်နိုင်ငံတို့သည် အစဉ်အလာ ပေါက်ဖော်ချစ်ကြည်ရေးဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်ရကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြထားသည်။

image

သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆောင်ရွက်နေသော မျက်စိခွဲစိတ်လူနာများအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း (၂၀၀) လှူဒါန်း

သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆောင်ရွက်နေသော မျက်စိခွဲစိတ်လူနာများအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့သည်။
လက်တလော၌ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) က ၁၈ ကြိမ်မြောက် မျက်စိအလှူအဖြစ် ပထမနေ့တွင် လူနာ (၇၃၉) ဦး၊ ဒုတိယနေ့တွင် လူနာ (၅၁၁) ဦးတို့အား စမ်းသပ်စစ်ဆေးပေးရာ စုစုပေါင်း လူနာ (၁,၂၅၀) ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

image

ဧရာဝတီတိုင်းဒေသကြီး၌ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းမည်

ဧရာဝတီတိုင်းဒေသကြီးရှိ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းအောင်က သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းထိန်းကျောင်းရေးနှင့်စပ်လျဉ်းသည့် အဆိုကို တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
ထိုမှတဆင့် လွှတ်တော်ကိုယ်စားလှယ် (၅) ဦးကလည်း မြစ်ကျောက်ထုတ်ယူရာတွင် စည်းကမ်းမဲ့ထုတ်ယူမှုနှင့်ပတ်သက်၍ လွှတ်တော်တွင် ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါ်မေသန်းဦးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ၌ ဧရာဝတီတိုင်းအတွင်း အလွန်အကျွံ မြစ်ကျောက်ထုတ်ယူမှုများ နှင့် သစ်ခုတ်ယူမှုများကို စောင့် ကြည့်ထိန်းချုပ်မှု အားနည်းနေသည့်အတွက် ထိုသို့ဆောင်ရွက်ကာ အဆိုတင်သွင်းရခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ထို့အပြင် တိုင်းဝန်ကြီးက ပြန်လည်ဖြေကြားရာ၌ ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစ၍ ခွင့်ပြုလုပ်ငန်းရှင်များ၏ အမည်စာရင်းများနှင့်လုပ်ကွက် တည်နေရာအတိအကျကို လွှတ်တော်သို့ တင်ပြပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်၊သတ္တုတူးဖော်ရေး လုပ်ငန်းမှ အခွန်ငွေကျပ် (၃၈၄၉ ) သိန်း ရရှိခဲ့ကာ တိုင်းဒေသကြီးရန်ပုံငွေသို့ပေးသွင်းစေခဲ့ပြီး ယခုလာမည့်ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် ခွဲဝေသုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကို ဧရာဝတီအသင်း ခေါ်ယူ

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ရာသီအတွက် ဧရာဝတီအမျိုးသမီးအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးမေထက်လူကို ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်သတင်းထုတ်ပြန်လိုက်သည်။
တိုက်စစ်မှူး မေထက်လူအတွက်မူ ယခုအပြောင်းအရွှေ့သည် သူမအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရပြီးနောက်ပိုင်း မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ပထမဦးဆုံးအကြိမ်အဖြစ် ဧရာဝတီအသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ကစားရမည့် စိန်ခေါ်မှုသစ်တစ်ခုလည်း ဖြစ်လာခဲ့သည်။
မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲပတွင်း မေထက်လူ ပါဝင်လာခြင်းသည် ရာသီတွင်း အလှုပ်ခတ်ဆုံးနှင့် စိတ်ဝင် စားစရာအကောင်းဆုံး ကစားသမားအပြောင်းအရွှေ့သတင်းတစ်ခု ဖြစ်လာသည်။
ထို့အပြင် ဧရာဝတီအမျိုးသမီးအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပြည်တွင်းလိဂ်အပြင် AFC Women's Champions League ခြေစစ်ပွဲကိုပါ ဝင်ရောက်ယှဉ်ပြိုင်ရမည့် အသင်းတစ်သင်းလည်း ဖြစ်သည်။
ဧရာဝတီအမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲများတွင်ရလဒ်ကောင်းများ ရရှိနိုင်ရန်အတွက် အသင်း၏ ကစားသမားအင်အားဖြည့်တင်းမှုများကို ရာသီမစတင်မီကတည်းက တောက်လျှောက် ပြုလုပ်နေခြင်းဖြစ်သည်။

image

တရားမဝင် ယစ်မျိုးလိုင်စင်များကို မြေပြင်တွင် စီမံကိန်းပုံစံဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ လွှတ်တော်တွင် မေးမြန်း

စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ်
မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့တွင် မေးမြန်းခဲ့ကြောင်း သိရသည်။
“ရပ်ကွက်ကျေးရွာတွေမှာ လိုင်စင်မဲ့ ယစ်မျိုးဆိုင်များ၊ မိတ္တုပွားဆိုင်များ ဖွင့်လှစ်ရောင်းချနေကြောင်း ကြားသိမြင်တွေ့နေရပါတယ်။ တာဝန်ရှိသူများ စိစစ်အရေးယူမှုများ ဆောင်ရွက်နေပေမယ့် ထိရောက်စွာ ဆောင်ရွက်နေမှု အားနည်းတာကိုတွေ့ရပါတယ်” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယစ်မျိုးလိုင်စင် ၉၇၀၀ ကျော် ခွင့်ပြုထားပြီး တစ်နိုင်ငံလုံးတွင် ၄ သောင်းကျော် ခွင့်ပြုထားကြောင်းလည်း သိရသည်။
ထိုပြင် ဆက်စပ်မေးခွန်းမေးမြန်းချိန်တွင်လည်း ကိုယ်စားလှယ် ဦးတင်မြင့်က “အရေးယူနေတယ်ဆိုပေမယ့် မြေပြင်မှာ တရားမဝင် ပြောင်းလွှဲတာ မိတ္တူပွား လုပ်ဆောင်နေတာတွေလည်း အကျင့်ပျက်ဝန်ထမ်းတွေနဲ့အတူ မြေပြင်မှာ လုပ်ဆောင်နေတာတွေ ရှိနေပါတယ်၊ ထိရောက်စွာ အရေးယူဖို့ နဲ့ စီမံချက်တစ်ခု နဲ့ တရားမဝင် ယစ်မျိုးလိုင်စင်များကို ထင်သာမြင်သာရှိအောင် အရေးယူဆောင်ရွက်ပေးဖို့ ရှိမရှိ မေးမြန်းလိုပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယစ်မျိုးလိုင်စင်ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက လာရောက်ဖြေကြားခဲ့ပြီး ယစ်မျိုးလိုင်စင်ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပတ်သက်ပြီးတော့ ဖမ်းဆီးအရေးယူခြင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုပ်ဆောင်နေပြီး ပြစ်ဒဏ်ချမှတ်ခြင်းများကို တရားရုံးအဆင့်ဆင့်က တာဝန်ယူဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အထိ ယစ်မျိုးလိုင်စင်နှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးမှု အကြိမ်ရေ ၁၅၉၇ ကြိမ်မှ ဖမ်းဆီးမှု ၁၂၃ ကြိမ် စုစုပေါင်း ၂၁၆ ဦးကို အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်စပ်မေးခွန်းကိုလည်း ပြန်လည်ဖြေကြားခဲ့ပြီး “တရားမဝင်ရောင်းချတာတွေကို တိုင်ကြားချက်အပေါ်မှာ စိစစ်ပြီးဆောင်ရွက်ရတာဖြစ်တယ်၊ သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်ကြားလိုသူများအနေဖြင့်လည်း တိတိကျကျ တိုင်ကြားပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ စီမံချက်ဆောင်ရွက်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်ပြီး စီမံချက်ရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်တယ် “ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၆ မတ်လတွင် ယစ်မျိုး ဥပဒေကို အခန်း၁၈ ခန်းဖြင့် အတည်ပြုပြဌာန်းထားကြောင်း သိရသည်။

image

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉) စုအား ဆန်အိတ် ၂၀၀ ထောက်ပံ့

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း (၉) ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ပိုင်မြေဧရိယာအတွင်း ဖွင့်လှစ်ထားသည့် ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဒေါ်ဒွဲဘူက မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နေရပ်ပြန်နိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောက်လုပ်ထားသော ယာယီစခန်းများ၌ လာရောက်ခိုလှုံနေထိုင်ကြသည့် ဝိုင်းမော်၊ ချီဖွေနှင့် ဗန်းမော်မြို့နယ်များမှ စခန်း (၉) ခု၊ အိမ်ထောင်စု (၆၀၉) စုတို့အတွက် ဆန် (၂၄) ပြည်ပါ ဆန်အိတ် ၂၀၀ အိတ်ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

image

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လေ့လာ

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။
Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (CAST) နှင့် တရုတ်အာကာသယာဉ်မှူးစင်တာ (ACC) တို့ တည်ရှိရာ နေရာလည်းဖြစ်သည်။
လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် အာကာသပြတိုက်၌ ပြသထားသည့် အာကာသယာဉ်များ၏ ပြန်လည်ဆင်းသက်လာသော အစိတ်အပိုင်းများ၊ အပူချိန် ၂,၀၀၀ ဒီဂရီစင်တီဂရိတ်ခန့်အထိ ခံနိုင်ရည်ရှိသည့် အပူကာကွယ်ရေးစနစ်များနှင့် အာကာသယာဉ်များ ကမ္ဘာမြေသို့ ပြန်လည်ဝင်ရောက်ဆင်းသက်သည့် နည်းပညာများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံက နှစ်စဉ်လွှတ်တင်ခဲ့သည့် အာကာသမစ်ရှင်များနှင့် ဂြိုဟ်တုလွှတ်တင်မှုမှတ်တမ်းများကို သုံးဖက်မြင် (3D) ပုံစံများဖြင့် ပြသထားပြီး အနာဂတ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အာကာသသုတေသနကဏ္ဍတွင် လက်တွဲဆောင်ရွက်နိုင်ရေး မျှော်မှန်းထားကြောင်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လေ့လာရေးအစီအစဉ်အတွင်း တရုတ်နိုင်ငံ၏ BeiDou-3 ဂြိုဟ်တုအခြေပြု တည်နေရာပြစနစ် (BDS-3) ဆိုင်ရာ နည်းပညာများကိုလည်း ပြသခဲ့သည်။ အဆိုပါစနစ်သည် ကမ္ဘာပတ်လမ်းအတွင်း ဂြိုဟ်တုအစုအဖွဲ့များဖြင့် လည်ပတ်နေသော ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်နှင့် တည်နေရာပြစနစ်ဖြစ်ပြီး ရေကြောင်းသွားလာမှု၊ ငါးဖမ်းလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် တိကျသော တည်နေရာအချက်အလက်များ ပံ့ပိုးပေးနိုင်ကြောင်း သိရသည်။
ထို့အပြင် အာကာသယာဉ်များနှင့် ဂြိုဟ်တုများတွင် အသုံးပြုသည့် အဆင့်မြင့် အာရုံခံစနစ်များ (Sensors) နှင့် အဝေးမှ အချက်အလက်ပေးပို့နိုင်သည့် နည်းပညာများကိုလည်း ရှင်းလင်းပြသခဲ့ပြီး ယင်းနည်းပညာများကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အသုံးချနိုင်မည့် အခြေအနေများကို မိတ်ဆက်တင်ပြခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ပြန်လည်ဆင်းသက်လာသော ဂြိုဟ်တုနှင့် အာကာသယာဉ် နမူနာပစ္စည်းများ ပြသထားသည့် ပြခန်းများကိုလည်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

image

ဗြိတိန်မှာ အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်ပင်မယ်

ဗြိတိန်မှာ ၂၀၂၇ ခုနှစ် နွေဦးကစပြီး အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်ပင်တားမြစ်တော့မယ်လို့ ဝန်ကြီးချုပ် ခီယာ စတာမာက Sky News သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ဒါကို ကျွန်တော် ပေါ့ပေါ့ဆဆ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရတစ်ရပ်အနေနဲ့ ရွေးချယ်မှုတွေ လုပ်ရတဲ့အခါ ဒီလို လုံးဝ ပိတ်ပင်တားမြစ်လိုက်တာကပဲ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ ရှင်းလင်းနေပါတယ်" လို့ စတာမာ က ပြောပါတယ်။
သူ့အဆိုအရ ဆိုရှယ်မီဒီယာတွေဟာ လူတွေကို "စွဲလမ်းသွားအောင် ပြုလုပ်ထားတာ" ဖြစ်ပြီး "ကလေးတွေကို စိတ်မချမ်းသာအောင် လုပ်နေတယ်" လို့ ဆိုပါတယ်။ ဒါ့အပြင် အနိုင်ကျင့်တာတွေ၊ နှောင့်ယှက်တာတွေကို ဖြစ်စေပြီး ကလေးတွေရဲ့ စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့လဲ သူက ရှင်းပြပါတယ်။
ဗြိတိန်အစိုးရဟာ သြစတြေးလျနိုင်ငံက ကျင့်သုံးနေတဲ့ ပုံစံကို အခြေခံပြီး လုပ်ဆောင်သွားမှာပါ။ သြစတြေးလျမှာတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက အလားတူ ပိတ်ပင်တားမြစ်မှုကို စတင်ကျင့်သုံးခဲ့တာ ဖြစ်ပြီး Facebook, Instagram, Kick, Reddit, Snapchat, Threads, TikTok, Twitch, X နဲ့ YouTube တို့ ပါဝင်ပါတယ်။ သြစတြေးလျ ဥပဒေအရ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေဘက်က ကလေးအကောင့်တွေကို ပိတ်ပစ်ဖို့ အစွမ်းကုန် မကြိုးစားရင် သြစတြေးလျဒေါ်လာ ၄၉.၅ သန်း (အမေရိကန်ဒေါ်လာ ၃၂.၉ သန်းခန့်) အထိ ဒဏ်ရိုက်ခံရမှာ ဖြစ်လို့ တာဝန်အားလုံးဟာ နည်းပညာပလက်ဖောင်းတွေပေါ်မှာ ရှိနေပါတယ်။ ဒီဥပဒေကြောင့် သြစတြေးလျမှာ ကလေးနဲ့ လူငယ်အကောင့်ပေါင်း အနည်းဆုံး ၄.၇ သန်းကို ပိတ်ပစ်ခဲ့ပြီးပြီလို့ သိရပါတယ်။
ဗြိတိန်မှာတော့ ဒဏ်ငွေ ဘယ်လောက်အထိ ချမှတ်မလဲဆိုတာကို အသေးစိတ် မပြောရသေးပါဘူး။ ဒါပေမဲ့ ဒီပိတ်ပင်တားမြစ်မှုဟာ WhatsApp လိုမျိုး မက်ဆင်ဂျာလိုမျိုးတွေနဲ့တော့ မသက်ဆိုင်ဘူးလို့ လောလောဆယ်သိရပါတယ်။ ပြီးတော့ကာ ချစ်ရေးဆိုဖို့ သုံးတဲ့ AI Chatbots တွေကိုတော့ အသက် ၁၈ နှစ်ပြည့်မှပဲ သုံးခွင့်ပြုမှာ ဖြစ်ပါတယ်။

image