အာဖရိကဖလားဆုတံဆိပ်နှင့် ဆုကြေးငွေများကို ပဲလေ့စ်ကစားဖော်အား လွဲပြောင်းပေးရန် ငြင်းဆိုလာတဲ့ အစ္စမေလာဆား
===================
အစ္စမေလာဆာဟာ သူ့ရဲ့ အာဖရိကဖလားချန်ပီယံဆုတံဆိပ်နှင့် ဆုကြေးငွေများအား ခရစ္စတယ်ပဲလေ့စ်ကစားဖော်ချာဒီရိတ်ထံ လွဲပြောင်းပေးရန် ငြင်းဆိုလာပါတယ်။

အသက် ၂၈ နှစ်ရှိ ဆားဟာ ဇန်နဝါရီလတုန်းက ရာဘက်တွင် ကစားတဲ့ မော်ရိုကိုနှင့် အာဖရိကဖလားဗိုလ်လုပွဲတွင် အရန်ခုံမှ ထလာကာ ဆီနီဂေါအတွက် ပါဝင်ကစားခဲ့ပြီး ပါပီဂူယီအနိုင်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂါနေ့မှာတော့ အာဖရိကဘောလုံးအဖွဲ့ချုပ်က အာဖရိကဖလားဗိုလ်လုပွဲတွင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အတွက် ချန်ပီယံ ဆီနီဂေါအား ချန်ပီယံအဖြစ်မှ ဖယ်ရှားလိုက်ပြီး ရှုံးနိမ့်ခဲ့တဲ့ အိမ်ရှင်မော်ရိုကိုအား ချန်ပီယံအဖြစ် သတ်မှတ်လာပါတယ်။

အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ဗိုလ်လုပွဲတွင် မော်ရိုကိုဘက်သို့ ပင်နယ်တီပေးလိုက်ပြီးနောက် ဒိုင်လူကြီးရဲ့ ခွင့်ပြုချက် မရှိဘဲ ဆီနီဂေါကစားသမားများမှာ ကွင်းအတွင်းမှ ထွက်ခွာသွားမှုကြောင့် မော်ရိုကိုအား ၃-၀ ဂိုးဖြင့် အနိုင်ပေးလိုက်ပါတယ်။

ဆီနီဂေါက အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အားကစားသမာဓိခုံရုံးတွင် အယူခံဝင်မယ်လို့ ကြေညာထားသလို အာဖရိကဘောလုံးအဖွဲ့ချုပ်အတွင်းတွင် အဂတိလိုက်စားမှုများ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။

တဖက်တွင် အစ္စမေလာဆားကလည်း မော်ရိုကိုအသင်းရဲ့ အာဖရိကဖလားလူစာရင်းတွင် ပါဝင်ခြင်း မရှိတဲ့ ပဲလေ့စ်ကစားဖော်ရိတ်အား ဆုတံဆိပ်နှင့် ဆုကြေး ပေးအပ်သွားခြင်း မရှိကြောင်း ပဲလေ့စ်နည်းပြဂလပ်စ်နာက ဖွင့်ချလာပါတယ်။

ပဲလေ့စ်နည်းပြဂလပ်စ်နာက "ဒီသတင်းဖတ်ရတော့ ပြုံးရယ်မိတယ်။ မော်ရိုကိုတို့ ဒီလို အာဖရိကဘောလုံးအဖွဲ့ချုပ်ဆီမှာ တိုင်ကြားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ကျုပ်အသင်းမှာ ဆီနီဂေါကစားသမား ၁ ဦး၊ မော်ရိုကိုကစားသမား ၁ ဦးရှိနေတော့ အထူးဂရုစိုက်ရမယ်။ အစ္စမေလာက ချာဒီရိတ်ကို သူ့ရွှေတံဆိပ်ဆု ပေးမလားလို့ ကြည့်မိတယ်။ ဒါပေမယ့် သူမပေးဘူး။ သူ့ကို 'မင်းရဲ့ အပိုဆုကြေးကို ချာဒီရဲ့အကောင့်ထဲ လွဲပြောင်းသင့်တယ်လို့တောင် ပြောခဲ့သေးတယ်။ ဒါပေမယ့် သူ မပေးဘူးဗျ။ အစ္စမာက ဒီလို ပြောလို့ ရယ်တောင်နေသေးတယ်။ အရိုးသားဆုံး ပြောရရင် တကယ့်ကို ထူးဆန်းတဲ့ အခြေအနေ တစ်ရပ်ပဲ"လို့ ပြောကြားသွားပါတယ်။

image

တရုတ်နိုင်ငံသား(၈၅)ဦးကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရှမ်းပြည်နယ်၌ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၈၅)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ မတ် ၂၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များသည် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်လျက်ရှိသည့် တရုတ်နိုင် ငံသား(၈၅)ဦးကို ဖုန်းမျိုးစုံ(၂၈၆)လုံး၊ ကွန်ပျူတာ(၃၀) လုံး၊ Laptop (၂၈)လုံး၊ အဆောက်အဦ(၁)လုံးတို့နှင့်အ တူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ(၄၆)လုံး၊ ကွန်ပျူတာ(၁၈)လုံး၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ (၈၅)လုံး၊ ကွန်ပျူတာ(၁၀)လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အတူ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာ(အနောက်ဘက်) မီတာ (၃,၀၀၀)ခန့်အကွာတွင် အဆောက်အအုံများ၊ ဂိုထောင်နှင့် Starlink (၁၀)လုံး၊ All in One ကွန် ပျူတာ(၅၅)လုံး၊ Power Station (၁၀)လုံး၊ ဆက်စပ်ပစ္စည်းများအားထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

မြဝတီမြို့ရှိ အထည်ချုပ်စက်ရုံဟောင်းအတွင်းပုန်းအောင်းနေသည့် တရုတ်နိုင်ငံသား(၆၂)ဦးကိုဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အထည်ချုပ်စက်ရုံဟောင်းအတွင်းပုန်းအောင်းနေသည့် တရုတ်နိုင်ငံသား (၆၂)ဦးကို ယနေ့ မတ် ၂၀ ရက်နေ့လည် ၁ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကျွန်းတောလမ်းရှိ အထည်ချုပ်စက်ရုံဟောင်းအတွင်းပုန်းအောင်းနေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား(၆၁)ဦးနှင့် အမျိုး သမီး(၁)ဦးတို့ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်၌ ၎င်းတို့အားထိန်းသိမ်းထားကာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေပုဒ်မ ၃(၁)/ ၁၃(၁)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

အမေရိကန်က အီရန်စစ်ပွဲကို လျှော့ချရန် စဉ်းစားနေကြောင်းနှင့်၊ ဟော်မုဇ်ရေလက်ကြားကို အခြားနိုင်ငံများကသာ ကာကွယ်ကြ‌ပေတော့ဟု ထရမ့်ပြောကြား

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေးများကို "လျှော့ချရန်" စဉ်းစားနေပြီဖြစ်ပြီး၊ ဟော်မုဇ်ရေလက်ကြားကိုမူ အခြားနိုင်ငံများကသာ ဝိုင်းဝန်းစောင့်ရှောက်ကာကွယ်ကြရမည်ဟု ပြောကြားလိုက်သည်။

သို့ရာတွင် အပစ်အခတ်ရပ်စဲရေးကိုမူ လက်မခံကြောင်း ထရမ့်က ဆိုသည်။ "တစ်ဖက်လူကို အပြတ်အသတ် ချေမှုန်းနေတဲ့အချိန်မှာ အပစ်အခတ်ရပ်စဲရေးဆိုတာမျိုး မလုပ်ရဘူး" ဟု သူက မှတ်ချက်ပေးသည်။

စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပင်လယ်ပြင်တွင် ပိတ်မိနေသည့် အီရန်ရေနံများအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ခေတ္တဆိုင်းငံ့ပေးမည်ဟုလည်းာထရမ့်က ပြောကြားသည်။

ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို ပစ်မှတ်ထားနေသည့် အီရန်စခန်းများကို တိုက်ခိုက်ရန်အတွက် ဗြိတိန်က ၎င်း၏စစ်အခြေစိုက်စခန်းများကို အမေရိကန်အား အသုံးပြုခွင့်ပေးခဲ့သော်လည်း ဗြိတိန်၏ ထိုဆုံးဖြတ်ချက်သည် "အလွန်နောက်ကျလွန်းသည်" ဟု ထရမ့်ကဝေဖန်ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးက ဗြိတိန်ဝန်ကြီးချုပ် စတာမာအား "ဗြိတိသျှနိုင်ငံသားတို့၏ အသက်အန္တရာယ်ကို စိုးရိမ်စရာဖြစ်အောင် လုပ်ဆောင်နေသူ" ဟု စွပ်စွဲခဲ့ပြီး အီရန်အနေဖြင့် မိမိကိုယ်ကို ခုခံပိုင်ခွင့်ကို ကျင့်သုံးသွားမည်ဟု ပြောကြားခဲ့သည်။

ယခင်က ဟော်မုဇ်ရေလက်ကြား လမ်းကြောင်းဖွင့်ရန် အမေရိကန်ကို ကူညီရန် တွန့်ဆုတ်နေကြသည့် နေတိုးမဟာမိတ်များကို ထရမ့်က "သူရဲဘောကြောင်သူများ" ဟု ခေါ်ဝေါ်ခဲ့သည်။

image

ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၆) ကျောင်းပါဝင်သည့် အခမဲ့ (၁၁)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ ရန်ကုန်မြို့တွင်ကျင်းပမည်

ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၆) ကျောင်းပါဝင်သည့် အခမဲ့ (၁၁)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကို ဧပြီ ၄ ရက်နံနက် ၉ နာရီမှ ည နေ ၄ နာရီအထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေးပြပွဲကို ‎ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း(AMAUT)ကကြီးမှူးကျင်းပခြင်းဖြစ်ကာ မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များ၊ ပညာရေးအဖွဲ့အ စည်းများ၏ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များ၊ ထိုင်းတက္ကသိုလ်များနှင့်တိုက်ရိုက်ဆွေးနွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကာ ထိုင်းတက္ကသိုလ်မှ ဘွဲ့ရထားသူများမှလည်း အတွေ့အကြုံများကိုမျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အပြည့်အ၀ပညာသင်ဆုများ၊ တစ်စိတ်တစ်ပိုင်းထောက်ပံ့ကြေးများအကြောင်းကို တစ်နေရာတည်းတွင်မေးမြန်းနိုင်ခြင်း၊ ဘာသာရပ်ရွေးချယ်ခြင်း၊ ကျောင်းဝင်ခွင့်လိုအပ်ချက်များမေးမြန်းနိုင်ခြင်း၊ Business ၊ Engineering ၊ Medical Sciences ၊IT၊ Hospitality နှင့် အခြား ခေတ်မီဘာသာရပ်ပေါင်းစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း၊ ကျောင်းလခ၊ နယ်မြေအခြေအနေ၊ အင်္ဂလိပ်စာလိုအပ်ချက်နှင့် ဘွဲ့ရပြီးနာက် အလုပ်အကိုင်အခွင့်အလမ်းများကိုအသေးစိတ်သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လာရောက်လေ့လာစုံစမ်းမေးမြန်းလိုသူများအနေဖြင့် https://forms.gle/GUdGm8vJV1rdEAma7 တွင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

‎ ‎

image

ဂုဏ်ပြုအလှူငွေကျပ်သိန်း(၄)သောင်းခွဲကျော်ကို အလှူ ရှင်များက (၈၁)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုလှူဒါန်း

လာမည့် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁)နှစ် မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် စေတနာရှင်၊ အလှူရှင်များမှ ဂုဏ်ပြုအလှူငွေကျပ်သိန်း (၄)သောင်းခွဲကျော်ကို ယနေ့ မတ် ၂၀ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စေတနာရှင်အလှူရှင်များလှူဒါန်းသည့် ဂုဏ်ပြုအလှူငွေကျပ်သိန်း(၄)သောင်းခွဲကျော်ကို တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်း၊ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ တပ်မတော် နေ့ကျင်းပရေးစစ်ရေးပြလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒု-တပ်မ တော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်စန်းယုနိုင်၊ တပ်မတော်နေ့စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်မင်းမင်းစိုးတို့ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်းက ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင်များနှင့် တက်ရောက်လာကြသူများကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်း နှင့်တာဝန်ရှိသူများကနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

image

LNG တန်(၃)သောင်းကျော်တင်လာသည့်သင်္ဘော (၅) ကြိမ်မြောက်အဖြစ် သီလဝါဆိပ်ကမ်းဆိုက်ကပ်လာ

သဘာဝဓာတ်ငွေ့ရည်(LNG ၃၃,၈၀၀ တန်)တင်ဆောင်လာသော MT DAPENG PRINCESS သင်္ဘောသည် ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက (၅)ကြိမ်မြောက်အ ဖြစ် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းရှိ CVE ဘေးတွင်ကပ်ပြီး သဘာဝဓာတ်ငွေ့ရည်(LNG)များကိုဖြည့်တင်းပေးခဲ့သည်။

ထို့ပြင် မြန်မာ့နှစ်သစ်ကူးကာလဖြစ်သည့် သင်္ကြန်ပွဲ တော်မတိုင်မှီတွင်လည်း သဘာဝဓာတ်ငွေ့ရည်(LNG) များကိုဖြည့်တင်းပေးနိုင်ရန် (၆)ကြိမ်မြောက်အဖြစ် ထပ်မံရောက်ရှိလာမည်ဖြစ်သည်။

အဆိုပါ သဘာဝဓာတ်ငွေ့ရည်(LNG)မှ လျှပ်စစ်ဓာတ်အား(၅၀၀)မဂ္ဂါဝပ်ထုတ်လွှတ်ပြီး သီလဝါစက်မှုဇုန်အ ပါအဝင် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များနှင့် အရေးကြီးနေရာများကို (၁)ယူနစ်လျင် (၉၀၀)ကျပ်ဖြင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ မဟာဓာတ်အားလိုင်းမှ အခြားနေရာများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

image

PDF နှင့် AA အဖွဲ့ဝင်(၂၂)ဦး လက်နက်ခဲယမ်းများနှင့်အတူထပ်မံအလင်းဝင်လာ

PDF နှင့် AA အဖွဲ့ဝင်(၂၂)ဦးသည် လက်နက်ခဲယမ်းများနှင့်အတူထပ်မံအလင်းဝင်လာသဖြင့် ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမတွင် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

တိုင်းမှူးနှင့် တာဝန်ရှိသူများက မောင်းပြန်ရိုင် ဖယ်သေနတ်(၁၀)လက်အတွက် ငွေကျပ်သိန်း(၅၀၀)၊ ပစ္စတို(၂)လက်အတွက် ဆုကြေးငွေကျပ်သိန်း(၆၀)၊ လေသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ်(၅) သိန်း၊ လက်ပစ်ဗုံး(၄)လုံးအတွက် ဆုကြေးငွေကျပ် (၁၂)သိန်းနှင့် ထောက်ပံ့ပစ္စည်းများကိုထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးပြီးနောက် အလင်းဝင်လာသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

ယနေ့ မတ် ၂၀ ရက်တွင် PDF နှင့် AA အဖွဲ့ဝင်များဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှအမျိုးသား(၅) ဦး၊ အမျိုးသမီး(၁)ဦး၊ ရွှေကျင်မြို့မှအမျိုးသား(၁)ဦး၊ ရွှေတောင်မြို့မှအမျိုးသား(၁)ဦး၊ ရေတာရှည်မြို့မှအမျိုးသား(၃)ဦး၊ ပန်တောင်းမြို့မှအမျိုးသား(၆)ဦး၊ အုတ်ဖိုမြို့မှအမျိုးသား(၂)ဦး၊ မင်းလှမြို့မှအမျိုးသား (၁)ဦး၊ ဖြူးမြို့မှအမျိုးသား(၁)ဦး၊ ပေါက်ခေါင်းမြို့မှအမျိုးသား(၁)ဦးတို့အား ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ် ၁၉ ရက်ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၅၀၆)ဦးအား ဆုကြေးငွေကျပ်သိန်း(၂၀၀၀)ခန့်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

image

ပုသိမ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်ပြည်သူ့ဆေးရုံကြီး၏ အမျိုးသားသွေးလှူဘဏ်ခွဲတွင် လာမည့် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် သွေးလှူရှင်(၁၀၀)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သွေးလှူရှင်များအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများကကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

image

ပူတာအိုမြို့အား ASEAN ESC Award နှင့် Certificate of Recognition ဆုများအတွက်ထည့်သွင်းယှဉ်ပြိုင်မည်

မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ်၊ ပူတာအိုမြို့အား အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့များဆု(7th ASEAN ESC Award) နှင့် (6th Certificate of Recognition)ဆုများတွင်ထည့်သွင်းယှဉ်ပြိုင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထည့်သွင်းယှဥ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းဝေးကို မတ် ၁၇ ရက်ကကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ပူတာအိုမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး အေးချမ်းသာယာသည့် ရာသီဥတု၊ ရေခဲဖုံးလွှမ်းသည့် တောင်တန်းကြီးများဖြင့်ဝန်းရံနေပြီး ရေမြေတောတောင်သဘာဝအလှတရားများနှင့် ပြည့်စုံသဖြင့် ပူတာအိုမြို့၏ သန့်ရှင်းသာယာလှပမှု၊ ပတ်ဝန်းကျင်နှင့် ညီညွတ်မှုကို အာဆီယံနိုင်ငံများကြားပြသနိုင်ပြီး နိုင်ငံ၏ ပုံရိပ်ကိုမြှင့်တင်‌ပေးရာရောက်သည့်အပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုစေမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုး သောမြို့များဆုအစီအစဉ်ကို ၂၀၀၈ ခုနှစ်ကစတင်ပြီး (၃)နှစ်တစ်ကြိမ်ကျင်းပပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် မြို့များကို အမည်စာရင်းတင်သွင်းကာ ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်တွင် တောင်ကြီးမြို့၊ ၂၀၁၁ ခုနှစ်တွင် ပြင်ဦးလွင်မြို့၊ ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၊ ၂၀၁၇ ခုနှစ်တွင် နေပြည်တော်၊ ၂၀၂၁ ခုနှစ်တွင် ညောင်ဦးမြို့နှင့် ၂၀၂၅ ခုနှစ်တွင် ဘားအံ့မြို့တို့ကဆုများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုအစီအစဉ်တွင်ပါဝင်ခြင်းဖြင့် သန့်ရှင်းသည့်ရေ၊ မြေ၊ လေရရှိရေးအတွက် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ရေဆိုးသန့်စင်မှု၊ သန့်ရှင်းသည့် သောက်သုံးရေရရှိနိုင်မှုစသည့် ရေသယံဇာတထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုများ၊ လေထုအရည်အသွေးတိုင်းတာစစ်ဆေးမှုနှင့် သန့်ရှင်းအောင်စီမံဆောင်ရွက်မှုများ၊ သစ်တောထိန်းသိမ်းမှုများအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ဆောင်မှုတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

image