တစ်နှစ်အတွင်း ၅ ဦးမြောက်နည်းပြအဖြစ် ဂလပ်စ်နာကို နော်တင်ဟမ်ဖောရက်စ်ရဲ့ ခန့်အပ်လာ
===================

နော်တင်ဟမ်ဖောရက်စ်ဟာ တစ်နှစ်အတွင်း ၅ ဦးမြောက်နည်းပြအဖြစ် ခရစ္စတယ်ပဲလေ့စ်နည်းပြဟောင်းအိုလီဗာဂလပ်စ်နာကို ခန့်အပ်လာပါတယ်။
ဩစတြီးယားနိုင်ငံသားနည်းပြဟာ အင်္ဂါနေ့တုန်းက ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ နည်းပြဗစ်တာပီရီရာနေရာမှာ အစားထိုးခန့်အပ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
ဖောရက်စ်ဟာ ဇွန်လတွင် ကုန်ဆုံးမဲ့ စာချုပ်သက်တမ်းအချက်မကုန်ဆုံးမီ ၂ မိနစ်အလိုတွင် ပီရီရာကို စာချုပ်ဖျက်သိမ်းမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဂလပ်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်ကို အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်း၊ ကွန်ဖရင့်လိဂ်ဖလား ရယူပေးခဲ့ကာ ကလပ်သမိုင်းတွင် အအောင်မြင်ဆုံးနည်းပြအဖြစ် ရပ်တည်နေပေမဲ့လည်း ပြီးခဲ့တဲ့ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။
ဂလပ်စ်နာဟာ ချဲလ်ဆီးနှင့် ယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားခြင်းလည်း ခံခဲ့ရသူဖြစ်ပြီး အေစီမီလန်နည်းပြရာထူးအတွက်လည်း ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။
ဂလပ်စ်နာဟာ နော်တင်ဟမ်ဖောရက်စ်တွင် တစ်နှစ်လုပ်ခ ပေါင် ၁၃ သန်း ရရှိလာမည်ဖြစ်ကာ ကလပ်သမိုင်းတွင် လုပ်ခအများဆုံးနည်းပြဖြစ်လာသလို မီခေးလ်အာတီတာ(တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်း)ပြီးလျှင် ပရီးမီးယားလိဂ်ရဲ့ ဒုတိယလုပ်ခအများဆုံးရနည်းပြလည်း ဖြစ်လာပါတယ်။

image

ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် ဂါနာနည်းပြရာထူးမှ ကွီရော့ဇ် နုတ်ထွက်လာ
=====================

ကားလို့စ်ကွီရော့ဇ်ဟာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာလိုက်ရပြီးနောက် ဂါနာနည်းပြရာထူးမှ နုတ်ထွက်လာပါတယ်။
အသက် ၇၃ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ ဧပြီလကမှ ဂါနာအသင်းကို ကိုင်တွယ်လာတာခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်တွင် ကိုလံဘီယာကို ၁- ၀ ဖြင့် ရှုံးနိမ့်ကာ ထွက်ခွာရပြီးနောက် အသင်းကို ကိုင်တွယ်ပြီး ၃ လအကြာမှာပဲ နုတ်ထွက်လာတာပါ။
ယူနိုက်တက်နည်းပြဟောင်းဟာ အီရန်၊ ပေါ်တူဂီ၊ အီဂျစ်တို့နှင့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖူးပြီး ၅ ကြိမ်ဆက် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
တနင်္ဂနွေနေ့တုန်းက ကွီရော့ဇ်အပြင် ဂျော်ဒန်နည်းပြဂျာမယ်ဆယ်လာမီလည်း ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာရပြီးနောက် နုတ်ထွက်ခဲ့ပါတယ်။

image

ယခုနွေရာသီ စတုတ္ထမြောက် ခေါ်ယူမှုအဖြစ် အင်တာမီလန်မှ နယ်သာလန်နောက်ခံလူဒမ်ဖရိုင်းစ်ကို ရီးရဲလ်မက်ဒရစ် ခေါ်ယူ
==================

ရီးရဲလ်မက်ဒရစ်ဟာ အင်တာမီလန်မှ နယ်သာလန်လက်ရွေးစင်နောက်ခံလူဒန်ဇဲလ်ဒမ်ဖရိုင်းစ်ကို ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပြောင်းရွှေ့ကြေးကို ထုတ်ပြန်ကြေညာခြင်း မရှိပေမဲ့လည်း အသက် ၃၀ နှစ်ရှိ ဒမ်ဖရိုင်းစ်အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၂၀ ပေးခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မာ့ခ်ကူကူရယ်လာ၊ ဘာနာဒိုဆေးလ်ဗား၊ အီဘရာဟမ်ကိုနာတေးတို့အား ခေါ်ယူပြီးနောက် ယခုနွေရာသီတွင် စတုတ္ထမြောက် ခေါ်ယူမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ဒမ်ဖရိုင်းစ်ဟာ ရီးရဲလ်မက်ဒရစ် ပွဲထွက်ညာနောက်ခံလူနေရာအတွက် အင်္ဂလန်နောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးနှင့် ယှဉ်ပြိုင်လာရပါမယ်။
ဒမ်ဖရိုင်းစ်ဟာ ၂၀၂၁ ခုနှစ်တွင် ပီအက်စ်ဗွီမှ အင်တာမီလန်သို့ ရောက်လာပြီးနောက် စီးရီးအေဖလား ၂ ကြိမ်၊ ကိုပါအီတာလီယာဖလား ၃ ကြိမ် ဆွတ်ခူးထားပါတယ်။
သူဟာ အင်တာမီလန်အတွက် ၂၀၇ ပွဲကစားပေးခဲ့ရာမှာ ၂၇ ဂိုးသွင်းပြီး ၂၈ ကြိမ် ဖန်တီးပေးခဲ့သလို နယ်သာလန်အား ကမ္ဘာဖ့လား ၃၂ သင်းအဆင့်သို့ တက်ရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ နှစ်ရာသီဆက် အရေးပါတဲ့ ဆုဖလား လက်မဲ့ ဖြစ်ပြီးနောက် နည်းပြသစ်အဖြစ် ဂျိုဆေးမော်ရင်ဟိုအား ခန့်အပ်ကာ အသင်းကို ကြီးမားတဲ့ အပြောင်းအလဲများ ပြုလုပ်နေပါတယ်။

image

ရှားပါးတဲ့ ဆေးဘက်ဆိုင်ရာ ပြဿနာကြောင့် အီဒါဆင်ရဲ့ ယူနိုက်တက်အပြောင်းအရွှေ့ ရပ်တန့်နေ
===================

ယူနိုက်တက်ဘက်က နောက်ထပ် ဆေးစစ်ဆေးမှု ထပ်မံ ပြုလုပ်လိုနေသေးမှုနှင့်အတူ အီဒါဆင်ရဲ့ အိုးထရက်ဖို့ဒ် အပြောင်းအရွှေ့က ရပ်တန့်နေပါတယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့တစ်လကျော်ကတည်းက ဘရာဇီးကွင်းလယ်ကစားသမားအား ပေါင် ၃၅ သန်းဖြင့် ခေါ်ယူရန် အတ္တလန္တာနှင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် အီဒါဆင်ဟာ ယူနိုက်တက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီး ဖြစ်သလို အမေရိကန်တွင် ပထမအကြိမ် ဆေးစစ်ဆေးမှု ခံယူထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဘက်က အပြောင်းအရွှေ့အပြီးသတ်မှု မပြုလုပ်မီ ကိုယ်တိုင် ဆေးစစ်ဆေးမှု ထပ်မံ ပြုလုပ်လိုနေကြောင်း သိရပါတယ်။
အီဒါဆင်ဟာ ဒုတိယအကြိမ် ဆေးစစ်ဆေးမှုကို ဗြိတိန်တွင် ပြုလုပ်လာပါမယ်။
အီဒါဆင်ဟာ ဘရာဇီးအသင်း ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရမှုနှင့်အတူ ယူနိုက်တက်အပြောင်းအရွှေ့ အပြီးသတ်‌ရေး မကြာမီ ဆေးစစ်ဆေးမှု ခံယူလာမယ်လို့ ယုံကြည်ရပါတယ်။
ကောလဟလသတင်းများအရ အီဒါဆင်ရဲ့ ယူနိုက်တက်အပြောင်းအရွှေ့မှာ ပျက်ပြယ်လာနိုင်ကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ အပြောင်းအရွှေ့ ယခုတိုင် ဖြစ်လာနိုင်ခြေ ရှိနေဆဲ ဖြစ်ပြီး လာမဲ့ ရက်သတ္တပတ်များအတွင်း ဖြစ်မြောက်လာဖို့ ရှိပါတယ်။
အသက် ၂၆ နှစ်ရှိ အီဒါဆင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးအတွက် အရန်အဖြစ် ၂ ပွဲပါဝင်ကစားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခု နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူရန်လည်း ကြိုးပမ်းနေပါသေးတယ်။
ယူနိုက်တက်ဟာ အီးလီးယော့အင်ဒါဆင်၊ မားသီးယပ်စ်ဖာနန်ဒက်စ်၊ ဆန်ဒရိုတာနာလီတို့အား ခေါ်ယူရေး ပစ်မှတ်ထားခဲ့ပေမဲ့ မန်စီးတီးနှင့် စပါးစ်တို့အား လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ၎င်းတို့ဟာ အူရယ်လီယန်ချူအာမီနီ၊ အဲလက်စ်စကော့နှင့် အင်ဒရေဆန်းတို့စ်တို့အား ပစ်မှတ်ထားနေတုန်း ဖြစ်ပါတယ်။

image

စပိန်နှင့် ပွဲမတိုင်မီ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ ခရစ္စတီယာနိုရော်နယ်ဒို အတည်ပြုလာ
=====================

ခရစ္စတီယာနိုရော်နယ်ဒိုက စပိန်နှင့် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီ ၂၀၂၆ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ အတည်ပြုလာပါတယ်။
အသက် ၄၁ နှစ်ရှိ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဟာ ၂၀၀၃ ခုနှစ်တွင် ပေါ်တူဂီအတွက် ပထမဆုံးနိုင်ငံတကာပွဲ ကစားခွင့် ရရှိပြီးနောက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားနေတာလည်း ဖြစ်ပါတယ်။
သူဟာ ပေါ်တူဂီအသင်းတွင် အရေးပါတဲ့ ကစားသမားအဖြစ် ဆက်လက်ကစားနေသလို Al-Nassr တွင်လည်း အကောင်းဆုံးခြေစွမ်းပြသနေတုန်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်တွင် အသက် ၄၅ နှစ်ရှိနေမည်ဖြစ်တာကြောင့် လက်ရှိ ကမ္ဘာ့ဖလားက နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမယ်လို့ ဆိုသွားပါတယ်။
စပိန်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုက "ဟုတ်ပါတယ်။ ဒါက နောက်ဆုံးပြိုင်ပွဲပါ။ ပျော်ကြစို့"လို့ ပြောကြားသွားပါတယ်။
ဒါပေမဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝကနေ ဘယ်တော့ အနားယူမလဲလို့ မေးမြန်းလာချိန်မှာတော့ "နားချင်တဲ့ အခါနားမယ်။ မင်းတို့ နားစေချင်တဲ့အချိန်မှာ နားမှာ မဟုတ်ဘူး။ ကစားပဲ နေနေ အရန်ခုံမှာပဲ ထိုင်နေနေ၊ လွှမ်းမိုးက ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ အသက် ၄၁ နှစ်အရွယ်အထိ ပွဲထွက်နေတုန်းလားလို့ လူတွေက မေးခွန်းထုတ်ကြတယ်။ ၂၃ နှစ်တိုင်တိုင် လူတွေ ကျွန်တော့်ကို သတ်ဖို့ ကြိုးပမ်းလာခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ အခု သူတို့ အချိန်ဖြုန်းလိုက်မိပြီဆိုတာ သိသွားကြပြီ။ သူတို့ အမုန်းကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဘာမှ မရခဲ့ကြဘူး။ ကျုပ်ကပဲ ဒါကို အသုံးချသွားတယ်"လို့ ပြောကြားသွားပါတယ်။
တဆက်တည်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုက ၎င်းမှာ ယခင်တုန်းကကဲ့သို့ ကစားသမားမျိုး မဟုတ်တော့ကြောင်း ဝန်ခံသွားပေမဲ့ ဂိုးသွင်းနေတုန်း ဖြစ်ကြောင်း ဆိုသွားပါတယ်။
၎င်းက "ကျုပ် ဂိုးမသွင်းနိုင်ရင်တောင် ကစားဖော်‌တွေ ဂိုးသွင်းလာကြမယ်။ ပြီးရင် နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်တယ်။ စစ်ဆေးရေးက နောက်တစ်ဆင့်သို့ တက်ဖို့ပါ။ ကျုပ် ဂိုးသွင်းဖို့ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်ယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃ ဂိုးသွင်းယူထားပါတယ်။
သူဟာ ပေါ်တူဂီအတွက် ၂၃၂ ပွဲကစားထားရာမှာ ၁၄၆ ဂိုးအထိ သွင်းထားပြီး ယူရို ၂၀၁၆ နှင့် နေးရှင်းဖလား ၂ ကြိမ်ဆွတ်ခူးနိုင်အောင် ကူညီပေးထားပါတယ်။

image

ကမ္ဘာ့ဖလားမှ ထွက်ရပြီးနောက် အန်ဆယ်လော့တီအား ထုတ်ပယ်ရန် ဘရာဇီးပြည်သူများ တောင်းဆိုလာ
=====================

ဘရာဇီးပရိသတ်များဟာ နော်ဝေကို ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ အံ့ဩသင့်ဖွယ် ထွက်ခွာခဲ့ရပြီးနောက် ကာလိုအန်ဆယ်လော့တီအား ထုတ်ပယ်စေလိုလျက်ရှိကြပါတယ်။
အန်ဆယ်လော့တီဟာ ကမ္ဘာ့ဖလားမတိုင်မီတုန်းက ဘရာဇီးကို ၂၄ နှစ်ကြာ ဝေးကွာလာခဲ့တဲ့ ကမ္ဘာ့ဖလားအား ရယူပေးနိုင်မဲ့သူအဖြစ် တင်စားပြောဆိုခံခဲ့ရပေမဲ့လည်း နော်ဝေအား ၂-၁ ဖြင့် ရှုံးနိမ့်ကာ ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာလိုက်ရပြီ ဖြစ်ပါတယ်။
အာလင်းဟာလန်းက နော်ဝေအတွက် ၂ ဂိုးသွင်းခဲ့တာ ဖြစ်ပြီး ဘရာဇီးအတွက် နှစ်သိမ့်ဂိုးကို နေမာက ပင်နယ်တီကနေ သွင်းခဲ့တာပါ။
ပွဲအပြီးတွင် အန်ဆယ်လော့တီက ဘရာဇီးနည်းပြရာထူးမှ ထွက်ခွာမည်မဟုတ်ကြောင်း ဆိုသွားပါတယ်။
အီတလီလူမျိုးနည်းပြက "ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်ရမယ်၊ ပြီးကောင်းအောင် လုပ်သွားရမယ်။ ပြီးတော့ စိတ်ကူးသစ်တွေ ရှာရမယ်။ ဒီအရှုံးက အဆုံးသတ်မဟုတ်ဘူးလို့ ယုံကြည်တယ်။ ဒါပေမဲ့ သံသရာအသစ်တစ်ခု အစ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒါပေမဲ့ တဖက်မှာတော့ ဘရာဇီးပရိသတ်များကတော့ အန်ဆယ်လော့တီအား ထုတ်ပယ်စေလိုနေကြပါတယ်။
အန်ဆယ်လော့တီဟာ ဘောလုံးသမိုင်းတွင် ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ဆွတ်ခူးထားနိုင်တဲ့ တစ်ဦးတည်းသော နည်းပြအဖြစ်လည်းကောင်း၊ ကွဲပြားတဲ့ လိဂ်ကြီး ၅ ခုတွင် ပြည်တွင်းဖလားနှင့် အမှတ်ပေးဖလား ရယူထားနိုင်တဲ့ တစ်ဦးတည်းသော နည်းပြအဖြစ်လည်းကောင်း ရပ်တည်နေတဲ့ နည်းပြဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်မှု မရရှိပြီးနောက် ဖိအားများနှင့် ကြုံနေရပြီ ဖြစ်ပါတယ်။
တဖက်တွင် ဘရာဇီးပရိသတ်များက အန်ဆယ်လော့တီအား ထုတ်ပယ်ကာ ပက်ဂွါဒီယိုလာနှင့် အစားထိုးခန့်အပ်ရန်လည်း တောင်းဆိုနေကြပါတယ်။
ဂွါဒီယိုလာဟာ ယခင်တုန်းက ဘရာဇီးနည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားခဲ့ဖူးသူဖြစ်ပြီး မန်စီးတီးမှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပါတယ်။
ဂွါဒီယိုလာဟာ လက်ရှိအချိန်တွင် အနားယူနေပြီး ဘယ်အချိန်တွင် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

image

ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် ဘရာဇီးလက်ရွေးစင်ကစားသမားဘဝမှ အနားယူလာတဲ့ နေမာ
=======================

နေမာဟာ နော်ဝေကို ၂-၁ ဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာရပြီးနောက် ဘရာဇီးလက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာလာပါတယ်။
အသက် ၃၄ နှစ်ရှိ နေမာဟာ ဘရာဇီးအတွက် ဆယ်စုနှစ် နှစ်ခုနီးပါး ကစားခဲ့သူ ဖြစ်ပြီး သမိုင်းတွင် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်လာသူလည်း ဖြစ်ပါတယ်။
နေမာဟာ ပွဲသိမ်းခရာမှုတ်ပြီးချိန်တွင် အရုတ်ကျိုးပြတ်ထိုင်ချခဲ့ပြီး ကစားဖော်များ အလျှင်အမြန် လာရောက်ကာ နှစ်သိမ့်မှု ပြုလုပ်ပေးခဲ့ကြပါတယ်။
ပွဲအပြီးတွင် နေမာက "ကျုပ် ကြိုးစားခဲ့တယ်။ ကြိုးစားခဲ့တယ်။ Met Life (ကွင်း)မှာပဲ စတင်ခဲ့ပြီး ဒီမှာပဲ အဆုံးသတ်သွားခဲ့တယ်။ အားလုံး ပြီးသွားပြီ"လို့ ပြောကြားသွားပါတယ်။
နော်ဝေစတားများကလည်း နေမာထံသို့ သွားရောက်ကာ ပွေ့ဖက် နှစ်သိမ့်မှု ပြုလုပ်ပြီး လေးစားကြောင်း ပြသခဲ့ကြသလို ကွင်းအတွင်းရှိ ပရိသတ်များကလည်း လက်ခုပ်တီးကာ ဂုဏ်ပြုခဲ့ကြပါတယ်။
နေမာဟာ ဘရာဇီးအတွက် ပွဲ ၁၃၀ ကစားခဲ့ရာမှာ ဂိုး ၈၀ သွင်းယူပြီး ဘရာဇီးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဘရာဇီးအတွက် ၂ ပွဲကစားပေးခဲ့ရာမှာ ပင်နယ်တီမှ တဆင့် တစ်ဂိုးသွင်းပေးခဲ့ပါတယ်။

image

နော်ဝေကို ရှုံးနိမ့်ကာ ဘရာဇီးတို့ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် ဟာလန်းထံ သွားရောက် ဂုဏ်ပြုကာ လူကြီးလူကောင်းဆန်မှုကို ပြသခဲ့တဲ့ ဗီနီရှပ်စ်
===================

ဗီနီရှပ်စ်ဂျူနီယာဟာ နော်ဝေကို ရှုံးနိမ့်ပြီး ဘရာဇီးတို့ ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရပြီးနောက် အာလင်းဟာလန်းထံသို့ သွားရောက် ဂုဏ်ပြုကာ လူကြီးလူကောင်းဆန်မှုကို ပြသခဲ့ပါတယ်။
ယခုလနှောင်းပိုင်းတွင် အသက် ၂၆ နှစ်ပြည့်မဲ့ အာလင်းဟာလန်းဟာ ဘရာဇီးအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် နော်ဝေအတွက် ၂ ဂိုးလုံးအား သွင်းယူကာ ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပွဲအပြီးတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ရယူပြီးနောက် အာလင်းဟာလန်း အင်တာဗျူး ပြုလုပ်နေစဉ် ဗီနီရှပ်စ် ရောက်လာပြီး ဂုဏ်ပြုပွေ့ဖက်မှု ပြုလုပ်ခဲ့ပါတယ်။
ဗီနီရှပ်စ်ဟာ သူ့အသင်းကို ကမ္ဘာ့ဖလားကနေ ထုတ်ပယ်ရအောင် လုပ်ခဲ့တဲ့ ဟာလန်းထံသို့ သွားရောက်ကာ အလွန်လူကြီးလူကောင်းဆန်စွာ သွားရောက် ဂုဏ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဟာလန်းဟာ ဘရာဇီးနှင့်ပွဲစဉ်မှ ၂ ဂိုးကြောင့် ကမ္ဘာ့ဖလားသွင်းဂိုး ၇ ဂိုးဖြင့် လီယွန်နယ်မက်ဆီ၊ ကိုင်လီယန်ဘက်ပေးတို့နှင့်အတူ ရွှေဖိနပ်အား ဦးဆောင်ထားနိုင်ပါတယ်။
အာလင်းဟာလန်းဟာ နော်ဝေအတွက် ၅၄ ပွဲကစားထားရာမှာ ၆၂ ဂိုးအထိ အံ့ဩသင့်ဖွယ် သွင်းယူထားနိုင်ပါတယ်။
အာလင်းဟာလန်းရဲ့ နော်ဝေဟာ ကမ္ဘာ့ဖလားကွာတားဖိင်နယ်တွင် အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ကစားရပါမယ်။

image

ဘာလိုဂန်ရဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲ ချမှတ်လာတဲ့ ဖီဖာကို ဒေါ်နယ်ထရမ့် ကျေးဇူးတင်
======================

ဖိုလာရန်ဘာလိုဂန်ဟာ တစ်ပွဲပယ်ပြစ်ဒဏ်အား ဖီဖာက ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်လာမှုနှင့်အတူ ဘယ်လ်ဂျီယံနှင့် ရင်ဆိုင်ကစားရမဲ့ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ပါဝင်ကစားလာနိုင်တော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃ ဂိုးသွင်းကာ အမေရိကန်ရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေတဲ့ ဘာလိုဂန်ဟာ ဘော့စနီးယားအား ၂-၀ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ဘော့စနီးယားနောက်ခံလူတာရစ်ခ်မူဟာရီမိုဗစ်အား နင်းခဲ့မှုအတွက် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
သူဟာ အနီကတ်ပြစ်ဒဏ်ကြောင့် အလိုအလျှောက် ၁ ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ကာ ဘယ်လ်ဂျီယံနှင့်ပွဲကို လွဲလာပါမယ်။
ဒါပေမဲ့ ဖီဖာက ဘာလိုဂန်ရဲ့ ပြစ်ဒဏ်အား တစ်နှစ်ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲ ချမှတ်လာပါတယ်။ ဖီဖာဟာ ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်အား ဘယ်လို အကြောင်းရင်းကြောင့် ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်လာသလဲဆိုတာ ရှင်းလင်းချက် မပေးသွားပါဘူး။
ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ကတော့ ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ် အံ့ဩသင့်ရကြောင်းနှင့် ယခု အဖြစ်အပျက်နှင့်ပတ်သက်ပြီး အလုံးစုံ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။
တဖက်တွင် ဖီဖာဥက္ကဌအင်ဖန်တီနိုရဲ့ သူငယ်ချင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က "Thank you to Fifa for doing what was right, and reversing a great injustice! President DONALD J. TRUMP."လို့ ပြီး ပို့စ်တင်သွားပါတယ်။
အေအက်ဖ်ပီနှင့် ရိုက်တာသတင်းဌာနတို့ရဲ့ ဖော်ပြမှုအရ ဒေါ်နယ်ထရမ့်ဟာ ယခုအပတ်အစောပိုင်းတုန်းက ဖီဖာဥက္ကဌအင်ဖန်တီနိုအား ဖုန်းဆက်သွယ်ကာ ဘာလိုဂန်ရဲ့အနီကတ်အား ပြန်လည်သုံးသပ် တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြသွားပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇူလိုင် ၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၃၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၁၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၀၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၈၀ ကျပ်
ဝယ်ဈေး - ၄၂၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၂၂ ကျပ်
ဝယ်ဈေး - ၄၈၈၈ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၃ ကျပ်
ဝယ်ဈေး - ၁၂၉.၁၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၉ ကျပ်
ဝယ်ဈေး - ၁၀၅၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၄၉ ကျပ်
ဝယ်ဈေး - ၆၃၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၂၃ ကျပ်
ဝယ်ဈေး - ၂၆.၅၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၂၁ ကျပ်
ဝယ်ဈေး - ၄၅.၀၂ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၁၈ ကျပ်
ဝယ်ဈေး - ၅၆၆၄ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၃၈ ကျပ်
ဝယ်ဈေး - ၂၉၅၇ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၉၄ ကျပ်
ဝယ်ဈေး - ၃၀၁၄ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၂ ကျပ်
ဝယ်ဈေး - ၅၄၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၀ ကျပ်
ဝယ်ဈေး - ၁၁၆၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image