ပါတီကို ပိတ်ပင်ထားပါကအကြမ်းဖက်မှုများဖြစ်လာနိုင်--ဟာစီနာ၏သား
အဝါမီလိဂ်ပါတီကို ဆက်လက်ပိတ်ပင်ထားပါက ပါတီထောက်ခံသူများသည် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲကို တားဆီးကြလိမ့်မည်ဟု ဖြုတ်ချခံခဲ့ရသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ သားဖြစ်သူနှင့် အကြံပေးပုဂ္ဂိုလ်က တနင်္ဂနွေနေ့တွင် သတိပေးခဲ့သည်။ ထို့အပြင် ကြားဖြတ်အစိုးရအနေဖြင့် ယင်းအခြေအနေကို မပြောင်းလဲပါက နိုင်ငံတစ်ဝန်းဆန္ဒပြမှုများသည် အကြမ်းဖက်မှုသို့ အရှိန်မြင့်သွားနိုင်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။
၂၀၂၄ ခုနှစ်က ကျောင်းသားများဦးဆောင်သော ဆန္ဒပြမှုများအကို ပြင်းထန်စွာ နှိမ်နင်းခဲ့မှုများနှင့် ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြင့် အသက် ၇၈ နှစ်အရွယ် ဟာစီနာကို ဒါကာတရားရုံးတစ်ခုက ရုပ်သံမှတဆင့် မျက်ကွယ်စီရင်ချက်မချမီ တစ်ရက်အလိုတွင်ပြုလုပ်သည့် ရိုက်တာသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် သားဖြစ်သူ ဆာဂျစ် ဝါဇက်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဟာစီနာကမူ သူ့အပေါ် စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ထိုအမှုသည် နိုင်ငံရေးအရတိုက်ခိုက်မှုဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ဟာစီနာသည် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးခဲ့ပြီးနောက်ပိုင်း နူးဒေလီတွင် ပြည်ပြေးအဖြစ် နေထိုင်ခဲ့သည်။ အိန္ဒိယအစိုးရက သူ့ကို အပြည့်အဝအကာအကွယ်ပေးထားကြောင်းနှင့် သူ့ကို နိုင်ငံခေါင်းဆောင်တစ်ဦးသဖွယ် ဆက်ဆံကြောင်း ဝါဇက်က ပြောကြားခဲ့သည်။
ဟာစီနာ၏ ၁၅ နှစ်ကြာ အုပ်ချုပ်မှုအဆုံးသတ်ပြီးကတည်းက ကြားဖြတ်အစိုးရကို ဦးဆောင်လျက်ရှိသော နို့ဘဲလ်ဆုရှင် မိုဟာမက်ယူနွတ်စ်၏ ပြောရေးဆိုခွင့်ရှိသူများကို ဝါဇက်၏ ပြောဆိုချက်များနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တနင်္ဂနွေနေ့ညပိုင်းတွင် တောင်းဆိုခဲ့သော်လည်း တုန့်ပြန်ဖြေကြားခဲ့ခြင်းမရှိပေ။