စက်သုံးဆီ အခက်အခဲကြောင့် အဝေးပြေး ကားလက်မှတ်ခတွေ မြင့်တက်လာ

စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲကြောင့် အဝေးပြေး ယာဉ်လိုင်းတချို့ရဲ့ ကားလက်မှတ်ခ ဈေးနှုန်းတွေဟာ အခု မတ်လ တတိယပတ်ကစပြီး အရင်ကထက် ဈေးမြင့်တက်လာတယ်လို့ ရန်ကုန်အခြေစိုက် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းတချို့ဆီကနေ သိရပါတယ်။

အရင်က မြစ်ကြီးနား - မန္တလေး ကားလက်မှတ်ခ နှုန်းထားမှာ တသိန်း ခုနစ်သောင်းကျပ်ကနေ အခု ကျပ် နှစ်သိန်း၊ ရန်ကုန် - မန္တလေး (ရိုးရိုး) အရင် နှစ်သောင်းရှစ်ထောင်ကျပ်ကနေ အခု ကျပ် သုံးသောင်းခွဲ၊ ရန်ကုန် - မန္တလေး (VIP) အရင် ကျပ် လေးသောင်းကနေ အခု လေးသောင်း ရှစ်ထောင်ကျပ် ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန် - နေပြည်တော် (VIP) ကတော့ အရင် ကျပ် နှစ်သောင်း ကိုးထောင့်ငါးရာကနေ အခု ကျပ် သုံးသောင်းသုံးထောင် ဝန်းကျင်၊ ရန်ကုန် - နေပြည်တော် (ရိုးရိုး) ကတော့ အရင် ကျပ် နှစ်သောင်းတထောင်ကနေ အခု ကျပ် နှစ်သောင်းလေးထောင် ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပြီး အခုဖြစ်ပေါ်နေတဲ့ ခရီးစဉ် ဈေးနှုန်းတွေဟာ အဝေးပြေးယာဉ်လိုင်း တခုနဲ့တခုကြားမှာ ကွာခြားပြောင်းလဲတာတွေ ရှိနိုင်တယ်လို့လည်း သိရပါတယ်။

အခုလို အဝေးပြေးကားခတွေ ဈေးနှုန်း မြင့်တက်လာတာနဲ့ပတ်သက်လို့ ပြည်သူတယောက်က “အခုက ဆီစျေးက အများကြီး မတက်သေးဘူး။ ဝယ်ရခက်တာကို အကြောင်းပြပြီး ကားခတွေ ဈေးတက်လာတာ။ ဒါတောင် သင်္ကြန်ကာလ မရောက်သေးဘူး။ ဈေးက တက်နှင့်နေပြီ။ နောက်လဆို ပိုဆိုးလာမယ်ထင်တယ်။ အခုက သင်္ကြန်အတွက် ကြိုမဝယ်ရင်လည်း လက်မှတ်ကမရဘူး။ ၀ယ်ပြန်တော့လည်း ဈေးမပြောင်းရသေးလို့ မရောင်းပေးသေးဘူး ပြောကြတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ အဝေးပြေး ယာဉ်လိုင်းကြီးတချို့က သင်္ကြန်အတွက် ကားလက်မှတ် ကြိုတင် ရောင်းချမယ့်ရက်တွေကို ပြန်လည်ပြောင်းလဲ သတ်မှတ်ကာ ရောင်းချနေတာရှိပြီး ယာဉ်လိုင်းတချို့ကတော့ ရောင်းချမယ့်ရက်ကို သတ်မှတ်နိုင်ခြင်း မရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“သင်္ကြန်ပိတ်ရက်အတွက် ကြိုတင်လက်မှတ် ရောင်းချဖို့က ကျွန်တော်တို့လည်း ချိန်ဆနေရတယ်။ နောက်ပိုင်း ဆီအခက်အခဲက ဘယ်လို ရှိလာနိုင်မလဲဆိုတာ မသိသေးဘူးလေ။ လတ်တလော ဆီဝယ်ယူနေရတာတွေကလည်း အကန့်အသတ်တွေနဲ့ ဆိုတော့ အခက်အခဲတွေကတော့ အများကြီးပဲ။ ခရီးစဉ်အပြည့် ဆွဲပေးနိုင်ဖို့ ဆိုတာကလည်း တော်တော်ချိန်ဆနေရတယ်” လို့ အဝေးပြေး ယာဉ်လိုင်းတခုရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

လက်ရှိမှာ Elite Express နဲ့ တခြားပို့ဆောင်ရေး ကုမ္ပဏီတချို့ကလည်း ကားလက်မှတ် ဈေးနှုန်းတွေကို ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပြီး Elite Express ကတော့ မနေ့ မတ် ၁၈ ရက်နေ့မှ စတင်ကာ ကားလက်မှတ် ဈေးနှုန်းတွေကို ပြောင်းလဲထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ခရီးသည် တယောက်က “ကားခက တခုခု အကြောင်းပြ၊ တက်ပြီးရင်လည်း ပြန်ချပေးတာ မဟုတ်ဘူး။ ကိုဗစ်တုန်းကလည်း တယောက် နှစ်ခုံစာဈေး သတ်မှတ်လိုက်တာ၊ အဲဒီကတည်းက ဈေးပြန်မကျတော့တာ ခုထိပဲ။ အခုရော ဆီအခက်အခဲတွေ ပြေလည်သွားရင် ကားခစျေး ပြန်ကျဖို့ရော ရှိလားသိချင်တယ်။ နောက်ဆုံးတော့ ခရီးသွားပြည်သူတွေပဲ နင်းပြားဘဝ ရောက်ကြရတာပဲ” လို့ ပြောပါတယ်။

မကြာမီ ကာလအတွင်း သင်္ကြန်ကာလ ရုံးပိတ်ရက်တွေ ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် အဲဒီအချိန်အထိ စက်သုံးဆီ ကြပ်တည်းမှုတွေ ဆက်လက် ဖြစ်ပေါ်နေပါက အဝေးပြေး ကားလက်မှတ်ခ နှုန်းထားတွေ နဂို လက်မှတ်ဈေးထက် အဆများစွာ မြင့်တက်လာမှာကို စိုးရိမ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အောင်မင်္ဂလာ အဝေးပြေးကားဝင်းက သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေကို VOM က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

လက်ရှိ စက်သုံးဆီ ဈေးကွက်အတွင်းမှာတော့ သီလဝါဆိပ်ကမ်းက ဆီတင်ဘောက်ဆာတွေ ဆီခွဲတမ်း ထုတ်မပေးခြင်း၊ အဝင်နည်းခြင်းနဲ့ တင်သွင်းသူတချို့ရဲ့ ဈေးတင် တောင်းဆိုမှုတွေကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“အရန်ဆီလည်း နည်းနေပြီကြားတယ်။ အခု အနေအထားက တာဝန်ရှိသူတွေရဲ့ လုပ်နည်းကိုင်နည်းတွေ မှားနေတယ်။ ခွဲတမ်း ထုတ်ပေးတာကိုလည်း မလိုအပ်ဘဲ အချိန်ဆွဲထားသလို ဖြစ်နေတယ်။ ဘာ့ကြောင့်လဲ ဆိုတာကို မေးတော့လည်း ရှင်းရှင်းလင်းလင်း မသိရဘူး။ ဒီတိုင်းဆို ဈေးကွက်ထဲ ဆီပြတ်သွားနိုင်တယ်” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိ ဆီကန့်သတ်မှုဟာ လေကြောင်းလိုင်းတွေကိုပါ ထိခိုက်မှု ရှိနေတာဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်တဲ့ ပြည်ပ လေကြောင်းလိုင်းတွေက နိုင်ငံတကာ ကုန်တင်နဲ့ ခရီးသည်တင် လေယာဉ်တွေကို လေယာဉ်ဆီ ဖြည့်ပေးမှာ မဟုတ်တော့ဘူးလို့ NEPAS - Airport Depot Office (National Energy Puma Aviation Services) က မနေ့ မတ် ၁၈ ရက်မှာ လေကြောင်းလိုင်းတွေကို အီးမေးလ်ကနေ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်တွင်းလေကြောင်းတခုဖြစ်တဲ့ MAI (Myanmar Airways International) ကလည်း လက်ရှိ Jet A1 လောင်စာဆီထောက်ပံ့မှု အကန့်အသတ်ရှိခြင်းနဲ့ ဆက်စပ် လည်ပတ်မှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ခရီးသည် တဦးကို အများဆုံး ၁၀ ကီလိုဂရမ်အထိ သယ်ဆောင်ခွင့် ပြုထားပြီး နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း အပိုခရီးဆောင်အိတ် အကျိုးခံစားခွင့်တွေကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ၎င်းတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေး ကြေညာထားပါတယ်။

image

ဗန်းမောက် စစ်ရှောင်တွေ မြို့တွင်း နေရပ်ပြန်လည် ဝင်ရောက်နေထိုင်မှုများလာ

စစ်ကိုင်းတိုင်း ၊ ဗန်းမောက်မြို့မှာ စစ်ရှောင် ဒေသခံတွေ နေရပ် ပြန်လည်ဝင်ရောက် နေထိုင်မှု ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က
ဗန်းမောက်မြို့တွင်းမှာ မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုကို ထိုက်သင့်သလောက် လုပ်ဆောင်ပြီးဖြစ်တဲ့အတွက် စစ်ဘေးရှောင် ပြည်သူတွေကို မတ် ၁၈ ရက်နေ့ကစပြီး မြို့တွင်းပြန်လည်နေထိုင်ခွင့် ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ် ။

ဒါကြောင့် လက်ရှိမှာ စစ်ရှောင်ပြည်သူတချို့က နေရပ်ပြန်လည် နေထိုင်မှုရှိလာသလို တချို့ကတော့ နေရပ်မပြန်သေးဘဲ အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

" မနေ့ကစပြီး မြို့ထဲပြန်ဝင်လို့ရပြီ ပြောလို့ အခြေအနေကို သွားကြည့်ကြတဲ့သူတွေရှိသလို အိမ်ပြန်နေကြသူတွေလည်းရှိတယ်။ စစ်ရှောင်အကုန်လုံးတော့ နေရပ်မပြန်ကြသေးဘူး ။ SNA ကလည်းအခုမိုင်းရှင်းတာတွေ လုပ်ထားတယ်ဆိုပေမယ့် တမြို့လုံးအကုန်တော့ မလုပ်နိုင်သေးဘူးဆိုတော့လေ ။ အိမ်ပြန်နေသူတွေကို သူတို့ကအသိပေးထားတယ်။ ထူးခြားတာ ၊မသင်္ကာစရာပစ္စည်း ၊ ဗုံး တခုခုနဲ့တွေ့ရင် အကြောင်းကြားဖို့ ပြောထားတယ် သိရတယ် ။ " လို့ စစ်ရှောင်ကူညီနေသူ ဒေသခံက ပြောပါတယ် ။

စစ်ရှောင်ဒေသခံ တွေအနေနဲ့ ဗန်းမောက်မြို့တွင်းကို နေရပ်ပြန်လည် နေထိုင်ခွင့်ရပေမယ့်လည်း မြို့တွင်းမှာရှိတဲ့ လူနေအဆောက်အဦးတွေအနေနဲ့ တိုက်ပွဲကြောင့် လက်နက်ထိမှန် ပျက်စီးမှုရှိခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်တယ်လို့ သိရပါတယ်။

" တိုက်ပွဲကြောင့် မြို့ထဲမှာ တော်တော်များများ ပျက်စီးမှုရှိထားတယ်။ နေရပ်ပြန်ခွင့်ရပေမယ့် တိုက်ပွဲကြောင့် အိမ်မရှိတော့တဲ့သူတွေ အများကြီးရှိတယ်။တချို့လည်း ပျက်စီးကုန်တယ်။ အဲဒီလိုလူတွေအတွက် အကူအညီတွေလိုအပ်ပါတယ်။" လို့ သူက ထပ်မံပြောပါတယ်။

ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အစိုးရတပ်နဲ့ SNA ပူးပေါင်းတပ်တွေက ပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက်မှာ နယ်မြေရှင်းလင်းရေးကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး မိုင်းရှင်းလင်းရေးကိုပါ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရ​ပါတယ်။

ဗန်းမောက်မြို့ကို KIA ပူးပေါင်းတပ်တွေဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၂၀ ရက်မှာ မြို့ကိုထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ကြောင်း အဲဒီနောက် အောက်တိုဘာမှာ အစိုးရတပ်နဲ့ SNA တပ်တွေက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မြို့တွင်းရှိ အဆောက်အဦးတွေမှာ လက်နက်ကြီး ၊ ဗုံးထိမှန်မှုကြောင့် ၈၀ ရာခိုင်နူန်းလောက်အထိ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ် ။

image

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ယူအေအီး (UAE) သမ္မတရဲ့ အထူးကိုယ်စားလှယ်တို့ ဘေဂျင်းမှာ တွေ့ဆုံ

မတ် လ (၁၈) ရက်နေ့က ​တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ UAE အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

​တရုတ်နိုင်ငံရဲ့ ထိပ်တန်းသံတမန် ဝမ်ယိက အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် လူအသေအပျောက်နဲ့ အရှုံးအမြတ်တွေ ရပ်တန့်ဖို့ ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးရဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
​ဘေဂျင်းမှာပြုလုပ်တဲ့ ယူအေအီး (UAE) သမ္မတရဲ့ အထူးကိုယ်စားလှယ် ခါဒွန်း ခါလီဖာ အယ်လ်မူဘာရက်နဲ့ တွေ့ဆုံပွဲမှာ ဝမ်ယိက အခုလို ပြောကြားခဲ့တာပါ။
​ဒေသတွင်း တည်ငြိမ်ရေး

အရှေ့အလယ်ပိုင်းမှာ စိုးရိမ်စရာပဋိပက္ခတွေ ဖြစ်နေချိန်မှာ တရုတ်နဲ့ UAE ကြား ဆက်ဆံရေးဟာ ပိုပြီးတော့ အရေးကြီးလာတယ်လို့ ဝမ်ယိက ဆိုပါတယ်။ နှစ်နိုင်ငံကြား ယုံကြည်မှု တည်ဆောက်ပြီး ပုံမှန်ဆက်သွယ်ညှိနှိုင်းနေတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမှာပါ။
​ပူးပေါင်းဆောင်ရွက်ရေး

တရုတ်နိုင်ငံအနေနဲ့ UAE နဲ့ အဆင့်မြင့်တွေ့ဆုံမှုတွေ ပိုလုပ်ချင်သလို၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုလည်း အတူတူလက်တွဲလုပ်ဆောင်ပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နောက်တစ်ဆင့်တက်လှမ်းဖို့ အသင့်ရှိနေပါတယ်။

​UAE ရဲ့ သဘောထား

အထူးကိုယ်စားလှယ် ခါဒွန်းကလည်း တရုတ်နိုင်ငံကို "ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ" လို့ တင်စားပြောဆိုခဲ့ပြီး ပညာရေး၊ ယဉ်ကျေးမှု၊ စွမ်းအင်နဲ့ စီးပွားရေးကဏ္ဍတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

​စစ်ပွဲအပေါ် တရုတ်ရဲ့ ရပ်တည်ချက်

​ဝမ်ယိက အရှေ့အလယ်ပိုင်း အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြရာမှာ -
​ဒီစစ်ပွဲဟာ လုံးဝမဖြစ်သင့်တဲ့ စစ်ပွဲဖြစ်ပြီး ဆက်ဖြစ်နေဖို့လည်း အကြောင်းမရှိဘူးလို့ ပြောပါတယ်။
​အရပ်သားတွေနဲ့ အရပ်ဘက် အဆောက်အအုံတွေကို တိုက်ခိုက်တာကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
​UAE ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သလို၊ အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးပြန်ရဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

image

လျှပ်စစ်မီး အလှည့်ကျစနစ်ကြောင့် စက်သုံးဆီအသုံးပိုလာပြီး ကုန်စည်စီးဆင်းမှု ထိခိုက်နိုင်

လက်ရှိ လျှပ်စစ်ဓာတ်အား အလှည့်ကျ ဖြတ်တောက်မှု စနစ်ကြောင့် မီးစက်အသုံးများလာတာ​ကြောင့် နိုင်ငံအတွင်း စက်သုံးဆီ ပိုမိုရှားပါးလာနိုင်ပြီး ကုန်စည်စီးဆင်းမှု ကွင်းဆက်တလျှောက် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

မတ် ၁၈ ရက်နေ့မှ စတင်ပြီး နိုင်ငံတဝန်းမှာ တရက်ကို စုစုပေါင်း ၈ နာရီ အလှည့်ကျ လျှပ်စစ်မီး ဖြတ်တောက်သွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။

ဒါကြောင့် စင်တာတွေ၊ ကုမ္ပဏီတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ အပြင် မီးစက်ကို မှီခိုအားထားရမယ့် လုပ်ငန်းတွေအားလုံး စက်သုံးဆီကို ပိုမို လိုအပ်လာနိုင်တာကြောင့် နိုင်ငံအတွင်း စက်သုံးဆီ အလျှင်အမြန် ပြတ်တောက်သွားနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

‌“နွေရာသီမှာ ဓာတ်အားပေးမှု မလုံလောက်တဲ့ ပြဿနာက နှစ်တိုင်း ဖြစ်နေကျ ဆိုပေမယ့် ဒီနှစ်ကတော့ မတူဘူးလေ။ စက်သုံးဆီ ချွေတာ သုံးစွဲနေရတဲ့အချိန်မှာမှ ဓာတ်အား ပြတ်တောက်မှု ဆိုတဲ့ ပြဿနာပါ ထည့်ပေါင်းလိုက်မယ်ဆို ထိခိုက်မှုက နှစ်ဆ ဖြစ်သွားနိုင်တယ်။ EV ကားတွေကအစ မီးစက်ကနေ ပြန်အားသွင်းရမှာ” လို့ ‌သူက ပြောပါတယ်။

လျှပ်စစ်မီး အခက်အခဲကြောင့် ဈေးကွက်အတွင်း အင်ဗာတာ၊ ဘက်ထရီအပြင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူသူ များပြားလာနိုင်ပြီး စျေးတက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်အတွင်း ကုန်ကျစရိတ်တွေ ထပ်တိုးလာနိုင်တာကြောင့် အကျိုးဆက်အဖြစ် ကုန်ဈေးနှုန်းတွေလည်း ထပ်မံ ကြီးမြင့်လာနိုင်တယ်လို့ နောက်ထပ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

“စက်သုံးဆီလိုအပ်ချက် များလာတာနဲ့အမျှ တိုင်းပြည်ထဲ ဆီကုန်တာ မြန်သွားနိုင်တယ်။ Service ပေးတဲ့ လုပ်ငန်း‌တွေနဲ့ စက်ရုံတွေကနေ Product အမီထုတ်နိုင်ဖို့အတွက် ဆီလိုအပ်ချက် များလာနိုင်တယ်။ လုပ်ငန်းတွေ ဆိုတာကလည်း ရပ်ထားလို့မှ မရတာကိုး။ ရပ်ထားရပြီဆိုလည်း ဈေးကွက်ထဲ အကုန် ကမောက်ကမ ဖြစ်ကုန်လိမ့်မယ်။ ဆီက တရားဝင် အလွယ်တကူ ဝယ်လို့မရရင် မှောင်ခိုဈေးကွက် ပိုအားကောင်းလာနိုင်တယ်။ ဆီဈေးတွေ အခုထက်ပိုပြီး မတန်တဆ ဖြစ်သွားနိုင်တယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တရက်တာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ ၄,၆၆၄ မဂ္ဂါဝပ် ဖြစ်ပေမယ့်လည်း လက်ရှိမှာ ၃,၆၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်တာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။

လက်ရှိမှာ နိုင်ငံတဝန်း အလှည့်ကျစနစ်နဲ့ အုပ်စုတွေခွဲကာ ဓာတ်အား ဖြန့်ဖြူးပေးမှာ ဖြစ်ပေမယ့် စက်မှုဇုန်တွေမှာ သုံးစွဲနေတဲ့ သဘာ၀ဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေး စက်ရုံတွေက ထုတ်လုပ်တဲ့ ဓာတ်အားလိုင်းတွေကိုတော့ စဉ်ဆက်မပြတ် ဆက်လက် ဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ရာသီဥတု ပူပြင်းတဲ့ နွေရာသီကာလကို ရောက်လာချိန် လျှပ်စစ်ဓာတ်အား သုံးစွဲမှု မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ဖို့ ဝန်အားမျှတ ခွဲဝေဖြန့်ဖြူးခြင်းကို ပြုလုပ်ရခြင်း ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စုံရက်၊ မရက် ဆီထည့်နေရကြားထဲ လျှပ်စစ်မီးကလည်း အလှည့်ကျပေးဦးမယ်။ ဆီစျေးကလည်း ထပ်တက်ဆိုတော့ အဆင်မပြေတာတွေကတော့ တောက်လျှောက်ပဲ။ ဈေးမတက်ခင်ကတည်းက တချို့ဆိုင်တွေက ကားတစီးကို ဆီ သုံးသောင်းဖိုးပဲ ထည့်ပေးပြီး ညနေ ၆ နာရီဆို ဆိုင်ပိတ်၊ ညဘက် မှောင်ခို တလီတာ ၅၅၀၀ ကျပ်နဲ့ ရောင်းစားနေတာ။ ဈေးတက်ပြီဆို ပိုဆိုးမယ်။ အခုအချိန်မှာ စက်သုံးဆီထက် လျှပ်စစ်မီးက ပိုအရေးကြီးတယ်။ မီးပျက်တာနဲ့ စပြီး အကုန် ပြဿနာတက်မယ်” လို့ အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။

လက်ရှိမှာ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ တရက်ကို ၈ နာရီ ဓာတ်အား အလှည့်ကျ ဖြန့်ဖြူးပေးမယ်လို့သာ ပြောဆိုနေပေမယ့် ပြီးခဲ့တဲ့ နှစ်တွေကအတိုင်း ဓာတ်အား ပြတ်တောက်ချိန်တွေ ပိုများလာပါက ဆီကားတွေတင်မက ဂက်စ်ကားတွေလည်း အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ စက်သုံးဆီ ရည်ညွှန်းဈေးကို ဒီကနေ့ မတ် ၂၀ ရက်ကစပြီး ၉၂ ဓာတ်ဆီ တလီတာ ၃၆၁၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၈၅၀ ကျပ်အဖြစ် ပြောင်းလဲ သတ်မှတ်ထားတာကြောင့် ၉၂ တလီတာကို ကျပ် ၈၀၀ နီးပါး၊ ၉၅ တလီတာကို ကျပ် ၉၀၀ ကျော်ဝန်းကျင် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။

ဒီဇယ်အနေနဲ့ ရန်ကုန်မြို့မှာ HSD (500 ppm) တလီတာကို အရင် ၃၂၀၅ ကျပ်ကနေ အခု ၄၃၉၀ ကျပ်၊ HSD (50 ppm) နဲ့ HSD (10 ppm) တလီတာကို အရင် ၃၅၆၀ ကျပ်ကနေ အခု ၄၈၂၀ ကျပ် သတ်မှတ်ထားပြီး မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ စစ်တွေ အပါအဝင် တခြားသော မြို့တွေမှာလည်း စက်သုံးဆီဈေးတွေ ပြောင်းလဲ တိုးမြှင့်ထားပါတယ်။

image

စင်ကာပူမွတ်စလင်များ မတ်လ ၂၁ ရက်တွင် ဟာရီရာယာ အီးဒ်ပွဲတော် ကျင်းပမည်

စင်ကာပူရှိ မွတ်စလင်ဘာသာဝင်များသည် လာမည့်စနေနေ့ (မတ်လ ၂၁ ရက်) တွင် ဟာရီရာယာ ပူဆာ (Hari Raya Puasa) အီးဒ်ပွဲတော် ကို ဆင်နွှဲကြမည် ဖြစ်သည်။

စင်ကာပူနိုင်ငံရှိ မွတ်စလင်ဘာသာဝင်များအတွက် သောကြာနေ့ (မတ်လ ၂၀ ရက်) သည် ရက်ပေါင်း ၃၀ ပြည့်မြောက်သည့် ရာမဒါန်ဥပုသ်လ၏ နောက်ဆုံးနေ့ ဖြစ်ပါသည်။

​ကြာသပတေးနေ့ နေဝင်ချိန်တွင် စင်ကာပူ၏ မိုးကုတ်စက်ဝိုင်းအထက်၌ ရှောင်ဝါလ် (Syawal) လဆန်းအကြို လခြမ်းကို မြင်တွေ့နိုင်သည့် အနေအထားတွင် မရှိခဲ့ကြောင်း စင်ကာပူနိုင်ငံ၏ မုဖ်သီ (အစ္စလာမ်သာသနာ့ဦးစီးမှူး) ဒေါက်တာ နာဇီရူဒင် မိုဟာမက် နာဆီယာ (Dr Nazirudin Mohd Nasir) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

​ထို့ကြောင့် ယခုနှစ် ဟစ်ဂျရီသက္ကရာဇ် ၁၄၄၇ ခုနှစ်အတွက် သောကြာနေ့သည် ရက်ပေါင်း ၃၀ ပြည့်မြောက်သည့် ရာမဒါန်လ၏ နောက်ဆုံးနေ့ဖြစ်ပြီး၊ ရှောင်ဝါလ်လ၏ ပထမရက် (အီးဒ်ပွဲတော်နေ့) သည် စနေနေ့တွင် ကျရောက်မည် ဖြစ်သည်။

​"ကျန်ရှိနေသေးတဲ့ ရာမဒါန်လမြတ်အတွင်းမှာ ကောင်းမှုကုသိုလ်တွေနဲ့ ဆုတောင်းမေတ္တာပို့သခြင်းတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ပြီး အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကြပါစို့" ဟု ဒေါက်တာ နာဇီရူဒင်က စင်ကာပူ အစ္စလာမ်ဘာသာရေးကောင်စီ (MUIS) မှတစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

​၎င်းက ဆက်လက်၍ "စင်ကာပူမှာရှိတဲ့ မွတ်စလင်ဘာသာဝင်အားလုံးကိုလည်း 'ဆီလာမတ် ဟာရီရာယာ အိုင်ဒီဖိသ်သရီ' (Selamat Hari Raya Aidilfitri) လို့ ဆုတောင်းစကား ဆိုချင်ပါတယ်။

​ရောက်ရှိလာတော့မယ့် ရှောင်ဝါလ်လကို ကျေးဇူးတင်ခြင်းများစွာနဲ့ ကြိုဆိုကြပြီး၊ တစ်ဦးနဲ့တစ်ဦးကြားမှာရှိတဲ့ ဆွေမျိုးသားချင်း သံယောဇဉ်တွေနဲ့ ဂရုဏာတရားတွေကို ပိုမိုခိုင်မြဲအောင် တည်ဆောက်နိုင်ကြပါစေ" ဟု ဆုတောင်းစကား ပြောကြားခဲ့သည်။

​စင်ကာပူ နည်းတူ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း မတ်လ ၂၁ ရက်နေ့ကို အီးဒ်ပွဲတော်နေ့အဖြစ် သတ်မှတ်ကျင်းပကြမှာဖြစ်ပါတယ်။

image

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ကျင်းပ၊ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်မယ်

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ ကျင်းပမှာဖြစ်ပြီး ဒီအစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စား လှယ် ၃၅ ဦး နဲ့ရှမ်းတိုင်းရင်းသား ၁ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ က လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊
PPP က လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ ပြည်သူ့ပါတီ က ၄ ဦး
တပ်မတော်သား ကိုယ်စားလှယ် ၁၈ ဦး တို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ တက်ရောက်မှာဖြစ်ပါတယ်။

image

ပြည်ထောင်စုလွှတ်တော်ကျင်းပ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက် အစည်းဝေးကျင်းပမယ့် ရက်ကိုကြေငြာမယ်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန် နေပြည်တော်က ပြည်ထောင်စုလွှတ်တော်အဆောက်အဦမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ကျင်းပနေပြီ ဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဥ်ကြေငြာခြင်းနဲ့ အစည်းအဝေးကို မတက်ရောက်နိုင်တဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် များအတွက် ခွင့်ပန်ကြားခြင်း၊ အစည်းအဝေးတက်ရောက်မှုအခြေ အနေကို အတည်ပြု မှတ်တမ်းတင်ခြင်းတို့ကို ဆောင် ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်တွေကို နှုတ်ခွန်းဆက်စကား ပြောကြားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတနဲ့ ဒုတိ ယ သမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို အစုအဖွဲ့ ဖွဲ့စည်းပြီး အစည်း အဝေး စတင်ကျင်းပမယ့် နေ့ရက်ကို သတ်မှတ်ကြေညာ သွားမှာဖြစ်တယ်လို့သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ၂၁၃ ဦး နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦး စုစုပေါင်း ၅၈၆ ဦး တို့ ပါရှိမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် အထွေထွေ ရွေး ကောက်ပွဲ၊ ၂၀၂၅-၂၀၂၆ ရလဒ်တွေအရ ဖွဲ့စည်းခဲ့ပြီး စုစုပေါင်း အမတ်နေရာ ၅၈၆ ခုံ ပါဝင်မှာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၂၀ ဦး ပါဝင်ပြီး၊ ကျန်တဲ့ ၁၆၆ ယောက် ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပြီး ခန့်အပ်ထားတဲ့ တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်တွေဖြစ်ပါတယ်။

image

ဦးအောင်ကျော်မိုး ကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြှောက်

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် USDP ပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

image

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့် ကို ရွေးချယ်တင်မြှောက်

မန္တလေး၊ မတ်- ၂၀- ၂၀၂၆

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရမည်းသင်းမြို့နယ်၊ ကိုယ်စားလှယ် အမှတ် ၁ ဦးကျော်မြင့် တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

image

အီရန်နိုင်ငံ အကြီးအကျယ် ထိခိုက်နေပြီလို့ နေတန်ယာဟု ပြောကြား၊ စွမ်းအင်ကဏ္ဍကို ထပ်တိုက်ရင် အီရန်ကလည်း အလျှော့ပေးမှာမဟုတ်ကြောင်း သတိပေး

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံဟာ "အကြီးအကျယ် ပျက်စီးဆုံးရှုံးနေပြီ" ဖြစ်ကြောင်းနဲ့ ဒီစစ်ပွဲဟာ ထင်ထားတာထက် ပိုမြန်မြန် ပြီးဆုံးသွားနိုင်တယ်လို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

တဖက်မှာလည်း အီရန်က ပင်လယ်ကွေ့ဒေသက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ဆက်တိုက် တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့ဈေးကွက်မှာ ရိုက်ခတ်မှုတွေ ရှိနေပါတယ်။
​နေတန်ယာဟုရဲ့ ပြောကြားချက်များ

​အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စစ်ပွဲစတင်ခဲ့တာ ၄ ပတ်နီးပါး ရှိလာချိန်မှာ နေတန်ယာဟုက အခုလို ဆိုပါတယ်။

​စစ်နိုင်နေပြီ

"ကျွန်တော်တို့ နိုင်နေပါပြီ၊ အီရန်ကတော့ ပြိုလဲနေပြီ" လို့ နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း သူက ချီးကျူးခဲ့ပါတယ်။

​စွမ်းဆောင်ရည် ကျဆင်း

အီရန်ဟာ အခုဆိုရင် ယူရေနီယံ သန့်စင်တာတွေနဲ့ တာဝေးပစ် ဒုံးကျည်ထုတ်လုပ်တဲ့ စက်ရုံတွေ ပျက်စီးသွားပြီဖြစ်လို့ နောက်ထပ် မထုတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

​စစ်ပွဲအဆုံးသတ်

ဒီစစ်ပွဲဟာ လူတွေထင်ထားတာထက် အများကြီး ပိုမြန်မြန် ပြီးသွားလိမ့်မယ်လို့ သူက ခန့်မှန်းထားပါတယ်။

​ကမ္ဘာ့လောင်စာဆီဈေးကွက် ရိုက်ခတ်မှု

​အစ္စရေးနဲ့ အမေရိကန်က စစ်ရေးအရ ယုံကြည်မှုရှိနေပေမဲ့ အီရန်ရဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာတော့ တုန်လှုပ်ကုန်ပါတယ်။

​ကာတာနိုင်ငံ

ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့စက်ရုံ (Ras Laffan) ကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ အကြီးအကျယ် ပျက်စီးသွားပါတယ်။ ဒါကို ပြင်ဖို့ ၅ နှစ်လောက် ကြာနိုင်ပြီး တစ်နှစ်ကို ဒေါ်လာ ၂၀ ဘီလီယံလောက် ဝင်ငွေဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။

​ဆော်ဒီနဲ့ ကူဝိတ်

ဆော်ဒီအာရေဗျနိုင်ငံက ရေနံချက်စက်ရုံနဲ့ ကူဝိတ်က စက်ရုံတွေကိုလည်း အီရန်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

​အစ္စရေး

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာ (Haifa) ဆိပ်ကမ်းက ရေနံချက်စက်ရုံလည်း တိုက်ခိုက်ခံရပြီး မီးခိုးလုံးကြီးတွေ ထွက်နေတာကို တွေ့ရပါတယ်။
​ဈေးနှုန်း: ဒီတိုက်ခိုက်မှုတွေကြောင့် Brent ရေနံဈေးဟာ တစ်စည်ကို ၁၁၉ ဒေါ်လာအထိ ထိုးတက်သွားခဲ့ပါတယ်။

​အီရန်ရဲ့ သတိပေးချက်

​အီရန်ဘက်ကတော့ သူတို့ရဲ့ အခြေခံအဆောက်အအုံတွေကို ထပ်မံတိုက်ခိုက်ခံရရင် ပင်လယ်ကွေ့ဒေသက စွမ်းအင်လုပ်ငန်းစုတွေကို "အကုန်အစင် ဖျက်ဆီးပစ်မယ်" လို့ တုံ့ပြန်ထားပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း နောက်တစ်ကြိမ် အတိုက်ခံရရင် "လုံးဝ သည်းခံမှာမဟုတ်ဘူး (Zero Restraint)" လို့ သတိပေးထားပါတယ်။

image