သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်နိုင်ရေး အစုအဖွဲ့အလိုက် အစည်းအဝေးများ မတ်လ ၃၀ ရက်တွင် ကျင်းပမည်

နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်နိုင်ရေး အစုအဖွဲ့အလိုက်အဝေးအဝေးများကို လာမည့် မတ်လ (၃၀) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်အရ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့များက ဒုတိယသမ္မတလောင်း (၃) ဦးကို ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမည်ဖြစ်သည်။

ယင်းကဲ့သို့ ရွေးချယ်တင်ပြနိုင်ရန်အတွက် လာမည့် မတ်လ (၃၀) ရက်တွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ ၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့က ဒုတိယသမ္မတလောင်းများ ရွေးချယ်နိုင်ရေးအတွက် အစည်းအဝေးများ ကျင်းပကြမည်ဖြစ်သည်။

အစည်းအဝေးကျင်းပရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့များအလိုက် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် ပြည်သူ့လွှတ်တော် အစည်းဝေးခန်းမ၌လည်းကောင်း၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် အမျိုးသားလွှတ်တော် အစည်းဝေးခန်းမ၌ လည်းကောင်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်ပေးသည့်နေရာ၌လည်းကောင်း အစည်းအဝေးများ ကျင်းပကြရမည်ဖြစ်သည်။

သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ရွေးချယ်ထားသည့် ဒုတိယသမ္မတလောင်းများ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြကာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မများ ရွေးချယ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယကက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆက်လက်၍ ဦးဆောင်ရွက်သွားမည်ဖြစ်သည်။

Photo - Credit

image

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးသိန်းထွန်းအား ရွေးချယ်တင်မြှောက်

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ၂၀ ရက်နေ့ မနက် ၁၀ နာရီတွင်စတင်ကျင်းပခဲ့ရာ လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကျောင်းကုန်းမြို့နယ် အမှတ် ၁ ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်းအား ခန့်အပ်ခဲ့ကြောင်းသိရသည်။

image

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG ဆိုင် (၄၁)ဆိုင်တွင် ပိတ်ရက်မရှိ CNG ဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိ

စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့ စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG ဆိုင် (၄၁)ဆိုင်တွင် ပိတ်ရက်မရှိ CNG ဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် နေ့စဉ် မနက် လေးနာရီမှ ည(၁၁)နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးနေခြင်းလည်း ဖြစ်သည်။

“CNG ယာဉ်တွေကို နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၂၂ သန်းနဲ့ ၂၃ သန်းကို ဆိုင် ၄၁ ဆိုင်ကနေရောင်းချပေးနေပါတယ်။ CNGဌာနအနေနဲ့လည်း လက်ရှိအနေအထားမှာ ကားတွေအခက်အခဲမရှိအောင်၊ စက်ပစ္စည်းတွေပျက်စီးမှုကြောင့် ကားတန်းစီမှုမရှိအောင် ၊အကြောင်းအမျိုးမျိုးကြောင့် ကားတန်းစီမှုမရှိအောင် နောက်ဆုံးဆိုင်ဖွင့်၊ ဆိုင်ပိတ်ချိတ်မှာတောင် ဆိုင်မှာကားရှိနေရင် ကားတွေကုန်မှ ပိတ်ဖို့ပြောကြားထားပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာ၀ဓာတ်ငွေ့ဌာနမှ ညွှန်ကြားရေးမှူး ဦးခွန်မျိုးသန့်က ပြောသည်။

လက်ရှိ၌ CNG ဆိုင်များတွင်လည်း CNGယာဉ်များနှင့် ပက်သက်၍ အများပြည်သူ သိရှိရန် အသိပေးဆိုင်းဘုတ်များ တပ်ဆင်ထားသည်ဟုလည်း ဆိုသည်။

အဆိုပါအသိပေးဆိုင်းဘုတ်များတွင် CNGယာဉ်များအားလုံး CNG တံဆိပ်များ တပ်ဆပ်ထားရန်၊ သဘာဝဓာတ်ငွေ့ CNG(1kg) လျှင် ၂၇၃ကျပ်၊ ၂၅ ပြား ဖြင့်စျေးနှုန်းချိုသာစွာရောင်းချပေးနေသည့် အချက်များလည်း ပါဝင်သည်။

ထို့ကြောင့် CNG ယာဉ်မောင်းများအနေဖြင့် လတ်တလောဖြစ်ပေါ်နေသော လောင်စာဆီအခက်အခဲများအကြား CNGစီးနင်းသည့် ခရီးသည်များကို စျေးတင်ခြင်းမပြုရန်လည်း မေတ္တာရပ်ခံထားသည်။

စျေးတင်တိုးမြှင့်တောင်းခံမှုများရှိပါကလည်း ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကာ ဌာနမှလည်း ထိုယာဉ်များကို အမြင့်ဆုံးအနေဖြင့် CNG အသုံးပြုမှု ရာသက်ပန် ပိတ်သိမ်းသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

image

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဦးသက်ထွေးကို ရွေးကောက်တင် မြှောက်

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အား ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းကကျင်းပရာ မွန်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသက်ထွေးကို ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရေး​မြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးမင်းအောင်မြင့်ကိုရွေးကောက်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။

၎င်းတို့ကို တတိယအကြိမ်မွန်ပြည်နယ်လွတ်တော်အ စည်းအဝေး သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသော လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ချောင်းဆုံမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးအောင်ကြည်သိန်းဦးဆောင်၍ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ထရမ့်ပ်ခန့်ထားသောအဖွဲ့က သူ့ပုံပါ ရွှေဒင်္ဂါးပြား ထုတ်ဝေရန် အတည်ပြု

မတ် ၂၀ ရက်

ဒေါ်နယ်ထရမ့်ပ် ခန့်အပ်ထားသော အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် ဖက်ဒရယ်အနုပညာကော်မတီသည် ၎င်း၏ရုပ်ပုံပါ အထိမ်းအမှတ် ရွှေဒင်္ဂါးပြား ကို ထုတ်ဝေရန် ကြာသပတေးနေ့တွင် တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ အဆိုပါလုပ်ဆောင်ချက်မှာ အမေရိကန်သမ္မတကို ဂုဏ်ပြုရန် အစိုးရအဖွဲ့၏ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။

ဒီမိုကရက်များနှင့် အခြားဖက်ဒရယ် အနုပညာကော်မတီဝင်များ အပါအဝင် ဝေဖန်သူများကမူ လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦး၏ ရုပ်ပုံဖြင့် ဒင်္ဂါးပြားသွန်းလုပ်ခြင်းသည် အမေရိကန် တန်ဖိုးထားမှုများနှင့် ဆန့်ကျင်နေကြောင်း ပြောကြားခဲ့ကြသည်။ အထူးသဖြင့် ယခုနှစ်သည် အမေရိကန်နိုင်ငံ၏ အနှစ် ၂၅၀ ပြည့် မွေးနေ့ဖြစ်သကဲ့သို့ ဗြိတိသျှ ဘုရင်စနစ် အုပ်ချုပ်မှု ကို အဆုံးသတ်ခြင်းကို ဆင်နွှဲနေသည့် အချိန်လည်း ဖြစ်သည်။

အနုပညာကော်မရှင် သို့ အမေရိကန်ဒင်္ဂါးသွန်းစက်ရုံ အရာရှိတစ်ဦး၏ တင်ပြချက်တွင် ၂၄ ကာရက်ရွှေဒင်္ဂါး၏ အချင်းမှာ အများဆုံး ၃ လက်မ (၇.၆၂ စင်တီမီတာ) အထိ ရှိနိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ယခုနှစ်အတွင်း ကော်မရှင်တွင် ထရမ့်ပ်ခန့်အပ်ခဲ့သည့် အသက် ၂၆ နှစ်အရွယ် အိမ်ဖြူတော် လက်ထောက် ချမ်ဘာလိန်း ဟဲရစ် က အကြီးဆုံးဖြစ်နိုင်မည့် ဒင်္ဂါးအရွယ်အစားမှာ ထရမ့်ပ် အကြိုက်ဆုံးဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။
“ပိုကြီးလေ ပိုကောင်းလေပါပဲ” ဟု ၎င်းက ပြောကြားခဲ့ပြီးနောက် မကြာမီမှာပင် ကော်မတီတစ်ခုလုံးက ဒင်္ဂါးပြားထုတ်ဝေရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အမေရိကန်ဒင်္ဂါးသွန်းစက်ရုံသည် ဒင်္ဂါးပြား၏ နောက်ဆုံးအရွယ်အစား သတ်မှတ်ချက်များကို ထုတ်ပြန်မည်ဖြစ်သည်။ ထရမ့်ပ်ကိုယ်တိုင်ကလည်း ဒီဇိုင်းကို အတည်ပြုပြီးဖြစ်သည်။ ထရမ့်ပ်အပေါ် သစ္စာရှိသူ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့် က ဒင်္ဂါးပြားသွန်းလုပ်ရန် အမိန့်ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

image

ကမ္ဘောဒီးယားက စင်ကာပူနှင့်မလေးရှားတို့မှ ပိုမို၍ဆီတင်သွင်းမည်

မတ် ၂၀ ရက်

ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ စက်သုံးဆီတင်ပို့မှု လျော့နည်းသွားခြင်းကို အစားထိုးရန်အတွက် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ရှိ ဖြန့်ဖြူးရောင်းချသူများထံမှ စက်သုံးဆီ ကိုပိုမို၍ တင်သွင်းရန် လုပ်ဆောင်နေကြောင်း သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး ကဲအို ရတ်တာနက်က ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ အပြောင်းအလဲလုပ်ဆောင်ရခြင်းမှာ အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခအပါအဝင် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးကွက်တွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်သည်။

ဝန်ကြီးက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားရာ၌ လူဦးရေ ၁၈ သန်းနီးပါးကို ဝန်ဆောင်မှုပေးလျက်ရှိသည့် ကမ္ဘောဒီးယားရှိ စက်သုံးဆီဆိုင်ပေါင်း ၆,၃၀၀ အနက် သုံးပုံတစ်ပုံခန့်မှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှစတင်၍ ပိတ်ထားခဲ့ရကြောင်း သိရသည်။ ဆီဆိုင်ပိုင်ရှင်အချို့သည် နောက်ထပ်ဈေးတက်လာမည့်အရေးကို မျှော်မှန်းပြီး ဆီများကို သိုလှောင်ထားခြင်း ရှိ၊ မရှိကိုလည်း အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်။

ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့၏ ပြည်တွင်း၌ ဆီပြတ်လပ်မှုမရှိစေရန်အတွက် အနည်းဆုံး မတ်လကုန်အထိ စက်သုံးဆီတင်ပို့မှုများကို ကန့်သတ်ထားသဖြင့် ကမ္ဘောဒီးယားအနေဖြင့် အခြားသော ရင်းမြစ်များဖြစ်သည့် စင်ကာပူနှင့် မလေးရှားတို့ထံမှ ပိုမို၍ တင်သွင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံက ဆီအချို့ကို ကန့်သတ်ချက်ဖြင့် ဆက်လက်တင်သွင်းနေဆဲဖြစ်ပြီး Total နှင့် Chevron ကဲ့သို့သော ကမ္ဘာတစ်ဝန်း ရောင်းချသူများနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများရှိခြင်းက ဆီပြတ်လပ်မှုအန္တရာယ်ကို လျှော့ချရာတွင် အထောက်အကူဖြစ်စေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိ စက်သုံးဆီလက်ကျန် ပမာဏမှာ ယခင်နှစ်များက အခြေအနေနှင့် တူညီနေဆဲဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ မတ်လ၏ ပထမ ၁၈ ရက်အတွင်း အဆိုပါနိုင်ငံနှစ်ခုမှ ဓာတ်ဆီနှင့် ဒီဇယ်တင်သွင်းမှုမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း သိရသည်။

image

ဟော်မုဇ်ရေလက်ကြား အကျပ်အတည်းကြောင့် သီရိလင်္ကာတွင်လည်း စုံ/မ နှင့် QR စနစ် စတင်ကျင့်သုံး

ဟော်မုဇ်ရေလက်ကြား အခြေအနေနှင့် ဆက်စပ်ပြီး စက်သုံးဆီ ရရှိမှု အခက်အခဲများကြောင့် သီရိလင်္ကာနိုင်ငံသည် ဆီရောင်းချမှုအပေါ် ထပ်တိုးကန့်သတ်ချက်များ ချမှတ်လိုက်သည်။ ယခုအခါ မော်တော်ယာဉ်များကို ဆီဖြည့်ပေးရာတွင် QR ကုဒ်စနစ်အပြင် ယာဉ်အမှတ်အသား (လိုင်စင်နံပါတ်) ၏ နောက်ဆုံးဂဏန်း အပေါ်တွင်လည်း မူတည်သွားမည် ဖြစ်သည်။

စုံဂဏန်းဖြင့် ဆုံးသော ကားများသည် စုံရက်စုံများတွင် ဆီဖြည့်ရမည်။ မဂဏန်းဖြင့် ဆုံးသော ကားများသည် မရက်များတွင် ဆီဖြည့်ရမည်။

ဤဆုံးဖြတ်ချက်ကို သီရိလင်္ကာ ရေနံကော်ပိုရေးရှင်း(Ceylon Petroleum Corporation) ၏ ဦးဆောင်မှုဖြင့် မတ်လ ၁၉ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည်။ ဤစနစ်ကြောင့် ဆီဆိုင်များတွင် တန်းစီရမှုကို လျှော့ချနိုင်ပြီး ကန့်သတ်ထားသော အရင်းအမြစ်များကို ပိုမိုမျှတစွာ ခွဲဝေပေးနိုင်မည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြသည်။

သမ္မတ အနုရ ကုမာရ ဒီသာနေယက ၏ ပြောကြားချက်အရ သီရိလင်္ကာနိုင်ငံသည် စုစုပေါင်း တန်ချိန် ၉၀,၀၀၀ ခန့်ရှိသော ရေနံစိမ်း တင်ပို့မှုနှစ်ကြိမ်ကို လက်ခံရရှိခြင်း မရှိသေးကြောင်း သိရသည်။ နိုင်ငံ၏ စက်သုံးဆီ သိုလှောင်ထားမှုမှာ ကန့်သတ်ချက်ရှိနေသဖြင့် တင်ပို့မှု တစ်ကြိမ်မျှ နောက်ကျခြင်းသည်ပင် အခြေအနေကို သိသိသာသာ ထိခိုက်စေသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် စွမ်းအင်ဝန်ကြီး ကုမာရ ဂျာယာကိုဒီ က အဓိကပြဿနာမှာ ဘဏ္ဍာရေးအခက်အခဲကြောင့်မဟုတ်ဘဲ သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အာမခံကုမ္ပဏီများသည် အဆိုပါဒေသတွင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ စွန့်စားရမှုများကို အာမခံပေးရန် ငြင်းဆိုနေကြခြင်းဖြစ်သည်။

ဤအခြေအနေအတွင်း ခရီးသွားလုပ်ငန်းကို စက်သုံးဆီ ထောက်ပံ့ရာတွင် ဦးစားပေးထားသည်။ သယ်ယူပို့ဆောင်ရေးနှင့် ဟိုတယ်များအတွက် သီးခြား QR ကုဒ်များ ထုတ်ပေးထားပြီး ထိုကုမ္ပဏီများအတွက် ဆီထုတ်ယူခွင့် ကန့်သတ်ချက်ကို နှစ်ဆ တိုးမြှင့်ပေးထားသည်။

အာဏာပိုင်များက မီးဖိုသုံး ဂတ်စ်(LPG) ပြတ်လပ်မှု မရှိနိုင်သေးကြောင်း၊ လက်ရှိ ရရှိထားမှုမှာ လစဉ်လိုအပ်ချက်ထက် ကျော်လွန်နေပြီး အသုတ်သစ်များလည်း လာနေပြီဖြစ်ကြောင်း အာမခံထားသည်။ သို့သော်လည်း စွမ်းအင်အခြေအနေမှာ ဆက်လက် တင်းမာနေဆဲဖြစ်ပြီး အကယ်၍ ထောက်ပံ့မှု ပြတ်တောက်မှုများ ဆက်ရှိနေပါက လျှပ်စစ်မီး ဖြတ်တောက်မှုများ ရှိလာနိုင်ကြောင်း အစိုးရက ဝန်ခံထားသည်။

ယခုအကျပ်အတည်းမှာ ကမ္ဘာ့ရေနံတင်ပို့မှု အများအပြား ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားတွင် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကြောင့် ဖြစ်သည်။ မတ်လအစောပိုင်းမှစ၍ အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ရေးအရ အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါဒေသတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်ခဲ့သည်။

ယခုအကျပ်အတည်းသည် စက်သုံးဆီစျေးကွက်သာမက မိုက်ခရိုချစ်ပ် (Microchip) ထုတ်လုပ်မှု နှင့် အာရှနိုင်ငံများ၏ လျှပ်စစ်ခစျေးနှုန်းများကဲ့သို့သော နည်းပညာမြင့် လုပ်ငန်းကဏ္ဍများကိုပါ ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားကြသည်။

image

ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပြစ်ဒဏ်အမြင့်ဆုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်

ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီကနေ့ မတ် ၁၉ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်က အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ် ကျပ် ငါးသိန်း ချမှတ်ခဲ့တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။

ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ဒီကနေ့မှာ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာဖြစ်ပြီး သတ္ထုတွင်း ဥပဒေအသစ်ဖြစ်တဲ့ အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေပုဒ်မ - ၅ ၊ ရာဇသတ်ကြီး ပုဒ်မ - ၁၀၉ နဲ့ အရေးယူ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “ဒါက ဥပဒေထဲမှာ အမြင့်ဆုံးပေါ့။ ဒါကြီးက မတရားတာ။ ဒီလိုမျိုးဆိုရင် ကျန်တဲ့သူတွေ ဘာမှ လုပ်စားလို့ မရတော့ဘူး။ သတ်မှတ်ဈေးနဲ့ မရောင်းလို့ဆိုတာက ကျန်တဲ့ ရွှေသမားတွေလည်း အားလုံး ဒုက္ခရောက်သွားနိုင်တယ်။ ရွှေဆိုတာက နိုင်ငံတကာပေါက်ဈေးနဲ့ အလုပ် လုပ်နေရတာလေ။ အဲဒါမျိုးဆိုရင် ရွှေရောင်းတဲ့သူ၊ ရွှေဆိုင်တွေ အားလုံးက ထောင်ကျရမယ့် ပုံစံမျိုး ဖြစ်နေပြီ” လို့ ပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးအတိုင်း လိုက်ပါ ပြောင်းလဲနေတာဖြစ်တဲ့အတွက် လက်ရှိ အစိုးရရဲ့ သတ်မှတ် ရည်ညွှန်းဈေး ဆိုတာဟာ တနိုင်ငံလုံး မည်သည့်ဆိုင်မျှ ရောင်းချခြင်း ပြုလုပ်နိုင်ခြင်းမရှိတဲ့ ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာက ရွှေချပေးတာကြောင့် အဲဒီရွှေကို အရင်းအတိုင်း ရောင်းချပေးရမယ် ဆိုရင်တော့ တကျပ်မျှ အမြတ်ယူခြင်းမရှိဘဲ ရောင်းချပေးနိုင်ပေမယ့် အခုလို ကိုယ့်ရွှေကိုယ် အစိုးရ သတ်မှတ်စျေးအတိုင်း ရောင်းချ‌ပေးရမယ် ဆိုတာကတော့ လွယ်ကူတဲ့အရာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

“သူတို့ သတ်မှတ်ဈေးအတိုင်း မရောင်းနိုင်တဲ့ဟာကြီးကို အတင်းရောင်းခိုင်းပြီးတော့ ဒီလိုမျိုး အဆုံးစွန်ဆုံးအထိ ရက်ရက်စက်စက် လုပ်တာကတော့ မကောင်းဘူးပေါ့။ ထောင်ဒဏ်ဆိုတာ ခြောက်လပဲ အများဆုံး ကြားဖူးတာ။ ဒီလူတွေကလည်း ရွှေလောကရဲ့ တကယ့် မျက်နှာဖုံးတွေပဲလေ။ အဲဒီတော့ ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌလို လူမျိုးတွေကို ထောင် ၃ နှစ် ချပစ်လိုက်တာက မလုပ်သင့်၊ မလုပ်ထိုက်တာကို ရက်ရက်စက်စက် လုပ်တာပဲ” လို့ သူက ပြောပါတယ်။

အစိုးရရဲ့ ထောက်ပံ့မှု တခုမျှ မရရှိဘဲ အခုလို ကိုယ့်ရွှေကိုယ်ရောင်းပြီး အဖမ်းခံရမယ် ဆိုတာက မဖြစ်သင့်တဲ့အတွက် ဒါတွေကို လွှတ်တော်တွေမှာလည်း အမြန်ဆုံး ပြင်ဆင်သင့်တယ်လို့ သူက ပြောပါတယ်။

“အစိုးရက ကူညီပံ့ပိုးပေးထားတဲ့ SKD ကားတွေတောင် သတ်မှတ်ဈေးအတိုင်း မရောင်းနိုင်ဘူး။ ဈေး နှစ်ဆတင်ပြီး ရောင်းတယ်။ ဒါတွေကိုကျ အရေးမယူဘဲ ဘာထောက်ပံ့မှုမှ မရတဲ့ ရွှေသမားတွေကိုကျတော့ ထောင် ၃ နှစ်ကြီးကတော့ လွန်တယ်။ ပြီးတော့ အရောင်းအဝယ်လုပ်တဲ့ ရွှေတွေပါ သိမ်းတယ်လို့ ကြားတယ်။ ဒါက ရွှေလောကအတွက် အထိတ်တလန့် ဖြစ်စရာပဲ” လို့ သူက ပြောပါတယ်။

ဒီလို ပြစ်ဒဏ်ချမှတ်မှုဟာ ကျန်ရှိနေတဲ့ ရွှေဆိုင်တွေအတွက် ရပ်တည်မှု ခက်ခဲသွားနိုင်ပြီး ဈေးကွက် ပျက်သွားနိုင်သွားနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

“အခုလို ဖြစ်ရင်တော့ အကုန်လုံး လန့်သွားကြမယ်၊ မလုပ်ရဲကြတော့ဘူး ဖြစ်သွားကြမယ်၊ ပိတ်တဲ့ဆိုင်တွေလည်း ပေါ်ပေါက်လာနိုင်တယ်။ အဲဒီတော့ မှောင်ခိုတွေ ပိုများလာမှာပေါ့။ ဘာလို့လဲဆို တရားဝင်လုပ်တဲ့သူက အဖမ်းခံရတယ်ဆိုတော့ မှောင်ခိုတွေ ပိုများလာနိုင်တယ်။ သူတို့ကတော့ သူတို့သတ်မှတ်နှုန်းအတိုင်း မရောင်းလို့ ဖမ်းတယ်ဆိုတော့ အခုလိုဆို ရှိသမျှ ရွှေဆိုင်တွေအားလုံး ဖမ်းဖို့ပဲရှိတာပဲ” လို့ နောက်ထပ် ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဦးမျိုးမြင့်အနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိအခေါက်ရွှေတုံး ရှစ်တုံးကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင် ပြန်လည် ရောင်းချဖို့အတွက် သိုလှောင် ထားရှိခဲ့သလို ဦးမျိုးသူဝင်းအနေနဲ့လည်း ၎င်းရဲ့ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပြီး ရွှေ ၉၅၀ ကျပ်သားကို အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည် ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ဦးနေမျိုးထက်အနေနဲ့လည်း ၎င်းရဲ့ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပြီး ရွှေ ၂၆၈ ကျပ်သားကို အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည် ရောင်းချခဲ့တာကို စိစစ် တွေ့ရှိရရတယ်လို့ အစိုးရရဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ဒုတိယပတ်မှာတော့ အဲဒီ ရွှေလုပ်ငန်းရှင်တွေကို စျေးကွက် မတည်မငြိမ် ဖြစ်စေမှု၊ စီးပွားရေးပျက်ပြားစေရန် အားပေးကူညီမှုတွေနဲ့ အစိုးရ တာဝန်ရှိသူတွေက အမှုဖွင့် အရေးယူခဲ့တယ်လို့ သိရပြီး ဒီကနေ့ အမိန့် ချမှတ်ချိန်မှာတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တဲ့ ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

image

ဟာသသရုပ်ဆောင် လူရွှင်တော် ဦးနေကျော် ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်

ဝါရင့်ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးနေကျော် ဒီကနေ့ မတ်လ ၁၉ ရက်နေ့ ည​နေ ၃ နာရီ ၁၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ် ။

ဦးနေကျော်ဟာ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရတာဖြစ် ပြီး အဲဒီရောဂါနဲ့ပဲ ရန်ကုန် ၊အရှေ့ဒဂုံ မြို့နယ် ( ၇ )ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်ရောဂါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အခြေအနေပိုဆိုးလာပြီး ဦးနှောက်ထဲကို ကျောက်ကပ်ရောဂါပိုးဝင်ရောက်ကာ ခုလို သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာလို့ သိရပါတယ်။

" ဆီးချို ၊ကျောက်ကပ်ရောဂါက ဖြစ်နေတာကြာပြီ။ ဆေးရုံတက်လိုက် ဆင်းလိုက်နဲ့ပဲ လုံးချာလည် လိုက်နေတာပေါ့ ။ ပြီးခဲ့တဲ့ရက်ကတော့ ဦးနှောက်ထဲ ပိုးရောက်သွားပြီး မိသားစုလည်း မမှတ်မိတော့ဘူး ။ အကိုတို့သွားတော့လည်း မမှတ်မိတော့ဘူး ။ မနေ့ကလည်း ဆေးရုံတင်ဖို့လုပ်ပေမယ့် ဆရာဝန်က မတက်နဲ့တော့ မရနိုင်တော့ဘူးဆိုတာနဲ့ အိမ်မှာပဲ ထားလိုက်တာပါ ။ ပညာရှင်တယောက် ဆုံးရှုံးရတာ နှမြောတာပေါ့ ။ အသက်လဲကြီးတယ်။ ဝါလည်းရင့်တယ်။ မြင်ဆရာလည်းဖြစ်တယ်။အကိုတို့ဆိုလည်း သူ့ပညာတွေကို အတုခိုးခဲ့ရတယ်။ " လို့ ဟာသသရုပ်ဆောင် လူရွှင်တော် ကောင်းကျော်က ပြောပါတယ်။

ဦးနေကျော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီ ဖြစ်ပြီး ဇာတ်သဘင်လောကမှာ လူကြမ်းအဖြစ် ပါဝင်ကာ စတင်လုပ်ဆောင်ခဲ့ပြီး အဲဒီကမှ လူရွှင်တော် အဖြစ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင် အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - မတ် ၂၀ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၇၃၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၁၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၁၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၄၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၉၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၀၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၉၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၃၀ ကျပ်
ဝယ်ဈေး - ၄၁၂၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၁၀ ကျပ်
ဝယ်ဈေး - ၃၂၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၉၅ ကျပ်
ဝယ်ဈေး - ၄၇၇၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၃ ကျပ်
ဝယ်ဈေး - ၁၀၄၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၄ ကျပ်
ဝယ်ဈေး - ၅၉၉ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၇၇ ကျပ်
ဝယ်ဈေး - ၂၆.၀၉ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၅၈ ကျပ်
ဝယ်ဈေး - ၄၄.၄၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၃ ကျပ်
ဝယ်ဈေး - ၂.၇၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၈၀ ကျပ်
ဝယ်ဈေး - ၅၅၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၀၂ ကျပ်
ဝယ်ဈေး - ၂၉၂၆ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၈၃ ကျပ်
ဝယ်ဈေး - ၃၀၀၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၁ ကျပ်
ဝယ်ဈေး - ၅၂၇ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၅၂ ကျပ်
ဝယ်ဈေး - ၁၁၂၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image