ရွေးကောက်ပွဲမကျင်းပနိုင်သည့် (၅၆) မြို့နယ်ကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန် မဲပေးနိုင်မည်
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်(၅၆)မြို့နယ်ရှိ မဲဆန္ဒရှင်များအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသန်းစိုးက ပြောသည်။
နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသန်းစိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ဆောင်ရွက်ထားပြီး ယာယီနေရပ်စွန့်ခွာနေရသူများ မဲပေးနိုင်ရေးအတွက်လည်း ရောက်ရှိနေရာတွင် မဲပေးနိုင်ရေးနှင့် မူလနေရပ်သို့ ကြိုတင်မဲပေးနိုင်ရန် နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
မဲစာရင်း ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ စိစစ်နိုင်ရေးအတွက် နိုင်ငံရေးပါတီများသို့ ဖိတ်ကြားသွားမည်ဖြစ်ကြောင်းလည်း UEC က အသိပေးထားသည်။
လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်နေ့၌ မြို့နယ် (၁၀၂)မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။










