မြန်မာ့ပင်လယ်ပြင်အတွင်း နစ်မြုပ်နေသည့် ကုန်တင်ရေယာဉ်မှ အမှုထမ်း ၁၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ကယ်ဆယ်

တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဘုတ်ကျွန်းအနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ရေဝင်နစ်မြုပ်နေသော ကုန်တင်ရေယာဉ်တစ်စီးမှ အမှုထမ်း ၁၂ ဦးအား ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကုလားကုတ်ကျွန်း၏ အနောက်ဘက် ရေမိုင် ၂၇ ဒသမ ၅ မိုင်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း MV ATK Nyein အမည်ရှိ ကုန်တင်ရေယာဉ်တစ်စီး ရေဝင်နစ်မြုပ်နေကြောင်း MV Oceanstar ကုန်တင်ရေယာဉ်၏ သတင်းပေးပို့ချက်အရ သိရှိခဲ့ရခြင်းဖြစ်သည်။
သတင်းရရှိပြီးနောက် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နစ်မြုပ်နေသည့် MV ATK Nyein ရေယာဉ်အား တွေ့ရှိခဲ့ပြီး ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမှုထမ်း ၁၂ ဦးအား ဘေးကင်းလုံခြုံစွာ ကယ်ဆယ်နိုင်ခဲ့သည်။
ကယ်ဆယ်ထားသည့် အမှုထမ်းများအား စစ်ရေယာဉ်ပေါ်တွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကာ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့သည်။
ထို့နောက် ကယ်ဆယ်ခံရသူများအား ဇူလိုင် ၉ ရက် နံနက် ၁၀ နာရီတွင် မော်လမြိုင်မြို့၊ ရာဇာမင်းတံတား၌ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

image

ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်

ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုဆိုင်ရာ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EOI) များ တင်သွင်းနိုင်ရန် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီက ဖိတ်ခေါ်ထားသည်။
အဆိုပါစီမံကိန်းကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မန္တလေး-လားရှိုးလမ်းမကြီး ၂၁ မိုင်အနီးရှိ မြေဧရိယာ စုစုပေါင်း ၂,၂၀၀ ဧကအနက် ၁,၄၀၀ ဧကကို အသုံးပြု၍ Soft-based Industry အခြေခံသည့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းအဖြစ် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
စိတ်ဝင်စားမှုအဆိုပြုလွှာပုံစံများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက် (သောကြာနေ့) မှ ဩဂုတ် ၁၀ ရက် (တနင်္လာနေ့) အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပြုလွှာများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။
အဆိုပြုလွှာပုံစံများကို ရုံးအမှတ် (၄၀)၊ နေပြည်တော်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ရယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း တယ်လီဖုန်းအမှတ် (၀၆၇-၃၄၀၇၃၁၁) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းသည် နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းများနှင့် Soft-based Industry များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည့် စီမံကိန်းတစ်ရပ်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိကြောင်း ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

image

ချင်းဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်တို့ တစ်နှစ်တာအကောင်းဆုံးတွဲဆိုင်းဆု ဆွတ်ခူး

17th Annual Fighters Only World MMA Awards ဆုပေးပွဲတွင် ချင်းလူမျိုး MMA ဖိုက်တာ ဂျိုရှုအာဗန် (Joshua Van) နှင့် အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ် (Brandon Royval) တို့က ၂၀၂၅ ခုနှစ်အတွက် Fight of the Year (တစ်နှစ်တာအကောင်းဆုံးတွဲဆိုင်းဆု) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဂျိုရှုအာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်တို့၏ တွဲဆိုင်းသည် Belal Muhammad ပါဝင်သည့်ပွဲ၊ Esteban Ribovics နှင့် Daniel Zellhuber တို့၏ပွဲ၊ Usman Nurmagomedov နှင့် Paul Hughes တို့၏ပွဲ၊ Nazim Sadykhov နှင့် Nikolas Motta တို့၏ ပွဲများကို ကျော်ဖြတ်ကာ ယခုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဂျိုရှုအာဗန်သည် ယခုနှစ် Fighters Only World MMA Awards တွင် Breakthrough Fighter of the Year ဆုကိုလည်း ရရှိထားပြီး တစ်နှစ်တည်းအတွင်း ဆုနှစ်ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

image

မုံရွာ(ညောင်ပင်ကြီး) - ပုလဲ - ဂန့်ဂေါ - ဟားခါးလမ်းပိုင်း လမ်းတိုးချဲ့ခြင်းလုပ်ငန်းများကို ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့်အဖွဲ့သည် မုံရွာ(ညောင်ပင်ကြီး) - ပုလဲ - ဂန့်ဂေါ - ဟားခါးလမ်း (၃၁၃.၄၆၀ ကီလိုမီတာ မှ ၃၁၃.၅၈၀ ကီလိုမီတာ)ကြား အလျား ၁၂၀ မီတာ၊ ပျမ်းမျှအကျယ် ၆.၂ မီတာရရန် လမ်းတာချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
လုပ်ငန်းခွင်၌ အဆိုပါလမ်းပိုင်း တာဝန်ခံအင်ဂျင်နီယာမှ လက်ရှိလမ်းတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်၊ မိုးရာသီတွင် ရေမတင်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ ဆောင်ရွက်မည့် လျာထားချက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ လမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူး(မြို့ပြ)ရုံး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

ရန်ကုန်မြို့အတွင်း ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများကို မြေအောက်ကေဘယ်စနစ်သို့ ပြောင်းလဲရန် စီစဉ်

ရန်ကုန်မြို့အတွင်း မြို့ပြအင်္ဂါရပ် ပျက်ယွင်းစေသည့် အဓိကပြဿနာတစ်ခုဖြစ်သော ဆက်သွယ်ရေးကြိုး ရှုပ်ထွေးမှုများကို ရှင်းလင်းပြီး မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်မည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဇူလိုင်လ ၉ ရက် (ယနေ့)မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် ဦးဆောင်၍ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အစည်းအဝေးတွင် မြေအောက်ကေဘယ်စနစ် (Underground Cable System) သို့ ပြောင်းလဲရေးနှင့် ပတ်သက်၍ လက်ရှိ မြေပြင်တွင် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစီမံချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ ဌာနမှူး ဦးလင်းနိုင် က ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် တက်ရောက်လာသည့် ကုမ္ပဏီကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို တိုင်းဒေသကြီးဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

image

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လေ့လာ

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထွန်း ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် (၉)ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လေ့လာခဲ့သည်။
လေ့လာရေးခရီးစဉ်အတွင်း ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ လိုက်ပါခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်း လှည့်လည်ကြည့်ရှုကာ ဈေးဆိုင်များနှင့် ရိုးရာလက်မှုပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများကို စိတ်ဝင်တစား လေ့လာခဲ့ကြသည်။

image

မီးခိုးမြူနှင့် နယ်စပ်မြစ်ညစ်ညမ်းမှု ဖြေရှင်းရေး မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ထိုင်းပြော

သြဂုတ်လတွင် ကျင်းပမည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်ကော်မတီအစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာနှင့် နယ်စပ်မြစ်များအတွင်း သတ္ထုအညစ်အကြေး ညစ်ညမ်းမှုပြဿနာများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဆူချတ် ချွမ်ကလင်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်များကို ပြင်ဆင်တင်ပြနိုင်ရန် ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) ကို တာဝန်ပေးထားကြောင်း၊ PCD နှင့် နယ်စပ်ရေးရာဌာနတို့သည် တောမီးနှင့် မီးခိုးမြူပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ပူးတွဲအလုပ်အဖွဲ့ ဖွဲ့စည်းထားပြီး တောမီးစီမံခန့်ခွဲရေးဆိုင်ရာ အတွေ့အကြုံများကို မြန်မာဘက်သို့ မျှဝေပေးလျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် တာချီလိတ်၊ ကျိုင်းတုံနှင့် တောင်ကြီးမြို့များတွင် ညှိနှိုင်းရေးဌာန (၃) ခု ဖွင့်လှစ်ထားပြီးဖြစ်ကာ ထိုင်းနယ်စပ်နှင့် နီးစပ်သည့် ကယားပြည်နယ်အထိ အဆိုပါအစီအစဉ်ကို တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တောမီးစီမံခန့်ခွဲရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် နည်းပညာကျွမ်းကျင်မှု၊ နည်းပညာနှင့် လိုအပ်သည့် ပစ္စည်းကိရိယာများကိုလည်း ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဆူချတ် ချွမ်ကလင်းက ပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပြည်သူများအပေါ် သက်ရောက်မှုရှိနေသည့် နယ်စပ်ဖြတ်ကျော်မြစ်များအတွင်း အကြီးစားသတ္ထုညစ်ညမ်းမှုပြဿနာကိုလည်း အဆိုပါအစည်းအဝေးတွင် ဦးစားပေးဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

စက်သုံးဆီစျေး ဆက်လက်ကျဆင်းနေပြီး ဓာတ်ဆီတစ်လီတာ ၃၂၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၀၉၅ ကျပ်သို့ ရောက်ရှိ

စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၁၂)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ဓာတ်ဆီတစ်လီတာ ၃၂၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၀၉၅ ကျပ် ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၁၀ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron: ၃,၂၅၀ ကျပ်၊
ဓာတ်ဆီ 95 Ron: ၃,၃၁၀ ကျပ်၊
ဒီဇယ် (HSD 500 ppm): ၃,၀၉၅ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm): ၃,၇၉၀ကျပ်အထိ ဖြစ်သည်။ ဇူလိုင် ၁၆ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။
ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက
ဓာတ်ဆီ 92 Ron: တစ်လီတာလျှင် ၁၁၀ ကျပ်၊
ဓာတ်ဆီ 95 Ron: တစ်လီတာလျှင် ၁၀၀ ကျပ် ထပ်မံကျဆင်းခဲ့သည်။
ဒီဇယ် တစ်လီတာလျှင် ငါးကျပ် ဈေးတက်ပြီး
ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၀ ကျပ် ကျဆင်းခဲ့သည်။
ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီတင်းပတ်(၁၂)ပတ်အတွင်း –
ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၄၈၅ ကျပ်၊
ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၆၂၅ ကျပ်၊
ဒီဇယ် တစ်လီတာလျှင် ၃၃၉၀ ကျပ်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၉၆၅ ကျပ် စျေးကျလာခဲ့သည်။
ယနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ၇၁ ဒေါ်လာ ဝန်းကျင်ရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေးမှာ ဓာတ်ဆီရော ဒီဇယ်ပါ ဆက်လက်ကျဆင်းလာခြင်း ဖြစ်သည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

image

စားအုန်းဆီစျေးနှုန်း နှစ်ပတ်ဆက်တိုက်(၇,၂၃၀)ကျပ်ဖြစ် ယခင်အပတ်ထက် (၁၅)ကျပ်ကျဆင်း

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ ယနေ့ ဇူလိုင် ၁၀ ရက်ထုတ်ပြန်ချက်အရ ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိဿာ(၇,၂၃၀)ကျပ်ဖြစ် ကြောင်း သိရသည်။
အဆိုပါ စျေးနှုန်းသည် ယနေ့ ဇူလိုင် ၁၀ ရက်မှ ဇူလိုင် ၁၆ ရက်အထိဖြစ်ကာ ယခင်အပတ်ဖြစ်သည့် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၉ ရက်စျေးနှုန်းထက် (၁၅)ကျပ်လျော့ကျလာခဲ့ကြောင်း သိရသည်။
ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စားသုံးသူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ဒေါ်လာသန်း ရာပေါင်းများစွာတို့အား ငွေကြေးခဝါချမှုအတွက် အာဂျင်တီးနားအား FBI စုံစမ်းစစ်ဆေးနေ
=====================

FBI ဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်မှ အကြီးအကဲများမှာ စပွန်ဆာများမှ ရရှိတဲ့ ဒေါ်လာသန်းရာပေါင်းများစွာတို့အား အမေရိကန်ဘဏ်များတွင် အပ်နှံကာ ငွေကြေးခဝါချမှုများ ပြုလုပ်နေမှုအတွက် စုံစမ်းစစ်ဆေးနေပါတယ်။
FBI မှ တာဝန်ရှိသူများဟာ ယင်းငွေများမှာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်နှင့် ဆက်စပ်နေမှုများအပေါ် စုံစမ်းစစ်ဆေးနေတာ ဖြစ်ပြီး ယင်းငွေများမှာ အမေရိကန်ဘဏ်များမှ တဆင့် ငွေကြေးခဝါချမှုနှင့် လိမ်လည်မှုများ ပြုလုပ်နေတယ်လို့ ယုံကြည်နေပါတယ်။
လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကာကွယ်ရေး ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆွစ်ဇာလန်နှင့်ကစားရန် ရှိနေတဲ့အချိန်တွင် အထက်ပါ သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ Adidas ၊ Warner အပါအဝင် နိုင်ငံခြား စပွန်ဆာနှင့် ကော်မာရှယ်ပါတနာများထံမှ ရရှိတဲ့ ဒေါ်လာသန်း ၁၉၀ ကျော်ကို ဖလိုရီဒါအခြေစိုက်ကုမ္ပဏီတစ်ခုမှ တဆင့် ရယူ အသုံးပြုနေတာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားသတင်းစာ La Nacion က FBI ဟာ ယင်းငွေများမှာ အမေရိကန်စည်းမျဉ်းဥပဒေများနှင့်အညီ လက်ခံ ရယူ အသုံးပြုနေသလားဆိုတာ၊ စည်းမျဉ်းချိုးဖောက်မှု ရှိနေသလားဆိုပြီး စစ်ဆေးနေပါတယ်။
ဒါပေမဲ့ ယင်းသတင်းစာရဲ့ဖော်ပြမှုအရ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ယင်းငွေများအား ဘောလုံးလုပ်ငန်းဆိုင်ရာများအတွက်သာ အသုံးပြုထားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ပြီးခဲတဲ့အပတ်တုန်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ ယင်းငွေများနှင့်ပတ်သက်ပြီး FBI အေးဂျင့်နှင့် အစိုးရရှေ့နေများအား သုံးနာရီကြာ ဗီဒီယိုဖုန်းခေါ်ဆိုကာ စစ်ဆေးခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင် FBI ဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌကလူဒီယိုချီကွီတာပီယာ လက်ထက်တွင် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး သိတဲ့ အခြားအတွင်းလူများထံမှလည်း သက်သေအထောက်အထားများ ရယူနေပါသေးတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ စပွန်ဆာငွေကြေးများကို လက်ခံရယူနေတဲ့ ဖလိုရီဒါအခြေစိုက်ကလပ်ဖြစ်တဲ့ TourProdEnter LLC မှာ အဓိကနေရာမှ စစ်ဆေးခြင်းခံနေရတာပါ။
La Nacion က တွေ့ရှိခဲ့တဲ့ မှတ်တမ်းများအရ ယင်းကုမ္ပဏီဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်နှင့် ဆက်စပ်နေတဲ့ အနည်းဆုံး ဒေါ်လာသန်း ၁၉၀ ကို စီမံခန့်ခွဲနေကြောင်း တွေ့ရပါတယ်။
ယင်းမှ ဒေါ်လာ ၄၂ သန်းကို ကုမ္ပဏီများနှင့် တစ်ဦးချင်းစီတို့အား ပေးခဲ့ပြီး ယင်းငွေ ပေးချေမှုတို့နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါ့အပြင် ယင်းမှ ငွေကြေး အသွင်းအထုတ်များအရ ဘာရီလိုချီနှင့် ဘရူနိုအေရိပ်စ်မှ လူများ ပိုင်ဆိုင်တဲ့ ကုမ္ပဏီများထံသို့ ဒေါ်လာ ၁၀ သန်းလွဲပြောင်းပေးထားကြောင်းလည်း သိရပါတယ်။
ယင်းငွေများကို နာမည်ကြီးဘဏ်များဖြစ်ကြတဲ့ Citibank ၊ Bank of America ၊ JP Morgan နှင့် PNC Bank တို့မှတဆင့် လွဲပြောင်းခဲ့တာပါ။
လက်ရှိအချိန်တွင် FBI ရဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ ငွေကြေးများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအပေါ် အမေရိကန်တရားရေးဌာနက တစုံတရာ မှတ်ချက်ပြု ပြောကြားထားခြင်း မရှိသေးပါဘူး။

image